|
ဒေါင်းတမန်တို့ ပျံတဲ့ ပုံရိပ်
သားချစ်
(ဟစ်တိုင်)
သားချစ်/ဟစ်တိုင်
လ ,မိုက်ရက်ဖြစ်သည်၊
တကျစ်ကျစ် အော်မြည်နေသော ပုဇင်းရင်ကွဲ အော်သံများက လ
မိုက်ညကို
ဖေါက်ထွက်လျှက် အချိန်ကား သန်းခေါင်ကျော်၊ စစ်ကြောင်းက ရှေ့သို့
တရိပ်ရိပ် ဆက်လက် ချီတက်နေဆဲ၊
ပုဇင်းရင်ကွဲသံ၊ လေတိုးသံ၊
စစ်ဖိနပ်ဖွဖွလျှောက်သံက လွဲ၍ ဘာမှမကြားရ၊ စစ်ဦးထုပ် အနောက်ဘက်၌
ကပ်ထားသော အဖြူအမှတ်အသားလေးကို ကြည့်၍သာ လမ်းလျှောက်နေရသည်၊
ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ၊ လမ်းလျှောက်ချိန်
ရှစ်နာရီကျော်သွားပြီ။ ခြေထောက်များက တစစ်စစ် နာကျင်
ကိုက်ခဲလျက်၊ ဗိုက်က တကျုပ်ကျုပ်နှင့် ဆာလာသည်။ ညနေက
ထမင်းဝိုင်းလေးကို ပြန်သတိရ လွမ်းနေလိုက်သေး။
မိုးရွာထားသဖြင့်
ဝါးကိုင်းများက မီးမွေးလို့မရ၊ မြေကြီးတူးပြီး ဖရောင်းတိုင်
သုံးတိုင်ထွန်းကာ ထမင်းချက်ရသည်၊ မိုးကာပေါ် ထမင်းကို
ပုံလိုက်တော့ ပျော့၊ တူး၊ မနပ် ထမင်းက တူးရနံ့ သင်းပြန့်နေသည်။
ဖုတ်ထားသော ငပိကို ဘေးမှာပုံလျှက်၊ ထမင်း တလုပ် ငပိဖုတ်
တတို့တောတွင်း အကောင်းဆုံးဟင်းသည် ငါးခြောက်နှင့် ငပိ၊ သူက
အထားခံသည်။ ရေဗူးတွင်တော့ ရေများများ ထည့်မှ တော်ကာကျမည်။
ရေအလွန်ငတ်သည်။ ရှမ်းတပ်မှ ပေးသော ပဲပုပ်ပြားခြောက်က ရံဖန်ရံခါ။
ဒီနေ့
ကားလမ်း ဖြတ်ရမယ်၊
“ဟာ
ဟုတ်လား …… ပျော်တယ်ဟေ့ ….. ကားလမ်းနဲ့ မတွေ့တာကြာပြီ”
“ကားလမ်းပေါ် ရောက်ရင် ဘရိတ်ဒန့် (စ်) က,ပစ်လိုက်မယ်”
“ငါကတော့
ကားလမ်းရောက်တာနဲ့ ကားလမ်းကို အနမ်းတချက် ပေးလိုက်မယ်”
“ငါကတော့
ဒူးထောက်ချပြီး လက်နှစ်ဘက် မြောက်လို့ အချစ်ရေလို့
အော်လိုက်မယ်”
ကားလမ်းဖြတ်ရမည်ဆိုလိုက်သဖြင့် ကျနော်တို့ ရဲဘော်များ၏ စိတ်ကူး
စကားလုံးများ အံကျလာသံများ ညံထွက်သွားသည်။
ကျနော်တို့
ကားလမ်းမနှင့် မတွေ့ရသည်မှာ ငါးလ ကျော်သွားပြီဖြစ်သည်၊
ကားလမ်းဆိုသည်မှာ မြို့ပြ. အငွေ့အသက်၊ ထိုအငွေ့ အသက်ကို
ကြမ်းတမ်းသော တော်လှန်ရေး မာရသွန်ခရီးကြမ်း ပြန်လည်
တမ်းတနေကြသည်။ မြို့ပြ အငွေ့အသက်ကို မြို့ပြနှင့် ဝေးခဲ့သူများက
လွမ်းတသသ ဖြစ်နေကြသည်မှာ သဘာဝကျသည်၊ ကျနော်တို့
ကျောင်းသားတိုင်း အလွမ်းကိုရင်မှာပိုက် ထွက်လာခဲ့ကြသည်
မဟုတ်ပါလား၊ ချစ်သူအလွမ်း၊ အိမ်အလွမ်း၊ မိဘအလွမ်း၊
ကျောင်းအလွမ်း …… အလွမ်းများကိုယ်စီနှင့်။
ထမင်းစားပြီးသည်နှင့်
မိုးကာစကို ခေါက်သိမ်းလိုက်သည်။ ထိုပလပ်စတစ် စစ်ကာကီ
စိမ်းမိုးကာစသည် ကျနော်တို့ တော်လှန်ရေး စစ်သားများအတွက်
အရေးကြီးဆုံး အရာသာ၊ အမိုးမိုးသည်၊ ထမင်းပန်ကန်အဖြစ်သုံးသည်၊
မိုးရွာလျှင် ပတ်ခြုံသည်၊ ချောင်း၊ မြစ်များကို ဖြတ်လျှင်လည်း
ထိုမိုးကာက ဖေါ့ဖြစ်သွားသည်။ ပြောရင်း ဆိုရင်း
ကျောပိုးအိတ်ထဲသို့ပစ္စည်းပစ္စယများကို ထည့်သိပ် လိုက်ရသည်၊
ညခရီးထွက်ရဦးမည်၊ အသံမြည်နိုင်သည့်အရာများကို
ဂရုတစိုက်စစ်ဆေးကြည့်၍ ထည့်ရပြန်သည်၊ ဘောပင်နှင့် စာအုပ်ကို
စစ်အကျီ င်္ ညာဘက်အိပ်ကပ်ထဲ ထည့်လိုက်ပြီး ကြုံတွေ့ မြင်တွေ့
ရသည့် အရာများကို ရေးမှတ်သည့် အကျင့်မှာ တောင်ထဲတောင်ထဲ
စိတ်ဖြေစရာ အလုပ်တခုဖြစ်သည်၊ စာအုပ်ထဲ ရက်စွဲတပ်လိုက်တော့
၁၉၈၉-ဇန်န၀ါရီ ----။
မာနယ်ပလောဌာနချုပ်မှ
ကြေးနန်းရသည်၊ တောင်ပိုင်း မ.က.ဒ.တ ဗဟိုသို့
အမြန်ဆုံးအရောက်လာရန်၊ မြန်မာပြည် အထက်ပိုင်းမှ
ကိုယ်စားလှယ်သုံးဦး ဗဟိုတွင် တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်သည်၊
ထိုအချိန်ကျနော်တို့ သင်တန်းဆင်းပြီးကာစ၊ ၁၉၈၈ ဒီဇင်ဘာ လ
နောက်ဆုံးအပါတ်၊ ထိုည ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ရေးဆွဲနေကြသည်၊ ညက နက်ပြီ၊ ကောင်းကောင်း အတည်ပြု၍တော့
မရနိုင်သေး၊ အရေးကြီးသဖြင့် မိုးလင်းအထိ ကြိတ်နေကြခြင်းဖြစ်သည်၊
ငြင်းကြခုံကြနှင့် အခြေအတင် ဆွေးနွေးကြရသည်၊ န.အ.ဖ
အမျိုးသားညီလာခံလို လက်ထောင် ခေါင်းငြိမ့်မည့်သူများ မဟုတ်ကြ၊
လက်နက်ကိုင်အဖွဲ့ အစည်းတွင် ဖွဲ့စည်းပုံသည် အရေးပါသကဲ့သို့
တိုင်းပြည် ဖွဲ့စည်းပုံက ပိုမိုအရေးကြီး ကြောင်း ထိုစဉ်ကတည်းက
နိုင်ငံရေးသင်ခန်းစာတခု ရလိုက်သည်၊ ထိုအချိန်တုန်းက ကျနော်တို့
ဖွဲ့စည်းပုံက ဥက္ကဌ အထက်တွင် ဗဟိုဦးစီး (၃)ယောက် ထားသည့် စနစ်၊
လက်နက်ကိုင်အဖွဲ့ အသစ် စတည်ထောင်သော အဖွဲ့အစည်းအဖို့ အာဏာကို
တဦးတယောက်တည်းတွင် မပုံမိစေရန် ဦးတည်ကြ သည်၊ န.အ.ဖ ကတော့
အရှက်မရှိ၍ ဗြောင်ပင် အမျိုးသား နိုင်ငံရေးမှာ
စစ်တပ်ကဦးဆောင်ဖို့ အသည်းအသန် ကြိုးစားနေကြ ရှာသည်၊
ထိုကျနော်တို့ ရေးဆွဲသော ဖွဲ့စည်းပုံက ဥက္ကဌ ၏ အထက်၌
ဗဟိုဦးစီးအဖွဲ့ဝင် သုံးယောက်ရှိသည်၊ မည်သူ့ကို ဥက္ကဌလုပ်ပါဟု
အဆိုတင်ကြသည်၊ ဤသည်မှာ ကျနော်တို့ မြောက်ပိုင်း မ.က.ဒ.တ
ထူးခြားချက်ဖြစ်သည်၊ မည်သူမှ ဥက္ကဌ မလုပ်ချင်ကြ၊ အားလုံးက
တိုက်ခိုက်ရေးကိုသာ အားသန်နေကြသည်၊ ဥက္ကဌလုပ်ရန် ဗြောင်ငြင်း
ပယ်ကြသည်၊ လူကြီးလုပ်လိုသော၊ လူစွာလုပ်လိုသော ဆန္ဒမည်သူမှ
မရှိကြ၊ အားလုံးက တိုက်ပွဲကိုသာ တောင်းဆိုနေကြသည်၊ သို့ရာတွင်
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥက္ကဌ ကိုတော့ ရွေးကောက်ခဲ့ကြလေသည်။
သားချစ်/ဟစ်တိုင်
ထိုအချိန်က ဗဟိုဦးစီးသုံးယောက်မှာ ကိုလှဌေး(ဗန်းမော်၊ ယခု
အိန္ဒိယ နယ်စပ် မကဒတ)၊ ကိုလွှမ်းမိုး(ကျဆုံး)။ ကိုနေထွန်း
(မြစ်ကြီး နား၊ ရောင်နီဦးကျောင်း မ.က.ဒ.တ ဗဟို) တို့ဖြစ်ကြပြီး
ကိုကျော်ကျော်-ကချင်ပြည် (မြစ်ကြီးနား ဥက္ကဌ မ.က.ဒ.တ
မြောက်ပိုင်း)၊ ကိုသံချောင်း မော်ဟန် (စစ်ရေးတာဝန်ခံ) (သေဒဏ်
အပေးခံထားရသူ)၊ ကိုမျိုးဝင်း(နမ္မား)အတွင်းရေးမှူး ( တိုက်ပွဲတွင်
ကျဆုံး) တို့က ဗဟိုကော်မတီများ ဖြစ်ကြသည်၊ အများစုမှာ
တက္ကသိုလ်ကျောင်းသားများ ။
ကျနော်တို့
သန္ဓေစတည်ခဲ့သော နေရာကား အင်မတန်မှ ရာသီဥတုဆိုးဝါးသည့်နယ်မြေ၊
မြန်မာပြည်မြောက်ပိုင်း ပင်လယ်ရေ မျက်နှာပြင် အထက် အတော်လေး
မြင့်သောနေရာ၊ အင်မတန်အေးသည့် နေရာ၊ တနှစ်ပါတ်လုံးအမြဲလိုလို
စွတ်စို ထိုင်းမှိုင်း အုံ့ဆိုင်းသည့်နေရာ။ ရေခဲအမှတ် ဇီးရိုး
ဒီဂရ်ီအောက် ကပ်နေသောနေရာ၊ အသားတွေကွဲအက် ၊ နှုတ်ခမ်းတွေ
ပဲ့ထွက်၊ ရေမချိုး ဖြစ်သောရက် များက လနှင့်ချီ၊ သွားမတိုက်ဘဲ
လနှင့်ချီနေသော်လည်း ပါးစပ်က ပုပ်ဟောင်သည့် အနံ့ ကမထွက်၊
ရေခဲတိုက်ထဲ ထားသောငါးကဲ့သို့ ကြာလာတော့ ရဲဘော်များ
ထုံနာဖြစ်လာသည်။ ထုံရောဂါဟုခေါ်သည်၊ မျက်နှာများ ခန္ဒာကိုယ်များ
ဖေါရောင်လာသည်၊ မည်သည့် နေရာ အသားပေါ် နှိပ်လိုက်နှိပ်လိုက်
ချိုင့်ခွက်ကြီး ဖြစ်သွားသည်၊ ပြန်၍ ရုန်းမကြွနိုင်တော့၊
ထိုမှတဆင့် အသည်းရောင် အသားဝါ ဖြစ်ကြသည်၊ ထုံရောဂါဆိုသည်မှာ
အေးလွန်းသဖြင့် မြေကိုင်သည့်ရောဂါဟု ဆိုကြသကဲ့သို့ အဟာရ
ပြတ်ရောဂါဟုလည်း ခေါ်ကြသည်။
စားရသည်က
ဝမ်းဆက်ဟင်း၊ ၀မ်းဆက်ဟင်း ဆိုသည်မှာ ထမင်း နှင့် ဟင်းအဖြစ်
ဆန်ပြုတ်၊ တရုပ်ပြည်လုပ် ဆီတို့ဖူး၊ မုန်ညှင်းစားရ သောနေ့သည်
ရှင်လိင်ပြန်သောနေ့ထက် အပျော်ဆုံး၊ မုန်ညင်းများတွင် တခါတရံ
ငရုပ်သီးဖတ်ကလေး များက အစီအရီ၊ မုန်ညင်းကို တရုတ်ပြည်ထဲမှ
ဝယ်ကြရသည်၊ သူတို့မြေကြီးက အပြန်တစ်ထောင် မက
စိုက်ပျိုးမြေဖြစ်ရာ မြေဆီ၊မြေနှစ် လုံးဝမရှိတော့၊
အပင်စိုက်သည့်အခါ မြေသြဇာအဖြစ် လူ၏ မစင်ကို အရည်ဖျော်
လောင်းကြသည်၊ တရုပ်ပြည်တွင် မစင် ကို အလကားမရ ပိုက်ဆံ
ပေးဝယ်ရသည်၊ တရုပ်က မြန်မာပြည် မြေကြီးကို အရမ်းသဘောကျသည်၊
ထိုကြောင့် ရေစင်အောင် မဆေးနိုင်သော မုံလာထုပ်၊ ဂေါ်ဖီထုပ်၊
မုန်ညင်းများတွင် ငရုတ်သီးဖတ်လေးများက ဟိုတစ၊ဒီတစ ကပ်ရပ်လျှက်
စီစီရီရီ ချက်သည့်အခါတွင်လည်း အီလည်လည် အနံ့ကြီးက
နှားခေါင်းထဲသို့ စို့စို့ပို့ပို့ ၀င်လာတတ်သည်၊ မတတ်နိုင်၊
အကောင်းဆုံး အဟာရ ဖြစ်နေသူက သူ(မစင်ရည် ဖြန်း လန်းဖြာနေသော
မုန်ညင်း) …….။
ရာသီဥတုက
ကြမ်းတမ်းသည်၊ မိုးကလည်း အုံ့ဆိုင်းဆိုင်း အခင်းကျင်းမဲ့
တိုက်ခတ်လာသော လေက အသားကို ဆွဲဆုပ်ယူသကဲ့သို့ အေးလွန်းလှသည်၊
လေနှင့်အတူ မိုးစက်များ၊ ရေခဲအမှုန်များက ကပ်ပါလာသည်၊
အသည်းခိုက်အောင် အေးလွန်းသည် ဆိုတာ ဒါများလား မြေကြီးပေါ်
ရေခဲများက အတောင့်လိုက်၊ အချောင်းလိုက် ထွက်ပေါ်နေသည်၊
မနက်မိုးလင်းလျှင် အပေါ်ယံ ရေများ တင်း၍ အေးခဲနေသည်။
ရဲဘော်များက
ရာသီဥတုကို ညည်းကြသည်၊ “ဒီနေရာ လူနေတဲ့နေရာ မဟုတ်ဘူး” ဟု
စိတ်ထွက်ပေါက်အနေနှင့် ပြောဆိုမိသလို ထိုစကားကို သင်တန်းမှူး
ကြားသွားသည်နှင့် “ဒီနေရာက လူနေတဲ့ နေရာ မဟုတ်လို့ နတ်တွေ
နေတဲ့နေရာလား…… ငါတို့တောင် နေနိုင်သေးတာ” ဟု စိတ်ဓါတ်
မြှင့်တင်ရေးစကားများ ပြောကြရသည်၊ ရာသီဥတု၊ အစားအသောက်၊
အနေအထိုင် ဆိုးဝါးလွန်း ပေမယ့် စိတ်ဓါတ်ကျဆင်း နေသော ရဲဘော်များ
တယောက်မှမရှိ။
ကျနော်တို့မြောက်ပိုင်းမှာ
ကျောင်းသားအရေအတွက် နည်းသည်။ အခြေခံ လယ်သမား လူတန်းစားမှ
ပေါက်ဖွားလာကြသော သူများက ခပ်များများ။ ကျောင်းသားတွေကလည်း
ဒီတော ဒီတောင် ဒီရေ ဒီလေနှင့်ကြီးပြင်းကြသူများ ဖြစ်သဖြင့်
တော်လှန်ရေး ဒူပေဒါပေ ခံနိုင်သူများသည်။ မြို့ကြီးမှ
ကျောင်းသားများက ခံနိုင်ရည် နည်းကြသည်၊ တောနေလူတန်းစားကတော့
တော်လှန်ရေးထဲ ဒေါင်လိုက်ထည့်ထည့် အလျားလိုက်ထည့်ထည့် လျှောကနဲ
ဝင်သွားကြသည်။ မြို့ကြီးပြကြီးမှ လူများကတော့ ၀င်တော့ဝင်သည်
ကန့်လန့်ကြီး၊ ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးလည်း လူတန်းစားဗီဇက
အရေးကြီးသည်၊ တောနေလူတန်းစားက အမိန့်နာခံမှု အားကောင်းသည်၊
အလုပ်လုပ်ရာတွင် ဇွဲရှိသည်၊ တစိုက်မတ်မတ်လုပ်လေ့ရှိသည်၊
သဘောတရားပိုင်းတွင်တော့ အားနည်းသည်၊ ခေါင်းဆောင်မှု ကောင်းရင်
ကောင်းသလို တော်လှန်ရေးတွင် အကျိုးကျေးဇူးကြီးသည်၊
အရေးကြုံလာလျှင် ဒီလူတန်းစား ဗီဇက တော်လှန်ရေးကို
အကျိုးသက်ရောက်မှု အားကောင်းစေသည်။
အစည်းအဝေးက
မပြတ်၊ ညဥ့်နက်လေလေ အအေးဓါတ်က ပိုဆိုးဝါးလာလေလေ၊ လူအများက
မီးဖိုဘေးက မခွာနိုင်တော့၊ မိုးလင်းတော့မည် ထိုစဉ် ရဲဘော်တယောက်
ဝင်လာသည်၊
“ငှက်ရုပ်ကြီးကို အလေးပြုပါတယ်”
“ငှက်ရုပ်မဟုတ်ဘူးကွ ဒေါင်းရုပ်- ဒေါင်းရုပ်”
ထိုလယ်သမား တော်လှန်ရေးသမားက ဒေါင်းရုပ်ကို တခါမှ မြင်ဘူးပုံမရ၊
နို့ ……. သူ့စိတ်တွင် ငှက်ရုပ်ကြီးထင်သဖြင့် ရိုးရိုးသားသား
ငှက်ရုပ်ကြီးကို အလေးပြုပါတယ်ဟု ပြောခြင်းဖြစ်သည်၊
ကျနော်တို့အားလုံး တ၀ါးဝါးနှင့် ပွဲကျသွားသည်၊ အိပ်ချင်စိတ်များ
ဘယ်ရောက်သွားသည် မသိ၊ အလံနီနီ ရဲရဲပေါ်ရှိ ဆွဲထားသော ဒေါင်းရုပ်က
အနုပညာ မမြောက်သဖြင့် ဒေါင်းမှ ငှက်ရုပ်ကြီး ဖြစ်သွားရခြင်း
ဖြစ်သည်။ တော်လှန်ရေးလည်း
တော်လှန်ရေးအနုပညာမြောက်ဖို့အရေးကြီးသည်၊ တော်လှန်ရေး အနုပညာ
မမြောက်ပါက ဒေါင်းဘ၀မှ ကျီးဘ၀သို့ ရောက်သွားသည်၊ ထိုကျီးဘ၀မှ
နှံပြည်စုတ်လဲ ဖြစ်သွားနိုင်သည်၊ စစ်မှန်သည့် တော်လှန်ရေးအနုပညာ
ဆိုသည်မှာ သဘောတရားနှင့် လက်တွေ့ကိုက်ညီရေးပင် ဖြစ်သည်။
ဆင်ဖမ်းမယ်၊
ကျားဖမ်းမယ်ဟု ပြောကြသောသူများကို တွေ့ဖူးသည်၊ အချိန်ကာလ
ကြာမြင့်လာသည်နှင့်အမျှ သူတို့အဖို့ ခြင်တကောင်မျှပင်
ရိုက်မသွားနိုင်ကြပေ၊ ဘုတ်အုပ်ကြီးကို
ထမ်းပြီးလာကြသောသူများပင်၊ စာရွက်လှန်ချိန် မရ၊ အနောက်သို့
မြောက်လေအပင့်မှာပင် တော်လှန်ရေး ၀မ်းစာပေါက်ကာ
ထွက်ခွာသွားကြလေပြီ၊ တော်ရုံတန်ရုံ ခံနိုင်ရည်မရှိဘဲနှင့်
လက်နက်ကိုင် တော်လှန်ရေးကို မလုပ်နိုင် ကြားလေများက ဒွိဟ
ဖြစ်သွားစေနိုင်သည်၊ လောကဓံ တရား(၁၀)ပါးကလည်း ကိုယ့်ဘေးနားမှာ
အပြည့်။ ကိုယ်ကျိုးစွန့်သူများက တကယ်တော့ နိုင်ငံအတွက်
အနစ်နာခံကာ ဒီမိုကရေစီ သယ်ဆောင်လာမယ့် ဒေါင်းတမန်တွေ
မဟုတ်ပါလား။
မိုးလင်းပြီ၊
ခရီးထွက်ရန်ပြင်ဆင်ကြသည်၊ ထွေထွေထူးထူးယူစရာတော့မရှိ၊
အင်္ကျီနှစ်စုံ၊ ပုဆိုးနှစ်ထည်၊ နယ်မြေသစ်သို့ သွားရတော့ မည်
ဖြစ်သဖြင့် အသဲကတလှပ်လှပ်၊ ရင်တဖိုဖို၊ ရည်းစားဦးနဲ့ ချိန်းတဲ့
ညလို စိတ်ထဲက ဘာလိုလို၊ စိနတိုင်းကိုကျော်ဖြတ်ရမည်၊
လျှောက်ရမည့်လမ်းကခရီးကြမ်း။ အန္တရာယ်များစွာများကို
ကျော်ဖြတ်ရမည်၊ မတော်လျှင် အသက်ပါဆုံးရှုံးနိုင်သည်၊ သို့သော်
ကြောက်စိတ်က လုံးဝမရှိ၊ တိုက်ပြီးဖေါက်ထွက်မည်ဟု
သံဓိဌာန်ချမိသည်။
အရှေ့မှလျှောက်သော
ကချင်ရဲဘော်လေးများက လမ်းလျှောက်ရင်း တခစ်ခစ်နှင့်
ကျိတ်ရယ်နေကြသည်၊ “လမ်းနှင့် နီးနေပြီ မရယ်ကြနဲ့”ဟု ကျနော်က
သတိပေးလိုက်ရသည်၊ သူတို့လေးတွေက အသက်က ဆယ်ကျော်သက် အရွယ်သာသာပင်
ရှိကြသေးသည်၊ ရှေ့က ရဲဘော်တယောက်က ခရီးသွားရင်း လေလည်သဖြင့်
နောက်က ရဲဘော်များက လှောင်ရယ်နေခြင်းပင်၊ “စ” ၍ တွတ်ထိုး
ရယ်နေကြခြင်းဖြစ်သည်၊ ကားလမ်းနှင့် တဖြည်းဖြည်းနီးလာချေပြီ်၊
ကားလမ်းပေါ် ရောက်လျှင် ဘရိတ်ဒန့်ကမည့်သူ၊ ကားလမ်းကို
ကုန်းနမ်းမည့်သူများ၊ အချိန်က ညနှစ်နာရီ ……….။
ကားလမ်းပေါ်ခြေချလိုက်သည်နှင့် -------။
သေနတ်ပေါက်ပြီ…… .။
ဒုတ်-ဒုတ်-ဒုတ်-ဒုတ် နှင့် ဂျီဖိုးနှစ်လက်ကို
ထောင်ပြီးပစ်နေသည့် အသံ၊ တဒင်္ဂ တော့ ကမ္ဘာပျက်သွားသည်၊ အော်သံ၊
ဟစ်သံ၊ ဆဲသံ၊ ဆူသံ။ လူခေါ်သံများက ညအမှောင်ယံအတွင်း
ပွက်ပွက်ညံသွားသည်၊ နှစ်ဖက် ပစ်ခတ်ကြသည့် အသံများက ညဥ့်ဦးယံကို
ဖေါက်ထွက်နေသည်၊ ကျည်ဖြတ်ရာလမ်းကြောင်း ကတော့
အလင်းတန်းများဖြင့် တလက်လက်၊ ကျည်က ခေါင်းပေါ်ကျော်နေသည်၊
ကျည်သွားရာ လမ်းကြောင်းကို ကြည့် ၍ နေရာချနေသော ကျနော်တို့
တပ်ကြပ်ကြီးကိုတွေ့ရသည်၊ သူက မဟာမိတ်တပ်က ကချင်တပ်မတော်တွင်
တာဝန်ထမ်းဆောင်သော ပလောင်လူမျိုး တပ်ကြပ်ကြီး၊ မတ်တပ်ရပ်ပြီး
သေနတ်ကို အောက်စိုက်ကာ ကျည်များ တတောင့်ချင်းကုတ်နေသည်။
ပါးစပ်မှလည်း ကျနော့်နာမည်ကို အော်ခေါ်လျှက်၊ ကျနော်က
သူ့အောက်မှာ မုဆိုးဒူးထောက်ထိုင်ပြီး ပစ်နေသည်ကို သူမသိ၊
“အောက်မှာရှိတယ်၊ အောက်မှာရှိတယ်” သူကိုအော်ပြီးပြောရသည်၊
ကျနော်က အော်တိုကို စေ့ဖ်လုပ်ပြီး တကဒ်လုံးဆွဲ ပစ်လိုက်သည်၊
ထိုစဉ် “အုန်း”…..”၀ုန်း”…“ဂျိန်း”ဆိုသောအသံ ကျယ်လောင်စွာ
နှစ်ကြိမ် ကြားလိုက်ရသည်၊ ခေတ္တမျှ တိတ်ဆိတ် ငြိမ်သက်သွားသည်၊
ကျနော်တို့ လမ်းကို ၀ရုန်းသုန်းကားနှင့် အပြေးအလွှား လမ်းဖြတ်
ကူးကြသည်၊ နောက်ကျတဲ့ ခြေထောက် သစ္စာဖေါက် ဆိုရိုးနဲ့အတူ
တနာရီလောက် ဆုတ်ခွာလာပြီးနောက် လူစစ် တန်းစီလုပ်သည်၊
ရဲဘော်တယောက် ပျောက်နေသည်၊
“ဟာ…….ရဲဘော်တယောက် ပျောက်နေပြီ…….ကိုသားချစ်
နောက်ကြောင်းလှည့်ပြီး ပြန်ရှာရအောင်”
ကျနော့်အား လှမ်းပြောသဖြင့် ကျနော်နှင့် တပ်ကြပ်ကြီးနှစ်ယောက်
ယခင်နေရာသို့ ပြန်လှည့်လာကြသည်၊ ညကမှောင်နေသည်။ ကားလမ်းမပေါ်
အရိပ်တခုလိုလို ဖြတ်ကနဲ တွေ့လိုက်ရတယ်၊ တဖက်မှလည်း ညည်းညူနေသည့်
အသံများ၊ ကားလမ်းမပေါ်တွင် မှောက်ရက်လဲနေသော ရဲဘော် တယောက်ကို
မှုန်ဝါးဝါး တွေ့လိုက်ရသည်၊ ထိုသူကား ……လမ်းလျှောက်ရင်း
လေလည်လာသော ရဲဘော်လေ။ ဖြစ်ပုံက သူ့ တင်ပါးမှာ
သေနတ်မှန်ထားသည်ကို တွေ့ရသည်။
ရန်သူမှာ
ကျနော်တို့ ဖြတ်မည့်လမ်းကို သတင်းရ၍ ပိတ်စောင့်နေခြင်းဖြစ်သည်၊
သို့သော် သူတို့က အင်အား (ရ)ဦးသာရှိသည်၊ မိနစ်သုံးဆယ်ကျော်
တိုက်ပွဲဖြစ်စဉ်အတွင်း လမ်းကိုဖြတ်ကူးပြီး သူတို့ ဘေးဘက်သို့
လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်းလိုက်သည်ဟု သိရသည်၊ ထိုတိုက်ပွဲ၌
ရန်သူ (၅)ယောက် ပွဲချင်း သေဆုံးသွားကြောင်း သိရှိရသည်၊
တယောက်မှာမူ အကြောက်လွန်၍ ပြေးရင်းအမောဆို့ပြီး
သေဆုံးသွားသည်ကို ထပ်မံသိရှိခဲ့ရသည်၊ ကျည်ဖြတ်ရာလမ်း၊
တိုက်ပွဲမဖြစ်မှီ ကွပ်ကဲမှု ဖြစ်ပွားပြီးနောက် ကွပ်ကဲမှု
ထိမ်းသိမ်းမှု ရန်သူကို ဖြိုခွင်းမှု နည်းပညာများကို စတင်လေ့လာ
သိရှိခွင့်ရခဲ့သည်။
ထိုစဉ်က
ကျနော်တို့ အသုံးပြုသော သေနတ်မှာ အမ်(၁၆)သေနတ်ဖြစ်သည်၊
အမေရိကန်လုပ်ဖြစ်သည်၊ သယ်ရသည် မှာ ပေါ့ပါးသည်၊ သို့သော်
အပိုကျည် ရှာရခက်သည်၊ ကျနော်ကြိုက်သည်က ရုရှား လုပ် အေကေ- ၄၇
ဖြစ်သည်၊ တော်လှန်ရေး အဖွဲ့များတွင် အသုံးများသည်၊ တရုပ် နှင့်
ဗီယက်နမ် ကလာသော လက်နက်များဖြစ်ကြသည်၊ ထိုသေနတ်ကို ပစ်ရသည်မှာ
စီးစီး ပိုင်ပိုင်ရှိလှသည်ကြံ့ခိုင်မှု အားကောင်းသည် ရေထဲမှာ
မြုပ်ထားပြီး အခုပြန်ဖေါ် ပြန်ပစ်၊ ရေစိုနေလဲ မီးမကူးသည့်
ပြဿနာမရှိ၊ ကြိုက်တဲ့အချိန်ပစ်၊ ကျည်ကတော့ ဝေါကနဲထွက်သည်၊
သို့ရာတွင် ညတိုက်ပွဲတွင် မူကား မီးရောင်ထွက် သည်ကိုမူ
မနှစ်မြို့နိုင်။

တန့်ယန်း
- သိန္ဒီ ကားလမ်း ဖြစ်ပွားသည့် တိုက်ပွဲသည်ကား ကျနော်တို့ အတွက်
ပွဲဦးထွက် တိုက်ပွဲ။
ထိုတိုက်ပွဲ
နောက်ဆက်တွဲ အခြေအနေများကို အနီးနားရှိ ရွာသားများက
အားရ၀မ်းသာစွာ လာပြောကြသည်၊ ရှမ်း၊ ကချင် လူထုရဲ့ မျက်နှာများက
အပြုံးရိပ်များ ထင်ဟပ်နေပြီး ကျေနပ်နှစ်သိမ့် နေကြသည်၊
စားစရာသောက်စရာများကလည်း တပွေ့တပိုက်၊ နအဖ စစ်ခွေးများ ပိုးလိုး
ပက်လက်ကြီးဖြစ် နေပုံများကို ပြန်ပြောကြသည်၊ သူတို့
ဖိနှိပ်မှုကြောင့် ခံစားနေရသော မွန်းကြပ်မှုများကို ကျနော်တို့
တိုက်ပွဲများက ဖြေဖျောက်ပေးနိုင်ခဲ့သည်။--လူထုသည်……….ရေ ၊
တော်လှန်ရေးသမားသည်…….. ငါး၊ ရေမရှိဘဲ ငါး မရှင် နိုင်သကဲ့သို့
လူထုမရှိဘဲ တော်လှန်ရေးသမားများ မည်သို့မျှ မရပ်တည်နိုင်။
လူထုတရပ်လုံးက
နီးရာဓါးကို ကြောက်နေကြရသည်၊ စီမံခန့်ခွဲမှု မှားယွင်းတဲ့
စီးပွားရေး ဒါဏ်ရာဒါဏ်ချက်များကြောင့် တုံဏိဘာဝေ ဖြစ်နေ
ကြရပြန်သည်၊ သို့သော် ပုဆိုးခြုံထဲက လက်သီးတော့ ဆုပ်နေကြသည်၊
ယခုတလော လူထုအသံကိုကြားနေရသည်၊ ဒီတခေါက်ဖြစ်လျှင်
ရှစ်လေးလုံးထက် ပိုဆိုးတော့မည်ဟု လူထုကြိမ်းဝါးသံများကို
အဆက်မပြတ် ကြားသိနေရသည်၊ လူထုက ချချင် နေပြီ၊ န.အ.ဖ
စစ်အုပ်စုကို မည်သည့်နည်းလမ်းနှင့် မည်သို့ ဆန့်ကျင်
အန်တုကြရမည်ကိုက မသိကြ၊ အထွေထွေ စီးပွားရေး ကျဆင်းမှုများကြောင့်
လူထုက ထွက်ပေါက်ပိတ်နေသည်။ ယခင် ကာလများ လူထုတွင် ဆန်အိုးထဲ၌
ဆန်များရှိနေကြသည်၊ ယခုမှာမူ ဆန်အိုးထဲသို့ ခပ်ကြည့်သောအခါ
တဂျစ်ဂျစ် မြည်သံကိုသာ ကြားရတော့သည်။ အဲဒီမြည်သံတွေထဲ ဒေါသသံ
ရောပြွမ်းနေပြီလား မသိ။
တော်လှန်ရေးသမားများ၏
အဓိကတာဝန်မှာ လူထုအား မိမိကိုယ်မိမိ ယုံကြည်မှု လက်နက်တပ်ဆင်ရေး
နှင့် စစ်အာဏာရှင် ပြုတ်ကျစေရန် နည်းလမ်းများ ကြံဆတီထွင်
ဖေါ်ထုတ် တိုက်ပွဲဝင်ရေးဖြစ်သည်၊ အဓိကထား လုပ်ရမှာက မိမိတို့
တည်ဆောက်ထား သော ယူဂျီဆဲလ်များပင် ဖြစ်သည်၊ တိုင်းပြည်ကို
စစ်အာဏာရှင် စနစ်အောက်မှ အမြန်ဆုံး လွတ်မြောက်စေလိုလျှင် အထက်ပါ
လုပ်ငန်းများကို တစိုက်မတ်မတ် ဇောက်ချလုပ်ကိုင်ရန်
လိုအပ်လာနေပြီ ဖြစ်သည်၊ နိုင်ငံရေးဆိုသည်မှာ အဆက်မပြတ်
လှုပ်ရှားမှုများ ဖေါ်ထုတ်ရေးဖြစ်သည်၊ ပြည်တွင်း၌ အနစ်နာခံ
ကိုယ်ကျိုးမငဲ့ စွန့်လွှတ် လုပ်ကိုင်နေကြသော
ကိုမင်းကိုနိုင်တို့ရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုများက
လူထုအတွက် အားသစ် သွေးသစ်လောင်းပေး နေသလိုသာ။
x x x |