|

ကေအမ်သက်

အဲဒီနေ့ပေါ့
မိုးရွာပြီးစကောင်းကင်မှာ
တိမ်ရောင်စုံတွေလှနေတယ်
ငှက်ကလေးတွေရဲ့ တေးဆိုသံနဲ့အတူ
ထွက်သွားကတည်းက ပြန်မလာတဲ့ကိုကို
အိမ်ပြန်ရောက်လာတယ်။
မိခင်တွေ ငိုကြွေးစရာမလိုတော့ဘူး
ဖခင်တွေ သောကရောက်စရာမလိုဘူး
ကလေးငယ်တွေတိုင်းအတွက်
ပြေးဝင်စရာ ရင်ခွင်အစုံရှိနေမယ်
လမင်းရဲ့ အလင်းရောင်အောက်မှာ
ချစ်သူတွေ လမ်းခွဲစကားမပြောကြတော့ဘူး
နံနက်ခင်း ဘုရားရှိခိုးမယ့် အမေ့အတွက်
အရုဏ်ဦးနှင်းဆီတပွင့် ခူးပြီး
အိမ်ပေါ်ပြန်အတက်မှာ
ညီမလေးရဲ့အိပ်မက် လန့်နိုးသွားခဲ့တယ်။
ဦးပဉ္ဖင်းလေးမပျံလွန်ခင်က ပေးသွားတဲ့
အဲ့ဒီအိပ်မက်လှလှလေးကို
ကမ္ဘာသားတွေကို အမေမျှဝေတဲ့နေ့မှာ
သစ္စာတရားဆိုတဲ့သစ်ပင် ရှင်သန်ဖူးပွင့်လာလိမ့်မယ်။
x x x
|