|
နွေဦးကြွေတဲ့နေ့ 
ရဲသွေး

ရဲဘော် သူငယ်ချင်းရေ…
၂၀၀၀ ပြည့်လွန်နှစ်တချို့ဆီက
သေမင်းနဲ့လက်တကမ်း
ဝါးရုံပင်စခန်းလေးမှာ
ဝမ်း၊တူး၊သရီး၊ဖိုး အသံညှိရင်း
အကြောင်းထူးရင် ချက်ချင်းအကြောင်းပြန်…
ဒါ… မင်းရဲ့ကြေးနန်းပို့သံလား။
အခုတော့…
မရဏမင်းထံက မင်းရဲ့ကြေးနန်း
ဘယ်တော့မှ မပြန်တမ်းပေါ့။
သောင်ရင်းမြစ်နံဘေး
ကမ်းပါးစွန်းလေးမှာ မေးတင်
ပျဉ်းမပင်အောက်က မင်းရဲ့တဲကလေး
လွမ်းတေးဆိုသူ မဲ့ခဲ့ရှာပြီပေါ့။
ဖက်မိုးဖက်ကာတဲလေးဘေးက
ပျဉ်းမပွင့်လေးတွေ မပြာခင်
ပွင့်လင်းရာသီ မလာခင်လေးမှာ
ရှောင်တခင်ပဲ
ခွဲသွားရက်တယ် သူငယ်ချင်းရယ်။
ဟက်ပီးနယူးရီးယား ၂၀၀၃ု
နယ်ခြားတောင်ကုန်းတွေပေါ်မှာ
သံပုံးတီးလဲ မကြိုနိုင်တော့…။
“မြို့ပေါ်မှာမနေတတ်ဘူး
သူငယ်ချင်း ပျင်းတယ် ငါ့ကိုခေါ်…“
အဖော်မင်တတ်တဲ့မင်း
သေမင်းရဲ့ခေါ်ရာ
ကောက်ကောက်ပါအောင် လိုက်သွားခဲ့ရှာပြီ။
အဲဒီနေ့က
နှင်းတွေမစိုဘဲ ဒေါနကငိုတယ်။
သီချင်းတွေ မဆိုဘဲ ဥသြတွေ ငိုကြတယ်။
အာဇာနည်ဆိုတာ
ဘ၀မှာ သူ ဘာလုပ်ခဲ့တယ်ဆိုတာကို
လူသိရှင်ရှားဟစ်ကြွေး
ဟန်ရေးမပြတတ်သူပါ။
ဟော့ဒီမှာ သူငယ်ချင်း
မင်းရဲ့မောင်းပြန် ဒေါင်းအလံနဲ့
သေမင်းထံမှာ စစ်ခင်းလို့
နွေနံနက်ခင်းကို ကြိုလှည့်ပါဦးလေ။
(မသမာသူတစု၏ လက်ချက်ဖြင့်ကျဆုံးသွားသော
ရဲဘော်သူငယ်ချင်း စိုင်းစမ်းကို သို့)
|