ငိုနေရစ်တော့ မဲနယ်တောင်

ကျနော်တို့
လမ်းလျှောက်သည်မှာ တနေကုန်၊ ညနေစောင်းလျှက်ရှိနေပြီ၊ လိုရာအရပ်ကို
မရောက်သေးဘူးသေးဘူး ထင်၍ စစ်ကြောင်းမှူး ဗိုလ်မှူးကိုင်ဖကို မရဲတရဲ မေးမိသည်၊
သိပ်မဝေးတော့ပါဘူး ရှေ့က လွင်ပြင်ကို ဖြတ်ပြီးရင်ရောက်ပြီဟု ဆိုသည်၊
သူ့စကားကြားရသဖြင့် နားရမည်ဆိုသော အသိဝင်လာကာ စိတ်က အားတက်သွားသည်၊
တနေကုန်တနေကန်း လမ်းလျှောက်ရသဖြင့် အားများက ကုန်ခမ်းနွမ်းရိလျှက်။
လွင်ပြင်ကြီးကို
ကြည့်လိုက်မိသည်၊ . . . . ဟိုက် …လို့ တခွန်းသာ ပြောနိုင်သည်
ကြီးမားကျယ်ပြန့်သော လွင်ပြင်၊ မြေနီလွင်ပြင်ကြီး၊ ဘော်လုံးကွင်း
အကွင်း(၂၀)ခန့်မျှလောက်ရှိနိုင်မလားပဲ၊ ထိုလွင်ပြင်ကြီးကို ထွန်ယက်
လိုက်ရယင်ဖြင့် လူဦးရေတသောင်းခန့် လူထုအတွက် ၀မ်းစာရေး ဖူလုံနိုင်မည်ဟု
စိတ်ထဲက ဂယောက် ဂယက် တွေးမိလိုက်သေးသည်။
ပြီးမှ
ဆက်တွေးမိသည်က ကျောထဲ နဲနဲစိမ့် သွားပြန်သည်၊ မြေနီလွင်ပြင်ကြီး၌ ကျည်ကွယ်
မျက်ကွယ် ၀ပ်ခိုစရာ နေရာမရှိ၊ ဇီးဖြူပင်ပျိုလေးများသာ ပေါက်နေသည်၊
ထိုဇီးပင်ဖြူပျိုလေးများက ရှမ်းပြည်တခွင်၌ နေရာအနှံ့အပြား ပေါက်လေ့ရှိသည်၊
ကျောထဲစိမ့်မိသည့် အကြောင်းက ရန်သူက မြေပြန့်လွင်ပြင်များ၌
လေ့ကျင့်ထားသောသူများ၊ ကျနော်တို့ ပျောက်ကျားစစ်သည်တော်များက တောတောင်ကို
အခြေခံ၍ ကျင့်သားရထားသူများ၊ ဒီလိုတော့ ရှိသည်။
ခြေလှမ်းကို
ခပ်သွက်သွက်လှမ်းကြရသည်၊ ဒီနေရာမှ အမြန်ဆုံး ကျော်ဖြတ်ထွက်ခွာ နိုင်မှသာ
တော်ကာကြမည်၊ ကျနော်၏ ရှေ့၌ရှိနေသော စစ်ကြောင်းမှူးက လမ်းလျှောက်ရင်း
ကိုသားချစ် ဒီနေရာမှာ ခဏခဏရင်ဆိုင် တိုက်ပွဲဖြစ်လေ့ရှိတယ်၊ ဟုတ်သည် …
ဖြစ်မည် ပြန့်၍ ကျယ်သဖြင့် သတ်ကွင်းပမာ ဖြစ်နေကာ ရန်သူက မည်သည့်နေရာမှ
ထွက်လာမည် ဆိုသည်ကို မည်သူကမျှ ခန့်မှန်းတွက်ချက်လို့ မရနိုင်
ထို့ကြောင့်ခြေလှမ်းကို ပို၍ပို၍ မြန်နိုင်အောင် ကြိုးစားရပေတော့သည်၊ သေနတ်၊
ကျောပိုးအိတ်၊ ဆန်ကြိုး(ဆန်ထည့်ထားသော အိပ်ရှည်) က ကျနော်၏ ပုခုံးပေါ်၌
ရင်ခုန်စွာနှင့် လိုက်ပါလျှက် ထိုညက ကျနော်တို့ ထိုနေရာမှ အန္တရာယ်ကင်းစွာ
ဖြတ်ကျော် ထွက်ခွာလာနိုင်ခဲ့သည်။
ဒကါမဲ့အလှူ
ထွက်လာကာစက
စောင်၊ခြင်ထောင်များ၊ အ၀တ်အစားများကို လောဘတကြီးဖြင့် မနိုင်မနင်း
သယ်လာခဲ့သည်၊ ထားခဲ့ရမည်ကို နှမျှောမိသဖြင့် သယ်လာခြင်းသာ၊ တောင်ကုန်း
တကုန်းကို ကျော်ခဲ့သည်၊ နောက် ခပ်မို့မို့ တောင်တကုန်းကို ပြန်တက်ရတော့မည်၊
လူက မခံနိုင်တော့ ပါလာသည့် စောင်များကို နီးစပ်ရာ တောင်ယာတဲများတွေ့လျှင်
ဝိတ်လျှော့တဲ့ အနေဖြင့် လက်ခံသူမရှိတဲ့ ဒကါမဲ့အလှူ လုပ်ရလေတော့သည်၊
လမ်းလျှောက်သည့် အကျင့်မရှိသဖြင့် သက်လုံမကောင်း အမောဖေါက်လာသည်၊ ဤသို့ဖြင့်
၈-နာရီကျော်ခရီးကို မနက်မိုးလင်းမှ မိုးချုပ်သည်အထိ လျှောက်ကြရလေ တော့သည်၊
ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ(၄)နယ်မြေသို့ ည (၈)နာရီခန့်မှ
ရောက်လာကြသည်၊ အချိန်ကား ၁၉၈၉-ဇန်န၀ါရီလပိုင်း အတွင်း …. ထိုစဉ်က
နိုင်ငံရေးအရှိန်မြင့် နေသည့်အချိန် နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြသည်၊
ဤသို့ဖြင့် ရှေ့ဆက်ခရီးဆက်ရန် အားမွေးကြရပြန်သည်၊ စခန်း၌ခေတ္တနေစဉ်
ဘော်လီဘောပုတ် ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ငါးဖမ်းခြင်းဖြင့် ရက်များကို
တိုက်စား ကုန်လွန်စေခဲ့သည်။
ထိုဒေသတွင်
ထူးခြားသည်မှာ ညနေထမင်းစားပြီးလျှင် အားကစားကစားကြခြင်းပင်၊ အူထဲ၌
အစာအမာရှိနေစဉ် အားကစားလုပ်လို့ မရဟုသိထားသော ကျနော်က တပ်မဟာမှူးကို စောဒကတက်၍
မေးမြန်းတော့ ရန်သူဆိုတာ အချိန်မရွေးရောက်လာနိုင်တယ် ဗိုက်တင်းနေတယ်ဆိုပြီး
နေလို့မရဘူး၊ ထမင်းမစားခင် ရော စားပြီးတဲ့အချိန်မှာရော
အချိန်မရွေးရောက်လာနိုင်လို့ ပြင်ဆင်လေ့ကျင်ထားကြ ရတာပါ။ ဒီလိုဆိုတော့လည်း သူ၏
ဖြေရှင်းချက်ကို ကျနော်သဘောကျ လက်ခံသွားသည်။။ ပျောက်ကျားစစ်သား၏
ဘေး၌ရန်စွယ်များက ၀ိုင်းရံလျှက် လေဒါဏ်၊ မိုးဒါဏ်၊ ရာသီဥတုဒါဏ်၊ ရောဂါဘယ ဒါဏ်၊
အစားအသောက်ဒါဏ်၊ အသက်ကိုဖက်နှင့်ထုပ်ထားရသည့်ဒါဏ် …….စ သဖြင့် စသဖြင့် သို့ပါ၍
ထမင်းစားပြီးသည်နှင့် ရှေ့ခရီးအတွက် ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် ပြင်ဆင်မှုများ
လုပ်ကြရ လေတော့သည်၊ ပြင်ဆင်ထားလျှင် လုပ်ငန်းတ၀က် အောင်မြင်ပြီးစီးနိုင်သည်
မဟုတ်ပါလား။

(၁) ကျောင်းသားတပ်မတော်
ကွန်မန်ဒို အထူးသင်တန်းတွင် ဥက္ကဋ္ဌ ထွန်းအောင်ကျော် နှင့် အတူ
လမ်းလျှောက်ခါစ
ဘ၀များ
ကျနော်သည်
စစ်ကြောင်းထွက်ခါစက ထိုတပ်မဟာ(၄)ဌာနချုပ်သို့ ရောက်နိုင်ရန် သေလုအောင်
အသက်လုလျှောက်ခဲ့ရသည်၊ ခရီးဝေးဆို၍ ငယ်စဉ်က ကျောင်းပြေးပြီး ဧရာဝတီမြစ်ကြောင်း
အတိုင်း သဲသောင်ပြင်တွေပေါ် (၂)နာရီ ခန့်မျှသာ လျှောက်ဖူးသောသူ်၊ ထို(၂)နာရီ
လေးကိုပင်လျှင် ကိုယ့်ကိုကိုယ် သွေးနထင်ရောက်မိသည်၊ ယခုကဲ့သို့ ရက်နဲ့ချီသော
ခရီးဆိုလျှင်ဖြင့် ထိုချိန်က လက်ခမောင်းထခတ်မိ မည်လားမသိ၊ စစ်ကြောင်းထွက်ကာ
လမ်းလျှောက်တိုင်း သွေးမုန်တိုင်းထန်သော ၁၉၈၈က ကိုယ်တော်များ၏ ပုံရိပ်များက
မျက်စိကမထွက်၊ ကျည်ဆံထိမှန်ထားသဖြင့် ခန္ဓာကိုယ်အနှံ့သွေးစိမ်းရှင်ရှင်နှင့်
မန္တလေးမှ ကိုယ်တော် သုံးပါး၏ ရုပ်ကလပ်များ၊ ထိုရုပ်ကလပ်ကို ထမ်းထားသော
ကျောင်းသားများ ကျောင်းအင်္ကျီအဖြူများပေါ် ပေကျံနေသော သွေးကွက်များ မမေ့ … မမေ့
…ဘယ်တော့မှ မမေ့ ….. ဘယ်လိုမှ မမေ့ မရ၊ ရတနာသုံးပါးဖြင့်
ကြီးပြင်းလူဖြစ်ခဲ့ရသော ကျနော်၊ မိဘ၊ ဆရာ၊ ဘိုးဘွားများ၏ အဆုံးအမသြ၀ါဒအောက်၌
ရှင်သန်ခဲ့ရသောကျနော်၊ ဘယ်လို စိတ်ဓါတ်မျိုးတွေဖြင့် ရတနာသုံးပါး၌
တပါးအပါအ၀င်ဖြင့်သော ရဟန်းသံဃာတော် အရှင်မြတ်များကို ရက်ရက်စက်စက်
သတ်ဖြတ်ခဲ့မှုကို မြင်ခဲ့ရသော ကျနော် စစ်အာဏာရှင်စနစ်၏
ဆိုးဝါးရိုင်းစိုင်းမှုများကိုသာ အစဉ်စွဲထင်လျှက် ခွင့်လွှတ်ခံစားမှုမျိုး
မပေးနိုင်၊ ထိုစဉ်ကတည်းမှစ၍ ယခုအချိန်အထိ မတရားဗိုလ်ကျအနိုင်ကျင့်မှုများ
ကြံ့ကြံ့ခံ တွန်းလှန်ဖယ်ရှားမည့် ဘယ်ခရီးမဆို လျှောက်မည်ဟူသော
စိတ်ဓါတ်များဖြင့် တော်လှန်သူများ အဖြစ်သို့ခိုင်ကျည်စွာ
လျှောက်လှမ်းနိုင်ခဲ့သည်။
တောခိုသည့် …..
ထိုတရက်
ထိုညက အချိန်က
၁၉၈၈ ကာလများ … ကျနော်တို့ ပုန်းအောင်းနေသော နောက်ဘက်အိမ်၌ တညလုံး
စစ်ခွေးများ ဘီလူးဆိုင်းတီးကာ ကသွားသည်၊ ကျနော်တို့ လက်ချင်းယှက်၍
ညတွင်းချင်းတညလုံးပြီးအောင် အိပ်ရေးပျက်ခံ၍ ဆောက်ခဲ့သော မြစ်ကြီးနားမြို့
ဒီမိုကရေစီကျောက်တိုင်ကြီးကို ဘူဒိုဇာဖြင့် လုံးဝရစရာမရှိအောင်
ချေဖျက်သွားလေပြီ၊ သူတို့ ကျနော်တို့ကို သားသတ်ရန် အမဲလိုက်တော့မည်၊ ကျနော်က
တောခိုရန် အစစအရာအရာ တိုင်ပင်ထားပြီးသား၊ ဆုံးဖြတ်ပြီးသား သို့ဖြင့်
ထိုခရီးကို ရထားနှင့်သွားရန်စီစဉ်ကြသည်၊ ချီတုံချတုံဖြစ်နေရခြင်း
အကြောင်းရှိသည်မှာ အရေးထဲ ပေါင်ခြံ ကြားနှစ်ဘက်၌ အနာစိမ်းဖုများ
(၁၀)လုံးခန့်မျှ ပေါက်နေခြင်းပင်ဖြစ်သည်၊ ပုန်းအောင်း နေရသဖြင့်
အစားအသောက်အနေအထိုင် ချို့်ယွင်းလာကာ ခန္ဓာကိုယ်က ဖေါက်ပြန် လာသည်ဟုထင်သည်၊
ရထားက ဥသြဆွဲနေလေပြီ၊ ကျနော့်စိတ်က ချီတုံချတုံဖြစ်နေဆဲ၊ သွားရင်ကောင်းမလား၊
ဆက်နေရင်ကောင်းမလား ဝေခွဲ၍မရ၊ ဆက်နေနေယင် ငါခံရမှာ လို့တော့ တွေးနေမိတယ်၊
ရထားထွက်တော့မည်၊ ဆုံးဖြတ်ချက်ကို ဒုံးဒုံးချလိုက်သည်၊ လက်နက်ကိုင်
တော်လှန်ရေးမှတပါး အခြားမရှိ၊ ရထားပေါ်မှ ဆင်းတော့ ကျနော့ လမ်းလျှောက်ပုံမှာ
ဝက်ဝံကြီးခြေကားယား လက်ကားယား လမ်းလျှောက်သကဲ့သို့ ရှိနေလေစွ၊ ထိုကဲ့သို့
လျှောက်ရင်း အချိန်ကြာလာသည်နှင့် ပွတ်တိုက်မှုများကြောင့်သော်၎င်း၊ သွေးလည်ပါတ်
မှုမှန်လာသောကြောင့်၎င်း ကျနော်၏ အနာစိမ်းအဖုတ၀က်ခန့် ပြည်ပေါက်သွားလေပြီ၊
လမ်းလျှောက်အကျင့်မရှိသော ကျနော့ ခြေသလုံးသည်စခန်း ရောက်သည်နှင့် သိပ်မကြာမှီ
သာမန်ထက် ငါးဆခန်မျှယောင်ကိုင်းလာလေတော့သည်၊ ထိုနေရာသို့ နဲနဲလေးမျှပင်
ထိ၍ မရတော့၊ ထိမိလျှင် မျက်ရည်ပေါက်ပေါက် ကျရလောက်အောင် နာကျင်ခံစားရသည်၊
ငါတော့ ဆက်၍ဆက်၍ လျှောက်နိုင်ပါတော့မလား၊ ခရီးကလဲ အဝေးကြီးကျန်နေသေး၊ တွေးရင်း
တွေးရင်းဝမ်းနဲမိလာသည်။
လမ်းလျှောက်ကျင့်ပြီ
တွေးရင်းတွေးရင်း
ထိုအဖြစ်ကို နိဂုံးချုပ်ကြည့်သည်၊ စိတ်ဓါတ်သာအရေးကြီးသည်၊ ငါ
လျှောက်ကိုလျှောက်နိုင်ရမည် ဤသို့ဖြင့် ယောင်ကိုင်း၍ ဖေါင်းကားနေသော
စိမ်ခေါ်နေသည့် ထိုခြေသလုံးကြီးကို ဆားဖြင့်ကျပ်ထုပ်ထိုးကာ နေ့တိုင်းနာနာတိုက်
ပေးရတော့သည်၊ ဆားရေဖြင့် မကြာခဏဆေးကြောပေးသည်၊ ရေနွေးနွေးပူပူဖြင့် မကြာမကြာ
လောင်းပေးလိုက်သည့်အခါ ယောင်ကိုင်းမှုများ အလျဉ်းမရှိ ကျကုန်လေတော့သည်၊
ဒီအတိုင်းနေလို့တော့ မဖြစ် ဒီလိုနှင့် ကျနော်သည် အသွားအပြန်
နှစ်နာရီခန့်ဝေးသော ရှမ်းပြည်တပ်မတော် ရှိရာသို့ လမ်းလျှောက်ကျင့်ရင်း
မကြာမကြာသွားလည်ဖြစ်ခဲ့သည်၊ ထိုစဉ်က တာဝန်ခံမှာ ခွန်ဆာစခန်း၌ ကျဆုံးခဲ့ရသူ
ဗိုလ်မှူးကြီးစိုင်းလိတ် ဖြစ်သည်၊ ဗိုလ်မှူးကြီးသည် တိုက်ခိုက်ရေးတွင်
နာမည်ကြီးသကဲ့သို့ လူထုစည်းရုံးရေးတွင်လည်း လူထုနှင့်တသားတည်းရှိသူ၊
လူထုအထက်မှာ နေလေ့မရှိသူ၊ စကားပြောရာတွင်လည်း လေပြေအေးအေးလေးနှင့် သူအမြဲတမ်း
ပြောနေကြ စကားလေးနှစ်ခုက နားထဲမှာ ကြားယောင်ဆဲ အမှတ်ရဆဲ…. “ရန်သူကို
မျက်ချေမပြတ်နဲ့ တော်လှန်ရေးကို ဆုံးခန်းတိုင်အောင်လုပ်” “လူထုဘ၀ကိုမမေ့နဲ့
အမြင်ကျယ်ကျယ်ထား” တဲ့လေ။
ခယောင်းလမ်း
ဖြတ်သန်းခြင်း
ထိုမြောက်ပိုင်းဒေသ၌ တလခန့် ပြင်ဆင်ပြီးနောက် ခရီးရှည်ထွက်ရန် တာစူကြရလေပြီ၊
စထွက်ပြီ … ထွက်သည်နှင့် တရက်မျှပင်မကြာ သေနတ်ပေါက်ပြီး တိုက်ပွဲ
တပွဲနွဲလိုက်ရသည်၊ စစ်မြေပြင်ကို စတွေ့ဖူးပြီပေါ့၊ မြန်မာပြည်ရဲ့
တောတောင်လျှိုမြောင်၊ မြေပြန့်လွင်ပြင်များသည် စစ်တလင်းများသာ အတိပြီး၏၊
ကျနော်တို့က စစ်ကိုမုန်း၍ စစ်ကိုတိုက်ရသည်၊ အာဏာရှင် နအဖက စစ်ကိုချစ်၍
စစ်ကိုမွေးမြူသုတ်သင်ရင်း ယူနီဖေါင်းမချွတ်ရန် အာဏာယဇ္ဇ်ပလ္လင်ပေါ်က
မဆင်းရန်ကြံဆောင် နေဆဲ။
ထိုရက်က
စစ်ကြောင်းမှူးက နောက်စစ်ကြောင်း အသစ်တကြောင်းသို့ လွှဲပေးလိုက်သည်၊ အင်အားက
၂၀ခန့်မျှသာ၊ တိုက်ပွဲဖြစ်တုန်းက အားရစရာပင် အင်အားက (၅၀၀)လောက်ရှိမည်၊
အခုအင်အား၂၀ခန့်ဆိုတော့ အားငယ်မိသည်၊ တာဝန်ယူမည့် ရှမ်းပျောက်ကျား
ခေါင်းဆောင်ကိုကြည့်မိသည်၊ အသက်က (၂၈)နှစ်ခန့် ထိုစဉ်က ကျနော့်ထက်
၈နှစ်ခန့်ကြီးနိုင်သည်၊ သူကတော့ မိမိကိုယ်ကို ယုံကြည်မှုရှိပုံရသည်၊
သူ့ကိုကြည့် ရင်းအားတက်မိသည်၊ လူအင်အားနည်းသဖြင့် ခရီးတွင်ရမည့်အစား
ခရီးကမတွင်လှ၊ ကျနော်တို့ သတင်းပေါက်သွားခဲ့သည်၊ ရန်သူသည်
ကျနော်တို့စစ်ကြောင်းကိုသာ သဲကြီးမဲကြီးထိုးလိုက်သည်၊ ပိတ်သည်၊ ဆို့သည်၊
ဖြတ်သည်၊ တောက်သည်။
ကျနော်တို့က
တိမ်းသည်၊ ရှောင်သည်၊ ပုန်းသည်၊ ကိုယ်ယောင်ဖျောက်သည်၊ ရက်ကြာ လာတော့
ရှမ်းပျောက်ကျားများ စိတ်မရှည်ကြတော့၊ တခါလာလဲ “မန်မားယောက်”(ဗမာလာပြီ)
တခါလာလဲ “မန်မားယောက်”၊ ဒီတခါတော့ မပြေးတော့ဘူးခံချတော့မယ်ဟု အားလုံးက
တောင်းဆိုလာသည်၊ စစ်ကြောင်းမှူးက ဧည့်သည်တွေပါလို့ ပါဟု နှစ်သိမ့်သည်၊ ထိုအခါမှ
စိတ်လျှော့ကြသည်၊ သူတို့က တိုက်ချင်နေသည်၊ ကျနော်တို့ကလည်း လက်ယားနေသည်၊
မြေအနေအထားက ကျနော်တို့ဘက်မှာရှိသည်၊ ကျနော်တို့၏ ရှမ်းပျောက်ကျားများက
တောကျွမ်းသည်၊ သို့သော် စစ်ကြောင်းမှူးက လုံးဝကို တိုက်ခွင့်မပေး၊ ဤသို့နှင့်
ကျနော်တို့သည် သီပေါဂွင်ကြီးထဲ၌ ပိတ်မိနေတော့သည်။
ညှင်းရက်သည့်
မောဝ်ရှမ်းပြည်
ရာသီဥတုက
နေ့တွင်ပူပြင်းပြီး ညတွင် အရိုးခိုက်အောင် ချမ်းလှသည်၊ အချိန်က
ဇန်န၀ါရီလကုန်ခန့်အချိန် …. ထိုအချိန်သည် အအေးလွန်သောအချိန်၊ တနေကုန်
လမ်းလျှောက်ရသဖြင့် စစ်အကျီများတွင် ဆားပွင့်များက အကြောင်းလိုက် အကြောင်း
လိုက်ကပ်နေသည်၊ ရေချိုးသည့်အချိန်ပင်မရ၊ ထိုဂွင်ထဲ၌ လှည့်ပါတ်ပြီးရှောင်တိမ်း
နေကြရသည်၊ မြောက်ပိုင်းရှမ်းပြည်၌ အအေးက အစွမ်းပြလှသည်၊ ပါလာသည်က
စောင်ပါးလေးတထည် ထိုစောင်ပါးသည် မည်သို့မျှအအေးဓါတ်ကို မခုခံအံမတုနိုင်
ပါလာသည့်မိုးကားစကို အပေါ်က ထပ်၍ပြန်ခြုံသည် အနွေးဓါတ်မရသေး မီးဖိုချင်သည် မရ
မီးရောင်ကိုမြင်လျှင်ရန်သူကို အလှူပေးနေပါသည်ဟု ပြောရာရောက်သွားမည် မီးကို
မဖိုရဲ၊ သေနတ်ကို ပေါင်ကြားထဲထိုးထည့်ရင်း ကြက်အိပ်ကြက်နိုးရုံမျှသာ
အိပ်နိုင်ကြ သည်၊ အိပ်မပျော်သည့် ညပေါင်းများစွာကို ကျော်ဖြတ်ရသည်၊
စိတ်တွေကတော့ တောင်ရောက်မြောက်ရောက်….. “အိပ်မရတဲ့ … ညများစွာလည်း …
ရထားဥသြသံလေးများ … ကြားရင် … အိမ်ပြန်ချင်တဲ့ စိတ်ကလေး … တားမရဘူး”
ထူးအိမ်သင်သီချင်းက စိတ်အစဉ်အတွေးထဲမှာ ငြီးခဲ့မိသည်၊ ခိုင်ထူး၏
ဆောင်းသီချင်း တွေ “ ဆောင်း … ချစ်မိတဲ့ဆောင်း … ဝေးခဲ့တဲ့ဆောင်း …
စိတ်ကူးအကြင်နာဆောင်းရဲ့အဆုံး” ….။ စိုင်မော့ဝ်ရဲ့ “အိုမေရယ် … ဘာကြောင့်များ
ညင်းရက်နိုင်တာလဲကွယ် … ဒီမောင်မှာ … ညတိုင်းပဲ အိပ်မရနိုင်ပါတော့တယ်”
သီချင်းစာသားများက သေနတ်ကိုဖက်ရင်း အသံတိုးညှင်းစွာ ထွက်ပေါ်လာသည်၊ သို့သော်
အိမ်ကိုတော့ လုံးဝမပြန်နိုင်တော့၊ တော်လှန်ရေးသည် “ငါတို့ကျောင်း၊
ငါတို့တက္ကသိုလ်၊ ငါတို့၏ အမိအိမ်” ဒီဆောင်းသည် ငါတို့ လူထုအတွက်
တိုက်ပွဲရဲ့အစ၊ မေ .. ကညှင်းတာမဟုတ် စစ်ခွေးဝဲစားတွေက ဒို့ကိုညှင်းနေတာလို့
အသံကုန်ဟစ်၍ အော်ပြောချင်သည်။
အိပ်မပျော်တချက်၊
ပျော်တချက်များဖြင့် ရှမ်းပြည်မြောက်ပိုင်း၏ အအေး ရက်များကို ကျော်ဖြတ် ရသည်၊
မနက်(၄)နာရီခန့် အဆင်သင့်နိုးလျှက်ရှိနေပြီ၊ အအေးဓါတ်က ၀ိရိယပိုကောင်း
စေသလိုပင်၊ ပုံမှန်လုပ်နေကြ ဟန်ကောထဲ ဆန်ထည့်၍ မီမွေးပြီးထမင်းချက်ရန်
ပြင်ဆင်ကြသည်၊ ငပိတတို့၊ ထမင်းတလုပ် မိနစ် (၃၀)အတွင်းအပြီးစား
စစ်ကြောင်းထွက်ရန် အဆင်သင့်ပြင်ရသည်၊ ပြင်ဆင်စရာ များများစားစားမရှိ၊
ကိုယ်ပိုင်ပိုင်ဆိုင်မှုများကို ကျောပိုးအိတ်ထဲ ထည့်ရုံသာ၊
ကိုယ်ပိုင်ဆိုင်မှုဆို၍ အင်္ကျီတထည်၊ ပုဆိုးတထည်၊ စောင်တထည်၊ စာအုပ်တအုပ်၊
သေနတ်တလက်၊ ရေဘူးတလုံး၊ ဟန်ကောချိုင့်၊ ရေခွက်၊ ထိုအရာများသည် တောတွင်း၌
မည်သည့် အရာနှင့်မျှမလဲနိုင်သော အရာများသာ၊ ပိုင်ဆိုင်မှုများလျှင်မကောင်း
ထိမ်းသိမ်းရခက်ခဲသည်၊ ပစ္စည်းများလျှင် စွဲလမ်းမှုများသည်၊ ထိုစဉ်ကတည်းက
ယနေ့အချိန် အထိပိုင်ဆိုင်မှုဆို၍ ကျနော်၏ အသုံးအဆောင်များက
အိပ်ဆောင်ကျောပိုးအိတ် တလုံးခန့်သာ၊ ဆရာကြီးဗန်းမော်တင်အောင်၏ စကားလေးကလည်း
ကျနော့်ရင်ထဲတွင်ညှိတွယ်နေဆဲ …. “ကျနော့်မှာ ပိုင်ဆိုင်မှု အတ္တဆိုလို့
မခင်ဦးနဲ့ သားသမီးတွေပဲ ရှိပါတယ်ဗျာ”ဟု ရင်ဖွင့်သံကိုမှတ်သားခဲ့ရဖူးသည်၊
အိမ်တွင်နေဖင်ထိုးအောင်အိပ်လေ့ရှိသော ကျနော့်ကို အမေက ကာလနဂါး
ဟုခေါ်သည်၊ ဒီနဂါးကြီးက နှစ်ထောင်ပေါင်းများစွာ အိပ်လေ့ရှိသည်ဟု အမေက
ကျနော့်ကို ညွှန်ပြပြောရင်း ထိုနဂါးကြီးနှင့်နှိုင်းသည်၊ မြန်မာပြည်
လွတ်မြောက်မှုတော်လှန်ရေးအတွက် ကျနော် အကျင့်ဆိုးများသည်
တောတွင်းသင်ခန်းစာများကြောင့် လုံးဝပျောက်ကွယ်သွားချေပြီ။
ဗိုလ်မှူးကိုင်ဖက
ရှေ့ခရီးဆက်ရန်အတွက် နောက်စစ်ကြောင်းတကြောင်းကို လွဲပေးသည်၊ ကျနော်တို့
သွားရမည့်ဒေသကား ပအို့ဝ်ဒေသ ထိုစစ်ကြောင်းမှူး ရှမ်းပျောက်ကျား ခေါင်းဆောင်က
ကျနော်တို့အား ခြေဆုံးခေါင်းဆုံး ကြည့်နေသည်ကို သတိထားမိလိုက်သည် ဖြူဖြူလျလျ၊
သေးသေးသွယ်သွယ်၊ ပိန်ပိန်ရှည်ရှည်၊ပုပုကွကွ နှင့် လူဗလံလေးတွေဟု ထင်နေပုံရသည်
ဤွှခရီးကြမ်းကြီးကို ဒီလူတွေ လိုက်နိုင်မည့်ပုံမပေါ်ဟု သံသယရှိနေပုံရသည်၊
စထွက်လိုက်ပြီ ဆိုတာနှင့် တာက လွတ်လိုက်သည့် တာတိုသမားတဦး ကဲ့သို့ပင်
ရန်ကုန်က ကျောင်းသားတဦးက ဘောက်ဆတ်ဘောက်ဆတ်နှင့် လျှောက်နေသည်၊
မန္တလေးကျောင်းသားကတော့ ဖင်ကလှုပ်ပြီး မိုးကြိုးဌက်ငယ်လေးများ ကပွဲသဘင်က
သကဲ့သို့ အခြောက်ကဲ့သို့ လှမ်းလျှောက်သကဲ့သို့ ကျနော်က ကွတတလမ်းလျှောက်သည်၊
နောက်တ ယောက်ကတော့ ဆတ်တောက် ဆတ်တောက်နှင့်လျှောက်နေသည်၊ ရှမ်းပျောက်ကြား
ခေါင်းဆောင်ကတော့ ကျနော်တို့အုပ်စုကို ကြည့်၍ ခေါင်းခါလည်ခါ။
ရာသီဥတုက
ပို၍ပို၍ ပူပြင်းလာနေသည်၊ ဥသြတွန်သံလေးများကို တချက်ချက်ကြားနေရပြီး
ရော်ရွက်ဝါများ ၀ါတာတာ ၀ဲကာဝိုက်ကာ ကြွေကျနေပြီ မကြာမှီရွက်နုများ
ထွက်တော့မည်၊ ကျနော်တို့လမ်းလျှောက်နေသည်ကား အမြန်လမ်းလျှောက်ပြိုင်ပွဲဝင်
သကဲ့သို့ ဖြစ်နေသည်၊ မပြေးရုံတမယ်မျှသာ၊ ကျနော်တို့ စစ်ကြောင်းမှူးကတော့
ထိပ်မှနေ၍ ဦးဆောင်နေသည်၊ ကျနော်တို့ကို စမ်းသပ်နေသည့် သဘောလား၊ မကြာမကြာ
ပြတ်ကျန်လေ့ ရှိသောကျနော်တို့ကိုတော့ စောင့်ခေါ်လေ့ရှိသည်၊ သူမြန်နေခြင်းက
ရှေ့ပွိုင့်ပြေးနေခြင်း ဖြစ်ကြောင်းသိလိုက်ရသည်၊ ကျနော်တို့၏ လုံခြုံရေးအတွက်
သူနှင့်တပ်စိပ်တစိတ်က ရှေ့မှနေ၍ ပွိုင့်ပြေးနေခြင်းပင်၊ ကျနော်တို့က
သူတို့နှင့် ပြတ်သွား၍ မဖြစ်၊ သူတို့နည်းတူ အသား ကုန်ကျိတ်ရသည်၊ နေက
မွန်းတည့်ပြီ မနက်ကတည်းကစ၍ လျှောက်ခဲ့ရသဖြင့် လမ်း လျှောက်ချိန်
(၆)နာရီကျော်နေပေပြီ၊ ယခုထက်ထိမနားသေး၊ အားက ကုန်လုနေပြီ၊ စိတ်အလိုလို
တိုလာသည်၊ မနားသေးဘူး ထင်ရဲ့ ရေကဆာပြီ၊ ထိုနေရာသည် ရေအင်မတန် ရှားပါးသောဒေသ၊
ပအို့ဝ်ဂွင် နှင့် ရှမ်းဂွင်စပ်ကြားဒေသ၊ ရှမ်းဒေသက ပြန့်ပြူးသောဒေသ ဖြစ်သဖြစ်
တောင်ပေါ်ကဲ့သို့ ရေကိုနေရာ အနှံ့ရှာဖွေတွေ့ရှိဖို့ မလွယ်၊
ရှေ့ကစစ်ကြောင်းမှူးကို ကြည့်ရင်း ရေကို အာစွတ်ရုံမျှသာ သောက်လိုက်ရသည်။
အချိန်ကားနေ့လည်
နှစ်နာရီ၊ ရှေ့က ၁၀ဧကခန့်ကျယ်သော လွင်ပြင်တခုကို ဖြတ်ရတော့မည်၊ လွင်ပြင်၏ ဘေး၌
တောင်တလုံးကပ်ရပ် တည်ရှိနေသည်၊ ကျနော်တို့ စစ်ကြောင်းသည် ထိုတောင်အောက်ခြေ၊
တောင်နှင့်ကပ်ရပ် လမ်းကျောလေး ချီတက် နေကြသည်၊ ထိုလွင်ပြင်၏
ကိုင်းပင်အပုလေးများ ပေါက်နေကြသည်၊ အ၀ါရောင် ကိုင်းပင်လေးများဖြင့်
လွင်ပြင်ကြီးတခုလုံးကို ချယ်သထားသည်၊ တောရိုင်း ခရမ်းရောင် ပန်းပွင့်လေးများက
လွင်ပြင်ကို အလှဆင်နေသည်၊ လေနုအေးလေး တချက်ချက် လာ ရောက်ကြည်ဆယ်သဖြင့် လူက
လန်းဆန်းသွားသည်၊ ခရီးရှည်လမ်းလျှောက်ရာတွင် ဖေါ်မပြနိုင်သော အရသာသည်ကား
လေနုအေးအေးလေးကို ထိတွေ့လိုက်ရခြင်းပင်၊ ထိုအရသာသည် မည်သည့်အရာသာနှင့်မျှမတူ၊
သဘာဝပါတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည်၊ ဘယ်ပုခုံးပေါ်ရောက်နေသော
သေနတ်ကို ညာဘက်ပုခုံးသို့ရွှေ့ လိုက်သည်၊ လမ်း၊ လျှောက်လိုက်ရသည့်လမ်း၊
လမ်းရှည်၊ လမ်းသွယ်၊ လမ်းမြောင်၊ လမ်းမတောလမ်း၊ တောင်လမ်း၊ ပြန့်လမ်း၊
လှိုမြောင်လမ်း၊ ကားလမ်း၊ ရွာလမ်း၊ လယ်ကန်သင်းလမ်း၊ လူက ပျော့အိနုံးချိခွေ
နေလျှက်ရှိနေသည်၊ ခြေထောက်များကိုပင် မသယ်ချင်တော့၊ လမ်းလျှောက်လျှင်
အသက်ရှည်သည်ဟုဆိုသည်၊ ကျနော်တို့ပျောက်ကျားများသည် သူများထက်ပိုပြီး
အသက်ရှည်မှာတော့ သေချာနေပြီ၊ မနက်က စားလာသော ထမင်းတနပ်သည် လည်း ဘယ်နံကြားကို
ရောက်သွားသည်မသိ၊ မောပန်းနွမ်းနယ်သည့်ဒါဏ်ပေါ်၌ ဆာလောင်မွတ်သိပ်သည့် ဒါဏ်က
ဂုတ်ပေါ်ခွစီးလျှက်။
အန္တရာယ်ရနှံ့
ရှေ့တခေါ်ခန့်ရောက်နေသော
စစ်ကြောင်းမှူး၏လှုပ်ရှားမှုကို ရိပ်ကနဲမြင်တွေ့လိုက် ရသည်၊ သူ၏လည်ပင်းမှ
လည်စီးအနီကို ချွတ်၍ ဝှေ့ယမ်းပြနေသည်၊ ရှေ့ရောက်နေသော ကျနော်နောက်မှ
ကျောင်းသားတစုအား သူအနေအထားကိုကြည့်ရန် ပြောလိုက်သည်၊ ဟေ့
ဘာအဓိပ္ပါယ်လည်းမသိဘူး၊ ထူးတော့ ထူးခြားနေတယ်၊ အန္တရာယ် အနံရတာပဲဖြစ်မှာ၊
ဘယ်ဖက်တောင်ကုန်း ဘက်ကို ညွှန်ပြနေတယ်၊ မကြာမှီ သူနှင့် တပ်စိပ်တစိတ်သည်
ဘယ်ဘက်တောင် ကုန်းပေါ်သို့ ဖြေးညင်းစွာပြေးပုန်း တက်နေသည်ကို
မြင်တွေ့လိုက်ရသည်၊ တောင်မြင်လိုက်သဖြင့်လူကပို၍ နုံးချိသွားသည်၊
မြေပြန့်ကိုမလျှောက်ရဘဲ တောင်တက်ရတော့ မည်ဖြစ်သဖြင့် စိတ်ထဲ၌
အလွန်ငြီးညူးသွားသည်၊ ရေဗူးကို လှုပ်ကြည့်သည်၊ ဖင်ကပ် သာသာကျန်တော့သည်၊
တောင်ကုန်းကို ကျနော်တို့စစ်ကြောင်းမှူးစတက်သည်နှင့် ကျနော်တို့က
လည်းသူတို့နှင့် ရင်ဘောင်တန်းကုန်း၍ ကုန်း၍ တက်ကြရသည်၊ နောက်ကိုလှည့်မကြည့်မိ
၁၅မိနစ်ခန့် တက်အပြီး တောင်ခါးပန်းပေါ်၌ ဗိုက်ကိုနှိပ်၍ သမင်လည်ပြန်
ကြည့်မိလိုက်တော့ “ဟိုက်” “ရှားဘား” ……… ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား
မြင်လိုက်ရသည့် မြင်ကွင်း၊ တောင်ထိပ်ရောက်ခါနီး အပေါ်စီးမှမိုး၍ ကြည့်ရသဖြင့်
ထိုမြင်ကွင်းကို အ၀ါရောင်သန်းနေသော လွင်ပြင်ကြီး၌ စိမ်းပုပ်ပုပ်အရောင်များ၊
န.အ.ဖ ကြေးစားတွေ ဖက်ဆက်မျိုးဖျက်တပ်များ၊ ကမ္ဘာ့အမိုက်ရိုင်းဆုံးလူသားများ၊
လူ့အန္ဓ၊လူ့ငနွားများ၊ ခွေးဝဲစားများ၊ အပေါ်စီးမှနေ၍ ကြည့်လိုက်ရသဖြင့်
စစ်ခွေးဝဲစား များ၏လှုပ်ရှားမှုများကို အသေးစိတ်မြင်နေရသည်၊ တန်းစီ၍
ကျနော်တို့ရှိရာ တောင်ခြေ ဘက်သို့ တဟုန်ထိုးပြေးလာနေသည်၊ အင်အား(၆၀)ခန့်ဟု
တွက်ချက်မိသည်၊ တောင်ခြေနှင့် မော်တော်ကားလမ်း လက်တကမ်းအရောက်တွင် ရန်သူသည်
ဘယ်ညာ ရင်ဘောင်တန်းဖြန့်လိုက်ပြီး ပြေးတက် တက်၍ လာနေသည်ကို
ကျနောတို့မြင်န်ေရသည်၊ စိမ်းပုပ်ပုပ် မဲညစ်ညစ်များ လူညစ်များ၊ လူရိုင်း၊
လူဆိုးများ၊ လက်နက်အားကိုး မိုက်ရမ်းဆိုး သွမ်းသူနေများသာ။

(၂) ကျောင်းသားတပ်မတော်
မဟာမိတ်များနှင့် စစ်ထွက်စဉ်
သေနတ်ပေါက်ပြီ
တပ်မှ
ချုပ်ပေးလိုက်သော ဦးထုပ်၏သိုင်းကြိုးပါသည်၊ ကျနော်သည် ထိုသိုင်းကြိုးကို
ဖြတ်၍လည်ပင်း၌ စွပ်လိုက်သည်၊ အမ်၁၆သေနတ်ကို မထမ်းတော့ လက်၌ မြဲမြန်စွာ
ကိုင်လိုက်သည်၊ အင်အားခြင်းမမျှ ဒါပေမဲ့ နည်းပရိရာယ်နှင့် စိတ်ဓါတ်၊
တောင်ပေါ်သို့ မနှေးမမြန် ခြေလှမ်းဖြင့် အရောက် တက်ကြသည်၊ တက်ရင်းလှည့်ကြည့်
လှည့်ကြည့်ရင်းတက်၊ မကြာမှီ ….. တုံ၊.. တုံ၊.. တုံ ဆိုသည့် မော်တာကျည်ထွက်သည့်
အသံကိုကြားလိုက်ရသည်၊ ထိုအသံနှင့် တပြိုင်နက် အုန်း၊ ဂျိမ်း၊ ၀ုန်းအသံများ
ဆူညံပွက်လောရိုက် သွားတော့သည်၊ လက်နက်ကြီးကျည်များ ကျနော်တို့ဘေးသို့ မကြာခဏ
တဂျိမ်းဂျိမ်းကျနေသည်၊ စပန်နာစများ အပေါ်သို့ ထောင်၍ ထောင်၍ တက်နေသည်ကို
မြင်နေရသည်၊ မီးခိုးလုံးများ၊ မီးခိုးမှိုင်းများက နေရာအနှံ့ ကျနော်တို့
ပြေးလမ်းကို ရန်သူက မော်တာဖြင့် အဆက်မပြတ်ထုနေသည်၊ မော်တာ ကျည်မှထွက်လာသော
သံတိုသံစများက ခေါင်းပေါ်၌ ပလူပျံအောင် ၀ဲနေသည်၊ တ၀ုန်းဝုန်းဖြင့်
လက်နက်ကြီးသံများက ပါတ်ဝန်းကျင်တခုလုံးကို ဆူညံနေသည်၊ ၀ပ်ချိန်နေရာ
ယူချိန်နတ္တိ ယူမည့်နေရာလည်းမရှိ၊ တောင်ထိပ်သည် ပြန့်လွင်ပြင်ကြီး၊
ဂျာမနီပင်များက စိပ်စိပ်ပေါက်နေကြသည်၊ အဲဒီဂျာမဏီပင်ခေါ် ခွေးသေးပန်းပင်များက
မြက်ပင်သာသာ ဘယ်လိုမှဝပ်လို့မရ လက်နက်ကြီးကျည်ဆံများ ပို၍ပို၍ စိပ်လာနေသည်၊
လူသံ၊ အော်သံ၊ ပြေးလွှားသံများ၊ ဆဲသံဆိုသံများ မိုးမွန်းအောင်ကြားရသည် ကျနော်က
ပြေရင်းကျနော်တို့၏ လုံခြုံရေးမှူး တပ်ကြပ်ကြီး(ဆမ်ဒူ)ကို ကြည့်လိုက်သည်၊
သူသည်တောင်ထိပ်မှဆင်း၍ ရန်သူရှိရာဘက်သို့ သူ၏ အမ် ၁၆သေနတ်ဖြင့် မတ်တတ်ရပ်၍
ပစ်နေသည်ကို မြင်တွေ့လိုက် ရသည်။
ကျနော့်ဘက်သို့လည်း လှည့်ကြည့်ရင်း အမြန်ဆုံးဆုတ်ခွာရန် လက်ဟန်ခြေဟန် ပြနေသည်၊
ယခင်တိုက်ပွဲတုံးကလည်း မတ်တပ်၍ ပစ်သည်၊ ယခု လည်းမတ်တတ် ရပ်၍ရန်သူကို ဟန့်ပစ်
ပစ်နေသည်၊ ကျနော်တို့တပ်ကြပ်ကြီးသည် ပလောင်လူမျိုး၊
အရပ်ရှည်ရှည်ပိန်ပိန်ပါးပါး စကားအရမ်းနည်းသည်၊ ဗမာစကားကို လေးလုံးကွဲအောင်
မပြောတတ်ရှာ၊ သို့သော် တိုက်ခိုက်ရေးတွင်မူ သတ္တိ၊ဗျတ္တိအပြည့်အ၀ ကျနော်၏
ပထမဦးဆုံးတိုက်ခိုက်ရေး ဆရာသည် … သူ၊ ကျနော်က သူ့ကို ပုဂ္ဂိုလ်စွဲနှင့်
စိုးရိမ်မိသည်၊ သူဟန့်ပစ် ပစ်သဖြင့် ကျနော်တို့ ဆုတ်ခွာချိန်ရလိုက်သည်၊
မိနစ်သုံးဆယ်ခန့် ခံစစ်တိုက်ပွဲ တပွဲမျှသာ၊ တနာရီခန့် ဆုတ်ခွာ လိုက်သဖြင့်
ရန်သူနှင့် ဘေးƙ