ရင်ဘတ်ထဲက  ရဲဘော်ကြီး

  သံလွင်မြစ်ကမ်းဘေးတနေရာ။ …… လူနှစ်ယောက် သံလွင်မြစ်ကို စူးစိုက်ကြည့်နေကြသည်၊ သံလွင်မြစ်ကြီးက တသွင်သွင်စီးဆင်း နေသည်၊ တချက်ချက် ဝေါကနဲ၊ ဝေါကနဲ မြည်သံကြားနေရသည်၊ လရောင်နှင့် ရေအလျင် ဆုံမိသွား သဖြင့် ရေပြင်ပေါ်၌ တဖြတ်ဖြတ် နှင့် ငွေကြယ်ပွင့်ကလေးများ ကွန့်မြူးနေသည်ကို ထိုသူနှစ်ဦးက ကြည့်နေမိသည်၊ မြစ်ပြင်ပေါ်မှ ဖြတ်တိုက်လာသော လေနုအေးလေး က အနာဂတ်အတွက် ကြံဆနေသော ထိုသူနှစ်ဦးကို ပွေ့ဖက်နေသည်နှယ်၊ မြစ်ကမ်းနဘေးတွင်မူ ရေအားကြောင့် ယိမ်းထိုးလှုပ်ခါ နေသော မိုးမခပင်များ၊ မိုးမခပင်ကို နှစ်ဦးသား သက်သေပြုနေကြသည်၊ "မိုးမခပင်တွေ ဒို့ သက်သေတည် စိမ်းလဲ့သော အင်းလျားကန်သာမြေ"။

 တချက်တချက်ဝေါကနဲ၊ ဟဲကနဲ မြည်ဟည်းသံကြားထဲမှ သူပြောလာမည့်စကားများကို ငံ့လင့်နေမိသည်၊ "သူငယ်ချင်း ငါတို့ အခြေခံဒေသ တခုရှိဖို့လိုမယ် ငါတော့ ဒီလုပ်ငန်းအတွက်ကို ဇောက်ချလုပ်တော့မယ်။ အဲဒီတော့ ဒို့ကလူထု ရှိရာကို သွားကြရမယ်"။ ထိုအတွေးခေါ်တရပ်ကို သူ့ထံမှကြားရသဖြင့် အံ့သြသွားမိသည် လူထု၊ အခြေခံဒေသ၊ ထိုးဖေါက်ရေး၊ တည်ဆောက်ရေးကိစ္စရပ်များ။ နားထဲ၌ ထူးဆန်းသလို ဖြစ်မိသွားသည်၊ သဲသောင်ပြင်ပေါ်၌ နှစ်ယောက်သား ထိုင်နေရာမှ ထလိုက်ပြီး မြစ်ပြင်ထဲသို့ ခဲနှင့်စိတ်ရှိလက်ရှိ အားကုန် လွှဲပေါက်ရင်း "ဒီကိစ္စ ငါ့ကိုနဲနဲပြန် ရှင်းပြစမ်းပါအုံး" တဟဲဟဲမြည်နေသော သံလွင်မြစ်ရေစီးသံကြား၌ အသံကိုမြှင့်ရင်း ကျနော်သူ့ကို ပြန်မေးမိသည်၊ သူက ရှင်းပြသည်၊"လူထုနဲ့ အတူတကွရှိပြီး လူထုနဲ့အတူ လက်တွေ့တိုက်ပွဲဝင်ရေးအပေါ်မှာ အခြေခံစဉ်းစားချက် ဖြစ်တယ်။ ဆွေးနွေးစရာတွေ အများကြီးရှိလာပါလိမ့်မယ်" ကောင်းကင်သို့မော့ကြည့်မိသည် ကြယ်စင်များက တလက်လက်တောက်ပနေလျက်၊ ထိုစဉ် ကြယ်တလုံး ကြွေကျသွားသည်ကို ကျနော့် စိတ်အစဉ်မှာ ဘာရယ်မဟုတ် နှမျှောတမ်းတစွာ ဖြစ်လိုက်မိသလို။

 ကျနော်တို့ မာနယ်ပလောဌာနချုပ်သို့ ရောက်ခဲ့သည်၊ ခရီးရှည်ချီတက်ပွဲ ထိုခြောက်လအတွင်းက ကျနော်တို့ကို သင်္ခဏ်းစာအများကြီး ပေးသွားခဲ့သည်၊ အကြီးမားဆုံး သင်ခန်းစာ ထိုတခုက တိုင်းရင်းသားနယ်မြေအတွင်းရှိ တိုင်းရင်းသားများအပေါ် စစ်အစိုးရ ရက်ရက်စက်စက် ဖိနှိပ်မှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသော အတွေ့အကြုံများပင်ဖြစ်ခဲ့သည်၊ ထိုအတွေ့အကြုံများက စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှသာလျှင် မုန်တိုင်းထန်နေသော မြန်မာနိုင်ငံအတွက် အောက်ကျနောက်ကျ ဖြစ်နေသော ဘ၀များအတွက် ခိုင်မာသည့် တိုင်းပြည်ဖြစ်ပေါ်ရေးဆိုင်ရာ အတွေးခေါ်များကို ညွှန်ကြားပြသပေးခဲ့သည်။

ကမ္ဘာကျော် မာနယ်ပလော စစ်ပူစဉ်က ကျောင်းသားတပ်မတော်

မာနယ်ပုလောဌာနချုပ်သို့ရောက်ပြီ သားက အမေနှင့် အဖေကို ရှာနေတာမျိုးတွေလည်း တွေ့ကြရသည် ဆက် လက် ပြီး တွေ့ရသည်က အလံတချောင်း၊ လူတယောက်၊ လောလောဆယ်တော့ မဲဆောက်မှာ ခင်ဗျ။ အဲဒီမှာ အား လုံးရှိကြတယ် ခင်ဗျ။ ထိုသို့ ဆိုရာ မဲဆောက်သို့ အပြေး အလွှား ခရီးရှည်ချီတက်ရပြန်ပြီ တွေ့ရသည်မှာကား အထက် အောက် စုန်ချီတက်ချီရှိနေသော ကျနော်တို့ရဲဘော်များ။ စစ်ပူသည့်ကာလ။ ရန်သူက ကျနော်တို့ရှိသည် ထင်သမျှ နေရာ မဲမဲမြင်လျှင် ထိုးစစ်ဆင်နေစဉ်ကာလ မဲဆောက်ဌာနချူပ်။ ကျောင်းသားတပ်မတော်ရုံစိုက်ရာ တိုက်ထပ်ကြီးဆီသို့ ရောက် သွားခဲ့ကြသည်၊ အထုပ်ကလေးများ ကိုယ်စီကိုယ် စီနှင့် ယောင်ချာချာဖြစ်နေသော တောင်ပေါ်သားများ၊ ကျနော်တို့ကို ဖိတ်ကြားခဲ့သော စည်းရုံးရေမှူးကို ရှာဖွေ ကြည့်နေဆဲ၊ ပါလာသည့် အထုပ်ကလေးကို အိမ်သာဘေးနား ခင်းထားသော မျက်ဖျာပေါ်၌ ခဏချထားလိုက်သည်၊ ဗိုက်ကလည်း ဆာလှပေါ့၊ လူတွေက ပျား ပန်းခပ်မျှ၊ ၀င်လိုက်ထွက်လိုက် ထိုပျားများကား အဆိပ်ရှိသော ပျားများဟု ယခင်က ကျနော် သတိမထား မိခဲ့ချေ၊ စစ်သားဆိုသည်မှာ ခြေထောက်နှင့် မချီတက်၊ ဗိုက်နှင့် ချီတက်သည်ဟူသော စကားအရ စားဖိုဆောင်သို့သာ တန်းတန်း မတ်မတ် ခြေဦးတည်မိသွား လေတော့သည်။

 "တန်းစီပါကြမောင်ရင်တို့၊ မလောကြပါနဲ့၊ ဒီမိုကရေစီရကြမှာပါ" ဟု ရွှတ်နောက်နောက်နှင့် အသားအရည် ညိုရင့်ရင့် ရုပ်အသွင်သဏ္ဍာန်ကို မြင်လိုက်မိသည်၊ တိုက်အောက်ထပ်၌စားဖိုမှူး၏ စကားသံ လဲ့လဲ့လွင့်ပျံ့လာသည်၊ ကျနော်တို့က ဗိုက်ဆာလှပြီ၊ ဆွဲယူလာသော ပန်းကန်တချပ်နှင့် ခံလိုက်သည်၊ ရလာသည်ကား ဘဲဥပြုတ်တလုံး၊ ဟင်းဝေနေသော သူ၏ မျက်နှာကို ဖြတ်ကနဲကြည့်မိလိုက်သည်၊ ဗြုတ်ထနေသောမျက်နှာ၊ တနေရာမှာ မြင်ဖူးသလိုလို၊ ပြီးမှ တိုက်ပွဲဝင်ရဲဘော် တယောက်၏ အသံကိုကြားလိုက်ရသည်၊ "ကိုမွန်းအောင် ဟင်း အရည်လေးများ ထပ်ထည့်ပေးလို့ ရနိုင်မလား ဗျာ"၊ ထိုစဉ်မှ အစပြု၍ ကျနော်တို့ တောင်ပေါ်သားများ ပြန်ဆုံမိကြသည်၊ ကိုမွန်းအောင်၊ ကျနော်၊ သူ၊ သူဆိုသည်မှာ ဆန်းလင်း၊ ကိုမွန်းအောင်ဆိုသည်မှာလည်း ၁၉၈၈ ကာလများတွင် မြန်မာနိုင်ငံတွင် လျှမ်းလျှမ်းတောက် နံမည်ကျော် စတီရီယို အဆိုတော် မြစ်ကြီးနားသား၊ ၈ မျဉ်းစောင်း ၈၂ အင်းလျားဖြင့် လူသိများလာပြီး "လွမ်းရတဲ့ ညတွေလွန်ပါစေ"ဆိုသည့် စီးရီး အလွန်နံမည်ကြီးနေချိန် စွန့်လွှတ်ခြင်းတွေဖြင့် တိုင်းပြည်မျက်နှာသာငဲ့၍ လွတ်မြောက်နယ်မြေမှ ယခုထက်တိုင် ပြည်သူ့အတွက် လွတ်မြောက်ရေးတေးသီနေသည့် ကချင်တေးဆို ဌက်ကြီး။

  ထိုစဉ်ကာလက စခန်းများအတွက် ထောက်ပံ့ရေးကိုင်နေသူ ဆန်လင်း၊  ရောက်ခါစ တပ်ရင်းနာမည်များ မတွင်ကျယ်ကြသေး စခန်းဟုသာပို၍ လူသိများသည်၊ စောထစခန်း၊ သေ့ဘောဘိုးစခန်း၊ ၀မ်းခါစခန်း၊ ရေကျော်စခန်း၊ မင်းသမီးစခန်း၊ သံလွင်စခန်း၊ မိုးတောင်စခန်း စသဖြင့် စသဖြင့်ပေါ့ စခန်းကော်မတီများ ဖွဲ့စည်းပြီး ကျောင်းသားတပ်မတော်ကို ထိုစခန်းကော်မတီများမှ စီမံခန့်ခွဲနေသည်၊ စခန်းများ၏ ထောက်ပံ့ရေးကိစ္စမှန်သမျှ စီမံခန့်ခွဲရေးတာဝန်သည် သူ့ တာဝန်၊ သူ ကိုဆန်းလင်းက အမေက ကချင်၊ အဖေကအိန္ဒိယလူမျိုး၊ ကျနော်က ကချင်ပြည်နယ်မှ ဒေသခံတယောက်ဖြစ်သည့် အားလျော်စွာ မိတ်မဆက်ဘဲ ရင်းနှီးသွားရသူများထဲတွင် သူတယောက်အပါအ၀င်၊ အပြုံးချိုချိုနှင့် စတတ်နောက် တတ်ပျော်ရွှင်တတ်ခြင်းများကြောင့် လူချစ်လူခင်ပေါ များလှသည်၊ ကျနော်၏ အရင်းအနှီးဆုံးများထဲတွင် သူတယောက်က ထိပ်ဆုံးက အမြင်တူ အတွေးတူများ ဖြစ်ကြသဖြင့် ငယ်ပေါင်းကြီးဖေါ်ကဲ့သို့ ပြောမနာဆိုမနာ များ သူပြောနေသော စကားလေးတခုက ယခုထက်ထိ ရင်ထဲမှာ စွဲတသသ ကျန်နေဆဲ မှတ်မိနေဆဲ။

 နိုင်ငံရေးသမားများအား ပြောတတ်သည်မှာ "ဒို့က တော်လှန်မြေအခြေစိုက်၊ သူတို့က ဘန်ကောက်အခြေစိုက်" တဲ့လေ။

 ထိုစဉ်ကာလ နုနယ်စဉ်ကာလ၊ တော်လှန်ရေး၏ လေးဘက်တွား နေရသောကာလ၊ အတွေးသစ်၊ အမြင်သစ်၊ အတွေ့အကြုံသစ်များကို စုစည်း၊သိမ်းကြုံးယူငင်နေဆဲ၊ လေ့လာစရာများက တပုံတပင်၊ တော်လှန်ရေး အဘိဓမ္မာ၊ တော်လှန်စာပေ၊ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ စာပေများကို ရသမျှ အငမ်းမရ ဖတ်ရှုလေ့လာ မှတ်သားနေရသော အချိန်။ အရာရာအားလုံးသည် အသစ်အဆန်းများသည်သာ၊ နိုင်ငံရေးအခံဖြင့် ဘာကိုမျှ ကောင်းကောင်း မမြင်နိုင်ကြသေးသဖြင့် လေးဘက်တွားသော ကာလဟု ခေါ်ဆိုမိသည်၊ နုစဉ်ကာလ၌ ခိုင်မာသည့်။ ရင့်ကျက်သည့် လူထုအတွေးအခေါ်တခုကို ရလိုက်သည့်အတွက် သူ့ကို အံ့သြသွားရခြင်းဖြစ်သည်၊ အံ့သြခြင်းနှင့်အတူ အယူအဆ ရင့်ကျက်ခိုင်မာမှုအပေါ် ထိုစဉ်ကတည်းက ကျနော်သူ့အပေါ် အထင်ကြီးလေးစားခဲ့သည်။

 ပကာသန မမက် ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလိုဝတ်တတ်သော ကျနော်၏ ရဲဘော်သူငယ်ချင်းသည် အယူအဆရေးရာ အတွေး အခေါ်ကြိုးဝိုင်း၌သူ၏ ဆွေးနွေးမှုများက ချွန်ချွန်စူးစူး၊ ရဲရဲမြမြ၊ ဆွေးနွေးလိုက်တိုင်း လည်ဆံမွေးတထောင်ထောင်၊ မာန်တဖီဖီဆွေး နွေးမှုမျိုး၊ အနေအထိုင် ကပိုကယိုရှိသော်လည်း သူ၏ ဦးနှောက်ထဲ၌ ရှိနေသော အတွေးအခေါ်နှင့် ခံယူချက်သည်ကား ကျစ်လစ်သိပ် သည်းခိုင်မာသည်၊ လူက သေးသွယ်သော်လည်း လက်တွေ့နှင့် သဘောတရားပေါင်းစပ်ရာ၌ ကြီးမာသူ၊ ခက်ခဲကြမ်းတမ်းသည့် စစ် မြေပြင်နေရာကိုသာ တမ်းတသူ၊ မွေ့ပျော်သူ၊ လက်နက်ကိုင် တော်လှန်ရေးနှင့် လူထုတိုက်ပွဲကိုသာ တစိုက်မတ်မတ် ယုံကြည်ခဲ့သူ၊ ကျောင်းသားတပ်မတော် ညီလာခံတိုင်း၌ တိုက်ပွဲသဏ္ဍာန်ဆွေးနွေးတိုင်း ကျနော်နှင့်သူ အတွဲညီလှသည်၊ မကဒတ သမိုင်းကလည်း တိုက်ပွဲသဏ္ဏာန်သမိုင်း၊ တချို့ကနိုင်ငံရေးတိုက်ပွဲ၊ တချို့က လက်နက်ကိုင်တော်လှန်ရေး၊ ဒီမိုကရေစီလေ …… ဟုတ်စ။

 ၁၉၉၂ ယာယီမုန်တိုင်းထန်သော ကာလအတွင်း တည်ငြိမ်စွာပင် စစ်ကြောင်းများဖွဲ့ကြသည်၊ ထိုသည်မှာ အခြေခံဒေသ ထိုးဖေါက် ရေးစစ်ကြောင်းများ၊ ရှေ့တန်းနယ်မြေများ၌ ခြေကုတ်ယူ၍ မိမိတို့ အခြေခံဒေသများကို ခက်ခက်ခဲခဲ ထိုးဖေါက်ရသော အချိန်ကာလ ဖြစ်သည်၊ ထိုအတွေ့အကြုံများကို ပြန်လည်နိဂုံးချုပ်သုံးသပ်ယင်း ရှေ့တဆင့်တိုးကာ  ထိုမှတဆင့် အခြေခံဒေသ ထိုးဖေါက်ရေးဆိုင်ရာ အတွေးအခေါ်များ၊ လူထုစည်းရုံးရေး လမ်းညွန်နှင့် ဘာသာရပ်များ၊ လုပ်ငန်းစဉ်များ ပေါက်ဖွားလာခဲ့ရပေသည်၊ လူထုအခြေခံဒေသ ဖေါ်ထုတ်ရေးလုပ်ငန်းကို လူထုစည်းရုံးရေး လမ်းညွှန်နှင့် ပေါင်းစပ်နိုင်ခဲ့ကြပေသည်။

 ထိုသို့ပေါင်းစပ်ရာ၌ တပ်ဦး၏ ခေါင်းဆောင်မှု ဆိုင်ရာအတွေးအခေါ်များကို ဦးဆောင်ချမှတ် ပေးခဲ့သူများ အနက် သူတဦးသည်လည်း ရှေ့မှ ပါဝင်ဦးဆောင်ခဲ့သည် ဆိုသည့်အချက်ကိုမူ မည်သူမျှ မငြင်းနိုင်၊ လွန်ခဲ့သော အချိန်ကာလ သံလွင်မြစ်ကမ်းနဘေး သူပြောခဲ့ သော စကားများက လက်တွေ့တော်လှန်ရေးနှင့် ဟပ်စပ်နိုင်ခဲ့သဖြင့် သူကိုပို၍ လေးစားခဲ့သည်၊ သူသည် ကျနော်အတွက်တော့ ဟော့ဒီ ရင်ဘတ်ထဲက ရဲဘော်ကြီး၊ ကျနော်ကို အလင်းတံခါး ဖွင့်ပေးနိုင်ခဲ့သူ။ အတွေးအခေါ်အရ ဦးဆောင်နိုင်သူ။

                 "ဒို့ လူထုရှိရာကို သွားရမယ်"

 ဒေါင်းဂွင်ရှိစဉ် သူ၏ စောထစခန်းလေးသို့ ကျနော်မကြာမကြာ ရောက်ဖြစ်ခဲ့သည်၊ စောထစခန်းလေးက သံလွင်မြစ်ကမ်းနဘေး တနေရာ၌ တည်ရှိသည်၊ ကုန်းမြင့်လေးပေါ်တွင် တည်ရှိသောထိုစောထစခန်းသို့ ရောက်သွားတိုင်းသူသည် သူ၏ရဲဘော်များနှင့် အတူတူ စလား, နောက်လားနှင့် ရင်းနှီးဖေါ်ရွေစွာ ရှိနေတတ်သည်၊ သူသည်နိုင်ငံရေးအတွေးအခေါ် သဘောတရားများကို တသားတည်းဖြတ်သန်း၍ ညီအကိုမောင်နှစ်မများသဖွယ်၊ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်ဖြင့် သင်ကြားသွန်သင် ပေးနိုင်ခဲ့သည်၊ စားရင်းလည်း သင်သည်၊ နေရင်းလည်း သင်သည်၊ သွားရင်းလည်း သင်နေသူ၊ သူ၏ ရဲဘော်များကလည်း သူနှင့် အလွန်အဟပ် အစပ်မိသည်၊ ရဲဘော်များနှင့်လည်း ကျနော်က တသားတည်း။။ ရဲဘော်များ၏ ဆိုးသမျှ ပေသမျှဒါဏ်ကို အလွန်သည်းခံ နိုင်ရှာသူ၊ မိမိ၏ ရင်ဝယ်သားကဲ့သို့ သဘောထားသဖြင့် ရဲဘော်များကလည်း သူ့ကို အလွန်လေးစား ချစ်ခင် ယုံကြည်ခဲ့သည်မှာ ကျနော့်ဘ၀ တသက်တာ မေ့မရနိုင့်ခဲ့ပါ၊ ချစ်ကြောက်၊ ရိုသေသည်ထက် ချစ်ခင် လေးစား ရိုသေသည်က ရှေ့တန်းလို နေရာမျိုးမှာ စောထရဲဘော်များက အခြား မကဒတ တပ်ရင်းမှ ရဲဘော်များနည်းတူ ပိုသည်သာပိုမည် လိုသည် မရှိခဲ့ပါ၊ အခြေခံလူတန်းစားများမှ ပေါက်ပွားခဲ့သော သူ၏ ရဲဘော်များသည် ရှေ့တန်းလိုနေရာမျိုး၌ သူပေးခဲ့သော လူထုတာဝန်အတွက် အသက်ပေးဆပ် သွားခဲ့သူများက ဒုနဲ့ဒေး၊ စစ်မှန်သည့် တော်လှန်ရေးလုပ်ငန်းစဉ် တရပ်ဖြစ်သော လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲ ပေါင်းစပ်ရေးအတွက်  အနစ်နာခံကိုယ်ကျိုးစွန့် သွားသူများကလည်း တပုံတပင်။ ဒါဟာ တကယ်တော့ ၂၀ရာစု မြန်မာနိုင်ငံ ကျောင်းသားများ ခေတ်သစ် ရာဇ၀င်သာတည်း။

 သူသည် လေ့လာရေးကို အင်မတန်မှ ခုံမင်သူတဦးဖြစ်သည်၊ သူ၏ဘေး၌ စစ်ရေးခြောက်စောင် ဘုတ်အုပ်ကြီးသည် သူနဲ့မကွဲမကွာ အတူရှိလျှက်။ သူလေ့လာသကဲ့သို့ ရဲဘော်များကိုလည်း လေ့လာခိုင်းသည်။ တော်လှန်ရေးတွင် လေ့လာရေးသည် အသက်တမျှအရေးကြီးသည်၊ လေ့လာမှု မရှိလျှင် ခေါင်းထဲ၌ ဘာအချက်အလက်မျှ မရှိနိုင်။ ရန်သူက ဘယ်လိုပုံ ဘယ်လိုနည်းနှင့် လူထုကိုဖိနှိပ်နေသနည်း။ လူထု၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအခြေအနေများ မည်သို့မည်ပုံ ရှိနေသနည်း၊ စာတွေ့ လက်တွေ့ သိရှိနိုင်ရမည်၊ ကမ္ဘာ့တော်လှန်ရေးဖြစ်စဉ်များတွင် မည်ကဲ့သို့တော်လှန်၍ မည်သို့အနိုင်ယူ သွားခဲ့ကြသနည်း၊ တိုင်းပြည်အတွင်း ဘက်ပေါင်းစုံမည်သို့ မည်ပုံရှိနေသနည်း။ စသည်ဖြင့် စသည်ဖြင့် လေ့လာရေးစင်မြင့်ပေါ်သို့ မြင့်မြင့်တက်ခြင်းသည် တော်လှန်ရေးသမား၏ အရေးကြီးဆုံး တာဝန်တရပ်ဖြစ်သည်၊ ထိုအတွက် သူက သူ့ရဲဘော်များကို လေ့လာခိုင်းသည်၊ ဖတ်ခိုင်း မှတ်ခိုင်းသည်။ လေ့လာရေးလုပ်ရန် အမြဲတမ်း တွန်းအားပေးလေ့ရှိသည်၊ မရရသည့်နည်းနှင့် စာအုပ်များကို ဂျောင်ကြိုဂျောင်ကြားကနေ ရှာလာကာ ရဲဘော်များကို ပေးဖတ်သည်၊ ဒါ …. သူ့ရင်မှ  စေတနာ အသီးအပွင့်များသာ ….

 ဆိုးသည်ထက် နွဲ့သည်ဟု ဆိုရမည်ဖြစ်သော တော်လှန်ရေးဘ၀ မှတ်တမ်းလေးများမှာ ထူးခြားသည့် အတွေ့အကြုံလေးများက ကျနော့် အတွက်မမေ့နိုင်စရာ တခုတ်တရ ဖြစ်စေခဲ့သည်သာ များသာ။  

 မှတ်မှတ်ရရ ရဲဘော်လေးတဦး …  သူသည်သူ၏ ကျောင်းသားတပ်မှူးစကားကို မြေ၀ယ်မကျ လေးစားလိုက်နာသူ၊ သူသည် အနုပဋိ လောမကို သဲကြီးမဲကြီးဖတ်သည်။။ ဗုဒ္ဓအဘိဓမ္မာကို အထူးလေ့လာသည်၊ အဘိဓမ္မာလေးစောင်ကို မှတ်သည်၊ ဖတ်သည်၊ တရက်သူနှင့်ကျနော်တွေ့ဖြစ်ရာ ဆွေးနွေးဘက်တဦး ရောက်လာသဖြင့်သူကပျော်နေ သလိုပင်၊  သူသည် စာဖတ်နာသူတဦးကဲ့သို့ပင် ဆွေးနွေး လာနိုင်သည်ဟု ကျနော်က ပကတိထင်မြင်နေမိသည် ကျနော်ကစစ်ရေးခြောက်စောင်ကို ဆွေးနွေးတော့ မည်လား၊ အနုပဋိလောမ ရုပ်ဝါဒကိုပဲ လှန်တော့မည်လား၊ ဗုဒ္ဓသာသနာ၏ အဆီအနှစ်တွေကိုပဲ ရှင်းပြရတော့မည်လား၊ ငံ့လင့်နေမိသည်၊ သို့သော်သူ၏ ဆွေး နွေးချက်ကို ကျနော်အံ့အားသင့်သွားသည်၊ သူ၏ ဆွေးနွေးချက်က ဤကဲ့သို့မျှသာ "အကို ပထမအရွယ်မှာ ပညာရှာတဲ့၊ ဒုတိယ အရွယ်မှာ ဥစ္စာရှာဗျ၊ တတိယအရွယ် ရောက်ရင် တရားရှာရမယ်လေ၊ ကျနော့်အရွယ်က ဒုတိယအရွယ်ရောက်နေပြီဗျ"၊ ကျနော်က စကားဖြတ်၍ တော်လှန်ရေးသမားဘ၀နဲ့ တော်လှန်ရေးအလုပ်လုပ်ရင်း လူထုကို အလုပ်အကျွေးပြုခြင်းသည် မွန်မြတ်သည့်ဘ၀ကို အကျိုးရှိရှိ အသုံးပြုရာ ရောက်ခြင်းဖြစ်ကြောင်း သူ့ကို ပြန်လည်ရှင်းပြရာ တဆက်တည်းမှာပင် "လူထုကို ငါ့ညီ ဘယ်လိုအလုပ် အကျွေးပြုမလဲ" ဟု ဖြတ်မေးရာ "ဆိုက်ကားနင်းရင်း အလုပ် အကျွေးပြုတော့မယ်အကို"ဟုဆိုကာ ထိုရဲဘော်လေးသည် ထိုအတွေး အခေါ်ကို ဆုပ်ကိုင်ကာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ ကျနော့် ရဲဘော်ကြီးဆန်းလင်းသည် တဦးချင်းစီ ဖြစ်တည်နေ သော စံလွဲအတွေးအခေါ်များကို တည့်မတ် ဆွေးနွေးပေးနိုင်သည့် အချိန် သူ့မှာလုံလောက်စွာ မရရှိခဲ့ချေ၊ လေ့လာသည်ဆိုရာ၌ နိုင်ငံ ရေးအခံမရှိ နိုင်ငံရေးစံတခုမရှိလျှင် လေ့လာမှတ်သားသည့် ၀ါဒီ အစ်ဇင်များ၊ တွေးခေါ်မှု ဖလော်ဆော်ဖီများကို ချိန်ထိုး၍ ဝေဖန်ပိုင်း ခြားနိုင်စွမ်း မရှိနိုင်ချေ၊ နိုင်ငံရေး ရင်ကျက်မှုဆိုသည်မှာ တထိုင်တည်းဖတ်ရူမှတ်သားရုံမျှ မရနိုင်၊ အချိန်ကာလများဖြင့် တိုက်စားဖြတ် သန်းသော အတွေ့အကြုံများကသာ ရင့်ကျက်မှုကို စေစားနိုင်သည်၊ ကျနော်ရဲ့ ရဲဘော်ကြီး၏ စေတနာသည်ကား သူ့ ရဲဘော်များကို အတွေးအခေါ်ရ ခိုင်မာသည့် ရဲဘော်များအဖြစ် ထိုစဉ်ကတည်းကစ၍ အမျိုးမျိုးအဖုံဖုံ ကျိုးစားတည်ဆောက်ခဲ့သည်။

 နောက်တန်းတွင် ဖြစ်သလို နေတတ်ထိုင်တတ်ကြသော ရဲဘော်များ၊ နောက်တန်းအမိန့်များကို ကပိုကရို လုပ်တတ်သော ရဲဘော်များကို ကျနော်တွေ့ဖူးသည်၊ ကြုံရဖူးသည်၊ လူဆိုသည်ကား လ်ွလပ်စွာ နေထိုင်လိုတတ်သော သတ္တ၀ါ၊ ရည်မှန်းချက် ပန်းတိုင်ကြီးမားသောကြောင့် ထိုပန်းတိုင်အရ ပေါ်ပေါက်လာခဲ့ရသော စည်းမျဉ်းစည်းကမ်း များက သူတို့အတွက် ထောင်းတာလှသည်၊ "နောက်တန်းစခန်းထဲ၌ အရက်မသောက်ရ" အမိန့်ထုတ်သည်၊ နောက်တန်းစခန်းထဲတော့ သူတို့ လုံးဝမသောက် သူတို့သောက်သော နေရာသည်ကား စခန်း၏ ပြင်ပ စခန်းကို ကာရံ ၀န်းရံထားသော စည်းဝိုင်း ခြံစည်းရိုး အပြင်၌ ကျောခြင်းကပ်၍ အပြင်ဘက်ဘေးတွင် ၀ိုင်းဖွဲ့နေကြသည်ကို မြင်ရဖူးသည်၊ ဟုတ်သည်၊ မှန်သည်၊တပ်စည်းဝိုင်းအတွင်း၌ မမှီဝဲ တပ်အပြင်၌ သာမှီဝဲသုံးဆောင်သည်၊ ၀ိနည်းလွတ်ဖြစ်သည် သို့သော် သူတို့သည် လူဆိုးလူပေများမဟုတ်ကြ၊ ငယ်သူများမို့သာ သို့ရာတွင် နောက်တန်းယဉ်ကျေးမှုအရ ကပိုကရိုနေထိုင်မည် ဖြစ်သော်ငြားလည်း ရှေ့တန်းစစ်မျက်နှာများ၌မူကား အလုပ်ကိုလေးစားသည်၊ တာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်သည်၊ အသက်ကို စွန့်လွှတ် တိုက်ပွဲဝင်ကြသည်၊ ရန်သူ၏ နောက်တန်း အခြေစိုက်တပ်စခန်းအတွင်း အထိကို ထိုးဖေါက်ဝင်ရောက်၍ တိုက်ခိုက်နိုင်ခဲ့ဘူးသည်။ ထိုတပ်အတွင်း၌ပင် စောထစခန်းမှ မကဒတ ကျောင်းသားတပ်ခွဲမှူးတဦးကျဆုံးခဲ့သည်၊