|
ယုံကြည်အားကိုးလျက်ပါ..
ကြိုင်လှမောင်မောင်
ဆရာမိုး
ခင်ဗျား
ဆရာမိုး...
စေတနာ’ပိုး’ပေးခဲ့တဲ့
ကမ္ဘာတရိုးက
ကဗျာပျိုးခင်းတွေဟာ
ထိုးထွင်းဝေဆာအောင် မြော်ကြံတွေးလျက်
‘ရွှေဝါရောင်တော်လှန်ရေး’ တွင်လဲ
ဆင်နွှဲပါဝင်လိုက်ကြရပါတယ်။ ၊
တိုက်ပွဲဝင် ကဗျာ
တိုက်ပွဲဝင်စာတွေနဲ့ 
တိုက်ပွဲဆင် သူငါဟာ
ပါသာပါလိုက်ငြားရ
အားက ခပ်ငယ်ငယ်ရယ်။
မြန်မာစာ မြန်မာဟန်ခရိုင်
သာယာအသံပိုင်
ကာရန်နိုင်
ကဗျာမဏ္ဍိုင်ကြီး
ပြိုယိုင်ပြီးလဲသွားခဲ့သမို့ 
အားနဲ့ ချို့ လို့ 
လွမ်းဆို့ ဆို့ ဖြစ်ကြရတာပါ ဆရာမိုး။ ၊
ဆရာမိုးသာ ရှိနေမယ်ဆိုရင်
နုနယ်ပျိုလွင်
ချိုသာသံစဉ် အောင်ပေါက်တွေနဲ့ 
ကာရန်ဆင် အပြောင်မြောက်တွေဖြင့်
အာဏာရှင်အကောင်မျောက်တွေကို
ကဗျာဘုရင်က တောင်မြောက်လွင့်အောင်
ကိုင်ပေါက်ပစ်မှာဘဲလို့ 
လူတကာအသည်းမှာ
စွဲမြဲစွာ ယုံကြည်လျက်ပါ ဆရာမိုး။ ။
(ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်းတနှစ်မြောက်)
ကြိုင်လှမောင်မောင်
|