|
နှင်းခဲမြေမှ ပအိုဝ်းအမျိုးသားနေ့
ခွန်မျိုးငယ်

အမေရိကန် ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်
စိန့်ပေါလ်မြို့ Mt. Airy Community Center တွင် ပအိုဝ်းအမျိုးသားနေ့
အခမ်းအနားကို မတ်လ ၂၉ ရက် ၂၀၀၈ ရက်က ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မင်နီးဆိုးတား ပြည်နယ်ရှိ
ပအိုဝ်းတိုင်းရင်းသားများနှင့်အတူ မွန်၊ ကရင်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသော
တိုင်းရင်းသားများနှင့် နိုင်ငံရေး အဖွဲ့အစည်းအချို့မှ ပုဂ္ဂိုလ်များလည်း
တက်ရောက်ခဲ့ကြပြီး စုစုပေါင်း အင်အား ၁၂၀ ခန့် တက်ရောက် အားပေးကြပါသည်။

မင်နီးဆိုးတားရောက် ပအိုဝ်းတိုင်းရင်းသားများက
ပအိုဝ်းအမျိုးသားနေ့ကို စစ်အာဏာရှင် လက်အောက်တွင် ဖိနှိပ်ခံနေရသော ပအိုဝ်း
ပြည်သူလူထုများ စည်းလုံးညီညွတ်၍ တပေါင်းတစည်းတည်း ဖြစ်စေရန်နှင့် မိမိတို့
လူမျိုးဘာသာ စာပေ ယဉ်ကျေးမှုများ မပျောက်မပျက် ထိန်းသိမ်းရန်၊ စစ်အာဏာရှင်တို့၏
မတရားမှု မှန်သမျှကို အမှန်အတိုင်း သိရှိကြပြီး ညီညွတ်မှုဖြင့် ဆန့်ကျင်ကြ
စေရန်၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်တရပ် ပေါ်ထွန်းပြီး အခြား သော
တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် ထာဝရ ချစ်ကြည်ခိုင်မြဲစွာ
နေထိုင်သွားနိုင်ကြ စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်း ဖြစ်သည်။

ပအိုဝ်းအမျိုးသားနေ့ကို နှစ်စဉ် ပြည်တွင်း၌
တပေါင်းလပြည့်နေ့တွင် ကျင်းပကြပါသည်။ ယမန်နှစ်တွင် အင်ဒီယားနား ပြည်နယ်
ဖို့ဒ်ဝိန်း၌ လည်း တကြိမ် ကျင်းပခဲ့ကြပြီး အမေရိကန် ပြည်ထောင်စုတွင်
ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပကြသည်မှာ ယခုနှစ် အပါအ၀င်
လေးကြိမ်မြောက် ကျင်းပနိုင်ပြီး ဖြစ်သည်။
|