မြတ်သင်းကြည်ကို ပြောလိုက်ပါ

ရန်နိုင်ထွန်း

ကိုယ်ပြောလိုက်မယ် မြတ်သင်းကြည်...

ကိုယ့်အမိမြေကို ချစ်တတ်သူဟာ

ကိုယ့်ကိုယ်ကိုယ်တောင် မချစ်တတ်ဘူးကွယ့်...

အများရဲ့အကျိုးကို သိတတ်သူဟာ

ကိုယ့်ကိုယ်ကျိုးကို မကြည့်တတ်ဘူးကွယ့်။

 

မင်းနဲ့ နှစ်ကိုယ်တူ နေနိုင်ဖို့အတွက်

ငါ့အလုပ်တွေကို မစွန့်နိုင်ပါဘူး။

မင်းအသိုင်းအ၀ိုင်းတွေ ကြည်ဖြူဖို့အတွက်

ရန်သူကို ငါ ဒူးမထောက်နိုင်ဘူး။

ငါ့ခံယူချက် ယုံကြည်ချက်ကို

မင်းတားမြစ်လို့ မပျက်နိုင်ပါဘူး။

ထားရစ်ခဲ့ပါ မြတ်သင်းကြည်...

မင်း ကြိုက်သလိုသာ ဆုံးဖြတ်ပါတော့...

 

ကိုယ် ပြောလိုက်မယ် မြတ်သင်းကြည်...

ဆန်ဆုံရင်စား၊ ကံကုန် သွား...တဲ့

ကြင်သူဆိုတာ အသွင်မတူခဲ့ရင်

အပြန်အလှန် ပါရမီမဖြည့်နိုင်တာမို့

အတ္တကြီးသူ မင်းလိုလူထက်

မပြီးဆုံးသေး တော်လှန်ရေးကို

ငါကစွဲမက် ပိုချစ်တယ်။

 

ကိုယ် ပြောလိုက်မယ် မြတ်သင်းကြည်...

သစ်စိမ်းချိုးသလို ချိုးရုံမကလို့

လက်ပြလမ်းခွဲ မင်းမချစ်ရဲလဲ

ငါ့အသည်းနှလုံးဟာ မကွဲနိုင်ပေမယ့်

အတိတ်အကြောင်းဆိုတာ မမေ့ကောင်းစရာမို့

ရာသီတွေပြောင်း နှစ်တွေဟောင်းတောင်

အောက်မေ့အမှတ်တရ ရှိနေမှာပါ။

 

ကဲ...

ပြောလိုက်မယ် မြတ်သင်းကြည်ရေ...

ဂုဏ်ပကာသနလဲ ငါ မလိုချင်ဘူး...

တဏှာရာဂလဲ ငါ မခုံမင်ဘူး...

ငါ လိုချင်တာ တကယ့်မေတ္တာ

သစ္စာတရားသာ ကိုးကွယ်ရာမို့

လောကကြီးမှာ ငါနေတတ်လို့

အရာအားလုံး ကျေနပ်တယ်။

x x x

 
 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org