သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

    

ဆရာ တပည့် အပြိုင် မိုက်စွမ်းပြ

ကျနော်တို့ မြန်မာနိုင်ငံမှာ စက်တင်ဘာက ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ခဲ့တာ အချိန်ပိုင်းပဲရှိပါသေးတယ်၊ ကျဆုံးသွားကြတဲ့ ရဟန်းတော်တွေ ရဲဘော်ကျောင်းသားတွေနဲ့ ပြည်သူတွေရဲ့  သွေးတွေ မခြောက်သေးလို မဖမ်းခံထားရတဲ့ သူတွေလည်း စီရင်ချက်မချ ရသေးပါဘူး၊ နအဖစစ်အစိုးရက အဲလိုရက်စက်တာ နိုင်ငံရေးလေ့လာသူတွေကတော့ ပြောဆိုဝေဖန်ကြသလို အိမ်နီးချင်း တရုတ်ပြည်ရဲ့  လမ်းညွှန်ချက်အရ ကမ္ဘာ့ နိုင်ငံအများက ၀ိုင်းဝန်းပြီး  ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တောင်းဆိုတာကို မျက်ကွယ်ပြုပြီး လက်နက်အားကိုး ဖြေရှင်း ခဲ့တာ အများအမြင်ပါ။

အခုလက်ရှိအချိန်မှာ အိမ်နီးချင်းတရုတ်နိုင်ငံမှာ ရဟန်းတော်တွေဦးဆောင်တဲ့ တိဗက်ပြည် အရေးအခင်းဖြစ်နေပြန်ပါပြီ၊ မြန်မာပြည်ကို မိုက်ရိုင်းဖို့  လမ်းညွှန်ခဲ့တဲ့ တရုတ်အစိုးရဟာ သူကိုယ်တိုင် လက်စွမ်းပြနေလိုက်တာနိုင်ငံတကာ သတင်းမျက်နှာမှာ နေ့စဉ် မြင်တွေ့ နေရပါပြီ၊

ဆန္ဒပြနေတဲ့ ပြည်သူတွေနဲ့ တိဗက်ရဟန်းတော်တွေကို ကျွဲနွားရိုက်သလို မညှာမတာ ရက်နှက်ပြီး ဖမ်းဆီး နှိပ်ကွပ်နေလိုက်တာ ကျနော်ဖြင့် ကြေကွဲ ၀မ်းနဲ မဆုံးဖြစ်ရပါတယ်။

တချို့သတင်းဌာနတွေကတော့ ၃၀ ကျော် သေဆုံးတာရှိတယ်လို့ ပြောပမယ့်  လက်တွေ့မှာ ၁၀၀ ကျော်နေပြီ ၊ အဖမ်းခံနေရသူတွေလည်း ထောင်ချီရှိနေပြီလို့  ဌာနေ ဒေသခံတွေကလည်း ပြောဆိုကြောင်း ဖော်ပြတာတွေလည်း ရှိပါတယ်၊

မြန်မာ့ အရေးမှာ ဗီတိုအာနဲ့ ပယ်ချခဲ့တဲ့ လက်ရှိ လုံခြုံရေး ကောင်စီအလှည့်ကျ သဘာပတိ တာဝန်ယူထားရတဲ့ ရုရှားကလည်း တရုတ်ပြည်အရေးအခင်းဟာ လုံခြုံရေးကောင်စီမှာ ဆွေးနွေးရလောက်တဲ့ ကိစ္စ မဟုတ်လို့ ကြိုတင် ပြောဆိုနေပါတယ်၊

ရဟန်းတော်တွကို ရက်ရက်စက် လက်သံပြောင် မိုက်စွမ်းပြလို့ မြန်မာ စစ်အစိုးရကို မိုက်ချက်ကဖြင့် ကမ်းကုန်တယ်လို့ ပြောမဆုံးခင်မှာ သူတို့ဆရာ တရုတ်ကိုယ်တိုင်ကလည်း မောင်ရင်ငတေ မိုက်ကမ်းသည် ဆိုတာလိုဖြစ်နေပါရေလား။

ဒါကြောင့် ကျနော်တို့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေကလည်း ရောက်လေရာနိုင်ငံတိုင်းမှာ မြန်မာရဟန်းတော်တွေဦးဆောင်တဲ့ သာသန ဦးသျှောင် နဲ့အတူ တိဗက်ရဟန်းတော်တွေအရေးကို ၀ိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံပါရစေ။

 

ကိုချမ်းမြေ့ ကျော် (ထိုင်းနိုင်ငံ)

     

မူလ ဆောင်းပါးများသို့ 

Suggestions & Comments: webmaster@hittaing.org