|

“နေမင်းဖန်လ်ဝါ”
တပါတီအာဏာရှင်စနစ်
စစ်အာဏာရှင်စနစ်မှ
ဒီမိုကရေစီခေတ်သို့
ရှစ်လေးလုံး ရာဇ၀င်သစ်နဲ့
ကမ္ဘာ့သမိုင်း စာမျက်နှာမှာ
ဧရာဝတီက
ပိုလို့တောက်ပလာမယ့်
ရှစ်လေးလုံးဝိညာဉ်
ရှစ်လေးလုံးစိတ်ဓာတ်နဲ့
ရှစ်လေးလုံးမျိုးဆက်
ကျောင်းသားခေါင်းဆောင်တွေရဲ့
ပြည်သူတွေရဲ့နွေဦးကို
ဖော်ကျူးခဲ့တဲ့နိဒါန်း
ကြက်သီးဖြန်းဖြန်း ထလောက်အောင် ရဲရဲတောက်ခဲ့တဲ့
ကြောက်ရမှာကို ကြောက်နေတဲ့မြစ်တွေ
ငါတို့ပုခုံးပေါ်မှာ
ကျလာတဲ့ခေတ်က
ယန်ဆီ၊ဘော်လဂါနဲ့
ဂင်္ဂါမြစ်တွေထက်
ငါတို့ဧရာဝတီမြစ်က
ပိုပြီးလှတယ်ဆိုတာ
မိခင်ဧရာဝတီရဲ့
ရေလွှာကိုခွာကြည့်ရင်
သွေးနဲ့တည်ဆောက်ထားတဲ့
အာဇာနည်ဗိမာန်ကို
တွေ့ရလိမ့်မယ်။
ကြည့်လိုက်ကြစမ်းဟေ့
အရှေ့ယွန်းယွန်းမှာ
နေမင်းဖန်လ်ဝါ
ထွန်းပလာသလိုမျိုး
ရဟန်းရှင်လူ
ကျောင်းသားပြည်သူတွေရဲ့
ဒီမိုကရေစီ တပ်ပေါင်းစုံ
သပိတ်စုံ သူပုန်ထ
ငါတို့သွေးသားတွေနဲ့ပိုလို့တောက်ပလာမဲ့
ဧရာဝတီရဲ့တေးသွား
ရဲရင့်တဲ့လက်များနဲ့သီယှက်ထားကြပေါ့။
နီလွင်သွေး(ဒဿနိက) - sunday
၂၃.၉.၂၀၀၇
|