ကျနော့် ရဲ့ ပထမဆုံး
မန္တာန်
ရှေ့ရွာတွင် န.အ.ဖ စစ်ကြောင်းဝင်နေသည်ဟု ရွာသားတယောက်
အူယားဖားယား ပြေးလာ၍ ကျနော်တို့စစ်ကြောင်း အား လာရောက်သတင်းပို့သည်၊ ဒီတော့
အရမ်းဝင်၍မရ၊ ပစ်ခတ်မှု ဖြစ်ပါက ရွာသူရွာသားများ အထိနာနိုင်သည်၊ ထို့ကြောင့်
ကျနော်တို့စစ်ကြောင်းသည် ကျောက်တောင်ကုန်းများပေါ်၌ နေရာယူ
စောင့်ဆိုင်းနေကြသည်၊ ရာသီဥတုက ပူပြင်းနေသည်၊ တချက်တချက် ဝှေ့ဝိုက်
တိုက်ခိုက်လာသော လေနုအေးလေးကြောင့်သာ အေးမြသော အရသာကို ခံစားထိတွေ့ရသည်၊
“တကူးကူး ……… တကူးကူး”နှင့် လွမ်းဆွတ်စွာ အော်မြည်နေသော ရွှေဥသြ တွန်သံက တော၏
အလှကို အရောင်တင်ပေးနေသည့်နှယ်၊ သစ်ရွက်ဟောင်းများက တဖြုတ်ဖြုတ်ကြွေကြနေသည်၊
လေတိုးတိုက်ခိုက်သဖြင့် ၀ါးပင်ဝါးကိုင်းများက ယိမ်းထိုးလှုပ်ခါနေသည်၊ မတ်လ၏
လေရှုးကြောင့် ၀ါးရွက်များကလည်း ဝှေ့ကာဝိုက်ကာ တဖွဲဖွဲတသဲသဲ ကြွေကြမြေခနေသည်၊
တောင်ကုန်းပေါ် အပေါ်စီးမှ နေရာယူထားသဖြင့် ရှမ်းပြည်၏ အလှများကို တွေ့ရသည်မှာ
လွမ်းစရာနွေ ပန်းချီကားတချပ်သဖွယ် ဖြစ်နေသည်၊ မီးခိုးများက
တလိမ့်လိမ့်ထွက်ပေါ်နေသည်၊ တိမ်ညိုမိလ္လာများက ဆေးရေးချယ်ထားသကဲ့သို့
အရောင်များတောက်ပနေသည်၊ နွေကြောင့် ကောင်းကင်သည်ကြည်လင်နေပြီး ထိုကြည်လင်မှုက
ရှမ်းပြည်တခွင်ကို ဆေးရောင်ချယ်သ နေသလိုပင်၊ ကျနော်တို့ရောက်နေ သည့်နေရာက
ရှမ်းပြည်အလယ်ပိုင်း တောနက်နက်တနေရာ၊ စစ်ကြောင်းသည် အောက်ဖက်သို့ စူးစူးရဲရဲ
တဟုန်ထိုး စုန်နေသည့် သဏ္ဍာန် ၊ နေ့ရောညပါ စစ်ကြောင်းချီလာသောကြောင့် ရဲဘော်များ
ပင်ပန်းနွမ်းနယ် နေကြသည်။
-034.jpg)
ကျနော်တို့စစ်ကြောင်းက ဧည့်သည်စစ်ကြောင်း၊ ဧည့်သည်ခရီးသည်
များပါသဖြင့် ဒေသခံစစ်ကြောင်းက ကျနော်တို့ လိုရာခရီး ရောက်လိုသောဒေသသို့
အတူပို့ဆောင်ပေးခြင်းသည် သူတို့၏ အဓိကတာဝန်၊ ဘေးမသီရန်မခဘဲ
လိုရာခရီးသို့ပို့ဆောင် ပေးရသဖြင့် စစ်ကြောင်း၏ ရည်မှန်းချက်သည်
လိုရာခရီးသို့ရောက်ရေး၊ ထို့ကြောင့် ရန်သူနှင့် ထိပ်တိုက် မတိုးမိစေရန်
ကွင်းလိုက် ရှောင်လိုက်တိမ်းလိုက်နှင့် တနာရီလျှောက်ရမည့်ခရီးသည်
ငါးနာရီခန့်ကြာသည်၊ တခါတရံ တရက်ခရီးမျှပင်ကြာတတ်သည်၊ မြောက် ကိုသွားချင်လျှင်
တောင် ကို ရောင်ပြလျှောက်ပေးရသည်၊ တောင်ကို သွားချင်လျှင် မြောက်ဘက်သို့
ဦးတည်ရသည်၊ စစ်ကြောင်းချီရာတွင် လုံခြုံမှုက အရေးကြီးသည်၊ လုံခြုံမှုရှိမှ
လက်ဦးမှု ရနိုင်မည်၊ ရှေတန်းနယ်မြေဆိုသည်မှာ အသက်ကို ဖက်နှင့်ထုပ်ထားရသောနေရာ၊
အချိန်မရွေး၊ နေရာမရွေး၊ အသက် ဆုံးရှုံး နိုင်သောနေရာ။
ပအို့ဒေသ။ မဲနယ်တောင်အနီးရွာတရွာသို့
ပအို့ဖြူစစ်ကြောင်မှူးနှင့်အတူ ညနေ နေ၀င်ရီတရော ရောက်ခဲ့ကြသည်၊ စစ်ကြောင်းမှူးက
“ဒီနေ့ ဒီရွာမှာ ညအိပ်မယ်”ဟုဆိုလာသဖြင့် ကျနော်တို့အဖွဲ့သည်
ယူနီဖေါင်းများချွတ်ကာ ပါလာသော မာဖီများကို ထုတ်၍၀တ်ဆင်ကြပြီး ရွာထဲသို့
လပ်ယားလပ်ယား လုပ်ရန် ထွက်လာစဉ်၊ လမ်း၌ စစ်ကြောင်းမှူးနှင့်တွေ့တာနဲ့
“ခင်းဗျားတို့ဘယ်လဲ” “ဟိုနားဒီနားလျှောက်ကြည့်မလို့ပါ”
“အခုချက်ချင်းယူနီဖေါင်းလဲ …. အခုချက်ချင်းထွက်မယ်” အံသြ ရသည်၊ ခုနကနားမည်၊
ယခုထွက်မည်။ အမှန်တော့ ရွာသားများ ( သတင်းပေး ) ကို လည့်စားလိုက်ခြင်း
ဖြစ်သည်၊ စစ်ကြောင်းဝင်လာကတည်းက ဒီရွာမှာ အိမ်မယ်လို့ သတင်းလွှင့် လိုက်သည်၊
ထိုသတင်းသည် နအဖ စစ်ခွေးများထံ အနှေးနှင့် အမြန်ရောက်ပေတော့မည်။
ရန်သူကိုလှည့်စားလိုက်ခြင်းဖြစ်သည်၊ ထိုညက ထိုရွာမှာမအိပ်ဖြစ်လိုက်
တနေ့လုံးလျှောက်ခဲ့ရသည်။ တညလုံး လျှောက်ရပြန်သည်၊ ထိုညက ထိုရွာသို့
ရန်သူအင်အား(၁၀၀)ကျော် ဖြင့်ရွာသို့လာဝိုင်းကြောင်းသိရသည်၊ စစ်ဆိုသည်မှာ
အသက်ကို အရင်းအနှီးလုပ်ပြီး မိမိအင်အား မပြုန်းတီးရေးမဆုံးရှုံးးရေး အတွက်
အမြတ် ထုတ်ရသည်၊ ထို့ကြောင့် စစ်နည်း ပရိယာယ်ကြွယ်ဝဖို့ အရေးကြီးသည်။
နွေရာသီ စစ်ကြောင်းချီရသဖြင့် ယူနီဖေါင်းတခုလုံး
ရေလောင်းချထားသကဲ့သို့ချွေးများ အိုင်နစ်နေသည်၊ ရေဗူးထဲမှ
လက်ကျန်ရေအနည်းငယ်ကို မော့ချလိုက်သည်၊ ရွာရောက်မှ ရေဖြည့်တော့မည်၊
ရေရှားပါးသော အရပ်ဒေသ ဖြစ်သဖြင့် လမ်းတလျှောက်လုံး သောက်ခဲ့ရသည်မှာ
အာစွတ်ယုံမျှသာ၊ အရမ်းမသောက်ရဲ၊ ရှမ်းပြည်၏ မြေပြန့် ဒေသပိုင်း ဖြတ်သန်းနေရ
သဖြင့် တောတောင်စိမ်စမ်း၊ ရေတံခွန်မရှိ ၊ ရေရှားသဖြင့် တိုက်ပွဲကို
အရမ်းမဆင်ရဲ၊ ထမင်းအသက် ၇-ရက် ရေအသက် တမနက်၊ တမနက်တောင် မခံနိုင်၊ ရေမရှိပါက
တနာရီတောင် မခံနိုင်၊ ထမင်းမစားဘဲ တရက်နေလို့ ရချင် ရမည်၊ ရေမသောက်ဘဲ
လုံးဝနေလို့မရ၊ အာတွေပူလာသည်၊ ပါးစပ်တွေခြောက်လာသည်၊ ဒူးတွေပျော့ခွေလာသည်၊
တော်လှန်ရေးသမား၏ အရေးကြီးဆုံး ရိက္ခာထဲတွင် ရေသည်လည်း အရေးကြီးဆုံး။
ကျောက်တောင်ပေါ်၌ စောင့်နေကြသည့်အချိန်မှာ
သုံးနာရီကျော်မျှပင်၊ ရန်သူစစ်ကြောင်းထွက်ခွာသွားပြီဟူသော
သတင်းရရချင်းကျနော်တို့ ရွာထဲသို့ဝင်ရန် စစ်ကြောင်းစချီပြီ၊
မိနစ်သုံးဆယ်ခန့်အကြာတွင် ရွာထဲသို့ရောက်လာကြသည်၊ ၀ါးနှင့်ဆောက်လုပ်ထားသော
တဲအိမ်လေးများကို မြင်တွေ့ရသည်၊ အိမ်အမိုးကို သက်ကယ်နှင့်မိုးထားကြသည်၊ အကာမှာ
ဝါးထရံကာများဖြစ်ကြသည်၊ အိမ်မြေယာများကို ၀ါးနှင့်သာခြံခတ်ထားသည်၊
ခြေတံရှည်အိမ်လေး များဖြစ်ကြသည်၊ အိမ်အောက်၌ ဆန်ထောင်းသော မောင်းတံများ
ကိုတွေ့ရသည်၊ ဖြတ်ကနဲ လေ့လာလိုက်ရသော်လည်း တွေ့ရသည့် မြင်ကွင်းများကား စိတ်
မချမ်းမြေ့စရာ ………. မျက်စေ့ရှေ့မှောက် ဖြတ်ပြေးလာသည်။
ကြက်မွှေးများ၊ ဘဲမွှေးးများက နေရာအနှံ့အပြန့်လျှက်
ရေအိုး(၀ါးဖြင့် ပြုလုပ်ထားသော ၀ါးကျည်တောက် ဗူးများ)ကို ရိုက်ခွဲထားသည်။
ဆန်အိုး(၀ါးဖြင့်ပြုလုပ်သော စပါးကျည်)များကို ရိုက်ခွဲထားသဖြင့်
စပါးစေ့များသည် ပြန့်ကျဲ နေသည်၊ တဲတချို့မီးလောင်နေသည်၊ ခြံစည်းရိုး
များကိုလည်း ရိုက်ချိုးဖျက်စီးထားသည်၊ န.အ.ဖ စစ်ခွေးများ စားရန်
ရွာသူရွာသားမျာက သူတို့၏ အိမ်မွေး တိရိစ္ဆာန် များကိုပေးဆပ်လိုက်ရသည်၊ “
နွားဆိုရင် … ဟင်း၊ လှည်းဆိုရင် … ထင်း၊ လူဆိုရင် … ကျင်း ” အရိုင်းအစိုင်း
အတွေးအခေါ်များနှင့် ရှေ့တန်းနေရာများတွင် ရိုင်းချင်သလိုရိုင်း၊
လုပ်ချင်သလိုလုပ်၊ ထင်းတိုင်းကြဲနေသော မြန်မာ့တပ်မတော်၊ တွေ့ရသည့်အရာများက
တကယ့် အနိဌာရုံ၊ ရွာသား များကို တယောက်မျှမတွေ့ရ၊ ကျနော်တို့ ရှမ်းစစ်ကြောင်း
ရောက်လာပြီ ကြားသည်နှင့် တောထဲတောင်ထဲ လျှိုမြောင်ကြားထဲမှ ပုန်းအောင်းနေသော
အမျိုးသမီးများ၊ ခလေးများ ထွက်လာကြသည်၊ ကြောက်လွန်းသဖြင့်
ခန္ဓာကိုယ်များတုန်ရီားကိုပင် ဖြောင့်ဖြောင့် မပြောနိုင်ရှာ ၊ မေးခိုက်တုန်ရီနေ
သဖြင့် အစ်တစ်တစ် အသံများသာကြားနေရသည်၊ “မန်ကွာယောက် …..
မန်ကွာယောက်”(ဗမာပြန်ပြီ) ဆိုသည့်အသံများသာ နားထဲ ပဲ့တင်ထပ်နေသည်။
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို
ကာကွယ်စောင့်ရှောက်နေပါသည်ဆိုသော စစ်တပ်၏ အတွင်းသရုပ်ဗီဇ အစစ်အမှန်ကို ဘွားကနဲ
တွေ့ရှိလိုက်ရသဖြင့် ရင်ထဲ၌ အောင့်ကနဲ နာကျင်ခံစားလိုက်ရသည်၊ ကြောက်ရွံ့
နေသောမျက်နှာများ၊ ဆာလောင်မွတ်သိပ်နေသော ခလေးငယ်များ၊ မည်သည့်နေရာသို့
ပြေးလွှား တိမ်းရှောင်နေကြရသော အမျိုသားများ၊ ရိုက်ချိုးဖျက်စီးထားသော
ကြေမွနေသည့် ရေအိုးများ၊ မြို့ပေါ်၌ နေစဉ် စစ်တပ်၏
ဝါဒဖြန့်ချီမှုအောက်၌သာကြီးပြင်းလာခဲ့ရသော ကျနော်တို့အဖို့
တိုင်းရင်းသားနယ်မြေအတွင်း လူ့ဂုဏ်သိက္ခာ၊ လူအခွင့်အရေးဆိုးဝါးနေအောင်
ချိုးဖေါက်ခံနေရမှုများကို စိုးစဉ်းမျှမသိခဲ့ရ၊ မကြားခဲ့ရ၊ ယခုလက်တွေ့
မြင်တွေ့သိရှိလိုက်ရသည့်အခါ…….တောက်………..ဤ … ကမ္ဘာမြေ၀သုန်၌ အားကြီးသူက
အားနည်းသူကို ဖိနှိပ်သည်၊ လက်နက်ရှိသူက လက်နက်မဲ့သူကို ဖိနှိပ်သည်၊
စော်ကားသည်၊ အနိုင်ကျင့်သည်၊ မေးချင်ပါသည် အုပ်ဖွဲ့သည်၊ အနိုင်ကျင့်သည်မှာ
မည်သူတွေ လုပ်တတ်ပါလဲ…….အဟိတ် တိရိစ္ဆာန် များသာ။
ငယ်စဉ်ကတွေ့ကြုံခဲ့ရသော မြင်ကွင်းလေးက အသည်းမှာ
စွဲမက်နေသေး၏ ကျနော်အသက် ၁၂နှစ်သားအရွယ်ခန့်က ဖြစ်သည်၊ အိမ်ရှေ့တွင်
ဆူညံသံများကြားသဖြင့် အပြင်သို့ထွက်ကြည့်သည်။ တွေ့ရသည့့် မြင်ကွင်းကား
ထွက်ပြေး လာသော ပေါ်တာတယောက်အား စစ်တပ်မှ စစ်သားတဦးက လိုက်လံဖမ်းဆီးမိ သဖြင့်
သံနတ်ဒင်ဖြင့် ခေါင်းကို ရိုက်ခွဲနေသည်၊ ဖျာကျနေသော သွေးများက ထိုပေါ်တာ၏
ဦးခေါင်းပေါ်၌ သွေးချင်းချင်းနီနေသည်၊ ကျနော်သည် အိမ်ရှေ့ ပြေးထွက်ကြည့်ယင်း
ထိုစစ်သားအား စိတ်ထဲမှ တီးတိုး ရေရွတ်မိလိုက်သည်က တရားမဲ့ လိုက်ကြတာ၊ မကြာခင်
ထိုပေါ်တာအား တရွတ်တိုက်ဆွဲခေါ်ကာ ကားပေါ်သို့ပစ်တင်လိုက်သည်ကို မြင်တွေ့ခဲ့ရသည်၊
ထိုပေါ်တာလေးသည် တောထဲတောင်ထဲတွင်ဆိုလျှင် အသက်နှင့် ခန္ဓာကိုယ် ထိုနေရာ၌ပင်
အိုးစားကွဲသွားနိုင်သည်၊ ရှစ်လေးလုံးမတိုင်မှီ မဆလစစ်တပ်သည် မြို့ပေါ်၌ လူထုကို
ပေါ်ပေါ်တင် မဖိနှိပ်ရဲ၊ မရက်စက်ရဲ၊ ထိုအချိန်ကာလ လက်နက်ကိုင်
တိုင်းရင်းသားများနှင့် အသည်းအသန် တိုက်ခိုက်နေရသည့်အချိန်၊ လူထုကို
အရမ်းကာရော မလုပ်ရဲ၊ ၁၉၈၈ နောက်ပိုင်း နအဖစစ်တပ်သည် မြို့ပေါ်များ၌ပင်
ဗြောင်သတ်ဖြတ်လာသည် အထိ အတင့်ရဲလာသည်၊ ဖြစ်တည်ခဲသော လူ့ဘ၀များကို ကြက်ကလေး၊
ငှက်ကလေးကဲ့သို့ သဘောထားကာ သတ်ချင်တိုင်းသတ်၊ ရမ်းချင်တိုင်း ရမ်းကားလာခဲ့သည်။
ရောက်သည့်ရွာတိုင်း၌ ဗမာစကားပြောသော ကျနော်တို့ကို
ရွံကြောက်ကြီး သဖွယ် ဆက်ဆံပြုမူ ကြသည်ကို မြင်တွေ့ ရသောအခါ ရင်ထဲ၌ အတော်ပင်
စိတ်မကောင်းကြီးစွာဖြစ်မိရသည်၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ ကြား၌
ဒီဗမာများ(ကျောင်းသားများ)က ဘာဝင်ရှုပ် နေကြသလဲဆိုသည့် အမူအရာ ညွန်းသည့်
သူတို့ မျက်လုံးများပေါ်မှာ အထင်းသားပေါ်နေကြသည်၊ ကျနော်တို့က ချက်ထားသည့်
ထမင်းဟင်းများကို ရွာသားများအား ခွဲဝေပေး ဒါနလုပ်သည်၊ ခလေးများအား
မုန့်များဝယ်ပေးသည်၊ ကျနော်တို့၏ လက်ထဲ၌ ခလေးများနှင့်တွေ့လျှင်
ချိုချဉ်များ၊ မုန့်များ ဆောင်ထားရသည်၊ သူတို့ အိမ်တွင်းရှိ
တနိုင်တပိုင်အလုပ်များဖြစ်သော ရေခပ်၊ တံမျက်စည်းလှဲ၊ စပါးထောင်းကူ
အလုပ်များကို မငြီးမညူ အပင်ပန်းခံ လုပ်ပေးသည်၊ စပါးရိတ်ကူသည်၊
ကောက်လှိုင်းများဝင် ထမ်းပေးသည်၊ စပါးကျီထဲသို့ စပါးများထည့်ပေးသည်၊ ကြာလာတော့
ရင်းနှီးသည့့် မျက်ဝန်းများကို တွေ့လာရသည်၊ ဖေါ်ရွေသော အမူအရာများ ပြလာသည်၊
ကိုရွှေဗမာ(ကျောင်းသား) များသည် န.အ.ဖ စစ်သားများနှင့်မတူ၊
န.အ.ဖ စစ်သားများက ရွာရောက်လျှင် ကြက်ခိုးသည်၊ ဘဲခိုးစား သည်၊
မောင်နှမသားချင်းများရှေ့တွင် စော်ကားမော်ကားလုပ်သည်၊ စိတ်အခန့်မသင့်လျှင်
လက်သီးနဲ့ထိုး ခြေထောက်နှင့်ကန်ကျောက်သည်၊ ချက်ထားသည့် ထမင်းအိုးများတွေ့လျှင်
တဖြဲနှစ်ဖြဲ အကုန်ဝင်စားသွားသည်၊ အခု ဒီဗမာများကတော့ လူထုနှင့်
တသားတည်းရှိသည်၊ တသွေးတည်း တသားတည်း နေထိုင်တတ်သည်၊ လူထု၏ လိုအပ်ချက်များကို
ဖြည့်ဆည်းပေးသည်။
သို့ဖြင့် ကျနော်တို့၏ ဘ၀ တစိတ်တဒေသများကို
မေးမြန်းလာတော့သည်၊ ကျနော်တို့က ပြန်ရှင်းပြသည်၊ စစ်အာဏာရှင်စနစ်ကို တွန်းလှန်
တိုက်ခိုက်နေကြသော ဗမာကျောင်းသားများဖြစ်သည်၊ စစ်အာဏာရှင်များသည်
တိုင်းရင်းသားလူမျိုးများတွင် သာမက ဗမာများကိုပင် ပေတရာလမ်းမများပေါ်၌
သေနတ်ဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ကြသည်၊ ထို့အတွက်ကြောင့် လက်နက်ကိုင်
တော်လှန်ရေးလုပ်ရန် တောထဲသို့ ရောက်လာကြသည် ဆိုသည်ကို ရှင်းပြတော့
သူတို့အားလုံးအံ့သြကြသည်။
“ဗမာ က ဗမာတွေ ကိုသတ်သလား”ဟုမေးခွန်းထုတ်သည်၊ ဗမာ က
ဗမာကို မသတ်ပဲ သူတို့ တိုင်းရင်းသားတွေ ကိုသာ မဲ၍ သတ်နေကြောင်းသာ
သူတို့ထင်မြင်နေပုံ ရသည်၊သူတို့ အာဏာတည်မြဲဖို့အတွက်ဆိုလျှင် ခလေးတောင်
အရှင်မထား၊ ကျောင်းသူလေး တွေကိုတောင် သေနတ်နှင့် ပစ်သတ်ကြောင်း
ရှင်းပြတော့သူတို့ပို၍ အံ့သြသွား ကြသည်၊ ရှစ်လေးလုံးအရေးတော်ပုံ
အကြောင်းရှင်းပြသည်၊ မြို့ရွာအနှံ့လူသတ်မှုများကို ပြောပြသည်၊ စစ်ကိုင်းတွင်
စက်သေနတ်နှင့် လူထုကို ပစ်သတ်ခဲ့သဖြင့် ပေတရာ လမ်းမပေါ်မှာ သေနေသောအလောင်းများ၊
မသေမရှင်များကို ကားနှင့်တိုက်၍ ဧရာဝတီမြစ်အတွင်းသို့ မျှောသွန်ချမှု များကို
ပြောပြတော့ သူတို့တွေ ကြေကွဲ မဆုံး…….နှလုံးသား ခံစားမှုဆိုတာ ဗမာ၊
တိုင်းရင်းသား ကွဲပြားမှုရှိတာမှ မဟုတ်တာ။
အနေကြာလာတော့ ရင်းနှီးမှု ပိုရလာသည်၊ တချို့ ဗမာစကား
မပြောတာ သုံးနှစ်ရှိပြီ….. တချို့က တနှစ်….နှစ်နှစ်…. လေး၊ငါး၊ ဆယ်နှစ်။
အံသြမိသွားသည်၊ ဗမာစကား ပြောတတ်ပါက အရေးကြီးသော ဆက်ဆံရေး ထူထောင်နိုင်ရန်
န.အ.ဖ စစ်တပ်အတွက် ဗမာစကားပြောတတ်သူသည် သူတို့ ဆက်ဆံရေးစက်ကြီးဖြစ်သည်၊
ထိုစစ်ခွေးများ ရွာထဲဝင်လာပါက ဗမာစကားပြောတတ်သူကို အရင်ရှာသည်၊ ရိက္ခာပေးရမည်၊
လမ်းပြရမည်၊ သူပုန်သတင်းပေးရမည်၊ လမ်းထောက်ရမည်၊ ထမင်းဆင့်ရမည်၊
ကင်းထိုးရမည်၊ သပ္ဗရံနံပေါင်း အစုံခိုင်းသည်၊ ဗမာစကားတတ်သော သူသည် န.အ.ဖ
စစ်ကြောင်းအောက်တွင် ပွက်ပွက်ဆူနေသော ငရဲအိုးကြီးထဲသို့
ဇောက်ထိုးကျသွားသူနှင့် အတူတူပင်၊ လောဘ။ ဒေါသ။ မောဟ အမှောင်ပိတ်ဖုံး နေသော
စစ်တပ်အောက်၌ သူက သားကောင်ပမာ၊ ရိက္ခာ မပြည့်စုံပါက သူက အထုထောင်းခံရသည်၊
သူပုန်သတင်း မပေးပါက ရက်ရက်စက်စက် ညင်းပမ်းနှိပ်စက်သည်၊ လမ်းပြ မခေါ်နိုင်ပါက
သေနတ်ဒင်နှင့် ရိုက်သည်၊ ထမင်းထုပ်အလုံအလောက် မစီစဉ်နိုင်ပါက
သေနတ်ပြောင်းဝနှင့် ရင်ဝကို စောင့်ထိုးသည်…….အို…..စုံလို့ စုံလို့
ဗြုတ်စဗျင်းတောင်း စုံစီနဖါ နှိပ်စက်နည်းတွေနဲ့လေ။
ထိုအတွက်ကြောင့် န.အ.ဖ စစ်တပ်လာလျှင် တတ်ထားသည့်
ဗမာစကားများကို မေ့ပစ်လိုက်ကြရ တော့သည်၊ ဗမာစကားသံ ကြားလျှင်ပင် ထိုနေရာ၌
မရှိကြတော့၊ ထူးဆန်းသည်မှာ ခွေးများပင် ရွာ၌ မကပ်ရဲတော့……ထိုသို့
စစ်ကြောင်းများကြောင့် ရွာသူရွာသားများ၌ အသက်ရှင်သန် ရပ်တည်ရေးကို
ထိခိုက်လာသည်၊ စစ်ကြောင်း ၀င်လာလျှင် မိမိ၌ အသက်မွေးဝမ်းကြောင်း
လုပ်ငန်းများကို ရပ်ထားရပြီး ပြေးလွားပုန်းအောင်းရသည်၊ လူထု၌ ဘ၀သည် ကျီးလန့်စာ
စားနေရသော ဘ၀၊ လေကိုပင် ၀အောင် ဖြောင့်ဖြောင်တန်းတန်း မရှုရဲသောဘ၀၊
ငြိမ်းချမ်းစွာ ထမင်းတလုပ်ကို ရှာဖွေစားသောက်နေထိုင်နိုင်သောဘ၀မဟုတ်၊
ပြေးရင်းလွှားရင်း၊ ရှောင်ရင်း တိမ်းရင်း စားသောက် နေရသောဘ၀များ ခလေးများအတွက်
အနာဂါတ် ဆိုတာ….နတ္တိ…..ဒါ့ကြောင့် I.D.P လို့ခေါ်တဲ့ ရွာပုန်းရွာရှောင်တွေကနေ
အိမ်နီးချင်းနိုင်ငံ တွေမှာ ဒုက္ခသည်တွေ ဗြုတ်ထ သလိုဖြစ်လာရသည်။
ယခင်ကာလများ၌ န.အ.ဖ စစ်တပ်အတွင်း တိုက်ရည်ခိုက်ရည်နှင့်
သတ္တိဗျတ္တိ ကောင်းသူများမှာ ချင်း နှင့် ရခိုင်လူမျိုးများ ဖြစ်ကြသည်၊
တပ်စုတိုက်ပွဲများကို သူတို့ ကဦးဆောင်တိုက်ခိုက်ကြသည်၊
အသက်အသေခံပြီးတိုက်ကြသည်၊ တပ်ကြပ်ကြီးအဆင့်ရှိသော ထိုသူများကသာ တိုက်ပွဲကို
ကွပ်ကဲထိမ်းသိမ်းနိုင်ကြသည်၊ လက်ကလည်း ဖြောင့်သလား မမေးနဲ့ သူတို့ကိုင်သော
သေနတ်မှာ ကာဘိုင်သေနတ် ဒုတိယကမ္ဘာ စစ်လက်ကျန် အမေရိကန်လုပ်လေ ခေါင်းဆို
ခေါင်း လက်ဆိုလက် မှန်အောင်ပစ်နိုင် ကြသူများ၊
ကျနော်တို့တော်လှန်ရေးသမားများက ထိုသူများကိုသာ အထူးဂရုစိုက်ရသည်၊ ဗိုလ်မှူး၊
ဗိုလ်ကြီးအဆင့်လောက်က သူတို့လောက် တိုက်ခိုက်ရေးအရည်အသွေး မပြည့်ဝကြ၊
တိုင်းရင်းသားမျိုးစုံ ပါဝင်သော စစ်တပ် သို့သော် အသုံးပြုသော ဘာသာစကား သည်ကား
ဗမာစကား၊ ရွာထဲဝင်သည် နှင့် ဗမာအဆဲ နှင့် အစပျိုးဝင်သည်၊ ငါ….မသား၊ မအေ…နှမ
အဆဲ မျိုးစုံ မွန်ထူပြီးရွာကို ၀င်သည်၊ ကြာလာတော့ တောတောင် အတွင်းရှိ လူထုက
စစ်တပ်အတွင်းရှိ ဗမာများ နှင့် ရိုးရိုးအရပ်သား ဗမာများကို မခွဲခြား တတ်တော့
ဗမာအသံကြားလျှင်ပင် ဖိနှိပ်၊ ဗိုလ်ကျ၊ ရမ်းကား မိုက်ရိုင်းသူများဟု
အထင်ရောက်လာသည်၊ ဗမာစကား ပြောသော စစ်သားများက ဖိနှိပ်ရက်စက် ကြသဖြင့် ဗမာများ
မကောင်း ဟူသော အယူအဆက စွဲမြဲလာခဲ့သည်။
သမိုင်းအစဉ်ဆက်တလျှောက် ဗမာမင်းများက သက်ဦးဆံပိုင်
ပဒေသရာဇ်စနစ်ဖြင့် ဘုန်းလက်ရုံး ဆန့်တန်းခဲ့ကြ သောကြောင့် ဗမာကိုလိုနီ
လက်အောက် ဖြစ်ခဲ့ကြသော တိုင်းရင်းသားများက ဗမာများကို မုန်းတီးကြသည်မှာ
စနစ်ဆိုး၏ အမွေဆိုးများကြောင့်ဖြစ်သည်။
တိုင်းရင်းသား
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ နိုင်ငံရေး၊ သဘောတရားရေး၊ အတွေးခေါ်
ရေချိန်များကလည်း စစ်အာရှင်စနစ်၏ သရုပ်သကန်အမှန်မှာ စစ်တပ်ကြီးစိုးရေးအတွေး
အခေါ်၊ စစ်ခေါင်းဆောင် စစ်ဗျူရိုကရက်ယန္တယား များကို ခွဲခြားပြီး ဂဃနဏ
ရှင်းပြပြီး အတွေးခေါ်အရ မတည်ဆောက်နိုင်ခဲ့၊ ဖက်ဒရယ်ပြည်ထောင်စုအတွေးခေါ်များ၊
ဦးတည်ချက် ရည်မှန်းချက် ခံယူချက်များကို နိုင်ငံရေး အရ
တည်ဆောက်နိုင်ခဲ့ခြင်းမရှိ၊ ဗမာမုန်းတီးရေး အခြေခံများပေါ်၌သာ
တည်ဆောက်ခဲ့ကြသဖြင့် ခိုင်မာသော နိုင်ငံရေးသဘောတရားနှင့်အတွေးအခေါ် ရပ်တည်ချက်
အခြေခံအုတ်မြစ်များကိုမရခဲ့ကြ၊ ထို့အတွက်ကြောင့် အပစ်အခတ်ရပ်စဲ ထားသော
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တချို့က ဗမာမုန်းတီးရေးမှ
စစ်အာအာဏာရှင်ဗမာလူမျိုးကြီး တစုကိုသာ ကိုးကွယ်သော အဆင့်သို့ရောက်သွားကြသည်၊
ပါးစပ်ကသာ ဗမာမကောင်းဘူးဟု ကြွေးကြော်ကြသော်လည်း လက်တွေ့တွင်မူ စစ်အာဏာရှင်ဗမာ
လူမိုက်ကြီးများ၏ အောက်၌ မည်သူမျှ ပါးစပ်ပင် မဟရဲကြတော့၊ သူတို့ ကိုယ်၌ ကလည်း
ကိုယ်ကျိုးစီးပွားများဖြင့်သူတို့ ပြည်သူတွေအား မျက်နှာလွဲခဲ့ပြီ မဟုတ်ပါလား၊
တော်လှန်ရေးတပ်တခုကို ကျဉ်းမြောင်းသော လူမျိုးရေးအစွဲများဖြင့် တည်ဆောက်၍မရ၊
ရေရှည်ခိုင်မာသော အမျှော်အမြင်ရှိသည့် နိုင်ငံရေး ရပ်တည်ချက်များ
ခံယူချက်များဖြင့် တည်ဆောက်နိုင်မှသာ ထိုလွတ်မြောက်ရေး အဓွန့်ရှည်
တည်တံ့နိုင်မည်သာ။
-030.JPG)
ယနေ့ရှစ်လေးလုံးကာလအတွင်း ပေတရာလမ်းမများပေါ်၌
ထောင်သောင်းချီ ကျဆုံးသွားကြသူများသည် ဗမာများ ဖြစ်ကြသည်၊ ယနေ့ န.အ.ဖ
အကျဉ်းထောင်အတွင်း၌ ဘ၀ကို အချိန်ဖြင့်ပေးဆပ်နေကြသူ အများစုမှာ ဗမာများပင်
ဖြစ်ကြသည် မဟုတ်ပါလား၊ အဘယ့်ကြောင့် ကျဉ်းမြောင်းသော အယူအဆများကို
တရားသေကိုင်ထားကြရသနည်း၊ စစ်အာဏာရှင်စနစ်ကြောင့် မဟာလူမျိုးကြီး ၀ါဒပေါ်ပေါက်
လာရခြင်းဖြစ်ပြီး တဆက်တည်း ကျဉ်းမြောင်းသော အတွေးအခေါ် များလည်းပေါ်ပေါက်လာ
ခဲ့ရသဖြင့် တော်လှန်ရေး တပ်ဦးရှေ့သို့မချီနိုင်သော အချက်များတွင် ဤအချက်
သည်လည်း အရေးပါအရာ ရောက်သော အချက်တချက်ပင် မဟုတ်ပါလား။
အုပ်စိုးသူနှင့် စနစ်….. ထိုစနစ်အောက်မှ
အဖိနှိပ်ခံလူထုများကို ကွဲကွဲပြားပြား ခွဲခွဲခြားခြား ကြည့်တတ်သည့်
နိုင်ငံရေးရင့် ကျက်မှုများကို တည်ဆောက်ခြင်းသည်သာ အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေးတွင် အခြေခံ ခိုင်မြဲသည့် အုတ်မြစ်များ ဖြစ်လာနိုင်မည်ဖြစ်သည်၊
လူမျိုးရေးမုန်းတီးမှုများသည် စစ်အာဏာရှင်စနစ်ကြောင့်
ပေါ်ပေါက်လာရခြင်းဖြစ်ရသည်ကို ပိုင်းခြားဝေဖန် သုံးသပ်နိုင်ခြင်းသည် န.အ.ဖ
စစ်အုပ်စုအား ဖြိုခွင်းနိုင်သော ညီညွတ်ရေး လက်နက်လည်းဖြစ်သည်၊ ပဒေသရာဇ်စနစ်
အောက်၌ ရှိခဲ့သော အမြင်များဖြင့် နအဖစစ်အုပ်စုကို တိုက်၍ မရ၊ ကျဉ်းမြောင်းသည့်
အမြင်များက ဘုံရန်သူကို တိုက်ခိုက်ရာတွင်ေ၀၀ါးစေသော အတွေးအခေါ်များသာ
ပေါ်ပေါက်နိုင် ပြီး ရန်သူကို မိတ်ဆွေထင်၊ မိတ်ဆွေကို ရန်သူ ထင်မှုများက ယခု
အပစ်ရပ်အဖွဲ့အချို့၏ နမူနာများက သက်သေခံ နေသည်။
ကျနော်တို့စစ်ကြောင်း ကတော့ရှေ့သို့ တဟုန်းဟုန်း
ချီတက်နေဆဲ၊ မည်သို့ပင်အခက်အခဲ ရှိစေကာမူ စစ်ကြောင်းသည် နောက်ဆုတ်၍ မရ၊
ထိုစစ်ကြောင်း နှင့်တူသော တော်လှန်ရေး ခရီးစစ်ကြောင်းသည်လည်း နောက်ဆုတ်၍ မရ
ရှေ့သို့ ပေးဆပ်ခြင်းတွေနဲ့ အတူ ချီတက်မြဲ ချီတက် နေမည်သာ…..။
ငယ်စဉ်က ခရီးဝေးဆိုလျှင် အမေ ခိုင်းသော ခရီးကိုပင်
အရှည်ဆုံးခရီးဟု ထင်မှတ်မိသည့် သားတို့လေ…..အခု လွတ်မြောက်မှု တွေ အတွက်
ချီတက် နေတဲ့ ခရီးတွေဟာ ဟိုးမိုးကုတ် စက်ဝိုင်းအထိ ရှိနိုင်မလားမသိ၊ အဓိက
စိတ်ဓါတ်လက်နက် နဲ့ အနှစ် ၂၀ ဖြတ်သန်းတော့မယ်လေ၊ ကမ္ဘာ့ သမိုင်းမှာ
တော်လှန်ရေးခေါင်းဆောင် တဦးဟာ မိုင် ၆၀၀၀ ခရီးကို မနားတန်း
ကျော်ဖြတ်နိုင်ခဲ့သေးတာ၊ ကျနော်တို့လျှောက်ခဲ့ရတဲ့ ခရီးက မိုင်
ရာထောင်ချီ်မျှသာ၊ အို………အရှေ့ဆီမှာ ရောင်နီတို့နဲ့ အတူ သံဃာတော်တွေ
ကြွချီတော်မူလာ ပါလား၊ အရှင်ဘုရား……ဘုရား … တပည့်တော်အား အမိမြန်မာပြည် အတွက်
အရုဏ်ဦးနဲ့အတူ ဒီမိုကရေစီ မန္တာန် မှုတ်ခွင့် ပြုတော်မူပါ။
သားချစ် ( ဟစ်တိုင် )