|
လွတ်မြောက်ရေး
မုန်တိုင်းများ၏ နိဒါန်း
သားချစ်
(ဟစ်တိုင်)

မကြာမှီရောင်နီ လာတော့မည်၊ ကျောင်းသားရဲဘော်များ၏
နှင်းမြူများကြားမှ ထွင်းဖေါက်ထွက်လာသော နံက်စောစော
လေ့ကျင့်ရေးကွင်းဆီမှ ညီညာစွာ အော်ဟစ်လိုက်သော "ဘာစိတ်ဓါတ်လဲ? ….
ခွပ်ဒေါင်းစိတ်ဓါတ်" အသံများက တောင်နံရံတ၀ိုက်၌ ဟိန်း၍
ပဲ့တင်ထပ်နေသည်၊ ကျနော်ရဲ့ ဘေးတွင်လည်း ခွပ်ဒေါင်းစစ်သည် နှစ်ဦး၏
အသံများသည်လည်း အေးစက်စက် ဆောင်းလေတိုး၍ စကားပြောသံများ တိုးသွားလိုက်
ကျယ်သွားလိုက် မီးပုံကိုအာရုံပြုကာ ရှင်းပြဆွေးနွေးလျှက်၊
ကျနော်သည်လည်း မနောတောင်တန်းများ၏ အအေးဒါဏ်ကို ကြံ့ကြံ့ခံလျှက်
သူတို့ပြောသမျှကို ကြုံးငုံ့၍ ရေးလျှက်မှတ်လျှက်၊ လက်များကတော့
ခဲသွားမလား လို့ပင်ထင်ရအောင် အေးစက်နေသည်၊ သို့သော် သူတို့ပြောတဲ့
အရှိန်ကြောင့် ခန္ဓာကိုယ်မှ သွေးများက အရှိန်ပြင်းစွာ လည်ပါတ်နေသည်၊
ကချင်ပြည်နယ်၊ မိုးညှင်းမြို့သိမ်းတိုက်ပွဲသည် ထိုနေ့က
လိုင်စင်ဒေသနံနက်ခင်း ရေခဲများကို အရည်ပျော်စေခဲ့သည်။
တိုက်ပွဲ အတွက် ကနဦးပိုင်း အခြေအနေ
မိုးညှင်းတိုက်ပွဲသည် ကျောင်းသားပြည်သူအားနှင့်
လက်နက်ကိုင် တော်လှန်ရေးကို အောင်မြင်စွာပေါင်းစပ်နိုင်ခဲ့သဖြင့်
လူထုတရပ်လုံး ထောက်ခံမှုရခဲ့သော မြို့သိမ်းတိုက်ပွဲကြီး၊ ၁၉၈၈
ရှစ်လေးလုံးအရေးတော်ပုံကြီးကို န.၀.တစစ်အုပ်စုက ရက်ရက်စက်စက်
ဖြိုခွဲပြီးနောက် မိုးညှင်းမြို့ခံလူထုများ၏ အနာဂါတ်ရင်သွေးငယ်များ၊
အရေးတော်ပုံနှင့် ပါတ်သက်နေသောသူများအား ဖမ်းဆီးချုပ်နှောင်
ထောင်သွင်း အကျဉ်းကျခံမူများမှ လွတ်မြောက်စေခဲ့သော
တိုက်ပွဲကြီးဖြစ်သဖြင့် မြန်မာ့သမိုင်းတွင် ကျောင်းသားတပ်မတော်၏
အရေးပါအရာရောက်သော တိုက်ပွဲတပွဲ၊ ခွပ်ဒေါင်းတို့၏ လွတ်မြောက်ရေး
တပ်လှန့်သံဟုပြောလျှင် ရပေမည်၊ လက်နက်ကိုင်တော်လှန်ရေးနှင့်
လူထုကျောင်းသားပေါင်းစပ်မှု အရှိန်ကြီးကြောင့် ထိုကျောင်းသား လူငယ်များ
အသက်ဘေးမှ လွတ်မြောက်ခဲ့ကြရသည်။
ထိုတိုက်ပွဲထဲတွင် လူထုအားနှင့် ကျောင်းသားအား။
လက်နက်ကိုင်အင်အားကို အထူးပေါင်းစပ်ပေးနိုင်ခဲ့သူများမှာ
ကျောင်းသားတပ်မတော်မှ ဗိုလ်ပီတာ၊ ဗိုလ်ဦးဝင်း၊ ဗိုလ်ဇော်ဦး၊
ဗိုလ်ထွန်းလွင်တို့ ဖြစ်ကြသည်၊ ဗိုလ်ဇော်ဦးသည်
ရှမ်းပြည်တောင်ပိုင်းတောတွင်းတနေရာ၌ တိုက်ပွဲတွင်
ကျဆုံးသွားခဲ့သူတဦးဖြစ်ပြီး ဗိုလ်ပီတာသည် ၁၉၉၄-မေလခန့်က ဖားကန့်ဒေသ၌
ရန်သူလက်ချက်နှင့် အသက်စွန့်သွားသူဖြစ်သည်၊ ဗိုလ်ဦးဝင်းသည်
ကေအိုင်အိုအခြေစိုက် လိုင်ဆာဒေသ နောင်လာပါစခန်းတွင်
ငှက်ဖျားရောဂါဖြင့် ၁၉၉၆တွင် ကွယ်လွန်ခဲ့၍ သူ၏ရုပ်ကလပ်သည် ထိုစခန်း၌
ငြိမ်းချမ်းစွာလဲလျောင်းလျှက်၊ ဗိုလ်စိန်အေး(အတွင်းရေးမှူး
ကျောင်းသားတပ်မတော်)မြောက်ပိုင်းသည် ၁၉၉၈တွင်နယ်စပ်တနေရာ၌
အဖမ်းဆီးခံခဲ့ရပြီး ယခုအခါ သရက်အကျဉ်းထောင်တွင်
၁၇-နှစ်နှစ်ချုပ်နှောင်ထားခြင်းကို ခံနေရသူတဦးဖြစ် သည်၊
၁၉၈၈မှ ယခုတိုင် ဒီမိုကရေစီလွတ်မြောက်မှု တိုက်ပွဲများအတွက်
မြောက်ပိုင်းကျောင်းသားရဲဘော်များက အယောက်တရာကျော်
တိုင်းပြည်အတွက် အသက်ပေးလှူ သွားခဲ့ကြသည်။
ယခင်ကာလများ၌ မိုးညှင်း၊ နမ္မား၊ မော်လူး၊ မော်ဟန်
ထိုရှမ်းနီအများစုနေသော ဒေသများသို့ ကေအိုင်အိုသည် အနီးသို့ပင်
ခြေချခွင့်မရနိုင်ခဲ့၊ အဘယ့်ကြောင့်ဆိုသော် အတိတ်သမိုင်းများတွင်
ရှမ်းနီနှင့် ကေအိုင်အိုတို့ကြီးစွာ ပတိပက္ခဖြစ်ခဲ့ကြ၍ လူမျိုးစုခြင်း
သွေးချောင်းစီးခဲ့ကြရဖူးသည်၊ သို့သော်မိုးညှင်းတိုက်ပွဲ
ပြီးဆုံးသွားပြီးနောက် ထိုဒေသမှလူထုတရပ်လုံး၏ လေးစားချစ်ခင်
ယုံကြည်မှုကို ကေအိုင်အိုမှ ရရှိလိုက်သည်၊ ယနေ့လူထုတရပ်လုံး၏
လိုလားချက်များကို ဖြည့်ဆည်းပေးရန် လက်နက်ကိုင်
တော်လှန်ရေးအင်အားစုများက သင်ခန်းစာယူ၍ ရှေ့သို့တဟုန်ထိုးတက်ရန်
လိုအပ်လာသည့်အချိန် ကျရောက်နေပြီ။ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထု၊
ကျောင်းသား ပူးပေါင်းဆောင်ရွက်မှု အရှိန်သည် ကြီးစွ။ ယနေ့
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတချို့၏ လက်နက်များသည်
န.အ.ဖ၏ မက်လုံးပေးမှုများ အောက်တွင် အရည်ပျော်နေလျှက်ရှိသည်၊ သူတို့သည်
သူတို့၏ တကိုယ်ရေအကျိုးစီးပွားကြောင့် လူထုနှင့်တော်လှန်ရေးကို
ကျောခိုင်းနေကြရသည်၊ ထို့ကြောင့် စစ်ဖိနပ်အောက်၌် ဖိနှိပ်မှုများစွာ
ဆက်၍ဆက်၍ ဖြစ်ပေါ်လျှက်ရှိနေသည်၊ လူထုအကျိုးကိုလိုလားသော
လူမျိုးစုလက်နက်ကိုင် အင်အားစုများမှ ရဲဘော်များ၏ လက်များသည်လည်း
သေနတ်မောင်းခလုပ်ထဲ၌ လက်ညှိုး ထည့်လျှက်၊ လက်နက်ကိုင်တော်လှန်ရေးနှင့်
လူထုတိုက်ပွဲ စနစ်တကျပေါင်းစပ်နိုင်မည့် အချိန် ကျရောက်လာလျှင်ဖြင့်
ရန်သူသည်မကြာမှီ ကသောကမျှော ပြေးကြရတော့မည်ကို ဤမိုးညှင်းတိုက်ပွဲက
သက်သေပြုလျှက်ရှိနေသည်။

-
လိုင်စင် တောင်တန်းများနှင့် ခွပ်ဒေါင်း၏ သမီးပျိုများ
ထိုတိုက်ပွဲ
အတွက် ကျနော်အသိခြင်ဆုံးအရာသည်ကား ထိုသုံးခု ………
မိုးညှင်းမြို့၏ ပထ၀ီဝင် အနေထား၊
ကေအိုင်အို၏
စစ်ဆင်ရေးဗျူဟာ ရေးဆွဲမှု၊
ကျောင်းသားပြည်သူများ၏ အားထုတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှန်းချေ
ပေါ့လေ …. ။
မိုးညှင်းမြို့၏ ပထ၀ီဝင် အနေအထား
မိုးညှင်းမြို့၏ အရှေ့ဘက်တွင် ကြီးမားသောတောင်ကြီးက
မားမားမတ်မတ် ထိုးထိုးထောင်ထောင်၊ စိမ်းစိမ်းညှို့ညှို့
မှုံမှိုင်းလျှက်၊ လယ်ကွက်တချို့က တောင်ခြေနှင့်ထိစပ် ယှက်နွယ်လျှက်၊
လူနေရပ်ကွက်တချို့က တောင်ခြေကို ဦးခိုက်လျှက်၊
ထိုတောင်ခြေနှင့်ကပ်လျှက် ရပ်ကွက်များ ဖြစ်သော အောင်သပြေ၊ အရှေ့စု၊
မိုးတားစု တို့တည်ရှိကြသည်၊ ထိုမှတဆင့် ဆင်းလာလျှင် ကားလမ်းမကြီးက
တောင်မြောက်သွယ်တန်းလျှက်၊ မြောက်ဘက်သို့ယွန်းသော မြစ်ကြီးနား၊
တောင်ဘက်တွင် မန္တလေး၊ ထိုမှအနောက်ဘက်သို့ ဦးတည်လျှင် သာယာလှပသော
နမ့်ရင်းချောင်းကြီးက မိုးညှင်းမြို့ကြီးကို ရစ်ခွေပတ်ကာ
စီးဆင်းလျှက်။
ထိုနမ့်ရင်းချောင်းပေါ်၌ ကြိုးတံတား၊ အုတ်ကျင်းတံတား၊
သံတံတား၊ နောင်စွန်းတံတား တို့ ဖြတ်သန်းလျှက်ရှိသည်၊
ထိုမှအနောက်လွန်လျှင်မန္တလေး၊ မြစ်ကြီးနားသံလမ်းကြီးက ဖြောင့်တန်းစွာ
မြို့အလယ်၌ လဲလျောင်းလျှက်၊ ထိုမိုးညှင်းဘူတာဘေးတွင်
ရှေတန်းတပ်ရင်းရုံးက ကပ်လျှက်တည်ရှိပြီး မိုးညှင်းတောင်ဘက်တွင်
တပ်ရင်း(၁၅)က မဲပုတ်ပုတ် ၀ပ်တွားတည်ရှိလျှက် ရှိနေသည်။
ကချင်ပြည်နယ်၌ လွင်ပြင်ကြီးသုံးခုရှိသည်၊
ကောက်ကွေ့လွင်ပြင်၊ နမ့်ရင်းလွင်ပြင်၊ ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်
တို့ဖြစ်ကြသည်၊ ထိုထဲမှ နမ့်ရင်းလွင်ပြင်သည် ကချင်ပြည်နယ်တခုလုံး သာမက
အထက်မြန်မာတပြည်လုံးကိုပင် ကျွေးမွေးသုတ်သင်နေသလို ရှိလျက်နေသည်၊
နမ့်ရင်းလွင်ပြင်ပေါ်၌ မိုးညှင်းမြို့က ထီးထီးမားမားတည်ရှိနေသည်၊
မိုးညှင်းဒေသရှိ လူထုတရပ်လုံးသည် လယ်ယာဖြင့် အသက်မွေး
ဝမ်းကြောင်းပြုကြသည်၊ သူတို့သည် ရိုးသားသော တောင်သူလယ်သမား
ရှမ်းလူထုများဖြစ်ကြပြီး ဖိနှိပ်ခံစနစ်ဆိုးကြောင့် စစ်အုပ်စုကို
တူးတူးခါးခါး ရွံရှာမုန်းတီးကြသည်၊ မိုးညှင်းမြိုနယ်ထဲ၌
မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော အင်းတော်ကြီး အိုင်သည်
လှပစွာငြိမ်ဝပ်စွာတည်ရှိနေပြီး ထိုအိုင်မှာ မြန်မာနိုင်ငံတွင်
အကြီးဆုံး ရေအိုင်ကြီးဖြစ်ကာ ရေအိုင်အလယ်၌ အင်းတော်ကြီးရွှေမဉ္ဇူ
ဘုရားကလည်း သပ္ပါယ်စွာ တည်ရှိနေသည်၊ ဗုဒ္ဓဘာသာဝင်
တောင်သူများတည်ရှိသောမြို့ ဖြစ်သဖြင့် အေးချမ်းသော လုပ်ငန်းများဖြင့်
ငြိမ်းငြိမ်းချမ်းချမ်းလုပ်ကိုင်စားသောက်သော
လူထုများဖြစ်ကြသည်၊ လယ်ယာလုပ်ငန်းမှ ရရှိလာသော သူတို့၏ အရင်းအမြစ်
ချွေးနဲစာများသည် လှူရေးတန်းရေးသာ ဖြစ်ကြသည်။
လယ်ယာလုပ်ငန်းပြီးစီးလျှင် ကျောင်းကန်ဘုရားသွားကြမည်။ လူငယ်များက
ဖါးကန့် ကျောက်စိမ်းမှော်ထဲသို့ သွားကြသည်။
ထိုဒေသရှိ တောင်သူလယ်သမားများအပေါ် စစ်အုပ်စု၏
ဗိုလ်ကျဖိနှိပ်ဂုတ်သွေးစုပ်မှုမျ
ားက ရှစ်လုံးလေးအရေးတော်ပုံကြီးတွင် တက်ကြွစွာပါဝင်လာစေရန်
မီးပွားကြီးတခုဖြစ်စေခဲ့သည်။ ဤသို့ဖြင့်
ထိုသမိုင်းဝင်အရေးတော်ပုံကြီးတွင် မိုးညှင်းလူထုတရပ်လုံးမှ
လေထဲမိုးထဲရေထဲ၌ ဒီမိုကရေစီကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြသည်၊
မြန်တပြည်လုံးလူထုတရပ်လုံး၏ တောင်းဆိုမှုများနှင့် တထပ်တည်း
တသားတည်းကျခဲ့သည်၊ ၁၉၈၈ စက်တင်ဘာလတွင် စစ်အုပ်စုက အာဏာသိမ်းလိုက်သည်၊
အာဏာသိမ်းပြီး မိုးညှင်းကျောင်းသားကျောင်းသူ များကဇွဲမလျှော့သေး၊
မကြောက်တမ်း ဆက်လုပ်ကြပြန်သည်။ ထိုသို့ဆက်လုပ်သည့် ကျောင်းသား
ကျောင်းသူများ အယောက်နှစ်ဆယ်ခန့်အား န.၀.တက ဖမ်းချုပ်ပြီး
မိုးညှင်းရဲစခန်းသို့ ဂုတ်ဆွဲ၊ ရိုက်နှက်၍ ပို့လိုက်ကြသည်၊
ထိုကျောင်းသားများအား ဖမ်းဆီးထားမှုသည် မိုးညှင်းမြို့လူထု တရပ်လုံးအား
စိတ်နှလုံးပူပန်သောက ရောက်စေခဲ့သော အဖြစ်ဆိုးကြီးပင် မဟုတ်ပါလား။
ကေအိုင်အို၏ စစ်ဆင်ရေးဗျူဟာ
မိုးညှင်းမြို့၏ ပထ၀ီတည်ရှိမှုကို အခြေခံ၍ ကေအိုင်အိုက
ဗျူဟာဆွဲသည်၊ အဓိကကျသည့် အရေးကြီးစဉ်းစားရမည့် အချက်တွင်
ကျောင်းသားပြည်သူ ပူးပေါင်းဆောင်ရွက်ရေးဖြစ်သည်၊ ရန်သူက အရှေ့၊
အနောက်၊ တောင်၊ မြောက်ဘက် အဘက်ဘက်မှ ၀င်ရောက်လာနိုင်သည်၊
ထိုနေရာများကို အဖွဲ့များစွာ ဖွဲ့၍ ပိတ်ရမည်၊ ဆို့ရမည်၊ ကာရမည်၊
တိုက်ရမည်၊ စီမံချက်သည် လုံးဝအသေးစိတ်ကျမှ ဖြစ်မည်၊ ထို့အတွက်
ကျောင်းသားပြည်သူများ၏ အင်အားများစွာ၏ စိတ်ရောကိုယ်ပါ
ပူးပေါင်းဆောင်ရွက်မှု လိုလာသည်၊ စစ်အောင်နိုင်ရကြောင်း
အခြေခံအချက်များစွာထဲတွင် လူထုတရပ်လုံး၏ ပူးပေါင်းပါဝင်ဆောင်
ရွက်ချက်များကပို၍ အရေးကြီးသည်၊ မြောက်ဘက်ရှိ စစ်ဌာနချုပ်များရှိရာ
မြစ်ကြီးနားဘက်မှ ရန်သူကိုလည်း ဂရုစိုက်ရမည်၊ တောင်ဘက်က ခ.လ.ရ(၁၅)က
ကိုလည်း အပြတ်တွယ်ကာ ဖိထားမှရမည်၊ မိုညှင်းမြို့ကို
ပတ်ခွေစီးဆင်းနေသည့် နမ့်ရင်းချောင်းအနောက်ဘက် တဖက်ကမ်းမှ
ဝင်လာနိုင်သည့် ရန်သူများကိုလည်း အလေးထားရမည်၊
ဘူတာနှင့်ကပ်လျှက်ရှိသော ရှေတန်းရုံးက ကောင်တွေကိုလည်း အသေးစိတ်ကြည့်
မျက်ခြေမပြတ် နေမှရမည်၊ မြို့တွင်း ရန်သူ၏အုပ်ချုပ်ရေး ယန္တရားမှန်သမျှ
အကုန်လုံးအစုံ လုံးဂရုစိုက်ရတော့မည်၊ ဤနေရာ၌ တိုက်ပွဲ၏
မြောက်ပိုင်းကျောင်းသားများ အခန်းကဏ္ဏက ပို၍ အရေးကြီးလာသည်။
ဖမ်းဆီးခံ ကျောင်းသားများကို ကယ်ထုတ်ရန်ကြိုတင်
ကြိုးပမ်းအားထုတ်မှုများ
ကျောင်းသားများအားကယ်ထုတ်ရန် ကိုထွန်းလွင်၊ ကိုသံချောင်း၊
ကိုကျော်ကျော်နှင့် ကိုအောင်ကြီး၊ ကိုမင်းဌေး (ရမ်ဘို-၄ ဇါတ်ကားမှ
ဗီလိန်) တို့က ပထမစောလျင်စွာ ကေအိုင်အိုဗဟိုနှင့် လိုင်စင်ဒေသ၌
တွေ့ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ကိုထွန်းလွင်က မိုးညှင်းသို့ကြို၍
ဆင်းသွားသည်၊ ကေအိုင်အိုအရာရှိတဦးနှင့် ကျနော်က မြို့တွင်းသို့
ရန်သူ့အခြေအနေကို လေ့လာသည်၊ တပ်ရင်း၁၅ အခြေအနေကို
ဘက်ပေါင်းစုံလေ့လာသည်၊ မိုးညှင်းဘူတာအနီးရှိ ရန်သူအင်အားကို
တွက်သည်ဆသည်။ ထိုစဉ်က ရှေ့တန်းရုံးအနားသို့ ညနေပိုင်း ကျနော်တို့
ရောက်သွားသည်။ တန်းစီချိန်ဖြစ်သဖြင့် လူစေ့တက်စေ့ကို မြင်လိုက်ရပြီ။
ရန်သူအ၀င် အထွက်လမ်းကြောင်းများကို လေ့လာသည်၊ ကျနော်(ထွန်းလွင်)သည်
မိုးညှင်းပြည်သူ့စစ်များနှင့် စီမံကိန်းအသေးစိတ်ကို
ဒူးတိုက်ဆွေးနွေးသည်၊ အချိန်ကာလ တလအတွင်း ကျိုးပမ်းအားထုတ်သဖြင့်
ရန်သူ၏ဘက်ပေါင်းစုံ အခြေအနေများကို ခြုံငုံလေ့လာမိတော့သည်၊ ဗိုလ်ပီတာ၊
ဗိုလ်ဦးဝင်း၊ ဗိုလ်ဇော်ဦးတို့ လိုင်စင်ကျောင်းသားဗဟိုမှ
ဆင်းလာကြဦးမည်။
တာဝန်ခွဲဝေခြင်း
ခလရ (၁၅)ကို တွယ်မည်၊ ဗျူဟာတော့ဆွဲပြီးသွားပြီơ |