သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

    

အလင်းတန်းများ

ခွန်ဆိုင်း

ကျွန်တော် ပြည်တွင်းမှာ ရှိနေတုန်းက အခြေအနေပေးတဲ့အခါ ခေတ်ပြိုင်လို ဂျာနယ်ကို တခုတ်တရဖတ်ရတယ်။ ရင်ခုန်ဖို့ ကောင်းတယ်။ ပေးတဲ့လူက ရဲဘော်စိတ်နဲ့ပေးတာ။ ဖတ်တဲ့လူကလည်း တာဝန်ယူမှုနဲ့ဖတ်ရတာ။ ကလောင်တွေက လွတ်လပ်ပေါ့ပါး နေကြတယ်။ လွတ်မြောက်နေကြတယ်။ စာတွေကိုဖတ်ရတာ အာဟာရရှိတဲ့စားစရာတခုခု စားလိုက်ရသလိုဘဲ။ အားတက်လာတယ်။ အနာဂတ်တွေကို ဆုတ်ဖမ်းလာနိုင်တယ်။ 

ပြည်တွင်းမှာတော့ ဒါဟာ မြေအောက်ဂျာနယ်။ ဖတ်လို့ ထောင်ကျတဲ့ အမှုတွေလည်း ကြုံရတယ်။ အမှုကကြီးတယ်။ ပြည်ပ ရောက်လာတော့ ခေတ်ပြိုင်ဟာ စာပင်လယ်ကြီးထဲက ခိုစရာကွန်းတွေအများကြီးထဲက  ကျွန်းကြီးတကျွန်း ဖြစ်သွားတယ်။ အင်တာနက် စာမျက်နှာတွေပေါ်မှာလည်း ကလောင်သစ်တွေ လက်ရာပေါင်းစုံ ပလူပျံနေတာ တွေ့တယ်။ စာပေနယ်တခုထဲ မဟုတ်ပါဘူး။ ပန်းချီတွေဂီတအနုပညာတွေ၊ သတင်းဌာနပေါင်း စုံကထုတ်လွှင့်နေတဲ့အစီအစဉ်တွေ။ လူမျိုးစုအလိုက်ကိုယ်ပိုင်စာပေတွေ၊ ယဉ်ကျေးမှုတွေ ရသလောက်ဖေါ်ထုတ်နေကြဖန်တီးနေကြတာ။ နိုင်ငံတကာမှာ ရောက်နေတဲ့မြန်မာတွေက အင်တာနက်စာမျက်နှာတွေပေါ်မှာ ဂျာနယ်တွေ ဖန်တီးထားလိုက်ကြတာ။ နှစ်တွေရလာတော့သမိုင်းတွေမှတ်တမ်းတွေ ကိုးကားစရာ အချက်အလက်တွေဖြစ်လာတယ်။ ပြည်တွင်းမှာဆို ထောက်လှမ်းရေးက ဒီသမိုင်းအထောက်အထားတွေကို မှန်မှန်ဖျောက်ဖျက်ပစ်နေတာသူ့အလုပ်တခု။ ပြည်ပ ရောက်လာတော့ သူတို့ လက်လှမ်းမမီတော့ဘူး။ စာပေကင်ပေတိုင်တွေလည်း ပြည်တွင်းမှာပဲ တွင်ကျယ်လို့ရတယ်။ ပြည်ပမှာတော့ သူတို့ကို ထည့်တွက်စရာ စာရင်းမရှိတော့ပါဘူး။

ဒီမှာ ကျေးဇူးများတဲ့ပုဂ္ဂိုလ်တွေအကြောင်းပြောပါဆိုရင်တော့ ဆရာကြေးမုံဦးသောင်းတို့ကို အရင်ပြောရပါမယ်။ သူတို့ဟာ လူတော်တွေ။ ပြည်တွင်းမှာ ညာဖားနေလည်း ရာထူးကြီးတွေနဲ့ နေရာတွေ စည်းစိမ်တွေတော့ အများကြီးရနိုင်တာပဲ။ ဒါပေမယ့် သူတို့လိုလူမျိုးက တိုင်းပြည်မျက်နှာ လူမျိုးမျက်နှာကြည့်တဲ့ လူစားထဲမှာပါတယ်။ ဦးနေ၀င်းကသူကောင်းပြုတာနဲ့ သူလုပ်သမျှ ကောင်းပါတယ်ဆိုပြီး စာရေးစားတဲ့ လူမျိုးမဟုတ်ဘူး။ ရာထူးယူပြီးမှိန်းနေတဲ့ လူစားထဲမှာ သူမပါဘူး။ သတင်းစာဆရာ နာမည်ခံပြီး သူ့တာဝန်သူသိသူ။ သူမသေခင်အထိ သူတတ်တဲ့သတင်းစာပညာနဲ့ တိုင်းပြည်ကိုအလုပ်အကျွေး ပြုသွားတယ်။ မျိုးဆက်တွေ အများကြီးမွေးပေးသွားတယ်။ လွတ်လပ်တဲ့ စိတ်ဝိညာဉ်တွေကို ပြုစုပျိုးထောင်ပေးသွားတယ်။ ဆရာဟာ အမှောင်ခေတ်မြန်မာပြည်ထဲက အလင်းတန်းတခုပဲ။ ဘယ်လောက်မှောင်နေနေ အဲဒီအလင်းတန်းက လမ်းပြတယ်။ အဲဒီအလင်းတန်းနဲ့ ခရီးသွားရင် လိုတဲ့ခရီးရောက်မှာ သေချာတယ်။ ဆရာမရှိတော့ပေမယ့် ဆရာ့အလင်းတန်းတွေက လမ်းပြဘို့ ကျန်နေရစ်တယ်။ ဆရာရေးခဲ့တဲ့ စာတပိုဒ်နဲ့ ဆရာကို အမှတ်တရ ပူဇော်လိုက်ပါတယ်။

ဗိုလ်ချုပ်ကြီးများသည် ကြံ့ခိုင်ရေး အဖွဲ့ကို အင်အားပြုကာ စစ်ဝတ်စုံချွတ်၍ ရွေးကောက်ပွဲဝင်ရန် လေးနက်စွာ စဉ်းစားခဲ့ကြသေးသည်။ သို့သော် ကြံ့ခိုင်ရေးအဖွဲ့ကြီးမှာ အာဏာနှင့် စည်းရုံးထားသည်ဖြစ်သောကြောင့် မဲပေးမည်မှာ မသေချာဟုဆုံးဖြတ်ကာ နောက်ဆုတ်ကြလေသည်။သူတို့တွက်ချက်သည်မှာမှန်၏။ အင်အားကြီးသော ကြံ့ခိုင်ရေး အဖွဲ့ကြီး သည် စစ်အစိုးရဆင်းပေးသည်နှင့် တကောင်တမြီးမှမမြင်ကြရတော့ပေ။ စစ်တပ်က ထုတ်ထားသော ဗိုလ်မှူးချုပ်ကျောဇော တဦးတည်းသာ ၀င်ရောက်အရွေးခံခဲ့သည်။

ရွေးကောက်ပွဲဇာတ်ပေါင်းသောအခါသန့်ရှင်းတို့က အပြတ်အသတ်အနိုင်ရသွားလေသည်။ သန့်ရှင်းအမတ် ၁၅၉ဦး အရွေးခံရပြီး တည်မြဲတို့က ၄၁ဦးသာ အရွေးခံရလေသည်။ သန့်ရှင်းတို့ ၏ နိုင်ငံရေးလမ်းစဉ်ကို လူထုက ယုံကြည်သဖြင့် အနိုင်ရသည်မဟုတ်။ လူထုက စစ်တပ်ဆန့်ကျင်ကြောင်းဆန္ဒပြလိုသဖြင့် သန့်ရှင်းတို့ အနိုင်ရသည်ဟု နိုင်ငံရေးဝေဖန်သူတို့က ယူဆကြလေသည်။

(ရွှေကညစ်နဲ့ ရေးကာစာကိုစီ- ကြေးမုံဦးသောင်း ) စာမျက်နှာ ၁၂၅

                                                                     ခွန်ဆိုင်း

(၁၅-၄-၀၈)

x    x     x      x

မူလ ဆောင်းပါးများသို့ 

Suggestions & Comments: webmaster@hittaing.org