မိသားစုစကားဝိုင်း

                   ကျွန်တော်ကအငြိမ်းစားပါ။ မ.ဆ.လ ခေတ်က မ.ရ.က လို့ ခေါ်တဲ့ မြန်မာ့ရေနံကော်ပိုရေးရှင်းရဲ့ ဘူမိဗေဒဌါန အရာရှိတယောက်ပါ။ မ.ဆ.လ ခေတ်ပြုတ်ပြီး အချိန်မှာပဲ ပင်စင်ယူလိုက်ပါတယ်။ ပင်စင်ငွေထောက်ပံ့ကြေးက မလောက်ပေမယ့် ဟိုတုန်းက ရထားတဲ့ဆိုင်ခန်းတခုကို ငှါးထားလို့ ရတဲ့ငွေရယ်၊ သားနှစ်ယောက်ထောက်ပံ့ ကြတဲ့ငွေလေးနဲ့  ကျွန်တော်တို့ လင်မယား အိုကြီးနှစ်ယောက် စားလောက်ပါတယ်။

  သားတယောက်က ရေတပ်က ဗိုလ်ကြီးပါ။ နောက်တယောက်က နာမည်ရ ကျူရှင်ဆရာတယောက်ပါ။ သူတို့ လည်း ချောင်ချောင် လည်လည် ရှိကြပါတယ်။ ကျွန်တော်တို့ သားအဖသုံယောက်ရဲ့ ပြဿနာက နိုင်ငံရေးစကားပြောတိုင်း သဘောထား မတူညီဘဲ  ရပ်လိုက်ကြရတာချည်းပါပဲ။ ဒီနေ့ တော့ ကျွန်တော်တို့ ရဲ့ လုပ်နေကြစကားဝိုင်း လေးဟာ တိုးတက်မှု့ ရှိလာပါတယ်။ သားအဖသုံးဦးရဲ့ ကွဲလွဲနေတဲ့ သဘောထား သုံးမျိုးကနေပြီး သဘောထားနှစ်မျိုးပဲဖြစ်သွားပါတယ်။ သားနှစ်ယောက်က တမျိုး ကျွန်တော်က တမျိုး။

                     ကျွန်တော်က ကိုလိုနီခေတ်နှောင်း၊ ဖ.ဆ.ပ.လ ခေတ်၊ မ.ဆ.လ နဲ့  န.အ.ဖ ခေတ်တွေကို မှီပါတယ်။ သားတွေက မ.ဆ.လ နဲ့  န.အ.ဖ ခေတ်တွေပဲ မှီပါတယ်။ တနေ့ တော့ သားနှစ်ယောက်နဲ့ အတူ ကျွန်တော့်အိမ်မှာ စကားပြောဖြစ်ကြပါတယ်။ ဦးတည်ချက်ရယ်လို့ တော့ မရှိပါဘူး။ ယနေ့ ဖြစ်ပျက်နေတဲ့ တိုင်းပြည်ရဲ့အခြေအနေတွေပါ ပဲ။ ကျွန်တော်ကမေးတယ်။ အိန္ဒိယ သမုဒ္ဒရာထဲမှာ အမေရိကန်စစ်သင်္ဘောတွေ စစ်ရေး လေ့ကျင့် နေတဲ့ကိစ္စ၊ ဂျပန်က ကူညီပြီး စစ်သင်္ဘောတွေကို ဆီဖြည့်ပေးနေတယ် ဆိုတဲ့ကိစ္စ၊ နောက်တခုက အမေရိကန်က ဦးဆောင်ပြီး အာရှနေတိုးအဖွဲ့  ဖွဲ့ တော့မယ် ဆိုတဲ့ကိစ္စတွေပါပဲ။ အဲဒါ သားတွေရဲ့အမြင်နဲ့ သူတို့  ဘယ်လိုကြားကြသလဲပေါ့။  စစ်ဗိုလ် သားကြီးကပြောပါတယ်။ သူလဲဒါကိုကြားပါတယ်။ ဒါမဆန်းဘူးတဲ့။ အမေရိကန်က ကမ္ဘာ့ပုလိပ်ကြီးလေ။ ပွဲလန့် တုန်းဖျာခင်းမယ့် အကြံယုတ်နဲ့  လှုပ်ရှားနေတာပါပဲ။ ခုလည်း မြန်မာ့ပြည်တွင်းရေးမှာ အတင်းဝင်စွက်နေတာ ဖေဖေတို့ အမြင်ပဲတဲ့။

                            ကျောင်းဆရာသားငယ်ကလည်း ဝင်ပြီးဆွေးနွေးပါတယ်။ ကိုကိုတို့  စစ်အစိုးရကို ကျွန်တော်တို့ မကြိုက်တာ အမှန်ပါပဲ။ ဒါပေမယ့် အမေရိကန် ဝင်လာမှာ၊ ဝင်ရောက်စွက်ဖက်မှာကိုတော့ လက်မခံနှိုင်ပါဘူးတဲ့။  ဒီနေရာမှာ သားနှစ်ယောက်စလုံး အမေရိကန်ဆန့်ကျင်ရေး အယူအဆမှာတော့ တူညီသွားတာတွေ့ ရပါတယ်။ ဒီအခါမှာ ကျွန်တောက်သားငယ်ကို မေးကြည့်ပါတယ်။  သားရယ် မင်းကစစ်အစိုးရကို မကြိုက်တာတော့ ဟုတ်ပါပြီ။ အမေရိကန်က မြန်မာပြည်ကို ကူညီတာပဲဆိုဆို၊ စွက်ဖက်တယ်ပဲပြောပြော စစ်အစိုးရ ပြုတ်သွားရင် သားအနေနဲ့  မကျေနပ်နှိုင်ဘူးလား။ ဒီတော့ သားငယ်ကပြောပါတယ်။ သားကတော့ အမြင်ရှင်းပါတယ် ဖေဖေ၊ အမေရိကန်ကသာ ဝင်လာရင် စစ်အစိုးရထက် ပိုဆိုးသွားမှာပဲ။ ဒါကြောင့် အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှု့ ကိုတော့ အမြဲပဲဆန့်ကျင် သွားရမှာပဲ ဖေဖေ။ အင်္ဂလိပ်၊ အမေရိကန်ဆိုတာက ဟိုတုန်းကလည်းမကောင်းခဲ့ဘူး၊ ခုလည်းမကောင်းဘူး၊ နောင်လည်း ဘယ်တော့မှကောင်းမှာမဟုတ်ဘူးတဲ့။

          စစ်ဗိုလ်သားကြီးကလည်း ကျောင်းဆရာသားငယ်ရဲ့စကားကို ထောက်ခံလိုက်ပြန်ပါတယ်။ အမေရိကန်က ဝင်တဲ့ နိုင်ငံတွေ ဒုက္ခရောက်နေတာ ဖေဖေလည်း သိသားပဲ။ အီရတ်နဲ့  အာဖဂန်နစ္စတန်တို့ က သက်သေပြနေတာပဲတဲ့။ မြန်မာ့အလင်း သတင်း စာထဲက အတိုင်းပြောလိုက်ပါတယ်။

                                   ကျွန်တော်နားလည်လိုက်တာကတော့ စစ်ဗိုလ်နဲ့  နိုင်ငံရေး ဝါသနာရှိတဲ့ ကျောင်းဆရာသားငယ်တို့ ဟာ အမေရိကန် ဆန့်ကျင်တဲ့နေရာမှာ တသ ဘောထဲပါလားလို့  ကျွန်တော်ကတော့ အမေရိကန်၊ အင်္ဂလိပ်ကို လိုလားခြင်း၊ မလို လား ခြင်းဆိုတဲ့ တရားသေစိတ်ခံစားချက်ပေါ်မှာ မဆုံးဖြတ်တတ်ပါဘူး။ အသက်အရွယ်နဲ့ အတွေ့ အကြုံအရ မျက်မှောက်တွေ့ ကြုံနေရတဲ့ အခြေအနေပေါ်မှာပဲ ကောက်ချက်ချ တတ်ပါတယ်။ ကျွန်တော်နဲ့ သားနှစ်ယောက်ဟာ သဘောထားခြင်း ကွဲပြားနေပါပြီ။ ဒါကြောင့် သားတွေကို ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ မေးခွန်းတခုမေးလိုက်ပါတယ်။ သားတို့ တရုတ်ပြည်လို ကွန်မြူနစ်နိုင်ငံကြီးမှာတောင် သူတို့ လူမျိုးကောင်းစားဖို့ ဆိုရင် အရင်းရှင်အမေရိကန်နိုင်ငံနဲ့  စီးပွားရေးပူးပေါင်းဆောင်ရွှက်မှု့ ၊ စီးပွားရေးမဟာ မိတ် အဖြစ်ပူးပေါင်း ကြသေးတာပဲ။  သားတို့ ကလည်း ကိုယ့်ပြည်သူလူထု ကောင်းစားမယ်ဆိုရင် ဘာလို့  မပေါင်းနိုင်ရမှာလဲ။

                ဒီတော့ သားတွေကပြန်ပြောတယ်။ တရုတ်ပြည်က မသူတော်ကို ပေါင်းမိနေတော့ ကျားမြီးဆွဲလို ဖြစ်နေပြီ ဖေဖေ။ တိန့်ရှေင်ဖိန်ဝါဒီတွေ ဒီအမှားကို မုချခံကြရလိမ့်မယ်တဲ့။ ကျွန်တော်လဲသားတွေနဲ့ ဆက်ပြီးမဆွေးနွေးတော့ဘဲ၊ ကဲ  ဒီလိုလုပ်ကွာ၊ ဖေဖေတို့ သားတို ၊့စားဖို့  သောက်ဖို့ ကို အမြဲတာဝန်ယူစီမံနေတဲ့ မင်းတို့ မေမေကို မေးကြည့် မယ်။ သူက နေ့တိုင်း ဈေးဝယ်ရတယ်။ ဥပုဉ်ကျောင်းသွားမယ်။ ရပ်ကွက်ထဲက သာရေး၊ နာရေးကိစ္စတွေကအစ မလစ်လပ်ရဘူး။ လူထုနဲ့ အမြဲပဲထိတွေ့ နေတဲ့ ̏လူထု” ပဲပေါ့ကွာဆိုပြီး မီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ အမေကို ခေါ်လိုက်တယ်။ ကျွန်တော်ကပဲ မေးလိုက်ပါတယ်။ ကဲ အမေကြီးလဲ ကျုပ်တို့ ပြောတာတွေ ကြားပြီးနေမှာပေါ့။  အဆုံးအဖြတ်ပေးပါအုံးလို့ ၊၊

ဒီတော့ ကျွန်တော့်ဇနီး သားတို့ အမေက “ကြားပါ့တော့် နားထဲမှာတောင် မဆန့်တော့ဘူး”။ ဒီမှာ ကျွန်မပြောမယ်၊ ဦးနေဝင်း စတက် ကတည်းက နှစ်ပေါင်းလေးဆယ်ကျော် ခံခဲ့ရတာလေ။ သူပုန်ထလိုက် သပိတ်မှောက်လိုက် ဆိုတာလဲ ပြတ်တယ်မရှိဘူး။ လူထု ပိုပြီး ငတ်သထက်ငတ်လာတာကတော့ လက်တွေ့ ပဲ။ ခုလို အချိန်မျိုးမှာ စစ်အစိုးရပြုတ်ကျပြီး အရပ်သားအစိုးရတက်လာဖို့ ပဲလိုတယ်။ ကုလသမဂ္ဂ တပ်ဆိုတာကြီးပဲလာလာ၊ နေတိုးတပ်ဆိုတာပဲလာလာ၊ အမေရိကန်တပ်ဆိုတာပဲလာလာ ဘယ်နိုင်ငံ ဘယ်သူကပဲ ကူညီ၊ကူညီ ကျွန်မတို့ ကတော့ လက်ခံမှာပဲ။ မြန်မာပြည် ကောင်းစားဖို့ ဆိုရင် ရပ်ကွက်ထဲက လူအများပြောသလို “အမေရိကန် တပ်ကြီးရယ် မြန်မြန်သာ ဝင်တိုက်ပါတော့လို့  ဘုရား မှာနေ့တိုင်းဆုတောင်းနေတယ် တော်ရေ့ ” လို့  ပြောပြီး ဆောင့်ဆောင့်နဲ့ မီးဖိုခန်းထဲ ပြန်ဝင်သွားပါတယ်။

                           ကျွန်တော်က သားတွေကိုကြည့်ပြီး၊ ကဲ မင်းတို့  အမေပြောတာကိုကြားတယ် မဟုတ်လားလို့  ပြောလိုက်တော့  သားတွေက အမေက နိုင်ငံရေးမှ နားမလည်တာဘဲ လို့  မှတ်ချက်ချလိုက်ပါတယ်။

              ̏ ကဲ ပြည်သူကို နိုင်ငံရေး နားမလည်ဘူးတဲ့ဗျား˝

                                                                                     ဦးရွှေအုန်းမြင့် ။ စစ်ကိုင်း။

 

http://www.hattaing.org/joke/index.htm

Suggestions & Comments: webmaster@hittaing.org