သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

ကယ်ဆယ်ရေး လေယာဉ်များ နောက်နေ့ ပြန်ဆင်းမည်

မေ ၉။ အေအက်ဖ်ပီ၊ HT

ကုလသမဂ္ဂက ပေးပို့သော စားနပ်ရိက္ခာ အကူအညီများကို မင်္ဂလာဒုံလေဆိပ်တွင် မြန်မာစစ်အစိုးရက သိမ်းပိုက်ပြီး ကယ်ဆယ်ရေး လုပ်သားနှစ်ဦးကိုပါ ပြန်လွှတ်ခဲ့သည့်အတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFO)က ရန်ကုန်သို့ ထပ်မံ ရောက်ရှိလာမည့် ကယ်ဆယ်ရေး ပစ္စည်းတင် လေကြောင်းများကို ယနေ့ ရပ်ဆိုင်းလိုက်သည်။ သို့သော် နက်ဖြန် စနေနေ့တွင် ပြန်လည် စတင်မည်ဟု မကြာမီ အတည်ပြုသည်။

“ဒဗလျူအက်ဖ်အိုက လေကြောင်းခရီးစဉ်တွေ အားလုံးကို ရပ်ဆိုင်းထားပါတယ်”ဟု ကယ်ဆယ်ရေးပစ္စည်းများ သိမ်းပိုက်ခံလိုက်ရပြီးနောက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် မြန်မာနိုင်ငံ ဒါရိုက်တာ ခရစ်စ် ကေရီက ပြောကြားသည်။ “ကျနော်တို့အပေါ် ကန့်သတ်ချက်က လက်ခံနိုင်စရာ မရှိဘူး”ဟုလည်း ဝေဖန်သည်။

ထို့နောက် ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေမည့် အစီအစဉ်ကို မြန်မာစစ်အစိုးရနှင့် ဆက်လက်ညှိနှိုင်းနေရင်း ဒဗလျူအက်ဖ်အိုက ကယ်ဆယ်ရေး လေယာဉ်နှစ်စီး နောက်တနေ့ ရောက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဖွဲ့နှင့် မြန်မာစစ်အစိုးရအကြား သဘောထားကွဲလွဲမှုများ ဖြစ်နေချိန်တွင် ရန်ကုန် ဆင်ခြေဖုံးမြို့နယ်များနှင့် ဧရာဝတီ တိုင်းတွင် လူထုသည် စားနပ်ရိက္ခာ မျှော်လင့်လျက် ရှိသည်။

ကယ်ဆယ်ရေးလေယာဉ် ၁၂ စီး ရောက်ပြီ၊ ကယ်ဆယ်ရေး လုပ်သားများ မလာရ

မေ ၉။ ရိုက်တာ

နိုင်ငံခြား ကယ်ဆယ်ရေး လုပ်သားများကို ပြည်ဝင်ခွင့်ပြုရန် နိုင်ငံတကာမှ ဒေါသတကြီး ၀ိုင်းဝန်းတောင်းဆိုနေသော်လည်း စစ်အစိုးရသည် ယနေ့ထိ လက်ခံမည့် အရိပ်အယောင် မပြဘဲ ကယ်ဆယ်ရေး ပစ္စည်းများကို ဆိုက်ကလုံးဒဏ် ခံလိုက်ရသည့် ပြည်သူ ၁ ဒသမ ၅ သန်းအား မိမိတို့ကိုယ်တိုင် ဖြန့်ဝေပေးနိုင်သည်ဟု ပြောကြားနေဆဲ ဖြစ်သည်။

ရေကျသွားပြီ။ သို့သော်.....

ကယ်ဆယ်ရေး လုပ်သားများကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရန်နှင့် ကယ် ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသော လေယာဉ်များကို ဆင်းသက် ခွင့် ပြုရန် တုန့်ဆိုင်းနေခြင်း၊ အဆိုးဆုံး သဘာဝဘေးဒုက္ခများထဲမှ တခု ကို ထုံးစံအတိုင်း ၀တ်ကျေတန်းကျေ တုံ့ပြန်နေခြင်းတို့ကြောင့် မြန်မာစစ်အစိုးရအပေါ် မကျေနပ်မှုများ မြင့်တက်လျက် ရှိသည်။ မြန်မာစစ်အစိုးရ၏ မပြောင်းလဲသော ခေါင်းမာမှုကြောင့် ပြင်သစ်နှင့် အီတလီ အစိုးရများက ကယ်ဆယ်ရေး ပစ္စည်းများကို ဆိုက်ကလုံးဒဏ် ခံလိုက်ရသည့် မြန်မာပြည်သူများထံသို့ လေကြောင်းမှ ကြဲချကူညီရန် အကြံပြု တောင်းဆိုခဲ့ကြသည်။ အမေရိကန် တာဝန်ရှိသူများကမူ လေကြောင်းမှ ကယ်ဆယ် ရေးပစ္စည်းများ ကြဲချခြင်းသည် မထိရောက်နိုင်ကြောင်းနှင့် အကောင်းဆုံးနည်းမှာ မြန်မာစစ်အစိုးရထံမှ သဘောတူညီချက် ရရှိရန် ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာစစ်အစိုးရက ကယ်ဆယ်ရေး လုပ်သားများကို လက်ခံမည် မဟုတ်ကြောင်း ကြေညာချက် ထွက်လာပြီးနောက် ထိုင်းဝန်ကြီးချုပ် ဆာမတ် ဆွန်ဒရာဗိုင်က မြန်မာနိုင်ငံသို့ သူသွားမည်ဖြစ်ကြောင်း ပြောကြားပြီး နာရီပိုင်း အကြာတွင် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ “နိုင်ငံခြားက လူတွေကို မကြိုဆိုဘူးဆိုတာ သူတို့ ဒီနေ့ ပြောလိုက်ပြီးတော့ ကျနော့်အနေနဲ့ အဲဒီကို သွားစရာ မရှိတော့ဘူး” ဟု ပြောကြားသည်။

မုန်တိုင်းသားကောင်တဦး                   

ကာတာလေယာဉ်တစီး အပါအ၀င် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာ သော လေယာဉ် ၁၂ စီးသည် ယမန်နေ့က မင်္ဂလာဒုံ လေဆိပ်သို့ ရောက်ရှိ လာသည်။ ဆိုက်ကလုံး နာဂစ်စ် နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိ လာသော လေကြောင်း အကူအညီ ဖြစ်သည်။ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ ယနေ့မှ၍ တနင်္လာနေ့အထိ ပိတ်ထားသဖြင့် ဘန်ကောက်တွင် ရောက်ရှိနေသော အနောက်တိုင်း အကူအညီပေးရေး ပါရဂူများသည် ဆိုက်ကလုံး ဒုက္ခသည်များကို ကူညီရန် မြန်မာပြည်တွင်း ၀င်ခွင့်ရဖို့ အနည်းဆုံး နောက်ထပ် လေးရက် စောင့်ဆိုင်းရမည် ဖြစ်သည်။

“အခုဟာက မဖြစ်သင့်တဲ့ လေးရက်စာ စောင့်ဆိုင်းရမယ့်ကိစ္စပဲ”ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပေါလ် ရစ်စ်လေက ပြောကြားသည်။ “ဒါဟာ သူတို့ဘ၀တွေ ဒီလောက် မတည်ငြိမ်တဲ့ အနေအထား ရောက်နေတဲ့ ပြည်သူတွေအတွက် စောင့်ဆိုင်းဖို့ အရမ်းကြာလွန်းပါတယ်”ဟု ဆက်လက် ပြောကြားသည်။

ကုလသမဂ္ဂ ကယ်ဆယ်ရေး လေယာဉ်နှစ်စီး ရန်ကုန်ရောက်ပြီ

မေ ၈။ Asian Tribune

ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသော ကုလသမဂ္ဂ လေယာဉ်နှစ်စီးသည် ရန်ကုန်လေဆိပ်သို့ ယနေ့ စတင် ရောက်ရှိလာသည်။ အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ်နှင့် သမ္မတကတော် လော်ရာဘုရှ်တို့က စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး အဆင်မပြေသည့်ကြားမှ ကယ်ဆယ်ရေးအကူအညီများနှင့် ဘေးဒုက္ခဆိုင်ရာ ကျွမ်းကျင်သူများ ပို့ပေးရန် စစ်အစိုးရနှင့် သဘောတူညီမှု ရရန် နီးကပ်နေပြီဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားသည်။

အမေရိကန် အကူအညီ စစ်အစိုးရ လက်မခံသေး

မေ ၈။ AP

 

capook.com

ဧရာဝတီတိုင်းမှ ရေဘေးဒုက္ခသည်များ

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က စစ်အစိုးရ၏ ခွင့်ပြုချက် မရဘဲ ကယ်ဆယ်ရေး အကူအညီများကို မြန်မာနိုင်ငံတွင် ပို့ပေးရန် စဉ်းစားမရနိုင်ကြောင်း ပြောကြားသည်။ အခြား အမေရိကန် တာဝန်ရှိသူတဦးကလည်း အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ ဆိုက်ကလုံးဘေး ဒုက္ခသည်များအား ကူညီရန် ဖြစ်နိုင်ခြေကို တနည်းနည်းဖြင့် ကြည့်နေကြောင်း ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီး ဂိတ်စ်က အမေရိကန် စစ်တပ်သည် (မြန်မာစစ်အစိုးရထံမှ) ခွင့်ပြုချက် ရသည်နှင့် လူသားချင်း စာနာမှု အကူအညီများ ပေးပို့ရန် လေယာဉ်နှင့် သင်္ဘောများ လွှတ်နေကြောင်း ပြောသည်။ သို့သော် မြန်မာစစ်အစိုးရက ရှေ့မတိုးဘဲ လုပ်ဖို့ စိတ်ကူးမရနိုင်ကြောင်းလည်း ဆက်လက် ပြောဆိုသည်။ ပူးတွဲကာကွယ်ရေးဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက် မူလန်က ဤသည်မှာ မြန်မာ၏ အမျိုးသား အချုပ်အခြာအာဏာကိစ္စ ဖြစ်ကြောင်း ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စုသည် တံခါးပိတ် စစ်အစိုးရ ဆက်လက် တည်ရှိနေလျှင်ပင် မြန်မာပြည် ဆိုက်ကလုံး ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အကူအညီများနှင့် အခြား ကယ်ဆယ်ရေး ပစ္စည်းများ လေကြောင်းမှ ချပေးရန် စဉ်းစားနေကြောင်း အမေရိကန် တာဝန်ရှိပုဂ္ဂိုလ်တဦးက ပြောကြားသည်။ လေကြောင်းမှ ချပေးမှုမှာ ရံဖန်ရံခါ မလုံလောက်သလို အကူအညီပေးရန် ကမ်းလှမ်းချက် အများစုကို လက်ခံဖို့ စစ်အစိုးရက ငြင်းဆန်မှုနှင့် ပေါင်းလိုက်လျှင် ကျယ်ပြန့်သော နိုင်ငံတကာ ဥပဒေကြောင်း ကိစ္စတခု ဖြစ်ကြောင်း ပြောကြားသည်။ အကောင်းဆုံး ခြွင်းချက်မှာ မြန်မာအတွက် အကူအညီ လက်ခံရန် ဖြစ်ကြောင်းလည်း ဆက်ပြောသည်။

လေကြောင်းအကူအညီကို စဉ်းစားနေသည့် နိုင်ငံများမှာ ပြင်သစ်နှင့် အီတလီတို့ ဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားသည်။ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအတွင်းသို့ အကူအညီများ ဖိအားပေးရန် ဖြစ်နိုင်ခြေကို အကြံပြုထားသည်။ ပဋိပက္ခ အခြေအနေတွင် အိမ်ရှင်အစိုးရထံမှ ခွင့်ပြုချက် မရဘဲ ကယ်ဆယ်ရေး အကူအညီများ လေကြောင်းမှ ချပေးရန်မှာ ရှုပ်ထွေးမည် ဖြစ်ကြောင်း၊ ယခုကိစ္စမျိုးတွင် နိုင်ငံတကာ ဥပဒေများက ပြဿနာရှိကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောပြသည်။ သို့သော် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနဒ် ကော့ခ်ျနာက လေကြောင်း အကူအညီများမှာ ကုလသမဂ္ဂ၏  အရပ်သားများအပေါ် ကာကွယ်ရန် တာဝန်ယူမှု ကန့်သတ်ချက်အောက်တွင် ခွင့်ပြုနိုင်မည်ဟု ယခုအပတ်က ပြောကြားသည်။

မြန်မာအစိုးရက ၂၀၀၀၀ ကျော် သေဆုံးပြီး ၄၀၀၀၀ ပျောက်ဆုံးနေကြောင်း ပြောကြားသည်။ မြစ်ဝကျွန်းပေါ်တွင် အသေအပျောက်မှာ တသိန်းကျော်နိုင်ကြောင်း အမေရိကန် သံတမန် တဦးက ဆိုသည်။

မုန်တိုင်းပြီးပြီ၊ ငတ်ပြီ

မေ ၈။ တေဇ

မုန်တိုင်းဒဏ် ခံလိုက်ရသည့် ဒေသများတွင် စားဝတ်နေရေး အထူး ကျပ်တည်းနေရာ လူထု နေ့စဉ် စားဖို့ပါ အပြင်းအထန် အကျပ်အတည်း ကြုံနေရသည်။ ဒလမြို့နယ်တွင် ယနေ့ တအိမ်ထောင် ဆန်နို့ဆီဗူး လေးဗူးစီ လိုက်ဝေသည်။ ဒလ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒေါပုံ မြို့နယ်များ အခြေအနေ အလွန်ဆိုးရွားသည်။ တပြည်လုံး အသေအပျောက်မှာ တသိန်းခန့် ရှိမည်ဟု နောက်ဆုံး ခန့်မှန်းထားကြသည်။

မုန်တိုင်းကြောင့် ဖရိုဖရဲ ဖြစ်သွားသော ဒလမြို့နယ် (တေဇ/ဟစ်တိုင်)

ကွမ်းခြံကုန်းမြို့နယ်တွင် အလောင်းများ ရေထဲ ပေါလောမျောနေဆဲ ဖြစ်ပြီး ယခုတိုင် ရေမျောလူသေအလောင်းများကို မရှင်းလင်းရသေးပါ။ ငတ်မွတ် ဘေး၏ နောက်ဆက်တွဲအဖြစ် လုယက်မှုများ အရမ်း ဖြစ်နေသည်။ “မနေ့က စစ်ကားသုံးစီး သွားတယ်။ ပြောလို့မရတဲ့ လူတွေ အကုန်လုံးကို ပစ်မိန့် ပေးထားတယ်လို့ ကွမ်းခြံကုန်းက ဒီနေ့မနက် ပြန်လာတဲ့ လူတွေက ပြောတယ်။ အဲဒါကြောင့် တချို့တွေက ရန်ကုန်ဘက်ကို ရွှေ့လာကြပြီ”ဟု အဝေးသင်ကျောင်းသား ကိုလင်းက ပြောကြားသည်။ ရေထဲတွင် လူနှင့် တိရစ္ထာန်အလောင်းများ မြင်မကောင်းအောင် မျောပါနေဆဲ ဖြစ်သည်။

ဒလမြို့ အခြေအနေနှင့် ပတ်သက်၍မူ “အားလုံးက ဒေါကန်နေကြတယ်။ ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ သုံးရက်လောက်က ဆန်၊ ဆီ၊ ဆား၊ အိမ်ဆောက်ပစ္စည်းတွေကို ဈေးချိုချိုနဲ့ ပေးမယ်ဆိုပြီး ခုထိ ဘာအကူအညီမှ မရဘူး ဖြစ်နေတယ်။ ဒီနေ့ ဝေတဲ့ ဆန်တောင်မှ အစိုးရက ဝေတာ မဟုတ်ဘူးလို့ ကြားရတယ်။ ဒလမှာ ရေကလဲ မကျသေးဘူး”ဟု ပြောပြသည်။

ဒလမြို့နယ် မှော်စက်ရပ်တွင် အစိုးရ ရဟတ်ယာဉ်တစီး ပျက်ကျနေသည်။ “မုန်တိုင်းပြီး နောက်တရက်မှာ ပျက်ကျတာ။ အဲဒီနေရာကို ဘယ်သူမှ သွားလို့ မရဘူး။ ကျနော်သွားတာ အနားကိုတောင် သွားလို့ မရဘူး”ဟု ကိုလင်းက ဆက်လက် ပြောပြသည်။ ရဟတ်ယာဉ်နှင့် မလှမ်းမကမ်းတွင် စစ်ကားနှစ်စီးက နေရာယူထားပြီး လူအလာမခံကြောင်း သိရသည်။

ရန်ကုန်-ဒလ ကူးသည့် ဆိပ်ကမ်း ပျက်စီးသွားသည်ကိုလည်း ယခုတိုင် ပြန်မပြင်သေးသဖြင့် ကျိုးပဲ့ပျက်စီးနေသော ဒုတိယကမ္ဘာစစ်လက်ကျန် တံတားဟောင်းကြီး တခုကို အသုံးပြုနေရသည်။ ရေကျချိန်တွင် သင်္ဘောခေါင်မိုးမှနေ၍ တံတားပေါ် တက်ပြီး တဆင့် သွားလာနေရသည်။ ပျက်စီးသွားသည့်အိမ်များကို ပြန်မပြင်နိုင်သဖြင့် လူများမှာ တာလမ်းမဘေးတွင် တဲထိုးနေရသည်။ အိမ်ပြန်ပြင်ဖို့ ဓနိမှာ ၁၂၀၀၀ ဈေး ဖြစ်နေသည်။ ဓနိမ၀ယ်နိုင်သူများက ပလတ်စတစ်စများ၊ အုန်းလက်များဖြင့် ဖြစ်သလို အမိုးအကာ ပြုလုပ်နေရသည်။

ဆန္ဒခံယူပွဲ အန်အယ်လ်ဒီ ရှုတ်ချ

မေ ၇။ ရဲဇင်

မုန်တိုင်းကြောင့် ပြည်သူလူထု ဒုက္ခရောက်နေချိန်တွင် ဆန္ဒခံယူပွဲကိုသာ အဓိက ဦးစားပေး၍ နိုင်ငံရေး အမြတ်ထုတ်နေခြင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြစ်တင်ရှုတ်ချကြောင်း ယနေ့ ကြေညာချက်ထုတ်ပြန်သည်။ နေရာအချို့တွင်သာ ကွက်၍ လူထုဆန္ဒခံယူပွဲ ဖျက်သိမ်းမည့် အစား တပြည်လုံးတွင် ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းသင့်ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။

AFP/Getty images

ရန်ကုန်တိုင်းတွင် မုန်တိုင်းနောက်ဆက်တွဲ ငတ်မွတ်ခေါင်ပါးဘေး ခံလိုက်ရသော လူထုအတွက် အန်အယ်လ်ဒီ လူငယ်အချို့ကလည်း စားနပ်ရိက္ခာ ဝေငှပေးလျက် ရှိသည်။ ၁၂၀၀၀ အထိ တက်သွားသော ၀က်သားနှင့် ကြက်သား ဈေးများမှာ ၈၀၀၀၊ ၁၀၀၀၀ ၀န်းကျင်တွင် ရှိနေဆဲ ဖြစ်ပြီး ဈေးနှုန်းလည်း မမှန်သေးပေ။ အခြေခံ လူထုမှာ နေ့စဉ် စားဖို့ ဆန်ပါ ပြတ်လတ်နေသည်။ သက်တမ်းရှည် သစ်ပင်ကြီးများ အပါအ၀င် ရန်ကုန်တိုင်းရှိ သစ်ပင်ကြီး အကုန်လုံးနီးပါး ကျွတ်ထွက်သွားပြီ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ၀င်းထဲတွင် သက်တမ်း ၈၀ ကျော် တက္ကသိုလ်၏ ကျက်သရေဆောင် သစ်ပင်ကြီးများမှာ ဖရိုဖရဲ လဲကျနေခဲ့သည်။

အစိုးရ ရုပ်မြင်သံကြားတွင် စစ်သားများက အပျက်အစီးများကို ဖယ်ရှားနေပုံ၊ စစ်အရာရှိများက ထမင်းဘူးများ လူထုကို ဝေငှပေးနေပုံများ အသားပေး ရိုက်ပြနေသည်ကို မြင်ရသည်။

မုန်တိုင်းနောက်ဆက်တွဲ ပြဿနာများ

မေ ၆ မြန်မာစံတော်ချိန် ၂၄း ၀၀ နာရီ။ တေဇ၊ ရဲဇင်

ဆိုက်ကလုံး နာဂစ်စ်ကြောင့် ရန်ကုန်တိုင်း တခုလုံး အပျက်အစီး ပုံများ ဖြစ်သွားသည်။ အပျက်အစီးများကို ရဟန်းတော်များနှင့် လူထုက ရှင်းလင်း ဖယ်ရှားနေကြသည်။ ရပ်ကွက်သားများက သံဃာတော်များနှင့် ပူးပေါင်း ကူညီကြသည်။ သေဆုံးသူ ၂၂၄၆၄ ဦးရှိပြီး ၄၁၀၀၀ ပျောက်ဆုံးနေကြောင်း အစိုးရ သတင်းဌာနများက ယနေ့ ကြေညာသည်။ ကုလသမဂ္ဂက လူ တသန်းထိ အိုးအိမ်မဲ့ ဖြစ်သွားကြောင်း ပြောကြားသည်။

အမေရိကန် သမ္မတ ဘုရှ်က မြန်မာ စစ်အစိုးရကို အမေရိကန် ပြည်ထောင်စု က ပေးအပ်မည့် အကူအညီကို လက်ခံရန်နှင့် လူထုကို လာရောက် ကူညီခွင့်ပြုရန် ယနေ့ တောင်းဆိုလိုက်သည်။

ရန်ကုန်တွင် သစ်ပင်အပျက်အစီးများကို ရှင်းလင်းပေးနေသော ရဟန်းတော်များ (အေအက်ဖ်ပီ)

မြစ်ဝကျွန်းပေါ်တွင် လူသေအလောင်းများ သစ်ပင်များအောက် ပိနေသည်။ အလောင်းများမှ အပုပ်နံ့များ ထွက်နေပြီး ငိုကြွေးနေ သည့် ကျန်ရစ်သူများသည် အလောင်းများ ကြားထဲတွင် မိမိတို့ မိသားစုဝင်များကို ရှာဖွေနေကြသည်။ မြစ်ထဲတွင် လူသေအလောင်း များ မျောပါလျက် ရှိပြီး အသက်သွေးကြောသဖွယ် အထူးအရေးကြီးသော ဧရာဝတီ မြစ်ရေမှာ အပုပ်နံ့ ထွက်လာသော လူသေ အလောင်းများကြောင့် ညစ်ညမ်းမှု အန္တရာယ် ကြုံနေရသည်။

မြစ်ဝကျွန်းပေါ်တွင် တမြို့တည်း သောင်းချီ သေဆုံးမှုများ၊ ရွာများ ရေလွှမ်းခြင်း၊ မြစ်ရေ လျှံတက်လာခြင်းများကြောင့် အသေအပျောက်မှာ ယခုထက် ပိုမို များပြားဖွယ် ရှိသည်။ မုန်တိုင်းဒဏ် အဆိုးဆုံး ခံလိုက်ရသော မြစ်ဝကျွန်းပေါ် မြို့ရွာများမှာ စားနပ်ရိက္ခာ ပြဿနာ အရေးပေါ် ရင်ဆိုင်နေရသည်။ မြစ်ဝကျွန်းပေါ်သို့ စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေး အကူအညီများ အလုံအလောက် မရသေးပါ။

ဆန္ဒခံယူပွဲကို ရန်ကုန် မြို့နယ် ၄၀ နှင့် ဧရာဝတီ ခုနစ်မြို့နယ်တွင် မေ ၂၄ ရက်သို့ ရွှေ့ဆိုင်းကြောင်း အစိုးရက ကြေညာသည်။

ရေလွှမ်း ရွာတရွာကို ကောင်းကင်မှ ရိုက်ယူထားစဉ် (ရိုက်တာ)

ရန်ကုန်တွင် ကုန်ဈေးနှုန်းများ အထူး ထိုးတက်နေသည်။ ကြက် သား (စီပီကြက်)နှင့် ၀က်သား တပိဿာ တသောင်း၊ တသောင်း နှစ်ထောင်ထိ တက်သွားသည်။  ကြက်ဥ ဘဲဥ တလုံး ၅၀၀ ဈေးရှိသည်။ ဘတ်စ်ကားခများ ခရီးတို ၅၀၀၊ ခရီးရှည် ၁၀၀၀၊ ၁၅၀၀၊ ၂၀၀၀ ထိ တက်သွားသည်။ ယခင်ရက်များက ကားဂိတ်များ မဖွင့်သဖြင့် ဘတ်စ်ကားများ မပြေးဆွဲနိုင်ခဲ့ပါ။ ယုဇနာ ပလာဇာ ပိတ်ထားသည်။ ငတ်မွတ်မှုနှင့် ကုန်ဈေးနှုန်း ထိုးတက်သွားမှုကြောင့် လုယက်ခံရမည်ကို စိုးရိမ်၍ အချို့ဆိုင်များ ပိတ်ထားကြသည်။ ကန်စွန်းရွက်တစည်း ၅၀၀ ထိ ဖြစ်နေသည်။

အိမ်ပျက်စီးသွားသူများမှာ အိမ်များ ပြန်လည် ပြင်ဆင်ရေးအတွက် ငွေကြေးပြဿနာ ရင်ဆိုင်နေရသည်။ သွပ်ဈေး၊ သံဈေးများ ထိုးတက်သွားသည်။ အိမ်မိုးသွပ် တချပ်လျှင် တသောင်းခွဲ ဈေးရှိသည်။

ဒုက္ခသည်များကို ဘုန်းကြီးကျောင်းများက ကူညီစောင့်ရှောက်ပေးလျက် ရှိသည်။ သံဃာတော်များသည် အပျက်အစီးပုံများ ရှင်းလင်းပေးခြင်းအပြင် ကျောင်းများတွင် မီးစက်ဖြင့် ရေမောင်း၍ လူထုကို သောက်သုံးရေ ဝေငှပေးနေရသည်။ ချိုးရေ မဆိုထားနှင့် သောက်ရေပါ ခက်နေ၍ စေတနာရှင်များကလည်း ကိုယ်ပိုင်မီးစက်များဖြင့် ရေတင်ကာ သောက်ရေ ဒါနပြုလျက် ရှိသည်။ မီးစက်အတွက် ဒီဇယ်မှာလည်း ၁၅၀၀၀ အထိ တက်နေသည်။ စေတနာရှင်များက ထမင်းထုပ်၊ ဆန်ပြုတ်များပါ ဝေငှလှူဒါန်းကြသည်။ အစိုးရ ရုပ်သံတွင် ဝေငှမည့် ဆီနှင့် ဆန်များကို ရိုက်ပြထားသော်လည်း လူထုမှာ ထိထိရောက်ရောက် မရသေးပါ။ ပြည်သူအချင်းချင်း အစားအစာ လှူဒါန်းနေကြသည်။

ဝန်ထမ်းများ ရုံးမတက်နိုင်သေး။ ကုမ္ပဏီများလည်း အချို့ ပိတ်ထားဆဲ ဖြစ်သည်။ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ပြင်ဆင်မှုများ လုပ်မထားဘဲ ဆန္ဒခံယူပွဲကိုသာ ထောက်ခံမဲထည့်ကြဖို့ ၀ါဒဖြန့်နေသည့်အတွက် မကျေ မနပ် ပြောသံများ ထွက်လာသည်။ မုန်တိုင်းနောက်ဆက်တွဲ ပြဿနာများ ကိုသာ အာရုံစိုက်နေကြ သဖြင့် ဆန္ဒခံယူပွဲ ရန်ကုန်တွင် မေ ၂၄ ရက်နေ့ ပြောင်းလဲသည့် ကိစ္စမှာလည်း မုန်တိုင်း ပြဿနာအောက် မြုပ်နေသည်။

ရန်ကုန်တွင် အိမ်ခေါင်မိုးများ လန်ထွက်ပြီး အိမ်များထဲရှိ တီဗွီ၊ ကက် ဆက်၊ လျှပ်စစ်ပစ္စည်းများမှာ ရေကြောင့် ပျက်စီးသွားကြသည်။ လူသေဆုံးမှုများမှာ အိမ်ပြို၊ သစ်ပင်ပိသဖြင့် လူသေဆုံးမှု များ ဖြစ်သည်။ ရေသေးသုဿာန်တွင် အလောင်းများစွာ ရောက်လာသည်။

ရန်ကုန်ဆိပ်ကမ်းမှ ပျက်စီးသွားသော ငါးဖမ်းလှေများနှင့် ရေလုပ်သားအချို့ (အေအက်ဖ်ပီ)

မုန်တိုင်းကြောင့် တသောင်းခွဲ အနည်းဆုံး သေ

မေ ၆။ ရဲဇင်၊ HT၊ ရဲနီထက်

အပျက်အစီးများကို ဖယ်ရှားပေးနေသော ရဟန်းတော်များ (အေအက်ဖ်ပီ/ဂက်တီ)

ဆိုက်ကလုံးမုန်တိုင်း နာဂစ်စ်ကြောင့် သေဆုံးရသူ အရေအတွက်မှာ အနည်းဆုံး တသောင်းခွဲ ရှိသွားပြီ ဖြစ်ကြောင်းနှင့် အရေအတွက်မှာ ပိုမို တိုးမြင့်လာဖွယ် ရှိကြောင်း၊ ဘိုကလေး တမြို့တည်းမှာပင် သေဆုံးသူ ၁၀၀၀၀ ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ရုပ်မြင်သံကြားမှ ပြောကြားသွားသည်။

အမေရိကန် သမ္မတကတော် လော်ရာဘုရှ်က အမေရိကန် အစိုးရသည် ဆိုက်ကလုံးနောက်ပိုင်း ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး အကူအညီများ ပေးပို့ရန် အသင့်ရှိကြောင်း၊ သို့သော် အကူအညီမှာ အခြေအနေပေါ်တွင် မူတည်ကြောင်း ပြောကြားလိုက်သည်။ လော်ရာဘုရှ်သည် မြန်မာစစ်အစိုးရကို အပြင်းထန်ဆုံး ဝေဖန်သည့် သမ္မတကတော် ဖြစ်သည်။ မုန်တိုင်းနှင့် ပတ်သက်၍ ပြည်သူလူထုကို အချိန်မှ သတိမပေးခဲ့သည့်အတွက်လည်း စစ်အစိုးရကို လော်ရာဘုရှ်က ပြစ်တင်ဝေဖန်လိုက်သည်။ မြန်မာ လူထုဆန္ဒခံယူပွဲကိုလည်း အတုအယောင်ဟု လော်ရာဘုရှ်က ခေါ်ဝေါ်သွားသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်သည် နာဂစ်စ်ဒဏ် အဆိုးရွားဆုံး ခံလိုက်ရပြီး အိုးအိမ်ပျက်စီးမှုနှင့် အသေပျောက်လည်း အများဆုံး ဖြစ်ပါသည်။ သို့သော် ကယ်ဆယ်ရေး အဖွဲ့အစည်းများ မြစ်ဝကျွန်းပေါ်သို့ သွားလိုလျှင် အစိုးရထံမှ ခွင့်ပြုချက် ဦးစွာ ယူရမည် ဖြစ်သည်။ အနည်းဆုံး လူ ၉၀၀၀၀ အိုးအိမ်မဲ့သွားကြောင်း အစိုးရက ယမန်နေ့က ကြေညာသည်။ သို့သော် နှေးကွေးကြန့်ကြာမှုများကြောင့် ဧရာဝတီတိုင်းမှ ပျက်စီးဆုံးရှုံးမှု စာရင်းကို အဆုံးသတ် မသိရသေးပါ။ မေ ၁၀ ရက် လူထုဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်းမည် မဟုတ်ကြောင်းလည်း စစ်အစိုးရက အတည်ပြု ပြောကြားပါသည်။

ရန်ကုန်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေဆဲ ဖြစ်သည်။ ရန်ကုန်မှ စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေး ပစ္စည်းများ မြစ်ဝကျွန်းပေါ်သို့ မြစ်ကြောင်းသွား သင်္ဘော သုံးစီးနှင့် ပို့ဆောင်ထားသည်။ သို့သော် သိန်းနှင့်ချီသော ဒုက္ခသည်များအတွက် လောက်ငမည် မဟုတ်ဟု ယူဆရသည်။ ဘိုကလေး၊ လပ္ပတ္တာ၊ ပုသိမ်၊ မော်လမြိုင်ကျွန်းမြို့များမှ အထိအခိုက်အသေအဆုံး သတင်းများ ထွက်လာပြေီ ဖြစ်သော်လည်း စာရင်း အတိအကျကို မသိနိုင်သေးပါ။

ရန်ကုန်တွင် ကုန်ဈေးနှုန်းများ ထိုးတက်သွားသည်။ လူထုမှာ ဤမျှ ဆိုးရွားသော သဘာဝဘေးကို နှစ်ပေါင်း ၂၀ အတွင်း ရန်ကုန်မှာ မကြုံဖူးကြပါ။ ၂၀၀၄ ဆူနာမီ ဖြစ်ပွားစဉ်က မြန်မာနိုင်ငံမှာ အဖျားခတ်မျှသာ ခံလိုက်ရခြင်းကြောင့် ယခု နာဂစ်စ်သည် ၁၉၈၈ နောက်ပိုင်း အဆိုး၇ွားဆုံး သဘာဝဘေး ဖြစ်ပါသည်။

ဆိုက်ကလုံးဒဏ် ခံလိုက်ရသော မြန်မာနိုင်ငံအတွက် ကနေဒါအစိုးရက ဒေါ်လာနှစ်သန်း၊ နော်ဝေအစိုးရက ခရိုနာ ၁၀ သန်း လှူဒါန်းမည်ဟု အသီးသီး ကြေညာကြသည်။ နိုင်ငံတကာရောက် မြန်မာများကလည်း ကယ်ဆယ်ရေးရန်ပုံငွေများ စတင်ကောက်ခံနေကြပြီ ဖြစ်သည်။

ကိုရီးယားတွင် မြန်မာ့ နာဂစ်လေဘေးုးက္ခသည်များ ကယ်ဆယ်ထောက်ပံ့ရေး အစီအစဉ် အဖွဲ့တရပ်ကို ဖွဲ့စည်းလိုက်ပြီး မြန်မာနိုင်ငံ အမျိုးသားရေး လှုပ်ရှဗားမှု မြှင့်တင်ရေးကော်မတီ (ကိုးရီးယား)မှ ဦးဆောင် ဆောင်ရွက်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်းရှိ လေဘေးဒုက္ခသည်များနှင့် သက်ဆိုင်ရာ ဒေသများသို့ အကူအညီ အထောက်အပံ့များ ထိထရောက်ရောက်နှင့် အလျှင်အမြန် ရောက်၇ှိရန် စတင်ဆောင်ရွက်နေပြီဟု သိရသည်။

မုန်တိုင်းနောက်ဆက်တွဲ

မေ ၄။ ရဲဇင်

ရန်ကုန်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို မွှေနှောက်သွားသော နာဂစ်စ် ဆိုက်ကလုံးမုန်တိုင်းကြောင့် ၂၄၃ ဦး ကွယ်လွန်ကြောင်း အစိုးရ ရုပ်မြင်သံကြားမှ ကြေညာသည်။ ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ်များတွင် သေဆုံးသူများ အရေအတွက်ကို အစိုးရ သတင်းဌာနများက လျှော့ပေါ့ ကြေညာမြဲ ဖြစ်သည့် အတွက် အမှန်တကယ် သေဆုံးသူ စာရင်းမှာ ထို့ထက် များပြားနိုင်ဖွယ် ရှိသည်။ ရန်ကုန် အပျက်အစီးမှာ ဗုံးဒဏ် အကြီးအကျယ် ခံခဲ့ရသည့် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အဆိုးဆုံး ဖြစ်သည်။