သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

 

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်း ကွယ်လွန်

မတ် ၂၈။ HT

စင်ကာပူ နိုင်ငံတွင် ဆေးကုသခံနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းသည် ယနေ့ည ၈ နာရီ ၁၅ မိနစ်က အစာအိမ်ကင်ဆာရောဂါဖြင့် စင်ကာပူ ဆေးရုံတွင် ကွယ်လွန်သွားသည်။ ကျိုက်မရော လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းသည် စက်တင်ဘာ ၂၇ ရက် ရွှေဝါရောင် တော်လှန်ရေးကာလက အဖမ်းခံခဲ့ရပြီး အောက်တိုဘာ ၃၀ ရက်နေ့က ပြန်လွတ်လာခဲ့သည်။ လွတ်မြောက်ပြီး ကင်ဆာရောဂါ ဖြစ်နေကြောင်း သိရှိရသဖြင့် စင်ကာပူ နိုင်ငံသို့ လာရောက် ဆေးကုသခံခဲ့သည်။

အာဏာလွှဲပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြောပြန်

မတ် ၂၇။ HT

အေအက်ဖ်ပီ

ကွယ်လွန်တော့မည်၊ နောက်ဆုံးအခြေ ရောက်နေပြီဟု မြန်မာနိုင်ငံသားများ အကြားတွင် မကြာခဏ ရေပန်းစားနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၆၃ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်၍ မိန့်ခွန်းပြောကြားသွားသည်။

ယခင် ကာကွယ်ရေးဦးစီးချုပ်များကဲ့သို့ စစ်ကြောင်းများရှေ့ လမ်းလျှောက်၍ တပ်ကို စစ်ဆေးခြင်း မပြုနိုင်ဘဲ မာစီဒီးအမိုးဖွင့်ကားဖြင့် တပ်များကို စစ်ဆေးနေရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (၇၄ နှစ်)သည် ကိုယ်လက် အမူအရာများ သွက်သွက်လက်လက် မရှိတော့ပေ။ တော်လှန်ရေးနေ့ စစ်ရေးပြပွဲကို ၁၉၄၅ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း “အနီးကပ်ဆုံး ရန်သူကို ရှာတိုက်”ဟု စစ်ထွက်မိန့်ခွန်းပြောခဲ့သည့် နေရာတွင် လွတ်လပ်ရေး ရပြီးနောက် နှစ်စဉ် ကျင်းပခဲ့သည်။ ကျပ်ပြေးဒေသကို နေပြည်တော် အမည်ဖြင့် မြို့တော်သစ် ဖွင့်လှစ်ပြီးနောက် တပ်မတော်နေ့ စစ်ရေးပြပွဲကို ကျပ်ပြေးတွင် ပြောင်းလဲ ကျင်းပခဲ့သည်။

“အခြေခံဥပဒေမူကြမ်းက ရေးဆွဲပြီး ဖြစ်တဲ့အတွက် လာမယ့်မေလမှာ လူထုဆန္ဒခံယူပွဲ ကျင်းပသွားမယ်။ တဆက်တည်း အခြေခံဥပဒေနဲ့အညီ ၂၀၁၀ ခုနှစ်မှာ ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကျင်းပသွားမယ်”ဟု လေဖြတ်ခံထားရသည်ဟု သတင်းထွက်နေခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စစ်ရေးပြ စစ်ကြောင်းများကို မိန့်ခွန်း ပြောကြားသည်။ “တပ်မတော်အစိုးရဟာ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို မလွှဲသာမရှောင်သာ ရယူလိုက်ရပြီးတဲ့နောက် အာဏာအရပ်ရပ်ကို ပြည်သူ့ထံသို့ ပြန်လည်လွှဲပြောင်းပေးရေအတွက် တရံမလပ် ပြင်ဆင်ခဲတာ ဖြစ်တယ်”ဟု ဒုတိယအကြိမ်မြောက် အာဏာသိမ်းသက်တမ်း နှစ် ၂၀ ပြည့်တော့မည်ဖြစ်သော မြန်မာစစ်တပ်၏ အကြီးအကဲက ပြောကြားသည်။ အင်အား ၁၃၀၀၀ ရှိ စစ်ကြောင်းများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၁၅ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။

တို့ဗမာအစည်းအရုံး ခေါင်းဆောင်တဦးဖြစ်သူ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ ၏ နေအိမ်တွင်လည်း တော်လှန်ရေးနေ့ မိတ်ဆုံစားပွဲ ကျင်းပခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထက် ၁၈ နှစ် ကြီးသော သခင်သိန်းဖေက အမျိုးသားညီညွတ်ရေးနှင့် နိုင်ငံငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြရန် ပန်ကြားသွားသည်။

 

ရွှေဂုံတိုင် အုတ်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် လူငယ်များက “ပြတ်ပြတ်သားသား ဆန့်ကျင်ကြ No”ဟု ရေးထားသည့် အကျီများ ၀တ်ဆင် ဆန္ဒပြခဲ့သည်။ ကုလသမဂ္ဂ အလံနှင့် အနီရောင်တွင် ကြယ်တပွင့်ပါ ဖက်ဆစ်တော်လှန် ရေး အလံများ ကိုင်ဆောင်လာကြသည်။

 

(ဟစ်တိုင်)

ရန်ကုန်မှာ မသင်္ကာဖွယ် သံဃာတုများပေါ်နေ

မတ် ၂၆။ တေဇ

ရန်ကုန်မြို့ထဲတွင် ယခု မသင်္ကာဖွယ် သံဃာအတုများ အများကြီး တွေ့ရလျက် ရှိသည်။ ထိုသံဃာတုများသည် ရဟန်းဝိနည်းနှင့် ဆန့်ကျင်၍ လမ်းသွားလမ်းလာ များကို သူတောင်းစားသဖွယ် ပိုက်ဆ

ံတောင်းခြင်း၊ လူအများ မြင်ကွင်းတွင် မိုက်မိုက်ရိုင်းရိုင်း ပြောဆိုရန်လုပ်ခြင်းများ လုပ်ကြသည်။

မတ်လ၁၅ ရက်နေ့ နေ့လယ် ၁:၃၀ လောက်က ဆိပ်ကမ်းသာလမ်း အပေါ် ဘလောက်မှာ သံဃာအတုတစ်ပါးနှင့် လူထု ပြဿနာ တက်သွားခဲ့သည်။ ထိုသံဃာတုက ပိုက်ဆံတောင်းတာ မိန်းကလေးများကိုသာ တောင်းသည်။ တောင်းတာကို အနည်းဆုံးငွေ ၂၀၀ ကျပ်လောက်ပေးဖို့ ပြောကြားသည်။ အနည်းဆုံး ၂၀၀ ကျပ်မပေးတဲ့သူဆိုလျှင် ပေးတာနည်းတယ်ဆိုပြီး ငွေပေးတဲ့လက်ကိုရိုက်ပြီး မိုက်မိုက်ရိုင်းရိုင်းများ ဆဲဆိုသည်။ လူတွေကတော့ သင်္ကန်းနဲ့ဆိုတော့ ဘာမှမပြောဘဲ ရှောင်ရှောင်သွားခဲ့ကြသည်။

ထိုအချိန်တွင် ကျုရှင်ကပြန်လာသည့် မိန်းကလေးတစ်ယောက်ကို သံဃာတုက ပိုက်ဆံတောင်းသည်။ လူများက  ဘာများဖြစ်မလဲဟု ၀ိုင်းကြည့်နေကြရာ မိန်းကလေးက ငွေ ၅၀ တန်လေးတစ်ရွက်ကို လှူပေးသည်။ ထိုခါ သံဃာတုက မိန်းကလေးလက်ကို ရိုက်လိုက်တာ မိန်းကလေးကိုင်ထားသည့် စာအုပ်ဖိုင်လေး က အောက်ကိုကျပြီး မိန်းကလေးက ငိုမဲ့မဲ့လေး ဖြစ်သွားသည်။

အဲဒီအချိန်မှာ မိန်းကလေးကို လာကြိုသည့် ကောင်လေးတစ်ယောက် ရောက်လာပြီး “ဘာဖြစ်တာလဲ”လို့မေးတာကို သံဃာတုက ကောင်လေးကို ဆဲဆိုပြီး ထိုးကြိတ်မည် လုပ်နေ၍ ကောင်လေးသူငယ်ချင်းတွေပါ ရောက်လာပြီး ထိုးကြိတ်မည့် အခြေအနေထိ ဖြစ်ကုန်ခဲ့သည်။ ဘေးကလူကြီးတွေက ၀ိုင်းပြော၍ ဘာမှမဖြစ်ခဲ့ပါ။

သံဃာများကို လူထုက လက်ချင်းချိတ် ကာကွယ်ပေးခဲ့သည့် စက်တင်ဘာ ကံဆောင်ပွဲမြင်ကွင်း (prachatai.com)

ကောင်လေးတစ်ယောက်က မကျေနပ်ဘဲ “အဲဒီလောက် မိုက်ရိုင်းတာ ဘုန်းကြီးအစစ် မဖြစ်နိုင်ဘူး။ ကျောက်တံတားရဲစခန်းကို တိုင်မယ်”ဆိုပြီး ရဲစခန်းကို ဖုန်းဆက်သည်။ ရဲစခန်းက “အဲဒါ ကျနော်တိုနဲ့မဆိုင်ဘူး။ သံဃာနာယကကို တိုင်ပါ”ဟု ပြန်ပြောခဲ့သည်။ လူကြီးတွေက “အဲဒါ စစ်တပ်က ကောင်တွေပဲ ဖြစ်မယ်”ဟု ၀ိုင်းပြောကြသည်။

လူငယ်များက မကျေနပ်ကြပါ။  လူတွေစုရုံးလာသဖြင့် ဘုန်းကြီးတုလည်း ဟိုလိုလိုဒီလိုလိုနဲ့ ဘားလမ်းဆူးလေဘက်ကို ထွက်သွားသည်။ “အဲဒီလို ဖြစ်နေတာက ရန်ကုန်မှာ များနေပြီ”လို့လဲ အများက ပြောကြသည်။ “စစ်တပ်က သံဃာတွေကို ပြည်သူတွေက အထင်လွဲအောင်လို့ လုပ်နေတာ” သိရှိလိုက်သူများက မှတ်ချက်ချကြသည်။ 

“ပြည်သူတွေကြားမှာ ပုံစံအမျိုးမျိုးနဲ့ ၀င်ရောနေပြီး စိတ်အနှောက်အယှက်ဖြစ်အောင် အမျိုးမျိုး လုပ်နေကြတယ်။သက်ဆိုင်ရာ တာဝန်ရှိသူတွေ့က မသိသလို နေနေကြတော့ ပြည်သူတွေမှာ တော်တော်လေးကို စိတ်သောကရောက်နေရတယ်။ လူတိုင်းကတော့ အဲဒီလိုလုပ်တာ သံဃာအစစ်တွေ မဟုတ်ဘူးဆိုတာကို အားလုံးက လက်ခံကြတယ်”ဟု ရန်ကုန်မြို့လယ်တွင် နေ့စဉ် အလုပ်ဆင်းရသော ကုမ္ပဏီဝန်ထမ်း လူငယ်တဦးက ပြောကြားသည်။

ဆနခံယူပွဲအတွက် အကွက်ချလုပ်နေ

မတ်လ ၂၅။ တေဇ

ဆနခံယူပွဲအတွက် အင်တာနက်ဆိုင်များအား  ကွန်ပျူတာ ၁ လုံးစီ မဲပေးခွင့်ရှိသူ စာရင်းပြုစုရန် တောင်းကြောင်း သတင်းရရှိသည်။

မကူညီနိုင်သည့် (မပေး)ဆိုင်များအား လိုင်စင်သိမ်းမည်၊ အင်တာနက်ဆိုင်များ မရှိတဲ့မြိုနယ်များဆိုလျှင် ကွန်ပျူတာ စာစီစာရိုက်ဆိုင်များမှ  ပေးရမည်။ ပြုစုထားသော မဲပေးခွင့်ရှိသူစာရင်းကို မတ်လ ၅ ရက်နေ့ကိုအပြီးပေးရမည်။စာစီစာရိုကရန် အတွက်ကိုလည်း  အကူအညီပေး ရမည်။ လူထုဆန္ဒ ခံယူပွဲ အတွက်စစ်အစိုးရက ကော်မရှင်အဆင့်ဆင့်သို့ စာပို့ပေးထားသည်။ရန်ကုန်မြိုအနီးအနားမြိုနယ်များမှ အခက်အခဲ့သိပ်မတွေ့သော်လည်း နယ်များတွင် အခက် အခဲများ တွေ့နေသည်။ပြုစုထားတဲ့စာရင်းကလည်း (အေ-ဖိုး)ဆိုဒ်ဖြစ်ရမည်။နယ်များတွင်မူ စစ်တပ်ကအရာရှိအချို့က ကျောင်းဆရာများမှတဆင့် ကျောင်း သား မိဘတွေများကို မဲဆွယ်စည်းရုံးရေးတွေကိုပြုလုပ်နေသည် ။ကျောင်းဆရာမတွေ့အတွက် လိုသည့် အရာများကို ဖြည့်စည်းပေးနေသည်။

ရန်ကုန်မြို့ လူစည်ကားတဲ့နေရာတွင် အေးလွင်တို့အဖွဲ့များမှ  လက်ကမ်းစာစောင်များကို ဝေပြီးစည်းရုံးရေး လုပ်ဆောင်နေသည်၊ အမျိုးယုတ်တွေ ပေးတဲ့စာစောင်များဟုဆိုကာ လူများက လုံးချေပြီးလွင့်ပစ်ကြသဖြင့်  ပြည်သူများမှ လက်မခံမှန်းသိချိန်တွင် ကားပေါ်ကနေပြီး ပစ်သွားခြင်း မျိုး လည်း လုပ်လာပါသည် ။အဲဒီအတွက်ပြည်သူတွေ့ကတော်တော်လေးကိုမကျေမနပ်ဖြစ်နေကြသည်။သတင်းစာတွင်မူ ဆန္ဒခံယူပွဲကို နှောက်ယှက်၊ စည်းရုံးမှူ များ လုပ်လျှင် ထောင်ဒဏ် ၃နှစ်(သို့) ငွေဒဏ် ၁သိန်းလိုကြော်ငြာထားပြီး သူတို့လို့တဲ့သူတွေ့ကိုတော့ လုပ်ချင်တိုင်း လုပ်ခွင့် ပေးထားပြီး ဘေးနားမှာ အစောင့် အရှောက်များတောင် ပါလိုက်သေးကြောင်း မျက်မြင်များမှပြောဆိုသည်။ ပြည်သူတွေစုမှာ အတော့်ကို မကျေမနပ်ဖြစ်နေကြကြောင်း သိရှိရပါသည်။

ရွှေတိဂုံစေတီ ရင်ပြင်မှ မီးရှို့မှု

မတ် ၂၄။ ရဲဇင်

Helmut Schadt/flickr

ဘုရားဖူးများ နားနားနေနေ တွေ့ရသည့် ရွှေတိဂုံညချမ်းတခု

ရွှေတိဂုံစေတီတွင် တပေါင်းလပြည့်နေ့က ဘုရားဖူးတဦး မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။ တပေါင်းလပြည့်နေ့သည် ရွှေတိဂုံ စေတီ၏ ဘုရားပွဲနေ့ ဖြစ်ပြီး တပေါင်းပွဲအတွက် လူများ ဘုရားပေါ်တွင် ပြည့်ကျပ်နေတတ်ပါသည်။

အဆိုပါ ပုဂ္ဂိုလ်သည် အသက် ၄၀ ကျော် ဟူ၍လည်းကောင်း အသက် ၂၆ နှစ်ခန့် ဟူ၍လည်းကောင်း ပြောဆိုကြပြီး ည ၈ နာရီကျော်ခန့် ဘုရားပေါ်တွင် လူများ စုဝေးကြိတ်ကြိတ်တိုးနေစဉ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ အသင့် ယူဆောင်လာသော ဓာတ်ဆီများဖြင့် မိမိကိုယ်ကိုယ် ပက်ဖြန်းပြီးနောက် ကိုယ့်ကိုယ့်ကိုယ် ပြန်ရှို့လိုက်ကြောင်း သိရသည်။ အချို့က မီးမရှို့မီ “စစ်အစိုးရ ကျဆုံးပါစေ”ဟု ကြွေးကြော်သွားသည်ဟုလည်းကောင်း၊ အချို့က မည်သို့မျှ ကြွေးကြော်ခြင်း မရှိဘဲ ချက်ချင်း သူ့ကိုယ်သူ မီးရှို့လိုက်သည်ဟုလည်းကောင်း အမျိုးမျိုး ပြောကြသည်။

ဘုရားဖူးများ ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး ဘုရားရဲများနှင့် ဂေါပကလူကြီးများပါ ရောက်ရှိလာကြသည်။ မီးကို ၀ိုင်းငြှိမ်းပေးလိုက်ကြသဖြင့် အသက်မသေသော်လည်း ခန္ဓာကိုယ်ပေါ်ရှိ အ၀တ်အစားများနှင့် အပေါ်ယံ အရေပြားများ မီးစားပျက်စီးသွားခဲ့သည်။ အရေပြား မီးလောင်ကျွမ်းမှု ရာနှုန်းမည်မျှ ရှိမည်ကို မသိရသေးသော်လည်း စိုးရိမ်ဖွယ် အခြေအနေတွင် ရှိကြောင်း နောက်ဆက်တွဲ သိရပါသည်။

“အရေပြား ပျက်စီးနှုန်း အရမ်းများပြီဆိုရင်တော့ ချက်ချင်း မသေပေမယ့် ကြာကြာ အသက်ရှင်ဖို့ မလွယ်ဘူး။ လူ့ကိုယ်ထဲ ရောဂါပိုးမွှားတွေ မ၀င်အောင် ဒီအရေပြားက ဒိုင်းလို ကာပေးထားရတာ။ သူပျက်စီးပြီ ဆိုတည်းက infection (ကူးစက်မှု) ၀င်လွယ်မယ်။ ဒါကို သူ့ကိုယ်က မခုခံနိုင်တော့ဘူး”ဟု ရန်ကုန်တက္ကသိုလ် ကြက်ခြေနီတပ်ဖွဲ့ဝင် တဦးက ပြောကြားပါသည်။

ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ဆောင်ထားသော ထိုလူနာအား ရဲများ စောင့်ကြပ်လျက် ရှိပါသည်။

----------------------------------------------

သံဃာတော်များ စာပြန်ပွဲကို သပိတ်မှောက်

မတ် ၁၉။ သားဆိုး

thehumanist.com

သံဃာတော်များ၏ ရွှေဝါရောင် တော်လှန်ရေး၊ ရန်ကုန်-စက်တင်ဘာ ၂၀၀၇

နှစ်စဉ် ကျင်းပမြဲဖြစ်သော တပေါင်းလ စာပြန်ပွဲကို စာသင်သား သံဃာများက သပိတ်မှောက်ကြသဖြင့် စာပြန်ပွဲဝင်မည့် သံဃာအရေအတွက် အများစု ဖြေဆိုမည် မဟုတ်ကြောင်း သိရသည်။

“ဦးဇင်းတွေ ပြန်သွားကြပြီ။ ကျောင်းမှာ အပါး ၂၀ လောက်ပဲ ရှိတော့တယ်”ဟု ရွှေဝါရောင်တော်လှန်ရေးပြီးနောက် ရန်ကုန် ဘုန်းကြီးကျောင်းများမှ သံဃာတော်များ နယ်ပြန်လွှတ်ခံရသည့် အခြေအနေကို ရန်ကုန် စာသင်တိုက်ကြီး တခုမှ အရှင်ခေမာသာရက မိန့်ကြားပါသည်။ “စာမေးပွဲလဲ မဖြေကြတော့ဘူး။ သပိတ်မှောက်လိုက်တယ်လေ”ဟု ဆက်လက် မိန့်ကြားသည်။

စာသင်တိုက်ကြီးများတွင် ရန်ကုန်မြို့ခံ သံဃာ အနည်းအကျဉ်းသာ ကျောင်းတွင် ကျန်ရစ်ပါသည်။ နယ်မြို့များ (အထူးသဖြင့် အထက်အညာ၊ မြေလတ်၊ မြစ်ဝကျွန်းပေါ်)မှ လာရောက် စာဝါလိုက်နေသော စာသင်သား ကိုယ်တော်များကို အာဏာပိုင်များက မူလရပ်ရွာသို့ အဓမ္မ ပြန်စေခဲ့သည်။ “ဦးဇင်းတွေ အများကြီး စာဖြေပွဲ ၀င်မှာ မဟုတ်ဘူး။ ထင်တာ ၇၀ ရာနှုန်းလောက် ရှိမယ်”ဟု ဦးဇင်းငယ်တပါးက မိန့်ကြားသည်။

အခြေပြု မူလတန်းဝင်မည့် ကိုရင်ငယ်များနှင့် ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ဓမ္မာစရိယတန်း စာဖြေပွဲဝင်မည့် သံဃာများမှာ စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ ယခုအခါ စာမေးပွဲ ဖြေဆိုမည့် စာသင်သား ဦးဇင်းငယ်များ စာသင်တိုက်ကြီး များတွင် မရှိတော့သလို နယ်မှ စာစစ်ဌာနများ ရှိရာ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူမြို့များသို့ ပြန်ရောက်လာနိုင်ရန်လည်း မလွယ်ကူကြောင်း သိရှိရပါသည်။ သံဃာတော်များက စာမေးပွဲကို သပိတ်မှောက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကလည်း လှုံ့ဆော်ထားပါသည်။

“ကျမတို့ ဦးဇင်းတွေလဲ ဘယ်ရောက်နေမှန်းကို မသိတော့ဘူး။ နယ်ကြွတဲ့ ကိုယ်တော်လဲ ပြန်ကြွသွားရပြီ။ ကိုယ်တော်လေးတွေက မိဘလဲချို့ငဲ့၊ ဘာမှလဲ ပြည့်ပြည့်စုံစုံ ထောက်ပံ့ခံရတာ မဟုတ်ဘူး။ ဒါတောင် ပျော်ပျော်ကြီး ဆက်ဝတ်နေကြတာ၊ ဦးဇင်းတွေ၊ ကိုရင်တွေ ကြည့်လိုက်ရင် အမြဲတက်ကြွနေတာပဲ”ဟု ဒကာမ တဦးက ပြောပါသည်။

ထိုင်းအလုပ်ရှင်များက မြန်မာအလုပ်သမား ၃ဦးအား ရိုက်နှက်၊ မြန်မာ အလုပ်သမား(၈၀)အား အလုပ်ဖြုတ်ပစ်ခဲ့

(မတ်လ ၁၉ရက်။ သောင်ရင်းနဂါး)

          ထိုင်းအလုပ်ရှင် ၃ဦးက မြန်မာအလုပ်သမား ၃ဦးအား ရိုက်နှက်ပြီး အခြားမြန်မာ အလုပ်သမား ၈၀အား မတရားအလုပ်ဖြုတ်ပစ်ခဲ့ကြောင်း မတ်လ ၁၉ရက်နေ့ တွင် ဟစ်တိုင်မှ ကွင်းဆင်း သတင်းရရှိသည်၊

          ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တောင်ဘက်ရှိ ဖုတ်ဖရမြို့နယ်၊ ၃၅ကီလိုမီတာ ကျေးရွာ၊ နှင်းဆီခြံမှ နှင်းဆီပန်းနှင့်အခြားစိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြသော မြန်မာအလုပ်သမား(၈၀)ယောက်တို့သည် မတ်လ(၁၇)ရက်နေ့က မူလလုပ်အားခ တရက်(၇၀) ဘတ်ကို (၁၀)ဘတ်တိုးပေးရန် တောင်းဆိုခဲ့ကြသည်။ မတ်လ ၁၈ရက်နေ့ ည(၇း၀၀) နာရီအချိန်တွင် အလုပ်ရှင်က လုပ်အားခ(၁၀)ဘတ် တိုးပေးရန်သ ဘောတူခဲ့ပြီး တယောက်လျှင်(၈၀)ဘတ် နှုန်းဖြင့်လုပ်အားခရှင်းပေးခဲ့သည်။ ထိုသို့လုပ်အားခ(၈၀)ဘတ် ရှင်းပေးပြီးချိန်တွင် လုပ်အားခတိုးတောင်းသူများထဲမှ ဦးဆောင်သူဟု ယူဆသော ဇော်လင်းဦး၊ ဆန်းဝင်းနိုင်၊ အညာသား၊ ကိုလှိုင်စသည်တို့အား အလုပ်ဖြုတ်လိုက်ကြောင်း ကျေညာလိုက်သည်။ ထိုသို့ကျေညာသည်ကို အခြားဘ၀တူအလုပ်သမား (၈၀)ခန့်မှ မကျေနပ်ကြဘဲ မိမိတို့ကိုပါ အလုပ်ဖြုတ်ပစ်နိုင်ကြောင်း အလုပ်ရှင်အား တုံ့ပြန်ပြောကြားခဲ့ သည်။

ဖြစ်ရပ်များနှင့်ပတ်သက် အရိုက်အနှက်ခံခဲ့ရသူ ဆန်းဝင်းနိုင်က “ကျနော်က ဆန်းဝင်းနိုင်၊ အသက်၂၂နှစ်၊ အဖဦးတင်ဝင်း၊ အမိဒေါ်ခင်ညိုဝင်း၊ ပဲခူးတိုင်း ညောင်လေး ပင်မြို့နယ်က၊ ဒီမှာလုပ်သက် ၅လရှိပြီ။ သူဌေးက ကျနော်တို့ ၄ယောက်ကို အလုပ် ဖြုတ်ကြောင်းကျေညာတယ်။ ဒါကို လုပ်ဖော်ကိုင်ဖက်တွေက ပြန်ခန့်ပါလို့ ပြောပေးကြ တယ်။ မရဘူး။ ဒါကြောင့်အားလုံးထွက်မယ်ဆိုပြီး ထွက်လာကြတော့ သူဌေးက လာအုံးဆိုပြီး ခေါ်တယ်။ ကျနော်တို့ ၄ယောက်ကိုခေါ်တယ်။ ကျနော်တို့ထဲက ဇော်လင်းဦး က အ၀တ်အစားပြန်ယူလို့ လွတ်သွားတယ်။ သူဌေးနဲ့ အခြားသူဌေးတွေက သေနတ်နဲ့ ချိန် တယ်။ ရိုက်တာက ၃ယောက်၊ အရိုက်ခံရတာက ကျနော်တို့ ၃ယောက် (ကိုအညာသား၊ ကိုလှိုင်နဲ့ ကျနော်)ဖြစ်ပါတယ်။ သူဌေးမကြီးက လက်ထဲမှာဓါးကိုင်ထားတယ်။ အားလုံးကကြောက်နေကြတယ်။ ကျနော်တို့ကို ပိတ်ကန်တယ်။ ဒုတ်နဲ့ရိုက်တယ်။ အလူးအလဲခံရတယ်။ ဒီနေ့မနက်(၉း၀၀)နာရီလောက်မှာ ဖြစ်ပါတယ်။” ဟု ရှင်းပြသည်။

 ဟစ်တိုင်သတင်းထောက်သည် ဖုတ်ဖရမြို့နယ်ရှိ ရဲစခန်းသို့ လည်းကောင်း၊ ဆေးရုံကြီးသို့လည်းကောင်း ကွင်းဆင်းလေ့လာချက်များအရ အညာသား (၂၉နှစ်၊ အဖဦးသောင်းကြည်၊ အမိဒေါ်ညွန့်ကြည်၊ လုပ်သက် ၆လ၊ မကွေးတိုင်း ပွင့်ဖြူမြို့ နယ်) သည် ဦးခေါင်းနောက်စိဒ်ရာ၊ ညာဘက်ခြေထောက်ဒ်ရာကို ခံစားနေရပြီး ကိုလှိုင်(၂၀နှစ်၊ အဖ ဦးဝင်း၊ အမိ ဒေါ်တင်၊ သာကေတမြို့နယ် ရန်ကုန်၊ လုပ်သက် ၆လ) သည် မျက်လုံးနှစ်ဖက် ဖူးယောင်နေကာ နှာခေါင်းဒ်ရာဖြင့် အညိုအမဲစွဲလျက်ရှိသည်ကို တွေ့ရသည်။ အမှုကို ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (အယ်လ်အယ်လ်စီ)မှ ဦးဆောင်ပြီး မြန်မာပြည်သူများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (ဂျေအေစီဘီအေ)၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူဘီ)၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (ဘီအယ်လ်စီ)တို့မှ ကွင်းဆင်းကူညီခဲ့ခြင်းဖြစ်သည်။ ယနေ့ညနေပိုင်းတွင်ပင် ဆေးကုသပြီးစီးသော ဒရာရ အလုပ်သမား ၃ဦးအား လုံခြုံစိတ်ချရသော နေရာတခုသို့ ပို့ဆောင်ပြီး ထိုင်းနှင့်မြန်မာအ ကျိုးဆောင်အဖွဲ့များမှ ထိုင်းဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်သွားရန် ရှိပါကြောင်း သိရသည်။

          ထိုင်း-မြန်မာနယ်စပ်ရှိ ဖုတ်ဖရမြို့နယ်တွင် (သီးပင် စားပင်နှင့် ပန်း)စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိကြပြီး အလုပ်ရှင်များမှာ ဒေသခံ မုံး(ခေါ်) မျှော့လူမျိုးများ ဖြစ်ကြကာ လယ်ကူလီ(ခေါ်) စိုက်ပျိုးရေးအလုပ်သမားများမှာ မြန်မာ  ပြည်သားများဖြစ်ကြသည်။ အလုပ်ရှင်မုံးလူမျိုးများကို မြန်မာအလုပ်သမားများက (၁) အိမ်နေရာပေးထားခြင်း၊ (၂) နေ့စားခ ၆၀-၇၀ဘတ်ပေးထားခြင်း၊ (၃) မြန်မာပြည် ဘက်မှ ၀င်လာသောမိမိတို့၏ မိသားစုနှင့် ဆွေမျိုးများအား တနွယ်ငင်၊ တစင်ပါအလုပ်ခန့် ပေးခြင်း၊ စသည်တို့အပေါ် ကျေးဇူးရှင်များအဖြစ် သဘောထားနေကြရသည်။ ဒေသခံ မုံးလူမျိုး အလုပ်ရှင်များက သေနတ်တကိုင်ကိုင်နှင့် ခြိုမ်းခြောက် အကျပ်ကိုင်မှု၊ ရာဘ(ခေါ်) မူးယစ်ဆေးတိုက်ကျွေးကာ တဖက်လှည့်ဖြင့် ထိန်းသိမ်းမှုများကို နိစ္စဓူဝ ခံနေကြရကြောင်း စုံစမ်း သိရှိရသည်။ ယခုဖြစ်ရပ် ပေါ်ပေါက်ရာ ၃၅ကီလိုမီတာကျေးရွာ နှင်းဆီခြံများရှိ မြန်မာ အလုပ်သမားများမှာ မိမိတို့လုံခြုံရေးနှင့် ဘ၀ရပ်တည်ရေးတို့အတွက် ရတက်မအေး  ဖြစ်နေကြကြောင်း ကာယကံရှင်များက ရင်ဖွင့်ပြောဆိုသည်။

ဗကသခေါင်းဆောင်နှစ်ဦး အဖမ်းခံရ

မတ်လ ၁၇။ HT

မတ်လ ၁၆ ရက် တံတားနီ အရေးအခင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည်တွင် ဗကသ ကျောင်းသားခေါင်းဆောင်များ ဖြစ်သော ကိုကျော်ကိုကို (စီးပွားရေးတက္ကသိုလ် မဟာတန်းကျောင်းသား)နှင့် ကိုဥာဏ်လင်းအောင် (စီးပွားရေးတက္ကသိုလ်ကျောင်းသား)တို့ အဖမ်းခံလိုက်ရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဗကသ နိုင်ငံခြားရေးကော်မတီက ကြေညာသည်။

ကိုကျော်ကိုကိုနှင့် ကိုဥာဏ်လင်းအောင်တို့သည် လွန်ခဲ့သည့် သြဂုတ်လ ၂၈ ရက်က ပြန်လည် ဖွဲ့စည်းခဲ့သော ဗကသများ အဖွဲ့ချုပ် ခေါင်းဆောင်များ ဖြစ်ကြသည်။ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလတွင်လည်း ပါဝင်လှုပ်ရှားခဲ့ပြီး တောက်လျှောက် တိမ်းရှောင်နေခဲ့ရာမှ ယခု တံတားနီ အရေးအခင်း နှစ် ၂၀ ပြည့်တွင် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

“သူတို့က ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် လုပ်ပေးမယ်ပြောတယ်။ ဒါဆို ဘာလို့ ဒီကျောင်းသားခေါင်းဆောင်တွေကို ဖမ်းရသလဲ”ဟု ဗကသ နိုင်ငံခြားရေးရာ ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ကိုဇင်မောင်က ပြောကြားသည်။

မေဆွိ ကွယ်လွန်ကြောင်း သတင်းမှားထွက်လာ

မတ် ၁၇။ HT

အဆိုတော်မေဆွိ လန်ဒန်မြို့တွင် ကားမှောက်၍ ကွယ်လွန်ကြောင်း ကောလဟလ သတင်းမှားသည် အင်တာနက်မှတဆင့် ပြည်ပရောက် မြန်မာများအကြား သတင်းပြန့်နှံ့သွားခဲ့သည်။

သီချင်းခွေမျက်နှာဖုံးတခုတွင် မြန်မာရိုးရာ ၀တ်စုံဖြင့် တွေ့ရသော မေဆွိ

လာမည့် မြန်မာနှစ်သစ်ကူးပွဲတော်တွင် လန်ဒန်တွင် သိန်းတန်မြန်မာပြည်နှင့် တွဲဖက် ဖျော်ဖြေမည့် မေဆွိသည် လန်ဒန်မြို့ M4 ကားလမ်းမတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဦးခေါင်းတွင် ဒဏ်ရာရကာ ကွယ်လွန်ကြောင်း အင်တာနက်မှ ဖြန့်ဝေသော သတင်းတွင် ပါရှိသည်။ မေဆွိသည် အခြားသူ သုံးဦးနှင့်အတူ ခရီးသွားစဉ် ယာဉ်တိုက်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ကားမောင်းသူမှာ ခိုလှုံခွင့် လျှောက်ထားရာတွင် ပယ်ချခံရသူတဦးဖြစ်သည့် ယာဉ်မောင်းလိုင်စင် မရှိ၊ အတည်တကျ နေရပ်လိပ်စာလည်း မရှိသော မစ္စတာ ပေါက်စ ဖြစ်ကြောင်း သတင်းတွင် အသေးစိတ် ဖော်ပြထားသည်။ မေဆွိ စီးနင်းလိုက်ပါလာသော Ford Escort ကားဟောင်းသည် လမ်းမပေါ် မောင်းနှင်ရန် သင့်လျော်သည့် အခြေအနေ မရှိကြောင်းနှင့် သတ်မှတ်မိုင်နှုန်းထက် ပိုလွန် မောင်းနှင်ခဲ့ကြောင်းလည်း ရေးသားထားသည်။ အလောင်းကို West Ealing ဆေးရုံသို့ သယ်ဆောင်သွားကြောင်းနှင့် သေမှုသေခင်း အသေးစိတ်ကို ယနေ့ သိရမည် ဖြစ်ကြောင်းလည်း ဆက်လက် ပါရှိသည်။

သို့သော် ကားတိုက်မှုမှာ ထိုနေရာတွင် လုံးဝ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဥရောပရောက် မြန်မာအသိုင်းအ၀ိုင်းမှ သိရသည်။

အေပီသတင်းဟု ရေးသူအမည် မထည့်ဘဲ ဖော်ပြထားသော်လည်း အေပီသတင်းဌာန၏ သတင်းစာရင်းတွင် အဆိုပါသတင်း မပါရှိပေ။ ပေါက်စ ဟူသော အမည်မှာ လန်ဒန်မှ မြန်မာအသိုင်းအ၀ိုင်းတွင် မကြားဖူးဘဲ အမေရိကန်တွင် ရောက်ရှိနေသော သရုပ်ဆောင် မင်းသား စိုးသူ၏ ငယ်နာမည်သာ ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းတွင်လည်း မေဆွိ အင်္ဂလန်တွင် ကားတိုက်မှုဖြစ်၍ ကွယ်လွန်သည်ဟု သတင်းများ ပြန့်နှံ့သွားခဲ့သည်။

ကြေးမုံဦးသောင်း ဆေးရုံတက်နေ

မတ် ၁၄။ HT

သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ)သည် တနင်္လာနေ့ နံနက်ကတည်းက Florida Medicare Centre တွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသခံလျက် ရှိသည်။ “ဆရာဝန်က နှလုံးအားနည်းတော့ သွေးကောင်းကောင်းမညှစ်ဘူး၊ အဆုတ်ထဲ ရေ၀င်တယ်တဲ့။ ရေကို ရအောင်ထုတ်မယ်။ ရေကုန်အောင် ထုတ်ပြီးမှ နှလုံးက