|
ဝဋ်လည်နေပြီ
တပ်ကြပ်ကြီးဟောင်း- မြင့်သိန်းဦး

ကျနော်ငယ်ငယ်တုန်းက
ရေဒီယို၊ သတင်းစာတွေမှာ ဖတ်ဖူးကြားဖူးတာ တခုရှိတယ်၊ အဲဒါကတော့ အစိုးရကို
ဆန့်ကျင်တိုက်ခိုက် နေတဲ့ သူပုန်အဖွဲ့ တွေ သောင်းကျန်းသူအဖွဲ့တွေမှာ
ကလေးစစ်သားတွေ အများအပြားရှိနေတယ်၊သုံးနေတယ်ဆိုတဲ့ အကြောင်း ဖြစ်ပါတယ်။
စစ်တပ်က ရိုက်ပြတဲ့
ဇာတ်လမ်းတွေမှာဆိုရင်လည်း နယ်စပ်ဒေသတွေမှာ ကလေးစစ်သားတွေ အနိုင်ကျင့်
စုဆောင်းနေတဲ့ ပုံတွေ၊ ကလေးစစ်သားတွေကို လေ့ကျင့်ရေးသင်တန်းပေးနတဲ့ပုံတွေကို
၁၉၇၅ နဲ့ ၁၉၈၆ လောက်အတွင်းမှာ ကျနော် ကြည့်ခဲ့ရ ဖူးပါတယ်။
ကျနော် ၁၀ တန်းအောင်တော့
မိဘကလည်း ဆင်းရဲပြန်၊ ကျောင်းနေဖို့ကလည်း ကျနော့်မှာ အခက်အခဲရှိပြန်ဆိုတော့
၁၉၇၉ ခုနှစ်မှာ ကျနော် စစ်တပ်ထဲကို ၀င်လိုက်မိတယ်၊ အဲဒီတုန်းက ကျနော့်စိတ်မှာ
စစ်တပ်ဆိုတာ မှန်တာလုပ်ရင် ကြိုးစားရင် အခွင့်အေရေး ရနိုင်တယ်လို့ တွေးမိ
လို့ပါ၊နောက်စစ်တပ်ထဲရောက်မှ သိလိုက်ရတာက စစ်တပ်မှာ အလိုက်သင့်နေမှ အထက်
အရာရှိ ကို ကပ်နိုင်ဖားနိုင်မှ ရာထူးတိုးတယ်၊ နေရာ ရနိုင်တယ်ဆိုတာ
သိလိုက်ရပါတယ် ။
ဖြစ်ချင်တော့ ကျနော်
ရှစ်လေးလုံးရေးတော်ပုံမှာ ပါဝင်လှုပ်ရှားလို့ စစ်တပ်က
အထုတ်ခံလိုက်ရပါတယ်၊ဘာခံစားခွင့်မှ မရပါဘူး၊ ခေါင်းဆောင် လှုပ်ရှားတဲ့
သူတွေကတော့ ၅ နှစ်ကနေ နှစ်၂၀ အကြား ပြစ်ဒဏ်တွေ ခွဲခြားပြီး ထောင်ချခံရပါတယ်၊
စစ်တပ်ထဲမှာ ကျနော်တွေ့ခဲ့တဲ့ အကြောင်း ဆက်ပြောပြပါမယ်။
စောစောက ပြောခဲ့တဲ့
ကလေးစစ်သားဆိုတာ အခုမှရှိတာ မဟုတ်ပါဘူး၊ ဟိုအရင် ကတည်းက ရှိခဲ့တာပါ။ လူတွေက
သတိမထား ခဲ့ကြလို့ပါ၊အဲဒါကတော့ နယ်စပ် တွေမှာ မိဘမဲ့ တိုင်းရင်း သားကလေးတွေကို
စစ်တပ်ထဲမှာ ခေါ်လာပြီး အသက် ဆယ့်ရှစ်နှစ် အရွယ်ရောက်တဲ့အထိ ကျွေးမွေးထားပြီး
စာသင်ပေးပါတယ်၊သူတို့ကို စစ်သားလောင်းကလေးတွေလို့ သတ်မှတ်ပြီး “ရဲညွန့်”လို့
အမည်ပေးပါတယ်၊ အသက်ဆယ့်ရှစ်နှစ် ပြည့်တဲ့အခါမှာ တရားဝင်စစ်သား အမည်စာရင်း
သွင်းပေးပြီး စစ်သား လုပ်စေခဲ့တာပါ။
ခုခေတ်မှာတော့
နယ်စပ်တွေမှာရှိတဲ့ တိုင်းရင်းသားတွေကလည်း အမြင်ပေါက်ပြီး မြို့ပေါ်မှာ
ကျောင်းထားကြ။ တချို့က နီးစပ်ရာ တဖက်နိုင်ငံတွေမှာ လူကြီးတွေ နဲ့တွဲပြီး
ထွက်အလုပ်ကြဆိုတော့ နအဖမှာ “ရဲညွန့်”စုဆောင်းဖို့ ခက်လာတယ်။ ရှစ်လေးလုံး
အရေးတော်ပုံ နောက်ပိုင်းမှာ အများသိကြတဲ့ အတိုင်း စစ်တပ်ထဲကို ၀င်တဲ့လူ
အတော်နည်းသွားတယ်၊ စစ်တပ်ကလည်း လူအင်အားလိုနေတာ့ မရ ရတဲ့နည်းနဲ့ ပထမဆုံး
အခြေအနေမဲ့လူငယ်တွေကို စည်းရုံးပြီး စစ်တပ်ထဲသွင်းတယ်။ နောက်တော့
စာမေးပွဲကျလို့ စိတ်ပျက်နေတဲ့ ကျောင်းသားလူငယ်တွေ၊မသိနား မလည်တဲ့
တောသားလူငယ်တွေကို မက်လုံးပြပြီး စည်းရုံးသိမ်းသွင်းတယ်။ အခုဆိုရင် ညဘက်
အချိန်မတော် ထွက်မိတဲ့ ကလေးတွေ၊ မင်္ဂလာဒုံဈေးဘက် ယောင်လည်လည် လုပ်မိတဲ့
ကလေးတွေကို ဖမ်းဆီးခြောက်လှန့် သိမ်းသွင်းတာလုပ်လာတယ်၊တချို့ တောကျတဲ့
နေရာတွေမှာ ကျေးရွာလူကြီးတွေကို ခြောက်လှန့်ပြီး စစ်သားခွဲတမ်းတောင်းတယ်၊
ဒါတွေဟာ ပုံပြင်တွေမဟုတ်ပါဘူး၊လက်တွေ့ ကြုံရ၊ ခံရတဲ့သူတွေ အများကြီးပါ။
မနှစ်တုန်းကဆို
ကျနော့်တူလေး ညဘက်ကျူရှင်အပြန်မှာ မေးစရာရှိလို့ဆိုပြီး ခေါ်သွားရာက
ရှာမတွေ့လို့ ဟိုရှာဒီရှာနဲ့ မရတဲ့နောက်ဆုံးမှာ ကျနော့်အမ ရောက်လာပြီး
ပြောပြတော့ ကျနော်လည်း ကြံရာမရ မင်္ဂလာဒုံစုဆောင်းရေး သွားစုံစမ်းမိခဲ့တယ်၊အဲလို
စုံစမ်းဖို့ အကြံရတာ ကလည်း ကျနော့်မှာ အကြောင်းရှိပါတယ်၊ လွန်ခဲ့တဲ့
၂၀၀၃-ခုနှစ်လောက်က ကျနော် အညာဘက် ခရီးသွားမလို့ ရန်ကုန်ဘူတာကြီးမှာ
ရထားစောင့်နေတုန်း ကျနော်နဲ့ တပ်ရင်း တရင်းထဲ နေခဲ့ဖူးတဲ့ ပြောမနာ၊ ဆဲမနာ
သူငယ်ချင်းကို ယူနီဖောင်း အပြည့်အစုံနဲ့ ပြန်ဆုံပါတယ်၊ ကျနော်က
ဘယ်မှာတာဝန်ကျနေလဲမေးတော့ သူက စစ်သားစုဆောင်းရေးမှာ အခုတာဝန်ကျ နေကြောင်း၊
အခုစစ်သားလူသစ်တွေ လေ့ကျင့်ရေးကျောင်းကို သွားပို့မှာဖြစ်ကြောင်း
ရှင်းပြပါတယ်။
ကျနော်က စစ်သားလူသစ်
ဆိုတဲ့သူတွေ ကြည့်လိုက်မိတော့ တချို့က နှပ်ချေးတွဲလောင်းနဲ့
ဘောင်းဘီအတိုလေးတွေနဲ့ အသက် ၁၂ နှစ်နဲ့ ၁၇ နှစ်အကြား ကလေးအများစုတွေပါ၊တချို့က
ဝက်ရူးပြန်သလို ဖြစ်နေတဲ့ ကလေးတွေတောင် ပါတာမြင်ရပါတယ်၊ ဒါနဲ့ ကျနော်က
ဒီကလေးတွေနဲ့ စစ်တိုက်မှာလားလို့ မေးကြည့်တော့ `အဲဒါ
ကျနော့်အလုပ်မဟုတ်ဘူး´လို့ ရယ်ရယ်မောမောနဲ့ အဓိပ္ပာယ် များစွာဆောင်တဲ့
အပြုံးနဲ့ ပြန်ဖြေပါတယ်။ `ကျနော့်အလုပ်က ဒီကလေးတွေ ထွက်မပြေးအောင်
ဒီလူအရေအတွက် အတိုင်း လေ့ကျင့်ရေးကျောင်းကို ပို့ပေးရမှာဗျ´လို့
ပြန်ပြောပါတယ်။
အခုလည်း ကျနော်တူ
ရှာတွေ့ဖို့အရေး သူ့ကို ကျနော် ပြေးသတိရမိပါတယ်၊ ဖြစ်ချင်တော့ ကျနော့်
သူငယ်ချင်းက စုဆောင်းရေး တပ်မှာ တာဝန်ကျနေဆဲ ဖြစ်နေတာနဲ့ သူ့အကူအညီကြောင့်
ကျနော့်တူလေးကိုပြန်တွေ့ပြီး ငွေ နှစ်သောင်းလောက် အကုန်ခံပြီး
ပြန်ထုတ်ခဲ့ရတယ်၊ ပြီးခဲ့တဲ့ လက ဒုတိယ တူတယောက် ထပ်ပျောက်သွားပြန်တယ်၊
ဒီတခါတော့ ကျနော့်သူငယ်ချင်း စစ်သား စုဆောင်းရေးတပ်ကနေ ပြောင်းသွားတော့
ကျနာ့တူ အငယ်ကောင်ကို ပြန်ကယ်ထုတ်ဖို့ မတတ်နိုင်တော့ဘူး။
နိုင်ငံတကာ
ကလေးအခွင့်အရေး ကာကွယ်သူများ အဖွဲ့က မြန်မာ နအဖစစ်တပ်ထဲမှာ ကလေးစစ်သားတွေ
ရှိနေတယ်၊ ရှစ်သောင်းလောက် ရှိမယ်ဆိုတာကို သတင်းစာရှင်းလင်းပွဲကနေ ကမ္ဘာသိအောင်
တရားဝင် ငြင်းဆန်ပေမယ့် ထိုင်း မြန်မာ နယ်စပ်ကို ထွက်ပြေးလာတဲ့ ကလေးစစ်သားတွေက
နအဖရဲ့ အပြောနဲ့ အလုပ် ကွာဟချက်ကို သက်သေပြနေပါတယ်၊
ကလေးစစ်သားရှိတယ်
မရှိဘူးဆိုတာ သိနိုင်ဖို့ မြန်မာနိုင်ငံထဲက စစ်သင်တန်းကျောင်းတွေ။
စစ်သားစုဆောင်းရေးတပ်တွေကို လူ့အခွင့်အရေးအဖွဲ့တွေ ၀င်ရောက်
အစစ်ဆေးခံနိုင်ပါသလားလို့ ပြောရင်၊မေးရင် နအဖစစ်ဗိုလ်ချုပ် ကိုယ်တော်မြတ်တွေက
ရွှေစိတ်တော်ဆိုးပြီး ကျနော့်ကို “ပြည်ပအားကိုး ပုဆိန်ရိုး၊အမေကျော် ဒွေးတော်
လွမ်းတဲ့အကောင်”လို့ အမည်တပ်ပြီး ပုဒ်ထီး၊ပုဒ်မ အမျိုးမျိုးနဲ့ အင်းစိန်က
ဂိုထောင်ကြီးထဲပို့မှာ မလွဲဘူးထင်တယ်။
တချိန်တုန်းက
တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကို ကလေးစစ်သား သုံးနေပါတယ်လို့ ပြောခဲ့
စွပ်စွဲပုတ်ခတ် ပြောဆိုခဲ့တဲ့ နအဖစစ်တပ်ဟာ ခုချိန်မှာ ကလေးစစ်သားသုံးတဲ့
အလုပ်ကို သူကိုယ်တိုင် စစ်သားအင်အား မများ၊များအောင် မလုပ်မဖြစ် လုပ်နေရလို့
“၀ဋ်လည်နေပြီလို့” ပြောလိုက်ပါရစေတော့။
x x x
၂၂။၆
|