|
တော်လှန်သူများရဲ့
ရမ်ဘိုရုပ်ရှင် နောက်ကွယ်က ကောက်ကြောင်း
ကာတွန်းသားငယ် (
ဟစ်တိုင် )

မင်းသာကြီး ဆီဗက်စတာ
စတောလ်လုံးနှင့် ရုပ်ရှင်ရိုက်ကူးအပြီး တရင်းတနှီး တွေ့ရသော ကိုမင်းဋ္ဌေး
အခုဇန္န၀ါရီလ
(၂၅)ရက်နေ့မှာပဲ ဆိုးဝါးရက်စက် တဲ့ မြန်မာစစ်အာဏာရှင် စစ်တပ်
အကြောင်းရိုက်ကူးထားတဲ့ ရမ်ဘို - ၄ ဇါတ်ကား အမေရိကန်နိုင်ငံ
တ၀ှမ်းဖြန့်ချီလိုက်ပါပြီ၊ အမေရိကန် ရုပ်ရှင်ချစ်သူတွေ မြန်မာပြည်ရေးရာ
ပိုမိုသိသာစေရန် မြို့ကြီးအတော်များများက မြန်မာအတိုက်ခံများက
ရုပ်ရှင်ရုံများရှေ့မှာ ကန်ပိန်းလှုပ်ရှားမှုတွေ လုပ်မယ်ဆိုတော့
အမေရိကန်နိုင်ငံတလွှား အတော်လှုပ်လှုပ်ရှားရှား ဖြစ်နေပါတော့တယ်၊ ဒီဇါတ်ကားကို
အသက် ၆၁ နှစ်ရှိပြီ ဖြစ်တဲ့ ဟောလီးဝုဒ် စူပါစတား ဆီဗက်စတာ စတောလုံးက
၂၀၀၆ခုနှစ်မှာ ဆိုးဂျား အော့ဖ် ဖေါကျွန်း မဂ္ဂဇင်းကို ကမ္ဘာမှာ အဆိုးဝါး
အရက်စက်ဆုံး လူအခွင့်ရေး အပျက်သုန်းဆုံး ဘယ်မှာလဲ မေးမြန်းရာကနေ မြန်မာပြည်ကို
ညွှန်းဆိုပြလို့ ဒီဇါတ်ကား အခြေပြု ရိုက်ဖြစ်လာတာပါ၊ သူကိုယ်တိုင် ဇါတ်ညွှန်းရေး
ဒါရိုက်တာလုပ် ရိုက်ကူးတဲ့ဇါတ်ကားပါ။
၂၀၀ရ ခုနှစ်
နှစ်ဦးပိုင်း ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ တ၀ိုက်မှာ
ရမ်ဘိုဇါတ်ကားလာရိုက်တော့မယ်၊ ဇါတ်လိုက်ကျော် ဂျွန်ရမ်ဘိုနဲ့
အပြိုင်သရုပ်ဆောင်မဲ့ ဗီလိန်မြန်မာစစ်ဗိုလ် နေရာကို ဌားရမ်းသရုပ်ဆောင်စေမယ်
ဆိုတော့ ထိုင်းနိုင်ငံက ရုပ်ရှင်အသိုင်းအ၀ိုင်းတွေကရော
မြန်မာအသိုင်းအ၀ိုင်းတွေပါ ဒီရုပ်ရှင် အတွက်အတော်လေး စိတ်စားကြတယ်၊ ပထမပိုင်း
ပဏာမရွေးချယ်မှုမှာ ထိုင်းနိုင်ငံက ရုပ်ရှင်မင်းသားတွေ ရွေးချယ်ထားရာကနေ
မင်းသားဆီဗက်စတာ စတောလ်လုံးက မြန်မာလို အပီအပြင် ပြောနိုင်သူတွေသာ
လိုချင်ကြောင်းပြောလာလို့ ပြန်လည်ရွေးချယ်ရာမှာ ထိုင်းနိုင်ငံရောက်
ရှမ်းတိုင်းရင်းသားများ ရွေးချယ်ခံရပါတယ်၊ နောက်တော့ မြန်မာစကားပြောရာမှာ
မပီလို့ ဖြစ်နေတုန်းမှာ မြန်မာစစ် အစိုးရကို တော်လှန်တဲ့ ပြည်ပရောက်
အုပ်စုများဖြစ်တဲ့ ဘီဘီစီ အသံလွှင်ဌာနရဲ့ "သပြေကုန်းရွာ" ဇါတ်လမ်းက
ဝိုင်းတော်သားတွေ ကြွက်နီ၊ ကြွက်ဖြူ တို့ အစပြုပြီး စိုင်းလုံထွေး၊ ကိုမျိုး၊
အောင်ကို၊ စိုင်းသိန်းမောင်၊ ကိုမင်းဋ္ဌေး တို့ (မ.က.ဒ.တ-မြောက်ပိုင်းအုပ်စု)
ဝင်ရောက်အရွေးချယ်ခံတော့ သရုပ်ဆောင် ရွေးချယ်ရေးတာဝန်ခံ အမျိုးသမီးက
ရှင်တို့အုပ်စု သရုပ်ဆောင်ပြတာ သဘောကျလို့ စတောလ်လုံးဆီ အစီယင်ခံလိုက်ပြီလို့
သူတို့ သိခဲ့ရတယ်။
၂၀၀၇ ဖေဖေါ်ဝါရီ
(၂၁)ရက်လောက်မှာ နောက်ဆုံးအဆင့် စတောလ်လုံး ကိုယ်တိုင် လာရောက်ရွေးချယ်တော့
ကိုမင်းဋ္ဌေးဟာ တပ်မ(၃၃) က ဒုဗိုလ်မှူးကြီးတင့် (ကြော်ညာတွင် မောင်မောင်ခင်)
ဖြစ်လာပြီး၊ အောင်ကိုက ဗိုလ်အေးဖြစ်လာကာ၊ စိုင်းသိန်းမောင် (ကြော်ညာတွင်
စိုင်မောဝ် )ကတော့ ဓါးပြဗိုလ် ဖြစ်လာတယ်၊ သူတို့တွေ ရွေးချယ်ခံရကြောင်းကို လူ
၃၀၀ကျော် စစ်ထုတ်နိုင်ခဲ့တဲ့ သရုပ်ဆောင် ရွေးချယ်ရေးတာဝန်ခံ အမျိုးသမီးက
"ရှင်တို့ ထိုင်းမင်းသားတွေ အလဲထိုးနိုင်ခဲ့ပြီ၊ ဟောလီးဝုဒ်
ကရွေးချယ်လိုက်ပြီ" လို့ ထောပဏာပြု ပြောဆိုတယ်၊ စတောလ်လုံးက ကိုမင်းဋ္ဌေးကို
ရွာဝင်စီးတဲ့ အခန်းသရုပ်ဆောင်ခိုင်းပြီး ဒေါသဖြစ်ကာ ကြောက်မက်ဖွယ်ရာ
ဟိန်းဟောက်သံနဲ့ ရွာသားတွေကို မာန်မဲကန်ကျောက် ရိုက်နှက်တဲ့ အခန်း
အစမ်းသရုပ်ဆောင်စေပြီးတော့ ကိုမင်းဋ္ဌေးကို မေးတယ် "ခင်ဗျားအယင်က
သရုပ်ဆောင်ဘူးလားတဲ့" "မဆောင်ဘူးဖူး" ဖြေတော့၊ သူက "Good job" လို့
သူ့အသံအောအောကြီးနဲ့ ပြောတယ်၊ သူ(ကိုမင်းဋ္ဌေးတို့ အုပ်စု) တို့တွေ အာရုံစေစား
သရုပ်ဆောင်မှုတွေ ကောင်းလို့ ရှိရင်းစွဲ ဇါတ်လမ်းကို ဆန့်ထုတ် လိုက်တယ်လို့
သိရပြန်တယ်။

Good job ! စတောလ်လုံး ပြောတာ ဒီတုတ်နဲ့ ရိုက်တာပေါ့
ရုပ်ရှင်ရိုက်ကွင်းမှာ အသေချာပြင်ဆင် အာရုံဝင်စားလို့ သရုပ်ဆောင်မယ်
သံဓိဌာန်ချထားတဲ့ ကိုမင်းဋ္ဌေးဟာ ပင်ပမ်းတာကလွှဲလို့ ကြီးကြီးမားမား
အမှားအယွင်းမရှိခဲ့ဖူးလို့ ဆိုတယ်၊ စာချုပ်ချုပ်ဆိုပြီး ရိုက်ရက် (၂၁)ရက်မှာ
ထိုင်းငွေ တရက်လျှင် ဘတ်၁သောင်းခွဲ သရုပ်ဆောင်ကြေးရရှိပါတယ်၊ သူတို့လိုချင်တဲ့
ခန္ဓာကိုယ် အနေအထားတွေ ပြင်ဆင်ရတာတော့ ရှိပါတယ်လို့ ကိုမင်းဋ္ဌေးကပြောပြတယ်၊
စတောလ်လုံးနဲ့တော့ ၁၅ရက်လောက် အတူတူ သရုပ်ဆောင်ရပြီး၊ အကျိုးအမြတ်ကတော့
ဟောလီးဝုဒ် ဘာလို့နံမည်ကြီးတာလဲ ကင်မရာ အယူအဆ အနေအထားတွေ၊ ညခန်းတွေမှာ
မီးဆလိုက် အယူအဆတွေ အရေးကြီးကြောင်း သိလိုက်ရတယ်၊ သူတို့ကတော့
ဇါတ်ညွှန်းကျောရိုးလောက်ချပြပြီး ကျန်တာတွေတော့ စကားပြော( ဒိုင်ယာလော့ခ် )
တွေကို ကိုယ့်ရဲ့ အာရုံဝင်စားမှုနဲ့ ဖန်တီးယူတယ်လို့ ကိုမင်းဌေးက ပြောပြပါတယ်၊
ရုပ်ရှင်ရိုက်နေတုန်းမှာ ငါ …. ဟောလီးဝုဒ် စူပါစတားမင်းသား စတောလ်လုံးနဲ့ အတူ
တကယ်သရုပ်ဆောင်နေပါလားလို့ အတွေးတွေတော့ ဖြစ်မိတယ်လို့ မင်းဋ္ဌေးက သူ့ရဲ့ အဇ္ဇတ္တ
တချို့ကို ရောင်ပြန်ဟပ်ပြနေပါသေးတယ်။

ဇနီးဖြစ်သူ
သွေးလန့်ခဲ့ရတဲ့ ရမ်ဘို ဒါးနဲ့ ထိုးလို့ ကာနယ်တင့် ဗိုက်ပေါက်ခဲ့ရတဲ့
အခန်းအပြီး
ဇနီးဖြစ်သူ
မနှောင်း (ခ) မနန်းယဉ် ( မြန်မာအမျိုးသမီး သမဂ္ဂ ) ကတော့ ရိုက်ကွင်းရဲ့
အဖြစ်သနစ် အချို့ကို ဒီလိုပြောပြပါတယ် ကိုမင်းဋ္ဌေးရဲ့ ဗိုက်ကြီးကို
ဓါးနဲ့ထိုးလိုက်တာ သွေးသံရဲရဲမြင်လိုက်ရ တော့ "ကျမမျက်လုံးတွေ
ပြာထွက်သွားတယ်"
ပြီးတော့ " ဗိုက်အောက်မှာ ပျဉ်ပြားခံပြီးတော့ သွေးအိတ်ခံထားမှန်း ကျမ
မသိဘူးလေ" ဒါးနဲ့ထိုးလိုက်တာ သွေးက ဖြာကနဲဖြစ်သွားတော့ နဲနဲသွေးလန့်သွားမိတယ်၊
နောက်ရိုက်ကွင်းတခုမှာ ဒါးနဲ့ထိုးပြီးတော့ ခြေထောက်နဲ့ပါကန်တဲ့
အခန်းမှာဆိုယင့် ရမ်ဘိုက မကြိုက်ဘူးဆိုပြီး ခဏခဏ ပြန်ရိုက်နေတာကို
တွေ့လိုက်ရတယ် ကိုမင်းဋ္ဌေးကလည်း "ကျနော့်ကို မညှာနဲ့ မညှာနဲ့"
ပြန်ပြန်ပြောနေတယ် ကန်သာကန်လို့ပြောတော့ ကျမလဲ သူဇနီးဆိုတော့
"ဒီကန်တဲ့အခန်းမှာ လူစားထိုးလို့ မရနိုင်ဘူးလားဆိုပြီး" သူကို့သနားပြီး
ပြောလိုက်မိသေးတယ်၊ နောက်နောင် အခြေနေအချိန်အခါ ပေးလာလို့
သရုပ်ဆောင်ရမယ်ဆိုရင်လည်း ဆေးစက်ကျရာ အရုပ်ထင်စေရမယ်၊ သူဒီဇါတ်ကားမှာ
"ယနေ့မြန်မာပြည်သူတွေ နေ့တဓူဝ ခံစားနေရတဲ့ အာဏာရှင် ဝေဒနာဆိုး ခါးသီးမှုတွေ ကို
အတိအကျ အပ်ကျမတ်ချ ကမ္ဘာ့ပြည်သူတွေ သိရှိအောင် ခံစားသရုပ်ဆောင်
ချပြနိုင်ခဲ့တယ်" လို့ ကိုမင်းဋ္ဌေးက စူးနစ်စွာဆိုတယ်။

၁၉၈၉လောက်မှာ
ကေအိုင်အို တပ်မဟာ(၄) ဒေသ ရှေ့တန်းမှာ သီချင်းတွေ
အဆိုကောင်းခဲ့သူ(ဂျင်းအကျီင်္အပြာ)
ကိုမင်းဋ္ဌေး၊
စိုင်းသိန်းမောင်၊ ကိုအောင်ကို၊ ကိုမျိုး၊ စိုင်းလုံထွေး တို့ဟာ ကချင်ပြည်
တောင်းတန်းများမှာ အခြေစိုက်တဲ့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) မှ
မြန်မာပြည် ဒီမိုကရေစီရရှိရေး အတွက် တော်လှန်နေကြတဲ့ ရဲဘော်များဖြစ်ပါတယ်။
ဒေါ်လာသန်း၅၀ကျော်ကုန်တဲ့ ၁နာရီခွဲ ဇါတ်လမ်း အကျဉ်း ကိုကြည့်ကြရအောင် …..
၁၉၇၀ နှစ်များဆီက
အမေရိကန်-ဗီယက်နမ် စစ်ပွဲအပြီးမှာ ဌာနေအမေရိကန် မပြန်တော့ပဲ
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရှောင်နေတဲ့ အမေရိကန်စစ်ပြန် ဂျွန်ရမ်ဘိုဟာ
ကမ္ဘာပေါ်မှာ ပြည်တွင်းစစ် အကြာဆုံးဖြစ်နေတဲ့ အနှစ်၆၀ကျော်ကြာ ကရင်၊မြန်မာ
ပဋိပက္ခဖြစ်ရာ မြန်မာပြည်နဲ့ နီးစပ်တဲ့ ထိုင်း-မြန်မာ နယ်စပ်လျှောက် သံလွင်မြစ်
တကြောမှာ လှေအရှည်ကြီး တစင်းပေါ်၌ တကိုယ်တည်း နေထိုင်ရင်း ငါးဖမ်း၊
အဆိပ်ပြင်းတဲ့ မြွေတွေကို စီးပွားဖြစ် ဖမ်းဆီး နေထိုင်သူဖြစ်တယ်။
ဒီဒေသမှာ
ကြေးစားဆန်သူတွေ၊ စီပွားရေးသမားတွေ၊ ခရိယာန်သာသနာပြုတွေ၊ လူအခွင့်ရေးအဖွဲ့တွေ၊
ငြိမ်းချမ်းရေး ဆောင်ရွက်သူတွေ၊ သဘောထားကွဲလွဲ သူတွေ၊ သူပုန်တွေ နဲ့
ခြေချင်းလိမ်ကာ စစ်ပူရာနေရာတွေပါ၊ ဒီဒေသမှာ လူ့အခွင့်ရေးမစ်ရှင်တခုက
နယ်မြေကျွမ်းကျင်တဲ့ လမ်းပြအဖြစ် ဂျွန်ရမ်ဘိုကို ရှာနေတာပါ၊ သူတို့ သွားမဲ့
ဒေသ တလျှောက်မှာ စစ်အစိုးရရဲ့ မြေမြှပ်ဗုံးများ၊ မိုင်းများ ရှိနေကာ အန္တရာယ်
အလွန်ကြီးလို့ ဂျွန်ရမ်ဘိုကို ဌားရမ်းပြီး သူတို့သွားချင်တဲ့ သံလွင်မြစ်
တနေရာမှာ ချထားပေးယုံပါ၊ ဒါမှလည်း သူတို့ ပေးချင်၊ ကူညီချင်တဲ့
ဆေးဝါးအကူညီတွေ၊ အစားသောက်တွေ ကို တောင်ပေါ်ကရင်တွေဆီ အရောက်ပို့နိုင်မှာလေ၊
အစပိုင်းမှာတော့ မြန်မာပြည် နယ်တွင်းမှ ဖြတ်ကျော်သွားရန် ငြင်းဆိုခဲ့ပြီး၊
နောက်တော့ ရမ်ဘို သူတို့တွေကို လိုရာသို့ပို့ပေးနိုင်ခဲ့တယ်၊ ရက်သတ္တပါတ်
နှစ်ပတ်အကြာမှာ ခရိယာန်သင်းအုပ်ဆရာ အာသာမတ်ခ်ျက ရမ်ဘိုကို လာရောက်ရှာဖွေကာ
အကူညီပေးရေးအဖွဲ့ ပြန်မရောက်လာ၍ ကူညီပါရန်၊ အမေရိကန်သံရုံးမှလည်း ထိုဒေသတွင်
အကျွမ်းတ၀င်မဖြစ်ကြောင်း၊ ကူညီပါရန် ပြောဆိုသော်လည်း အမေရိကန်စစ်ပြန်
ဂျွန်ရမ်ဘို မှာ သွားရောက်ကယ်တင်လျှင် ကုန်ကျစရိတ်အလွန်ကြီးမြှင့် သဖြင့်
အင်တင်တင် လုပ်ပါတယ်၊ သင်းအုပ်ဆရာက အိမ်အပေါင်ထားပြီး ရွာသားများ၏
စုပေါင်းကူညီမှုဖြင့် ကြေးစားစစ်ပြန်များ စုစည်းထားတဲ့ ရမ်ဘိုတို့ အဖွဲ့အား
ဌားရမ်းနိုင်ခဲ့သည်။

ကာနယ်တင့် နှင့်
ကပ္ပတိန်အေးတို့ ရှုတင်ခေတ္တရပ်နားစဉ်
မြန်မာ
စစ်အစိုးရ လက်တွင်းမှ ဗီယက်နမ်စစ်တွင် အမေရိကန် အစိုးရ လေ့ကျင့်ပေးထားသော
အသေခံတပ်သား ရမ်ဘိုမှ သာသနာပြု အကူညီပေးရေး အဖွဲ့တွေကို
ဘယ်လိုကယ်တင်နိုင်ခဲ့တယ်၊ ကိုမင်းဌေးတို့
မ.က.ဒ.တ (မြောက်ပိုင်း) အဖွဲ့တွေ ဘယ်လိုသရုပ် ဆောင်ခဲ့သလဲ၊ ကသောင်းကနင်း
ဖြစ်နေတဲ့ မြန်မာပြည်ထဲမှာ ဓါးပြတွေ၊ နယ်စပ်ဒေသ တိုင်းရင်းသားများ အပေါ်
စစ်အစိုးရ လက်ပါးစေ စစ်တပ်တွေ နယ်စပ်ဒေသများမှာ ဘယ်လို ရက်စက်ရုပ်မာ
ကောက်ကျစ်သလဲ ဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာ ယမန်နေ့ ဇန္န၀ါရီ ၂၅ရက်နေ့
အမေရိကန်နိုင်ငံတလွှားမှာ ကြည့်ရှုလို့ နေရပါပြီ၊ ဒီရုပ်ရှင် ရိုက်နေတုန်း
စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး ဖြစ်တော့ ကမ္ဘာ့ပြည်သူတွေ သိခဲ့ရတဲ့
မြန်မာစစ်အစိုးရ ဘယ်လောက် လူမဆန်ပက်စက်တယ် ဆိုတာ စစ်အစိုးရဟာ သူ့ဟာသူ
မီးမောင်းထိုးပြပြီးသား မဟုတ်ပါလား။
|