|
|
|
|
“သီးလေးသီး”နှင့် မဲဆောက် မြန်မာည သောင်ရင်းနဂါး ဖေဖေါ်ဝါရီ ၁ ရက်၊ ၂၀၀၈။
ဟစ်တိုင်
ဆီးသီးဝင်လာစဉ်နှင့် လှိုက်လှဲစွာ ကြိုဆိုကြပုံ တ၀ါးဝါး တဟားဟား ပွဲကျနေသော ပရိသတ် " ရယ်ရတယ်တော့" "ပြက်လုံးတွေက ထိတယ်ဟေ့" "အခုမှပဲ ငါတို့ကိုယ်စား ခံစားချက်တွေကို စင်ပေါ်မှာပြောနေပြီးဟေ့" စသည်ဖြင့် ပွဲခင်းထဲမှ ရွှေပွဲလာ ပရိသတ်များ၏ ရင်ဖွင့်သံများကို ထိုင်းနိုင်ငံဆိုင်ရာ ဟစ်တိုင်သတင်းထောက် သောင်ရင်းနဂါးတစ်ယောက် ထွင်းထွင်းဖေါက်ဖေါက် ကြားလိုက်ရပါသည်။ အချိန်အခါမဟုတ် မိုးများရွာသွန်းလျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကလေးတွင် ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က မှတ်မှတ်ရရအားဖြင့် မိုး(၆)ကြိမ် ရွာသွန်းခဲ့ပါသည်။ မနက် (၄)နာရီတွင် တစ်ကြိမ်၊ နံနက် ရှစ်နာရီခွဲတွင် တစ်ကြိမ်၊ မွန်းလွဲ (၁)နာရီတွင် တစ်ကြိမ်၊ ညနေ လေးနာရီခွဲတွင် တစ်ကြိမ်၊ ည (၇)နာရီတွင် တစ်ကြိမ် စသည်ဖြင့် သဲသဲမဲမဲ (၃)ကြိမ်နှင့် ခပ်ဖွဲဖွဲ ၂ ကြိမ် ရွာသွန်းခဲ့တာ တွေ့ရသည်။ မယ်တော်ဆေးခန်းအတွင်းရှိ ဇာတ်စင်မြင့်ရှေ့တွင် နေရာယူထားကြသော ရွေပွဲလာ ပရိသတ်များမှာ ညနေ လေးနာရီခွဲနှင့် ည (၇)နာရီတွင် ရွာသွန်းဖြိုးသော ကိုရွှေမိုးနှင့် တည့်တည့်တိုးခဲ့သည်က ဖွဲဖွဲလေးမှ ခပ်စဲစဲလေးရယ်ပါ။ တော်သေးတာပေါ့ဟု သောင်ရင်းနဂါး ဘုရားတမိသည်။ အဲသည်လို မိုးစဲစဲလေး ရှိနေသည်ကိုပင် သီးလေးသီး၏ အမာခံ ပရိသတ်များသည် အမှုမထားနိုင်ကြ။ ဂရုမထားနိုင်ကြ။
ဟစ်တိုင် အာရှသူရဲကောင်း ဗိုလ်အောင်ဆန်းသီချင်း သီဆိုနေစဉ် သီးလေးသီးနှင့် ဆေးခန်းပြည့်လျှံ သူ့ပရိသတ် သည်လိုနှင့် ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ ညချမ်းသည် လှပပြီး လွပ်လပ်ပေါ့ပါးစွာ ထူးခြားလို့ နေပေသည်။ အံမယ် .... အံမယ် ဘာတွေများ ထူးခြားနေသတုန်းဗျဟု မေးစရာရှိသည်။ အဝေးရောက် ကျောင်းသား ခွပ်ဒေါင်းများနှင့် မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ နှလုံးအိမ်ထဲတွင် " ငါတို့ရဲ့ကိုယ်စား၊ ငါတို့လူထုရဲ့ ရင်ဘတ်များဆီကို ပစ်သွင်းပေးမယ့် စကားလုံးများပိုင်ရှင်ဖြစ်တဲ့ ငါတို့ကိုယ်ပွားတွေ လာနေကြပြီဟေ့" ဟုဆိုပြီး ယုံကြည်ကြလျက် မိုးဖွဲဖွဲရွာနေသည့်တိုင်အောင် တက်ကြွမှုများ မလျော့ပါးကြသလို လတ်ဆတ်မှုများလည်း မပေါ့သွားကြပါချေ။ ရွှေ့ပြောင်းအလုပ်သမားများနှင့် အဝေးရောက်မြန်မာပြည်သား ပရိသတ်များအကြားဝယ် ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ အသက်(၇၇)နှစ် အရွယ်ရှိ ဒေါ်စန်းစန်းသည်လည်းကောင်း၊ ဂျာမနီနိုင်ငံ ကိုလုံးမြို့မှ ငြိမ်းချမ်းရေးခရီးသည် အရှင်သောပါကလည်းကောင်း၊ ဆေးခန်းတနေရာမှ ရပ်ကြည့်နေသော ဒေါက်တာ စင်သီယာမောင်သည် လည်းကောင်း တခဏငယ် လွတ်လပ်မှုများကို ပြည်သူလူထုနှင့်အတူ စည်းဝါးညီညီ ခံစားနေကြသည်ကို မြင်ရသည်။ ဟိုး ဟိုရှေ့က မယ်တော်ဆေးခန်း ၀င်ပေါက်အ၀တွင်လည်း ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ စာရေးဆရာ ကဗျာဆရာ အောင်ဝေး၊ သူ့အနားမှာက စာရေးဆရာ အယ်ဒီတာ ဒေါက်တာ လွဏ်းဆွေ၊ ကဗျာဆရာ သံခဲ(ဆေး‑ မန်း)၊ ကဗျာဆရာ မြင့်ဇေ၊ ကိုညို၊ ကိုတိတ်၊ ကိုရွှေဂျိုး၊ ကိုမိုးကျော် (RFA)၊ ကိုထက်ရာဇာ (DVB)၊ မန်းမျိုးမြင့်(ခေတ်ပြိုင်) စသည်ဖြင့် ကြိုဆိုရေး ၀ိုင်းတော်သားများ၊ ဦးတင်ရွှေနှင့် စောနေဦး အမှူးပြုသော လုံခြုံရေး ၀ိုင်းတော်သားများကိုလည်း လန်းဆန်း လတ်ဆတ်မှုအပြည့်ဖြင့် တွေ့မြင်ကြရသည်။ မိုးကလည်း ည (၇)နာရီ ကျော်လာသည့်တိုင်အောင် ဖွဲဖွဲရွာလိုက်၊ ခဏတိတ်သွားလိုက်နှင့် ၀င်လာမစဲ တသဲသဲဖြစ်ကာ ပရိသတ်အရေအတွက် (၃၀၀၀)ခန့်အား ကလူ၏သို့၊ မြူ၏သို့ ဖန်တီးလျက် စေစားနေလျက်ရှိသည်။ သီးလေးသီးနှင့် ဆေးရောင်စုံအငြိမ့်အဖွဲ့ကို ပေါ်လာနိုးနှင့် မျှော်ကိုးကာ စောင့်နေကြရသည်မှာ ကြာလာတော့ ဒီနေ့လာမှာ ဟုတ်ရဲ့လားဟု ကျင်းပရေးကော်မတီထံ မကြာခဏ သွားမေးနေကြတာလည်း ရှိသည်။ ကျင်းပရေးကော်မတီမှ ပြန်ကြားရေးမှူးဖြစ်သူ စာရေးဆရာ မင်းရာမ၏ ပြောင်လုံးပြက်လုံးများကို တချက်တချက် နားဆင်ရင်း ထိုစကားများကို ပြောကြားနေသူအား ရှုလိုက်ပြန်သော် ယင်းမှာ ကိုယ်တိုင်လည်း နောက်ပြောင်သည့်အသွင် ရှိလျှက် ညအဆင်းတွင် သူရယ်ပြသော သွားကြဲကြဲကိုပင် မြင်ကြရသည်။ ဇွဲနပဲကြီးလှသော သီးလေးသီး ပရိသတ်များသည် (၈)နာရီကျော်တွင် မိမိတို့ ရှေ့မှောက်သို့ လူရွှင်တော် ဆီးသီးနှင့် ပန်းသီး ရောက်ရှိလာကာ နိဒါန်းပျိုး ပြက်လုံးစကာမှ သက်မ,ချနိုင်ကြတော့သည်။ ဗျိုင်းလည်ပင်းမက သစ်ကုလားအုတ်လည်ပင်းပမာ ရှည်သထက်ရှည်လာသော လည်ပင်းများကို ပုံမှန်အနေအထားသို့ အခုမှ ပြန်ပို့နိုင်ကြတော့သည်။ ဟော... စပါပြီ။ (ဆီးသီး) မရိုသေ့စကားလေးပေါ့ဗျာ။ အစ်ကိုကြီးတစ်ယောက် အောက်စလွတ်တာကို အောက်စလွတ်တယ်လို့ သွားပြောရင် ရိုင်းတာပေါ့။ ငါသာဆိုရင် ဒီလိုပြောမယ် ... ယဉ်ယဉ်ကျေးကျေးနော်။ အဲသည်လို ဆီးသီးနှင့် ပန်းသီးတို့က ဟာဒယနိဒါန်း ဖွင့်လှစ်ပြီး သကာလ သီးလေးသီးနှင့် ဆေးရောင်စုံ အငြိမ့်အဖွဲ့၏ ဒါရိုက်တာဖြစ်သူ လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ကြယ်သီး၊ မင်းသမီး ချောစုမျိုး၊ မြစပါယ်ငုံတို့သည် ရှေ့ဆင့် နောက်ဆင့်ဆိုသလို ကြိုဆိုရေး မိတ်ဆွေများ ကမ်းထားသည့် နှင်းဆီပွင့်နီများ ကိုင်ဆောင်ကြလျက် ပရိတ်သတ်ရှေ့မှောက် ရောက်ရှိလာကြပါသည်။ (ဂေါ်ဇီလာ) ပရိသတ်တွေကို ကျနော်တို့ ပြောချင်တာက ကျနော်တို့ရဲ့ ရင်ထဲမှာက ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ ဆိုတဲ့ ဦးထိပ်ပန်ဆင်မှု ဖြစ်ပါတယ် .........။ ထိုစဉ် ခဏ၀ယ်သြဘာသံများ သောသောညံသွားသည်ကို ကြားကြရသည်။ (ဂေါ်ဇီလာ) ကျနော်တို့ သီးလေးသီးနဲ့ ဆေးရောင်စုံအဖွဲ့ဟာ အဝေးရောက် မြန်မာပြည်သားတွေနဲ့ ပြည်တွင်းက ပြည်သူလူထုတွေ ရင်ထဲက ပြောချင်နေတဲ့ စကားနဲ့ ကြားချင်နေတဲ့ အသံတွေကို ကိုယ်စားကိုယ်ပွါးတွေအဖြစ် တင်ပြသွားမှာ ဖြစ်ပါတယ် ..... .....။ ထိုစဉ်ခဏ၀ယ် ရွှေပွဲလာတို့ထံမှ လက်ခုပ်သံများ ဆူညံသွားပြန်ပါသည်။ ပြည်သူကိုသာ အမိ၊ အဖအဖြစ် ဦးထိပ်ပန်ဆင်သည့် လူယဉ်ကျေးတို့၏ ပါးစပ်ဖျားမှ ထိုစကားများကို မည်သူက သဘောမကျပဲ ရှိမည်နည်း။ ထို့နောက် လူရွှင်တော် ၅ ဦီးနှင့် မင်းသမီး ၂ ဦးတို့သည် ဗိုလ်ချုပ်အောင်ဆန်းပုံပါရှိသည့် တီရှပ်အင်္ကျီ ကိုယ်စီ ၀တ်ဆင်ကာ (အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း) သီချင်းကို မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုကြပါတော့သည်။ " ဗမာ့လွတ်လပ်ရေးအတွက် ...... တပ်မတော်ဖွဲ့ဖို့ ...... ဂျပန်ပြည်မှာကွယ် ..... တကယ်ပဲ အသက်နဲ့လဲလို့ ...... ဆင်းရဲဒုကQ ခံကာကြံစည်တယ် ... . သူရဲကောင်းတဲ့ .... ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ် ......... " သည်အထိတော့ ပရိသတ် (၃၀၀၀)ခန့်က ငြိမ်သက်စွာ နားဆင်လျက်၊ တက်ကြွလှုပ်ရှားသူအချို့နှင့် ခွပ်ဒေါင်းအချို့က သတိဆွဲကာ ငြိမ်သက်ကြလျက် သီချင်းသံစဉ်ကြောတွင် လွင့်မျောနေကြပါ၏။ မကြာမီ ပေါ်ထွက်လာသည့် သီချင်းသံပြိုင် အပိုဒ်တွင် လက်သီးဆုပ်ကာ၊ မျက်ရည်ဝဲကာ လှိုက်လှဲသော ရင်ဘတ်များဆီမှ ထွက်ကျလာကြသည်က .................... " (ရာဇ၀င် ... အထုပ္ပတ္တိလည်း ရှိရမယ် ..... မော်ကွန်းလည်းထိုးလောက်တယ် ....... မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂" ( တိုင်းပြည်အကျိုး....... စွန့်ခဲ့တဲ့ များဇာနည်နွယ် ......... လွတ်လပ်ဖို့ ....... တို့များကို နွံတွင်းမှကယ် ........ တို့ဗမာတွေ စိုးမိုးဖို့ ..... မျှော်ကြရှာလို့ ပေါ်လာတယ် ........ ) (သံပြိုင်) .......... ( ရာဇ၀င် .....................................မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်) ကြက်သီးမွေးညှင်း ထလိုက်သည်ဖြစ်ခြင်း ....... ။ ပီတိအဟုန် လွှမ်းခြုံလို့ မဆုံး၊ တကယ့်ကို လွှမ်းခြုံလို့ မဆုံးကြတော့ပါချေ။ ဒါပဲပေါ့ဗျာ ...... ။ ခဏငယ်လွတ်လပ်ခွင့် ......... ပြီးတော့ ခဏငယ် လတ်ဆတ်ပေါ့ပါးစွာ ရယ်မော ပျော်ရွှင်ခွင့် ...... ။ ပြီးတော့ သူ့ရင်ထဲက အောင့်လုံး၊ ကိုယ့်ရင်ထဲက အောင့်လုံးတွေကို ( အော့နှလုံးနာစွာ) ထုတ်ဖေါ် ပြသခွင့် ခဏငယ် မဟုတ်ပါလားဗျာ .....။ ထို့နောက် မယ်တော်ဆေးခန်းမှ ဆရာမနော်တူးနှင့် လူရွှင်တော် ကြယ်သီးတို့၏ ဦးရွှေရိုးနှင့် ဒေါ်မိုးအက၊ ကရင် ဒုံးယိမ်းအက စသည်ဖြင့် တမျိုးပြီးတမျိုး မရိုးရအောင် တင်ဆက်သွားတာ တွေ့ရသည်။ ဟစ်တိုင်သတင်းထောက်သည် ဇာတ်စင်၏ အရပ်လေးမျက်နှာသို့ လူကြားသူကြား တိုးဝှေ့သွားလာကာ သတင်းမှတ်တမ်းကို အမိအရ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပွဲကြည့်ပရိသတ် များစွာထဲမှ ထိုင်ခုံဖြင့် စိတ်အေးလက်အေး ကြည့်ရှုနေသူ တဦးထံ ချဉ်းကပ်သွားရင်း လေးခွန်းငါးခွန်းသော မေးမြန်းမှုများကို ယခုလို ဆောင်ရွက်နိုင်ခဲ့ပါသည်။ "ဒီပွဲကို လာရတာက ဆေးကုရင်း တိုက်ဆိုင်သွားတာပါ။ မြန်မာပြည်မှာတုန်းက စီဒီခွေ ကြည့်ရပါတယ်။ ဂန်ဖလား(ဂန်ဘာရီ) ပြက်လုံးကို သဘောအကျဆုံးပါပဲ။ လူရွှင်တော်တွေကို ကိုယ်တိုင်တွေ့ရပြီး လွတ်လွတ်လပ်လပ် ကြည့်ရှုရတော့ ငါတို့ မြန်မာပြည်မှာလည်း ဒီမှာလိုပဲ လွတ်လွတ်လပ်လပ် နေရမယ်၊ လုပ်ကိုင်စားသောက်ရမယ်၊ ရင်ထဲရှိတာကို လွတ်လွတ်လပ်လပ် အခုလို ထုတ်ဖေါ်ခွင့် ရရင် ဘယ်လောက်ကောင်းမလဲလို့ ဆန္ဒဖြစ်မိပါတယ် .........." ထိုမှတဖန် ပရိသတ်ကြား တိုးဝှေ့သွားလာရင်း လမ်းလျှောက်အားပေးလာသူ ဦးထွန်းထံ သောင်ရင်းနဂါး ရောက်သွားပြန်သည်။ " ကျနော်က ကျောင်းသားဆေးခန်း (မယ်တော်) နဲ့ ၂ မိုင်ကျော် ဝေးတဲ့ မယ်တော်ကျေးရွာ အဖျားက လမ်းလျှောက်လာခဲ့တာပါ။ ကျနော် မဲဆောက်ရောက်တာ ၇ နှစ် ရှိပါပြီ။ မယ်တော်ကျေးရွာ အိမ်ဆောက်ပစ္စည်း အလုပ်ရုံ (ဘောက်ရုံ) မှာ လုပ်ပါတယ်။ ကျနော် ဒီနေ့ သဘောအကျဆုံးက ဗိုလ်ချုပ်အောင်ဆန်း သီချင်းကို အသံဝင်တဲ့အထိ အော်ဆိုဖြစ်တယ်။ သီးလေးသီးအဖွဲ့က ၇ ယောက်စလုံးဟာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ အင်္ကျီကိုယ်စီ ၀တ်ထားတော့ ငါလည်း ထိုင်းနိုင်ငံရောက်တာ ၇ နှစ် ရှိတာတောင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကို အပိုင်မရှိတာ စိတ်မကောင်းဘူး။ ကျနော်က ဗိုလ်ချုပ်ကို သိပ်လေးစားတယ်။ အဲသည်လိုပဲ သီးလေးသီးအဖွဲ့ရဲ့ ပြက်လုံးတွေဟာ ဟာကွက်မရှိအောင် ထိမိတယ်။ ဂေါ်ဇီလာ ပြောသွားတဲ့ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖဆိုတာကို အခုထိ ပီတိဖြစ်နေတုန်းပဲ" ဟု ရင်ဖွင့်စကားပြောကြားသည်။ ဆက်လက်ပြီး လက်သီးလက်မောင်းတန်းကာ ရှေ့တန်းမှ အားပေးနေသူ မသွယ်အား မေးမြန်းကြည့်ရာ " ကျမက ဖုတ်ဖရမြို့နယ် ၄၈ ကီလိုမီတာ ကျေးရွာဘက်က ကျန်းမာရေး လုပ်သားတစ်ဦး ဖြစ်ပါတယ်။ မဲဆောက်ကနေ ၄၈ ကီလိုမီတာ (မိုင် ၃၀) ဝေးပါတယ်။ အခုလာတဲ့ သီးလေးသီးက ကျမထက် ပိုပြီး အဝေးကြီးက လာကြတာပါ။ မြန်မာပြည်က ထွက်လာပြီး အခုလို ပြောရဲ၊ ပြက်ရဲတာကို အရမ်းလေးစားပါတယ်။ ကျမက ကျန်းမာရေးလုပ်သားဆိုတော့ ကိုယ်တိုင်လည်း တခါတလေ စိုက်ပျိုးရေးအလုပ်သမားအဖြစ် ၀င်လုပ်ရပါတယ်။ သည်တော့ စိုက်ပျိုးရေးအလုပ်သမားတွေကို နီးနီးကပ်ကပ် ဆက်ဆံရင်း ကျန်းမာရေး စောင့်ရှောက်ရင်း မဲဆောာက်ကပါလာတဲ့ သီးလေးသီး စီဒီခွေကို ပြဖြစ်ပါတယ်။ သူတို့ အရမ်းသဘောကျတယ်။ အခုပွဲမှာလည်း ဖုတ်ဖရ ဘက်က ကျမထင်တယ် လူ ၂၀ ထက်မနည်း လာကြည့်ကြမယ် ထင်တယ်။ အားရတယ်။ လက်သီးလက်မောင်း တန်းပြီးတော့ ဗိုလ်ချုပ်သီချင်းဆိုတယ်။" ဟု အားပါးတရ ပြောပြသည်။
ဟစ်တိုင်
ဖုတ်ဖရ မြို့နယ် ၃၇ ကီလိုမီတာကျေးရွာရှိ မုန်လာဥ ဂိုဒေါင်မှ မြန်မာအလုပ်သမားများ၏ လုပ်ငန်းခွင်တခု ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မဲဆောက်မြို့ ညချမ်းသည် လွတ်လပ်ပန်း၊ လတ်ဆတ်ပန်း၊ လန်းဆန်းပန်းတို့နှင့် တခဏငယ် ပွင့်လန်း ချမ်းမြေ့ခွင့် ရရှိကြသည်က ရွှေပွဲလာ မြန်မာပြည်သား (၃၀၀၀)ခန့် အတွက် ဖြစ်တည်မှုပါလေ။ သီးလေးသီး အငြိမ့် ဖျော်ဖြေမည့် သတင်းစကားကို ရွှေ့ပြောင်းအလုပ်သမားများနှင့် အဝေးရောက် မြန်မာပြည်သားများ၏ လုံခြုံရေးအတွက် ကြော်ငြာဖြန့်ဝေခြင်း၊ သတင်းအချက်အလက် ဖြန့်ဝေခြင်း မရှိခဲ့သဖြင့် ပရိသတ် အားကို နိုင်နင်းစွာ ထိန်းချုပ် နိုင်ခဲ့သည်လား မဆိုတတ်ပေ။ သေချာတာကတော့ မဲဆောက်မြို့နှင့် ပတ်ဝန်းကျင် မြို့ရွာများမှ ရွှေ့ပြောင်းအလုပ်သမား တပြုံတမကြီး ရောက်မလာကြပေ။ မည်သို့ပင်ဆိုစေ ထိုတခဏငယ် ပျော်ရွှင် လွတ်လပ်မှုတို့သည် တစ်ယောက်တစ်လက် တအားဆိုသည်မှာ ထက်မြက်သော ဓါး(သို့) သွက်လက်သော မြား ဆိုသည်ကို သူ့ရင်ထဲ .. ကိုယ့်ရင်ထဲ ....... အားလုံးရင်ထဲမှာ ......။ x x x ဘန်းချင်သူတို့ရေ.. ချစ်မရ
မန္တလေးမှ အင်တာနက်ကဖေးတခု “နင်ပဲ ပိတ်နိုင်မလား၊ ငါကပဲ ခွနိုင်မလား“ သီချင်းစပ်ရမလိုတောင် ဖြစ်နေပြီ။ ဘန်းတဲ့ ဆိုက်တွေ ကျော်ခွ ၀င်ရလွန်းလို့ ကျော်နည်း၊ ခွနည်း၊ ဟိုလင့် ဒီလင့်ကနေ ခုန်ကူးနည်းတွေ သုံးရလွန်းလို့ ပြည်တွင်းက လူတွေလဲ မျောက်လွှဲကျော် ဖြစ်ကုန်ပြီ။ စက်တင်ဘာ အရေးအခင်းပြီးတော့ ခုနောက်ဆုံး သုံးလိုက်တဲ့ နည်းကတော့ “ယုတ်မာပါပေ့ကွယ်“ပဲ။ စကတည်းက မမြန်တဲ့ ကော်နက်ရှင်တွေကို ပိုနှေးအောင် လုပ်ထည့်လိုက်တယ်လေ။ ဟိုးအရင်နှစ်က ဆာဗာတွေ ၀င်မရဘဲ ရက်ဆက် ပျက်တုန်းကတော့ စင်ကာပူက ရေအောက် ကေဘယ်ကြိုးတွေ ပြင်နေလို့ပါ ပြောတယ်။ ခုတော့ ဘာမှ ပြောတော့ဘူး။ ခပ်တည်တည်နဲ့ ကော်နက်ရှင် စပိတွေ လျှော့ချလိုက်တာပဲ။ မြန်မာပြည်က မြန်နှုန်းမြင့် အေဒီအက်စ်အယ်လ်ဆိုတာ လိပ်က အဘ ခေါ်ရတယ်။ ခုဆို ဖွင့်လိုက်တိုင်း တော်တော်နဲ့ တက်မလာ တက်မလာနဲ့။ ပိတ်ထားတဲ့ ဆိုက်တွေကလဲ ခပ်များများ။ အဆက်စ် ဒနိုင်း (access denied) ဆိုတာ ပေါ်လာရင် စခရင်တောင် ရိုက်ခွဲပစ်ဖို့ ကောင်းတယ်။ ဂျီမေးတော့ ရသေးတယ်။ ဒါလဲ ဂူဂယ်တခုလုံးကို သူတို့ ဘန်းရခက်နေလို့။ အင်တာနက်ဆိုတာ ချက်တင်နဲ့ မေးပို့ဖို့ပဲ ကျရော။ တခုတော့ ပြောလိုက်မယ်ဗျာ။ အပိတ်အဆို့ သိပ်မများစေနဲ့။ နောက်ဘ၀ မိန်းမဖြစ်ပြီး မီးမဖွားနိုင်ပဲ ပိတ်ပြီး ၀ဋ်လည်နေမှ ခက်မယ်။ x x x နှစ်သစ်ကို အဓိပ္ပာယ်ရှိစွာ ကျော်ဖြတ်ခြင်း နတ်မျက်စိ
၂၀၀၇ခုနှစ်ု၏ ဆည်းဆာသို့ ရောက်လုနီးသည့်အခါတိုင်းတွင် လာမည့်အနာဂတ်ကာလလေးတွင် new year ဟူသည့်နှစ်သစ်က လက်လှမ်းလို့ကြိုဆိုနေစမြဲပါပဲ။ ထိုနှစ်သစ်ကို ရောက်မည့်အချိန်သည် ဒီဘက်နှစ်ဟောင်း၏ ဆည်းဆာကို ကျော်ဖြတ်ရမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့ ဆည်းဆာကို ကျော်ဖြတ်ရာ၌ တစ်ချို့လူကြီး၊ လူငယ်၊ လူရွယ်တို့သည် ညလုံးပေါက်မအိပ်ဘဲ အပျော်ကြီးပျော်ခဲ့ကြပေသည်။ ထိုသို့ပျော်ခဲ့ကြရာတွင် အရက်သေစာသောက်စားမူးရူးပြီး အုပ်စုဖွဲ့၍ လမ်းမကြီးတစ်လျှောက် အော်ဟစ်သီချင်းဆိုကာ အပျော်လွန်ခဲ့ကြသည်။ ဤတွင်မက ရန်ကုန်မြို့၏ ထင်ရှားသည့် ရပ်ကွက်တစ်ခု ဖြစ်သည့် တက္ကသိုလ်ရိပ်သာလမ်းထဲတွင် နိုက်ကလပ်ကြီးတစ်ခုဖွင့်လှစ်ထားသည်။ ထိုနှိုက်ကလပ်ကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးက ပိုင်ဆိုင်သည်ဟုဆိုပါသည်။ ထို့ကြောင့် ၄င်းနိုက်ကလပ်တွင် အစောင့်အရှောက်များစွာ ရှိသည်ဟု သိရပါသည်။ အဆိုပါညက ထိုနိုက်ကလပ်သို့ တက်ရောက်လာသော မိန်းမယောက်ျားများသည် အရက်ကို အလွန်အကျွံသောက်ကာ လူပုံအလယ်၌ မရှက်မကြောက် တစ်ဦးကိုတစ်ဦးပွေ့ဖက်ကာ အနောက်တိုင်းအကဖြင့်ကနေကြသည်။ အထူးသဖြင့် မိန်းခလေးများသည် ၀တ်လစ်စလစ်ဖြင့် ကနေကြသည်မှာ ယိုသူမရှက် မြင်သူရှက်ဆိုသကဲ့ပင်တည်း။ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်ပေးခြင်း ဖြင့် နိုက်ကလပ်သို့ တက်ရောက်ခွင့်ရကြသည်ဟု သိရပါသည်။ သည်တွင်မက မြို့တစ်မြို့၏ တက္ကသိုလ်ကြီးတစ်ခုတွင် တက္ကသိုလ်ဆရာမအချို့သည် အရက်သောက်ကာ ကျောင်းသားများနှင့် ရောနှောပြီး နှစ်သစ်ကို ကြိုဆိုခဲ့ကြပါသည်။ အမှန်ကား နိုင်ငံ့ခေါင်းဆောင်တို့သည် တိုင်းသူပြည်သားတို့ ၏ ရှေ့ဆောင်လမ်းပြဖြစ်သကဲ့သို့၊ တက္ကသိုလ်ဆရာ/ဆရာမများဟူသည် ကျောင်းသား/သူများ၏ မကောင်းမြစ်တာ ကောင်းရာညွန်လတ် ရှေ့ဆောင်လမ်းပြများဖြစ်ပါလျှက် အကျင့်စာရိတ္တဖေါက်ဖြစ်ကာ လမ်းမှားလိုက်နေကြမည်ဆိုပါလျှင် လမ်းညွန်မှုမကောင်းသော တိုင်းသူပြည်သားများ ရှေ့ဆောင်မှုမကောင်းသော ကျောင်းသူကျောင်းသားများသည် မည်သို့ ရှိမည်နည်း၊ နှစ်သစ်မှသည် နောင်လာမည့် အနာဂတ်ကာလအတွက် တွေးဝံ့စရာမရှိပေ။ မိသားစု ပြည့်စုံရန်သာ သိကြပြီး နိုင်ငံအတွက် တာဝန်မဲ့သော နိုင်ငံ့ခေါင်းဆောင်ဆိုသူများ၏ အကျင့်စာရိတ္တပျက်ပြားမှု၊ တက္ကသိုလ်ဆရာ/ဆရာမများ၏ အကျင့်ပျက်ပြားမှုတို့ ကြောင့် နှစ်သစ်ကူး၌ မှန်ကန်၍ တန်ဘိုးရှိသော ပျော်ရွှင်မှုများ ပျောက်ကွယ်ခဲ့ရသည်။ သည်အတိုင်းဆိုလျှင် ၂၀၀၇ ခုနှစ်၏ ဆည်းဆာမှသည် နှစ်သစ်ဆီသို့ ဖြတ်ကျော်ရာတွင် အဓိပ္ပါယ်ရှိသော ဖြတ်ကျော်မှုမဟုတ်နိုင်တော့ချေ။ ပြောလိုသည်မှာ- နှစ်ဟောင်း၏ ဆည်းဆာမှသည် နှစ်သစ်ဆီသို့ ကျော်ဖြတ်ကြသောအခါ အဓိပ္ပါယ်ရှိသော ကျော်ဖြတ်ခြင်းဖြင့် ကျော်ဖြတ်နိင်ရန်အရေးကြီးပေသည်။ ထိုသို့ ကျော်ဖြတ်နိုင်ရန်အတွက် တိုင်းသူပြည်သားတို့၏ ရှေ့ဆောင်လမ်းပြဖြစ်သော နိုင်ငံ့ခေါင်းဆောင်များနှင့် ကျောင်းသား/သူများ၏ ရှေ့ဆောင်လမ်းပြဖြစ်သော တက္ကသိုလ်ဆရာ/ဆရာများ၏ အကျင့်စာရိတ္တနှင့် ပြုမူနေထိုင်မှုတို့ကို ပြုပြင်ရပေမည်။ တာဝန်သိသိ သစ္စာရှိရှိဖြင့် ထိန်းထိန်းသိမ်းသိမ်း ပြုမှုကျင့်သုံးနေထိုင် သွားကြမည်ဆိုလျှင် တိုင်းသူပြည်သား၊ ကျောင်းသား/သူများ၏ အကျင့်စာရိတ္တကောင်းမွန်လာနိုင်ပါသည်။ ထိုသို့ ကောင်းမွန်ပြည့်စုံမှသာလျှင် နှစ်ဟောင်း၏ဆည်းဆာမှသည် နှစ်သစ်ဆီသို့ အဓိပ္ပါယ်ရှိစွာ ကျော်ဖြတ်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတော့သတည်း။ (၅-၁-၀၇) x x x ”မဲဆောက် ကြေညာချက်”
“ “ရန်...ငါ မပြတ်လို့ သံဃာ အသတ်ခံရတာ သွေးကြွေးမှာ ဆွေးနွေးစရာ အကြောင်းမရှိ....” အောင်ဝေး(တိုက်ပွဲကို နိုင်အောင် တိုက်မပေးနိုင်ခဲ့ဘဲနဲ့ ထွက်ပြေးလာခဲ့ရတဲ့ အတွက်တော့ တိုင်းပြည်ကို အားနာမိပါတယ်။
အသက်ရှင်နေသရွေ့ ဒီစစ်အစိုးရ ပြုတ်ကျသွားတဲ့အထိ တိုက်ပွဲဝင်သွားပါ့မယ်လို့
လူထုကြီးကို ကတိပေးပါတယ်။)
သောင်ရင်းနဂါး/ဟစ်တိုင် (၂၀-၁၂-၀၇)
X X X R ဇာနည် စတိတ်ရှိုးနှင့် မဲဆောက်မြို့၏ ပျော်ရွှင်ဖွယ်ည သောင်ရင်းနဂါး
R ဇာနည်နှင့် ရုံပြည့်ရုံလျှံ မြန်မာပရိသတ် မြန်မာပြည်မှ နာမည်ကြီးအဆိုတော် R ဇာနည်၏ စတိတ်ရှိုးနှင့် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရောက် မြန်မာပြည်သား ၇၀၀၀ ခန့်၏ ပျော်ရွှင်ဘွယ်ညချမ်းကို ဒီဇင်ဘာ ၉ ရက်နေ့ ညပိုင်းက တွေ့မြင်ကြရသည်။ ထိုင်းဘုရင်၏ သက်တော် (၈၀) ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် မဲဆောက်မြို့မှ တာဝန်ရှိသူများ၏ စီစဉ်မှုအရ မြန်မာ ပြည်မှ ရေဒီယိုနှင့် စတူရီယိုတေးသံရှင်များသည် ဒီဇင်ဘာလ (၂) ရက်၊ (၃) ရက်နှင့် (၉) ရက်နေ့များတွင် လာရောက် ဖျော်ဖြေ ကြခြင်း ဖြစ်သည်။ ဒီဇင်ဘာလ (၂) ရက်နှင့် (၃) ရက်နေ့များတွင် ရေဒီယိုတေးသံရှင်များဖြစ်ကြသော ရန်ပိုင်စိုး၊ ရာဇာဝင်းတင့်၊ တက္ကသိုလ် လဲ့လဲ့၊ မေကျော့ ရှင်းတို့နှင့်အတူ စတီရီယိုတေးသံရှင် ရင်ဂို၊ မိုးယံဇွန် (ဟစ်ပ်ဟော့)၊ နန်းဆုရတီစိုးတို့က ဖျော်ဖြေခဲ့ပြီးဖြစ်သည်။ စက်ရုံအလုပ်ရုံများနှင့် လုပ်ငန်းခွင် များတွင်လည်း မြန်မာအလုပ်သမားများအကြားဝယ် ဒီဇင်ဘာလ (၉) ရက်နေ့ည၌ Rဇာနည် လာရောက် ဖျော်ဖြေမည့်အကြောင်းသည် ကျယ်ကျယ် ပြန့်ပြန့်ပျံ့နှံ့နေခဲ့သည်။
ယနေ့ညတွင်မူ ညဦးပိုင်း၌ ဒေသခံ ထိုင်းတေးသံရှင်လူငယ်များ၏ စကော့ပီယံအဖွဲ့ စတိတ်ရှိုးဖျော်ဖြေမှုနှင့် စတင်စဉ်မှာပင် ရုံဝင်ကြေး (၄၀) ဘတ်၊ ပွဲဈေးဝင်ကြေး (၂၀) ဘတ်စသဖြင့် စုစုပေါင်း ဘတ်(၆၀) ရင်းနှီးကာ လာကြရသော မြန်မာပြည်သား ပရိသတ်များမှာ ရုံတွင်း၌ (၅၀၀၀) ကျော်၊ ရုံပြင်တွင် (၂၀၀၀)ခန့်ရှိ နေကြပြီ ဖြစ်သည်။ ဘုရင့်ဈေးပွဲတော်ပြင်ပရှိ ကားနှင့် ဆိုင်ကယ် ထားရာနေရာများတွင် မြန်မာ အလုပ်သမားများ စီးနင်းလိုက်ပါလာကြသော ကားတန်းများ၊ စက်ဘီးမျာ၊ ဆိုင်ကယ်များဖြင့် ပြည့် ကျပ်နေသည်ကိုမြင်ကြရသည်။ အဆိုတော် Rဇာနည်၏ စတိတ်ရှိုးဖျော်ဖြေမှုကို မဲဆောက် မြို့ပြင်(၂) မိုင်ခန့်မှလမ်းလျှောက် လာရောက် အားပေးခဲ့သူများအား ဟစ်တိုင်မှ ဤသို့မေးမြန်းကြည့်ဖြစ်ခဲ့၏။ အလုပ်သမား တစ်ဦး ဖြစ်သူ ကိုဇော်က... “ကျနော်က မဲဆောက် မြောက်ပိုင်း မယ်ပရွာဘက်က လမ်းလျှောက်လာတာ။ ကျနော်တို့စက်ရုံက ANY စက်ချုပ်ရုံပါ။ Rဇာနည်ကို ကြိုက်လွန်း လို့ (၆၀)ဘတ်ပေးပြီး ခြေညောင်းခံပြီးလာကြည့်တာ။ အခုလိုထိုင်းအဆိုတော်တွေ ဆိုနေပုံနဲ့ဆိုရင် Rဇာနည်က အစောဆုံး (၉း၀၀) နာရီကျမှထွက် မှာ။ စက်ရုံပြန်ချိန်က ည (၁၂း၀၀) နာရီလောက်မှ ဖြစ်မယ်ထင်တယ်။ မတတ်နိုင်ဘူး ကြိုက်တာကိုး။ Rဇာနည်သီချင်းထဲက ဟန်နီ၊ ညနေခင်းရဲ့ လေပြည်ထဲမှာ အကြိုက်ဆုံးပဲ´
အလားတူ ရွှေ့ | |