သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

    

ရွှေထုအကြိုက် ရွှေငါးပိလမ်းညွှန်

ရွှေတာတေ

အမေရိကား၊ အင်္ဂလန် ရောက်နေတဲ့ မြန်မာတွေ ငါးပိရည် တို့စရာကို တမ်းတတယ်ဆိုရင် အောင်မယ်…. ပုံလာလာပြောနေပြီ၊ တကယ် ယှဉ်ကျွေးကြည့်ပါလား။ ကြက်သားဟင်းခွက် အရင်နှိုက်မှာပါလို့ မပြောလိုက်ပါနဲ့ဦး။

ဟုတ်ကဲ့။ ကြက်သားဆိုတာ ဒီမှာ ဆင်းရဲသားမှန်ရင် စားနိုင်ပါတယ်။ စာရေးသူလဲ နောက်မှာ ထောက်ပံ့ရမယ့် မိဘမွေးချင်း တပြုံတမနဲ့ ဆိုတော့ ချွေတာရေးရိုက်ပြီး ကြက်သား စားရပါတယ်။ အသားထဲမှာ သူက ဈေးအပေါဆုံးမို့လို့ပါ။ ဟဲ့…ဒါဆို အသီးအရွက် စားလေလို့ နယ်ဆင်းပြီး စီမံခန့်ခွဲတဲ့ စစ်တိုင်းမှူး စတိုင်နဲ့ အလွဲတွေ မညွှန်ကြားပါနဲ့ခင်ဗျာ။ ကန်စွန်းရွက် ပိစိကွေး တစည်းဟာ ကြက်တကောင်ထက် တန်ဖိုးရှိပါတယ်။ ချဉ်ပေါင်ရွက်လား… ဟုတ်ကဲ့။ အာရှက တင်သွင်းပါတယ်ခင်ဗျာ။ လူတခါသောက် ချဉ်ဟင်းတခွက်စာကို ၄ ဒေါ်လာလောက် တန်ပါတယ်။ မြန်မာငွေနဲ့ဆို မြှောက်သာ ကြည့်ကြပါ။

ထိုင်းတို့၊ ဗီယက်နမ်တို့ ရောင်းတဲ့ ဆိုင်တွေမှာ ငါးပိရည်နဲ့ အာရှပစ္စည်း တော်တော် အမယ်စုံ ရပါတယ်။ ဒါပေမယ့် အညာက သုံးဦးစပ် ရေကျိုငါးပိလေး လွမ်းတယ်တို့၊ ဒီငါးပိတွေက ရွာက ငါးပိကို နည်းနည်းမှ မမှီဘူးတို့ ဖြစ်နေရင်တော့ ကိုယ်တိုင် ငါးပိရည်ကျို လုပ်နည်းလေး ဝေမျှပါရစေ။

အရင်ဆုံး ငါးကောင်းကောင်း (ကိုယ် ရောက်နေတဲ့ နိုင်ငံမှာ ရှိတဲ့ ငါးပေါ့။ ငါးခူမှ၊ ငါးရံ့မှ၊ ဘာငါးမှဆိုရင်တော့ စိတ်ရှည်ရင် တဆိုင်ဝင် တဆိုင်ထွက် ရှာပါလေ။) ကို စိတ်ကြိုက် ရွေးဝယ်ပါ။ အရိုး မများစေနဲ့ဗျ။ ခုလို နွေဆို ငါးပိရည်ကျို လုပ်လို့ ပိုကောင်းတယ်။ အရိုးများတဲ့ ငါးစင်ရိုင်းတို့၊ ငါးပြေမတို့တောင် ငါးပိရည်လုပ်လို့ ရတယ်။ ဒါပေမယ့် အသားများတဲ့ငါးဆို ငါးပိရည်ကျိုက အနှစ်ပိုကောင်းတယ်။ အင်း...သူများအသားကို စားလဲ စားသေး ချေးများရပြန်ပြီ။

ဝယ်လာတဲ့ ငါးတွေကို ဆားနယ်ပြီး နေကျဲကျဲတောက်ပူနေတဲ့ အချိန်မှာ အပြင်ထုတ် လှန်းထားလိုက်ပါ။ ရင်ခွဲ ကလီစာထုတ်ဖို့လဲ မမေ့နဲ့ဦးနော်။ ပြီးရင် ခွေလိပ်ပြီး၊ အကောင်ကြီးရင်တော့ ခုတ်ပိုင်းပြီး ဗူးတလုံးထဲထည့်၊ ဖိသိပ်ထားပါ။ ထမင်းရည် ပျစ်ပျစ်လေး လောင်းထည့်ထားရင် ကောင်းတယ်။ လပြည့်ရက်တွေဆို ငါးပိအိုးက ဝေလာတတ်တယ်။ ဒါက မြန်မာတွေ သိပြီးသားပါ။

ငါးပိရည်ကျို ဖြစ်ပြီဆိုရင်တော့ ကျိုတော့လေ။ နနွင်းမှုန့်လေးနည်းနည်း ထည့်ပါ။ အိမ်သူသက်ထား ရှိတဲ့မောင်တွေဆိုရင်တော့ ပြောနေစရာ မလိုပါဘူး။ အိမ်ရှင်မက ကိုယ့်ထက် တတ်ပြီးသား။ ဒီရောက်မှ ပီဇာနဲ့ ဘာဂါလဲ မစားချင်တဲ့ ကိုယ်တိုင်လဲ မချက်ဖူးတဲ့ မောင်တွေအတွက်တော့ အသေးစိတ်လေးပေါ့။

ကျိုနေတဲ့ အချိန်မှာ ဘယ်လောက်အေးအေး အိမ်တံခါးတွေ လုံးဝ မဖွင့်ပါနဲ့၊ လူထုဆန့်ကျင်ရေး ဖြစ်သွားမယ်။ ဒီအဖြူတွေ ငါးပိရည်ကျို ဘယ်လောက်ကောင်းမှန်း မသိရှာဘူး။ နံတယ်၊ ဟောင်တယ် ဖြစ်နေမယ်။ အငွေ့စုပ်စက် ဖွင့်။ အိမ်ထဲမှာ ဖယောင်းတိုင်တွေ ထွန်းလိုက်။ ဖယောင်းတိုင်က အနံ့စုပ်တယ်ဗျ။

တလက်စတည်းပဲ ချဉ်ဖတ်အတွက်ပါ ပြင်ဆင်ထားပါ။ ချဉ်ဖတ်ကတော့ မုန်လာတို့၊ မုန်ညင်းတို့ ဒီမှာ ၀ယ်လို့ရတဲ့ အသီးအရွက်တွေကို လုပ်ရုံပေါ့။ ထမင်းရည်ကို အအေးခံပြီး ဗူးထဲ လောင်းထည့်၊ ဆားထည့်၊ အရွက်တွေ ကုပ်နှိပ်ပြီး သိပ်ထည့်ထား။ တပတ်လောက်ဆို စားလို့ ရပါပြီ။

ညင်းသီးကြီးကြီးစေးစေး ၁၀ လုံးလောက် ၀ယ်ထားပြီး ပြုတ်ပါ။ အုန်းနို့တော့ မဆမ်းနဲ့။ ဖြစ်သွားရင် ဆရာဝန် မသနားဘဲ နေမယ်။ ပန်းဂေါ်ဖီလဲ ပြုတ်တို့လို့ ကောင်းတယ်။

ပြီးရင်လား…. ပြီးရင် စားတော့လေ။ မေးနေရသေးတယ်။

နေဦးဗျ။ ငါးပိရည်ကို ဒီတိုင်း မစားနဲ့။ မိုက်အောင်ပြင်လိုက်ဦး။ ခရမ်းချဉ်သီး ခပ်လတ်လတ်ကို မီးဖုတ်လိုက်ဦး။ ပြီးရင် အပေါ်က မီးကျွမ်းနေတဲ့ အခွံတွေခွာ၊ အထဲက ပျော့နေတဲ့ အနှစ်ကို ခွက်ထဲထည့်၊ ပြီးမှ အပေါ်က ကျိုပြီးစ ငါးပိရည် ကြွက်ကြွက်ဆူ လောင်းထည့်လိုက်ပါ။

ပြီးရင် ခရမ်းချဉ်သီး အနှစ်တွေ ပျော်သွားအောင် ဇွန်းတချောင်းနဲ့ မွှေပေတော့။ ပုစွန်ခြောက် ထောင်းထားဖို့ ပြောဖို့ မေ့သွားတယ်။ ငရုတ်ဆုံ ရှိတယ် မဟုတ်လား။ မရှိရင် သစ်သားခွက်လေးတွေ ၀ယ်လို့ရတယ်။ ကျည်ပွေ့ကိုတော့ ရရာလက်နက်နဲ့ ကိုယ့်ဟာကိုယ် ဖန်တီးယူပေါ့။ ဒါဆို ဆုံနဲ့ ကျည်ပွေ့ ဖြစ်ပါပြီ။

ထောင်းပြီးသား ပုစွန်ခြောက်ထဲ ကြက်သွန်ဖြူပါ ရောထည့်ထောင်းရဦးမယ်။ အင်း… ပြောရင်းကို စိတ်မရှည်ချင်စရာ ဖြစ်နေပြီ။ စားကောင်းချင်ရင်တော့ စိတ်ရှည်လိုက်ပါ။ ငရုတ်သီးစိမ်းလေးပါ ထည့်ထောင်း။ သိပ် အစပ်မကြိုက်ရင်တော့ နည်းနည်းပဲ ထည့်။

ပြီးရင် ခုန ငါးပိရည်ဖျော်ထဲ ရောထည့်မွှေ၊ အစွဲအလမ်း မကြီးရင် အချိုမှုန့်ပါ ခပ်လိုက်ပေါ့။ နံနံပင်လေး အပေါ်က ပါးပါးလှီးတင်လိုက်ရင် ရောင်စုံ ငါးပိရည်ဖျော် ဖြစ်သွားပါပြီ။ ချဉ်ဖတ်အိုးထဲက ချဉ်ဖတ်တွေ တခါစား ထုတ်ထားလိုက်၊ မျှစ်ပါ ၀ယ်ပြုတ်ထားလိုက်ဦး။ ကြက်သွန်နီကို လေးစိတ်ကွဲလှီးထားရင်လဲ တို့စရာ ကောင်းကောင်း ဖြစ်တာပဲ။ တချို့ဆိုင်တွေမှာ ဘူးသီး ရတတ်တယ်။ ခပ်နုနုလေး ရရင် ပြုတ်ပြီး ငါးပိရည်နဲ့ တို့စားလို့ ကောင်းမှကောင်း။ ငါးပိရည်ထဲ ငရုတ်သီးစိမ်း ထောင်းထည့်ထားပေမယ့် ငရုတ်သီး အခြောက်မှုန့် နီနီလေး ဖြူးလိုက်ရမှ ပိုမြိန်တယ် ထင်ရင်လဲ လုပ်စေဗျား။

ခုန ၀ယ်ဖို့ မှာထားတဲ့ ဒညင်းသီးက စေးတယ် မဟုတ်လား။ ထမင်းကို ငါးပိရည်ဆမ်းပြီး ဒညင်းသီး ဂျွမ်းခနဲ ဂျွမ်းခနဲ ကိုက်လိုက်၊ ချဉ်ဖတ်လေး ထမင်းထဲ မြှုပ်လိုက်နဲ့ စားလိုက်ရရင် ဘာဟင်းမှ မလိုဘူး။ ပြည်တွင်းကလူတွေ ဒီလိုမငတ်ဖူးတော့ ဒီအရသာ သိမှာ မဟုတ်ဘူးဗျ။

(၂၅.၄.၀၈)

x    x     x      x

မူလ ဆောင်းပါးများသို့ 

Suggestions & Comments: webmaster@hittaing.org