သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

    

နိုင်ငံ ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်ဖို့

နော်ဝေနိုင်ငံဆိုရင် လူအများက ကမ္ဘာ့မြောက်ဖျားက ၀င်ရိုးစွန်းနိုင်ငံ။ ငြိမ်းချမ်းရေးနိုဘယ်ဆုအပါအ၀င် လူသား အကျိုးပြုဖို့် စဉ်းစား လုပ်ဆောင်သူတွေကို ဆုပေးဖို့ စီစဉ်ပေးခဲ့တဲ့  အဲဖရက် နိုဘယ်တို့နိုင်ငံ ဆိုတာ လူသိများကြပါတယ်၊ တချို့ ကတော့ လူအခွင့်အရေး နံပတ်(၁) အဆင့် သတ်မှတ်ခံရတဲ့ နိုင်ငံ ဆိုပြီး လူသိများကြပြန်ပါတယ်။

ကျနော် နော်ဝေနိုင်ငံကို ရောက်ရှိနေတာ (၃) နှစ်ကျော်ခဲ့ပါပြီ၊ ဒီတော့ ကျနော် နော်ဝေလူမျိုးတွေနဲ့ အသင့် အတင့်ရင်းနှီးလာတော့ နော်ဝေနိုင်ငံအကြောင်း သိချင်တာ၊သိသင့်တာလေးတွေ မေးမြန်း လေ့လာဖြစ် ပါတယ်။ကျနော်နဲ့  အရင်းနှီးဆုံးဖြစ်တဲ့ ကျောင်းဆရာ စတိုင်းဆိုသူကို စကားလက်ဆုံကျစဉ်က အကြောင်းလေးကို ပြန်ပြောပြပါရစေ။

ဆရာကစတိုင်း ရှင်းပြတာက ဒီလိုပါ။ ကျနော်တို့ နော်ဝေနိုင်ငံက၁၉၇၄ မတိုင်မီရှေ့ နှစ်များက အလွန်ဆင်းရဲ နိမ့်ကျခဲ့ပါတယ်။ခင်ဗျားတို့ မြန်မာနိုင်ငံလို  ရာသီဥတု မကောင်းဘူး၊ ရေမြေကလည်း နှင်းက ၆ လ၀န်းကျင်လောက် ဖုံးနေပြန်တယ်။မြေပြန့်ကလည်း ရှားတယ်။ နိုင်ငံသမိုင်းကို ပြန်ကြည့်ရင် ဒိန်းမတ် လက်အောက်၊ ဆွီဒင် လက်အောက်မှာနေခဲ့ရတယ်၊ ဟစ်တလာ တန်ခိုးကြီးထွားလာပြန်တော့ ဖက်ဆစ်စနစ်အောက် ရောက်ရပြန်တယ်။

ကျနော်တို့ နော်ဝေနိုင်ငံလွတ်လပ်ပြီး ကိုယ်ပိုင်နိုင်ငံလေး ဖြစ်ဖို့ အသက်တွေ အများကြီးပေးဆပ်ခဲ့ရတာပေါ့၊ ဖက်ဆစ်တော်လှန်ခဲ့တဲ့ စစ်သားတွေတောင် ဒီနေ့အထိ သွေးပူနေကြတုန်းပဲ၊ ဖက်ဆစ်ကိုတော်လှန်ခဲ့တဲ့ စစ်စခန်းဟောင်းတွေ နော်ဝေနိုင်ငံအနှံ့အပြားမှာ နောက်လူငယ်တွေ ကြည့်နိုင်၊ လေ့လာ နိုင်အောင် လုပ်ထားတယ်။

ကျနော်တို့ နိုင်ငံလွတ်လပ်ပြန်တော့ ရာသီဥတုဒဏ်၊ ရောဂါဆိုးနှိပ်စက်တဲ့ဒဏ်၊ စီးပွါးရေး ကြပ်တည်းမှု ဒဏ်တွေကြောင့် အမေရိကန်ကို  ထွက်သွားတဲ့ သူတွေ အများကြီးရှိခဲ့တယ်၊ အဲဒီခေတ်ကတော့ လှေတွေအားကိုးပြီး ပြောင်းကြတာပေါ့၊ ပင်လယ်ပြင်ကို အဖြတ်မှာ အမေရိကန်ကိုမရောက်ဘဲ လှေနစ်ပြီး အသက်ပျောက်ခဲ့ရတဲ့ နော်ဝေလူမျိုးတွေ ဘယ်လောက်ရှိခဲ့တယ်ဆိုတာ မခန့် မှန်းနိုင်ခဲ့ဘူး။ဒီနေ့ အထိ နော်ဝေကိုပြန်မလာကြသေးတဲ့ သူတွေတောင် မနည်းဘူး။ အမေရိကန်မှာ သိန်းချီပြီး ရှိနေသေးတယ်။

ကံကောင်းချင်တော့ ၁၉၇၆ မှာ နော်ဝေနိုင်ငံက ရေနံကိုအောင်မြင်စွာ တူးဖော်ရရှိ ခဲ့တယ်၊ ပြီးတော့ ရေတံခွန်တွေ၊ တောင်ကျရေတွေ များပြားတဲ့ သဘာဝ အရင်းအမြစ်ကိုယူပြီးတော့ ရေအားလျှပ်စစ် တွေထုတ်တယ်၊ သဘာဝပေါက်ပင်တွေဖြစ်တဲ့ ထင်းရူးတောတွေကနေ လူသုံးကုန်ပစ္စည်းတွေ ထုတ်နိုင်ခဲ့သလို သင်္ဘောတည်ဆောက်ရေးမှာလည်း ကျနော်တို့ ထိပ်တန်းရောက်ခဲ့ပါတယ်။

အော်--နိုင်ငံကာကွယ်ရေးလား၊ ပြောပြမှာပေါ့။နော်ဝေနိုင်ငံမှာ လူဦးရေ ငါးသန်းပဲရှိတယ်၊ ပြည်ပနိုင်ငံသားက ငါးသိန်းလောက်ရှိတယ်၊ ၂၀၀၆ ခုနှစ် စာရင်း ဇယားအရ စစ်သားက ၁သောင်း ၇ ထောင်လောက်ပဲရှိတယ်၊ အဲဒီအထဲကမှ  လေတပ်အင်အားက (၅၈၅၀) ၊ ဟုမ်းမ်ဂတ် လို့ခေါ်တဲ့ နိုင်ငံ အုပ်ချုပ်ရေးတပ် အင်အား က(၁၂၀၀)၊ရေတပ်အင်အားက (၃၇၀၀) ။နော်ဝေ စစ်တပ်အကြောင်း အသေးစိတ်သိချင်၊လေ့လာချင်ရင်တော့ အင်တာနက် ၀က်ဘ်ဆိုက် လိပ်စာ ပေးမယ်၊ http://en.wikipedia.org/wiki/Royal_Norwegian_Navy  ပါ။

နော်ဝေပြည်သူနှင့် နှင်းပြင်ပေါ်က နော်ဝေစစ်သားများ

ခင်ဗျားတို့ နိုင်ငံခြားသားတွေက နော်ဝေ စစ်တပ်ထဲကိုဝင်ဖို့ ကန့်သတ်ချက်တွေရှိတယ်၊ နမူနာပြောပြရရင် နော်ဝေနိုင်ငံထဲရောက်ရှိပြီး အသက် (၁၈)နှစ် မပြည့်ခင်မှာ နော်ဝေနိုင်ငံသားဖြစ်ထားရမယ်၊ ပညာအရည်အချင်းက တက္ကသိုလ်ဝင်တန်းလို့ ခေါ်တဲ့ မြန်မာလို ၁၃ တန်း(Videregående ဗီးသရဂွန်န  အတန်း)ကို အောင် ရမယ်၊ ခင်ဗျားတို့ မြန်မာနိုင်ငံလို လူဖြစ်ရင်ပြီးရော စာတတ်တတ်၊ မတတ်တတ် ၀င်ခွင့်တော့ မပေးထားပါဘူး။

ကျနော်တို့ နော်ဝေနိုင်ငံမှာ ခင်ဗျားတို့ မြန်မာနိုင်ငံလို တိုင်းပြည်ဝင်ငွေရဲ့  ၆၀ ရာခိုင်နှုံးလောက်ကြီး မသုံးပါဘူး၊ နော်ဝေစစ်တပ်အတွက် တိုင်းပြည်ဝင်ငွေရဲ့  ၂ ရာခိုင်နှုံးပဲ သုံးထားတယ်၊ စစ်လေယာဉ်တွေ  စစ်သင်္ဘောတွေလည်း အများကြီးဝယ်မထားပါဘူး၊ ဒီကြားထဲ ရှိတဲ့စစ်အင်အားထဲက အာဖဂန်နစ္စတန် စစ်မျက်နှာကိုလည်း ကုလသမ၈္ဂတပ်အတွက် ပေးထားသေးတယ်။ စစ်သားအင်းအား ၂သောင်း မပြည့်ပဲနဲ့ စစ်အင်အား ကြီးမားတဲ့ ရုရှားနားနေပြီး မကြောက်ဖူးလား၊အင်အားကြီးမားတဲ့ တရုတ်နိုင်ငံက တိဗက်နိုင်ငံကို ၀င်သိမ်းလိုက်ခဲ့သလိုမျိုး၊အီရတ်က ကူဝိတ်နိုင်ငံကို ၀င်သိမ်းလိုက်သလိုမျိုး၊  ရုရှားက နော်ဝေကိုဝင်ပြီး သိမ်းလိုက်မှာ မတွေးမိဖူးလား ဟုတ်လား။ ဒီအတွက် ကျနော်တို့နော်ဝေတွေ စဉ်းစားထားပြီးသားပါ။ နော်ဝေ၊  ဆွီဒင်၊ဒိန်းမတ် သုံးနိုင်ငံ   စစ်ရေး မဟာမိတ်   ဖွဲ့ထားတယ်၊ ပြီးတော့ နေတိုးအဖွဲ့ထဲလည်း ၀င်ထားတယ်လေ။

ခင်ဗျားစောစောက မေးတဲ့ နိုင်ငံတနိုင်ငံဟာ  ကိုယ့်အားကိုကိုးပြီး ရုန်းကန်ကြမလား၊ ပြည်ပ အကူအညီ ယူသင့်သလားဆိုတာတော့ ခင်ဗျားတို့ မြန်မာတွေ ကိစ္စမို့ ကျနော် အဆုံးအဖြတ်မပေးချင်ပါဘူး၊ ကျနော် မြန်မာနိုင်ငံအကြောင်း ရေးထားတဲ့ ပုဂံခေတ်ကနေ ဒီနေ့ ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့ အချိန်အထိ ရေးထားတဲ့ စာအုပ်တွေ ဟောဒီမှာ၊ အင်္ဂလန်ကရော ၊အိန္ဒိယကရော၊အမေရိကန်ကပါ သွားတုန်းက ၀ယ်ခဲ့တာ၊အုပ် ၂၀ ကျော်လောက် ရှိပါ့။ အားလုံးဖတ်ပြီး သွားပြီ။ ကျနော်အကြံပေးချင်တာကတော့ တယောက်တမျိုးနဲ့ ထင်းအစည်းပြေသလိုမျိုးနဲ့တော့ အာဏာရှင်အမျိုးပြုတ်ဖို့ ဘယ်အချိန်လောက်ကြာမယ် ဆိုတာ ခန့်မှန်းဖို့ မလွယ်လှဘူး။ပြည်တွင်းစစ်ရှိပြီး စည်းရုံးမှုနည်းတဲ့ တိုင်းပြည်အဖို့ နိုင်ငံတိုးတက်ဖို့ ဆိုတာကလည်း အခက်သား ကလား၊ မျိုးချစ်စိတ်နဲ့ ကမ္ဘာ့ လက်ရှိအခြေအနေကို မှန်မှန်ကန်ကန် ပေါင်းစပ်နိုင်မှ ခင်ဗျားတို့ မြန်မာနိုင်ငံ သားတွေ ပျော်ရွှင်နိုင်တဲ့ ဘ၀မျိုး ပိုင်ကြရမှာ။

သန်းတိုးရှိန်

      

မူလ ဆောင်းပါးများသို့ 

Suggestions & Comments: webmaster@hittaing.org