ခေတ်မီသော ပြည်သူ့ရဲ
ရန်ကုန်သား
Myanmar
Times
ကျနော်တို့ရဲ့ အခု လက်ရှိခေတ်ကို နည်းပညာခေတ်လို့
ဆိုကြသည့်အတိုင်း အားလုံးက တော့ ဟိုင်ပါစပိတွေနဲ့ သွားနေကြတာ နိုင်ငံအတော်
များများမှာတွေ့နိုင်ကြပါသည်။ ထိုသို့သော ဂယက်များကြောင့် ကမ္ဘာမှာ
အထီးကျန်စွာနေသော မြန်မာသည်လည်း အနည်းငယ်တော့ လိုက်ပါအသုံးပြုရပါသည်။
မြန်မာပြည်ရဲတပ်ဖွဲ့ကလည်း တိုးတက်လာ သော မြို့တော်များတွင်
ပြည်သူလူထုအတွက် ခေတ်မီ အီလက်ထရောနစ် ပစ္စည်းများကို သုံးလာတာကို
မြင်ရသောကြောင့် လွန်စွာ ၀မ်းမြောက်ရပါသည်။
ဥပမာဆိုရင်ဗျာ။ ကျနော်တို့
ရန်ကုန်မြို့တော်ကြီးကိုပဲ ကြည့်ကြပါစို့။ အခုတော့လဲ
စီးပွားရေးမြို့တော်ရယ်ပေါ့လေ။ ဒါပေမယ့်လဲ ရန်ကုန်မှာ အခုများဆို မီးတွေ
တအားပျက်တာတော့ လူတိုင်းအသိပါ။ ဒီတော့ လူတွေစိတ်ညစ်ရတာပေါ့။ အဓိကတော့
ကားတွေ များလာတဲ့ ရန်ကုန်မှာ မီးပွိုင့်တွေပျက်တော့
အချို့ပွိုင့်တွေမှာတော့ တာဝန်သိ ရဲသားတွေက လမ်းပြပေးပါတယ်။
အများအားဖြစ်တော့ ကိုယ့်ဟာကိုယ် ကြည့်မောင်းရတာတွေက များလာတာပေါ့။ ဒါကလည်း
ရန်ကုန်က လူတွေအတွက်က ရိုးနေပြီမို့ ဘာမှတော့ မခက်ခဲပါဘူးလေ။
ဒါကိုဖြေရှင်းဖို့ လွန်ခဲ့တဲ့နှစ်ကမှ မီးပွိုင့်တွေအတွက် အမြဲ
အလုပ်လုပ်စေသော ရည်ရွယ်ချက်နဲ့ ဆိုလာစနစ်ကို အသုံးပြု တပ်ဆင်ခဲ့ပါတယ်။
အမေရိကားမှာလိုပေါ့။
အလွန်ကောင်းသော စိတ်ကူးဖြစ်ပါတယ်။ သို့သော်လည်း
ချမှတ်ပေးသော် မူကောင်းပေမယ့် လက်တွေ့ တာဝန်ယူလုပ်သူတွေရဲ့ ဖြတ်းစား
လတ်စားမှုအဆင့်ဆင့်ကြောင့်ရုပ်ပြထားသလိုသာ ရှိနေလေရဲ့။ တကယ်ဆို သူတို့
ဆင်ထားတဲ့ ဆိုလာစနစ်က မီးပွိုင့် မီးလောက်တော့ ကောင်းကောင်းနိုင်ပါတယ်။
အခုဆို မီးပွိုင့်တွေမှာက အယ်လ်အီးဒီ မီးတွေ သုံးထားလေတော့
သူတို့ကိုပေးဆပ်ရမယ့် မီးအားမှာ အရင်ကထက်စာရင် အများကြီးကို ကွာဟလှပါတယ်။
သို့သော်လည်း အဲဒီမီးကိုတောင် နပ်မှန်အောင် မမြင်ရဘူးလေ။ မီးပျက်လို့
မီးပွိုင့်တွေမှာ ကားတွေက ကိုယ့်အားကိုယ်ကိုးမောင်းရပေမယ့်
မီးပြန်လာရင်တော့ စီးပွားရှာမယ့်သူတွေရောက်လာကြတယ်။ သူတို့က အခြားသူမဟုတ်
ယာဉ်ထိန်းရဲ (ဘဲဥ)တို့ရဲ့ လုပ်ငန်းစလေပြီ။
မီးပွိုင့်တိုင်းနီးပါးဘေးမှာ
ရဲကင်းအိမ်လေးတွေရှိတယ်။ မီးပျက်ရင် နားနားနေနေ လျှောက်သွားပေမယ့်
မီးလာရင်တော့ သူအလုပ် လာလုပ် ရှာပါတယ်။ မီးပွိုင့်ရဲ့ နီ စိမ်း ၀ါ သူ့
လက်ထဲမှာ ခလုတ်လေးနဲ့ ထိန်းလို့ရတယ်လေ။ မီးလာမှသူက စိမ်းရာမှနေ ရုတ်ခြည်း
ဝါလိုက်ရော အရှိန်လေးနဲ့ လွတ်အောင်မောင်းတဲ့ကားကလည်း ရုတ်တရက်
ရပ်လိုက်ရင် နောက်ကားတိုက်မှာ စိုးတော့ ဖြတ်မောင်းလေတော့ သစ်ပင်အကွယ်က ဘဲဥ
(ယာဉ်ထိန်းရဲ)က ထွက်ပြီး ဖမ်းလေရရောပေါ့။ ကောင်းကြသေးလားဗျာ။
သက်ကြီးရွယ်အိုမြင်ရင် လမ်းဖြတ်ကူးဖို့ ကူညီကြ၊
မျက်နှာမွဲ လမ်းဘေးဈေးသည် ခြင်းတွေ တောင်းတွေ မနိုင်မနင်းနဲ့ လမ်းကူးတာ
ကြာနေရင် တရွှီရွှီနဲ့ ကားတွေကို ကားပေး။ ဒီလိုရဲမျိုးတွေလဲ မရှားပါဘူးဗျာ။
မီးပျက်ရင်တော့ လမ်းရှင်းပေးမယ့်သူ မရှိပေမယ့်
မီးလာတော့ ယာဉ်စည်းကမ်းတွေက များပါလား။ ဆောင်ရမှာက မနည်းဘူးနော်။
ငါးသောင်း။
ဒီတော့ “ညီလေးရေ ရုံးသွားမလား ချလန်လေး
ရေးလိုက်မယ်”။ ပြည်သူတွေက ရုံးနဲ့ လုပ်ရမယ်ဆို ကျားမြီးဆွဲရမှာထက်ကို
ဝန်လေး လေတော့ အစ်ကိုနဲ့ ညီလေး ညှိကြပေါ့။ ဈေးတည့်သွားပြီပေါ့။
အနည်းဆုံးတော့ ၅၀၀၀ ဒီထက်နည်းရင် ရုံးမှာသွားဆောင်တဲ့။ ရုံးကလည်း
ဆောင်ချင်စရာကောင်းအောင် မြန်ဆန်လေရဲ့။ တစ်ရက်တောင် ကြာတယ်။
ပြည်သူ့အတွက်ပေါ့။ ဒါနဲ့တင်ပြီးရောလား။ ကျန်သေးတယ် လေ။
မီးပွိုင့်မီးတွေကိုတောင် မီးမှန်အောင် မလုပ်နိုင်ပေမယ့်
ခေတ်မီချင်လွန်းလို့ CCTV ကင်မရာတောင် တပ်လိုက်သေးတယ်ဗျာ။
ရည်ရွယ်ချက်လေးမေးကြည့်တော့ ခုနကလို မီးဝါ
မီးနီဖြတ်ရင် ဖမ်းဖို့တဲ့။ သြော်...ဖြစ်ရလေခြင်းနော်။ အထင်တော့
မကြီးလိုက်ပါတယ်။ ဒါက နတ်ဝက် ချိတ်ထားတာတော့ မဟုတ်ပါဘူး။ မြို့တော်
အင်္ဂါရပ်နဲ့ အညီဆိုလား ဗုဒ္ဓဟူးရပ်နဲ့အညီလားတော့ မသိတော့ပါဘူးလေ။
အို … ဒါပဲလားဆိုတော့ ကျန်သေးတယ်။ သူတို့
ပိုက်ဆံရဖို့ အဲ...မဟုတ်ပါ ယောင်သွားလို့။ ယာဉ်ကြောရှင်းလင်းအောင်ဆိုပြီး
မိန်းလမ်း အတော်များများမှာ ယာဉ်မရပ်ရဆိုပြီး ဥပဒေ ထွက်လာတယ်လေ။
ဘာတွေကောင်းသွားလဲဆိုတော့ ပိုဆိုးသွားတာပေါ့။ သူတို့က လမ်းရှင်းဖို့က
နည်းနည်းပါ။ ငွေရဖို့က များများ။ နေ့ခင်းဆို ကားတစီးနဲ့ ပတ်ပြီး
ရပ်ထားတာတွေ့ရင် ဒစ်ဂျစ်တယ် ကင်မရာနဲ့ကို လိုက်ရိုက်တော့တာ။ “ညီလေးရေ၊
သွားဆောင်လိုက်ဦး”ပေါ့။ ၁၅၀၀ လားမသိ၊ ပေးရတာတော့ ၀န်မလေးကြပါဘူး။
အဲဒီငွေလေးကိုပေးဖို့ အချိန် တရက်လောက်ကို ကုန်ရော။
စိတ်တောင်ညစ်တယ်နော်။ ဒီလိုစနစ်လေးတွေဘယ်မှာ
ရှိသေးလဲ ပြောပြကြပါ။ ကျနော်တို့ မြို့သားတွေ ဖြေသိမ့်နိုင်အောင်လို့ပါ။
ကျနော်တို့မှာလည်း အီးဂါးဗားမန့် (e-government)နဲ့အညီ
လိုက်လုပ်နေကြပါပြီ။ ကြားရတာ နည်းနည်း အနံ့ကြီးက ဆိုးသလိုပဲ။
x x x