သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

    

ဘ၀အသွင်ကို ဓမ္မဖြင့်အစားထိုးခြင်း

 နတ်မျက်စိ

artist-unknown

            လောကတွင် မည်သည့်အခါမျှ ချေဖျက်၍ မရနိုင်သော သဘာဝတရားများဖြင့် ပြည့်နှက်လျှက်ရှိပေသည်။ ထိုသဘာဝ တရားများ သည် ပျက်အောင်လည်း ပြု၍ မရသကဲ့သို့ ဖြစ်အောင်လည်း ပြုလုပ်၍ မရစကောင်းပေ။ မည်သည့်အရာမျိုးပင်ဖြစ်စေ ဖြစ်ပြီးလျှင် ပျက်ရမည် မှာ အမှန်ဖြစ်သည် ၊ ဤအရာကို မည်သူမျှ လွန်ဆန်၍ မရစကောင်းသောကြောင့် သဘာဝတရား ဟုခေါ်ဆိုကြဟန်တူပေသည်။

            ထိုသဘာဝတရားများသည် သက်မဲ့ဝန်းကျင်၌လည်း ရှိသကဲ့သို့ သက်ရှိဝန်းကျင်၌လည်း ပြန့်နှံ့၍နေပေသည်။ သိသာစေရန် ဖေါ်ပြရလျှင် သက်မဲ့ဝန်းကျင်၌ သစ်ပင်တစ်ပင်သည် မြေကြီးပေါ်တွင် ပေါက်လာရာမှ တဖြေးဖြေးကြီးထွားလာသည်နှင့်အမျှ နောက်ဆုံး သေကြရသည်ချည်းပင် ဖြစ်ပေသည်။ ထိုအတူ လူသားအားလုံးတို့သည် မွေးဖွားရာမှာ အို ၊ အိုရာမှ နာ၊ နာရာမှ သေဆုံးကြရသည်။ လူသားအားလုံးတို့သည် မွေးဖွားခြင်း၊ အိုခြင်း၊နာခြင်း၊သေခြင်း ဟူသည့် သဘာဝတရားကြီး၏ လွမ်းမိုးမှုကို ခံနေကြရပေသည်။

            ထို့ကြောင့် လူသားများသည် အိုမင်းရင့်ရော်ခြင်းဟူသည့် ဇရာတရားများဖြင့် မလွန်ဆန်နိုင်ဘဲ ရင်ဆိုင်ကြရပါသည်။ ထိုသို့ရင်ဆိုင်ကြရသောအခါတွင် တစ်ချို့က “ ငါသည် ..အိုမင်းရင့်ရော်နေပြီ၊ ငါ့အားမည်သူမျှ လုပ်ကျွေးပြုစုမည့်သူလည်း မရှိ၊ သားသမီး တွေကို ကြည့်လိုက်ပြန်တော့လည်း သူအိမ်ထောင်နဲ့သူဆိုတော့ ငါ့ကို မပြုစုနိုင်ကြဘူး၊ ငါ့အားကျွေးမွေးပြုစုရန် အဖေါ် လိုနေပေပြီ” ဟုဆိုကာ ဇရာ၏အထီးကျန်မှုကို နောက်အိမ်ထောင်ပြုခြင်းဖြင့် အစားထိုးလာကြပါသည်။  အမှန်စင်စစ် ထိုသို့စဉ်းစားမှုသည် လက်တွေ့တွင် အထင်နှင့်အမြင် တက်တက်စင်အောင် လွဲခဲ့ရသည်ကများပေသည်။ ဘာကြောင့်နည်း၊ အထီးကျန်မှုကိုအစားထိုးသော်လည်း နောက်အိမ် ထောင်အတွက် မိမိသည်ပင်လျှင် ပင်ပင်ပမ်းပမ်း ရှာဖွေကာ ကျွေးမွေးပြုစုရသောအခါ  ယခင်ထက်ပို၍ စိတ်ရော ကိုယ်ပါပင်ပန်းဆင်းရဲ ရသောကြောင့်ပင်ဖြစ်ပါသည်။

            ပြီးခဲ့သည့်နှစ်က ထုတ်ဝေခဲ့သည့် အင်တာနက်ဂျာနယ်တစ်စောင်တွင် ယခုအခါ် အင်တာနက်ကို လူငယ်သာမက လူကြီး (လူအို)များပင် အသုံးများလာကြကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရပါသည်။ ဇရာ၏ အထီးကျန်မှုကို အွန်လိုင်းပေါ်သို့တက်၍ ကျော်ဖြတ်ခြင်းပေလော၊ လောက၏ ပျော်ရွှင်ဖွယ်ရာ အာရုံအမျိုးမျိုးဖြင့်လည်း ဇရာ၏ဘ၀ကို ရင်ဆိုင်ကျော်ဖြတ်ကြလေသည်၊  နည်းအမျိုးမျိုးဖြင့် မည်သို့ပင်အစားထိုးကာ ရင်ဆိုင်ဖြေရှင်းကြပါသော်လည်း အခိုက်အတန့်လောက်သာရချေသည်။

            ထိုအကြောင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားသည် သဂါထာဝဂ္ဂသံယုတ် ဇရာဝဂ်တွင် အိုမှုဘ၀အတွက် ရည်ရွယ်ကာ ဇရာသုတ် တွင် ဟောကြားတော်မူခဲ့ပါသည်။

နတ်သားတစ်ဦးက (ကိံသု ယာဝ ဇရာ သာဓု) “မြတ်စွာဘုရား…အိုသည့်တိုင်အောင် ကောင်းသည့်တရားက မည်သည့်တရားဖြစ်ပါသလဲဘုရား ဟု လျှောက်သောအခါ မြတ်စွာဘုရားက  (သီလံ ယာဝ ဇရာ သာဓု) အိုသည့်တိုင်အောင်ကောင်းသည့်တရားကား သီလတရားပင်ဖြစ်၏ ဟု မိန့်တော်မူသောကြောင့် လူတို့၏သီလဟုခေါ်သည့် ငါးပါးသီလဖြင့် အိုမှုဘ၀ကို ရင်ဆိုင် ကျော်ဖြတ်ကြရပေမည်။ ထိုမှတဆင့် ရှစ်ပါး၊ ဆယ်ပါးစသည် စွမ်းနိုင်သမျှ ဆောက်တည်ကြရပေမည်။ ထို့ပြင် သီလတရားကို အခြေခံကာ စိတ်တည်ကြည်မှု သမာဓိတရားများ ရရှိစေရန် ဗုဒ္ဓါနုဿတိ၊ မေတ္တာဘာဝနာ၊ မရဏာနုဿတိ စသည့် သမထဘာဝနာတစ်မျိုးမျိုးကို နှလုံးသွင်းနိုင်မည်ဆိုပါက စိတ်တည်ကြည်မှုများ ရရှိလာနိုင်ပေသည်။ ထိုသို့ စိတ်တည်ငြိမ်မှု သမာဓိများရရှိလာပါက  စိတ်စွမ်းအင်များ ရရှိပြီး ငြိမ်းချမ်းစွာ နေထိုင်တတ်လာကာ ပတ်ဝန်းကျင်နှင့်လည်း အဆင်ပြေစွာ နေထိုင်ပေါင်းသင်းတတ်လာပါသည်။ ယခင်နှင့်မတူ အဓိပ္ပါယ်ရှိလာကာ ပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်နိုင်လာပါလိမ့်မည်။

ဤကား စိတ်တည်ငြိမ်ကြောင်း သမထ ဘာဝနာမျှသာ ရှိပေသေးသည်။ ထို့ထက် အဆင့်မြင့်သော ဘ၀ကို တည်ဆောက် ချင်ကြသည်ဆိုလျှင် သီလ၊ သမာဓိ ၊ ပညာ အကျင့်ဖြစ်သည့် သတိပဋ္ဌာန်တရားကို နည်းစနစ်ကျနစွာဖြင့် ကျင့်သုံးကြရပါမည်။ ယခင် ဘ၀ကို အဓိပ္ပါယ်မဲ့စွာကုန်လွန်ခဲ့ကြပေမယ့် ထိုသတိပဋ္ဌာန်တရားကို ကျင့်သုံးလာရာမှ နောက်ပိုင်းတွင် ငြိမ်းချမ်းသည့်အရသာကို ခံစားလာရမည် ဖြစ်သည်။ ထိုအခါ လွဲမှားသော တစ်ခြားအစားထိုးမှုများ မရှိတော့ဘဲ ဘ၀တွင် ငြိမ်းချမ်းစွာ နေနိုင်မည်ဖြစ်ပေသည်။ ဓမ္မကို အစားထိုးခြင်းဖြင့် ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့၏ မမြဲ၊ ဆင်းရဲ၊ အလိုသို့မလိုက်မူ၍ အစိုးမရခြင်းသဘောတရားတို့ကို လက်ခံနိုင်သည့်အပြင် ရရှိထားသော ဘ၀တွင် ရောင့်ရဲစွာ နေနိုင်လာပါမည်။ ထို့ကြောင့် ဘ၀တွင် အကောင်းဆုံးအဖ်ါကို ပြပါဆိုလျှင် ဆိုခဲ့ပြီးသည့် သတိပဋ္ဌာန်တရားကို ဖေါ်ပြရပေမည်၊

ထိုသတိပဋ္ဌာန်တရားသည် -

၁။  ကိုယ်အမူအရာ ဖြစ်တိုင်း အမှတ်သတိဖြင့် ရှုမှတ်ခြင်း၊

၂။ ကောင်းသည့်ခံစားမှု ဆိုးသည့်ခံစားမှု ကောင်းသည်လည်းမဟုတ် ဆိုးသည်လည်းမဟုတ်သည့် အလယ်အလတ်ခံစားမှု                     ဟူသမျှကို အမှတ်သတိဖြင့် ရှုမှတ်ခြင်း။

၃။  စိတ်ပျက်၊စိတ်ဆိုး၊ အငြိုးမပြေ ၊တေးမှတ်ခြင်း၊စသည့် စိတ်အမူအရာပေါ်တိုင်း အမှတ်သတိဖြင့် ရှုမှတ်ခြင်း။

၎။ ပူသည့်သဘော၊ အေးသည့်သဘော၊ ရွေ့လျားသည့်သဘော မြင် ၊ ကြား ၊ နံ ၊စား၊ အထိအတွေ့၊စသည့် သဘောတရား ဟူသမျှကို အမှတ်သတိဖြင့် ရှုမှတ်ခြင်း ဟူ၍ (၄)မျိုးရှိပါသည်။

 (သွား၊ရပ်၊ထိုင်၊လျောင်း) ဣရိယာပထ (၄)ပါးတို့တွင် သတိပဋ္ဌာန်တရားလေးပါးအနက်တစ်ပါးပါးဖြင့်သော်လည်းကောင်း၊ လေးပါးစလုံးဖြင့် သော်လည်းကောင်း ရှုမှတ်ကြရပါမည်။

သွား၊ ရပ်၊ထိုင်၊လျောင်း ၊လှည့်ကာပြောင်း၊ ကောင်းကောင်းမှတ်၍ နေကြလေ။

သွား ရပ်၊ ထိုင်၊ လျောင်း ဟူသည့် ဣရိယာပုထ လေးမျိုးတို့တွင် မပြတ်သော အမှတ်သတိတို့ဖြင့် ရိုသေစွာ မပြတ်ဒလစပ် ရှုမှတ်သွားကြမည်ဆိုပါက ရှေ့အမှတ်နှင့်နောက်အမှတ်ဆက်စပ်မိကာ စိတ်တည်ငြိမ်မှုရရှိလာပါမည်။ စိတ်တည်ငြိမ်မှုသမာဓိ သည်လည်း ရှေ့သမာဓိနှင့်နောက်သမာဓိတို့ ဆက်စပ်မိလာကာ တည်ငြိမ်မှုရင့်ကျင့်လာကာ စိတ်အနေသည် အထူးသန့်ရှင်း ပြီး အမှန်အတိုင်းမြင်သည့် ပညာတရားလည်း ရရှိလာပါမည်။ ထိုမှတဆင့် ၀ိပဿနာဥာဏ်ရင့်ကျင့်ကာ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက် မှောက်ပြုရပါလိမ့်မည်။

            အချူပ်ဆိုရသော် ဘ၀နေ၀င်ချိန် မဝေးတော့ပြီဖြစ်သည့် မိမိဘ၀ကို အဓိပ္ပါယ်မဲ့စွာဖြင့် တန်ဖိုးရှိသော အချိန်များကို အကုန်မခံဘဲ လက်ရှိရထားသည့် ဘ၀ကို သီလာ ၊ သမာဓိ ၊ ပညာ ဟူသော မဂ္ဂင်ရှစ်ပါးတရား(သတိပဋ္ဌာန်တရား)ဖြင့် အစားထိုးကျင့်သုံးကာ အချိန်နှင့်ဘ၀ ကို တန်ဖိုးရှိစွာ အသုံးချကြခြင်းဖြင့် လစ်ဟာနေသည့် ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် အစားထိုးနိုင်ကြပါစေကြောင်း  အားပေးရေးသားလိုက်ရ ပါတော့သတည်။

x    x    x   x    x    x     x

မူလ ဆောင်းပါးများသို့ 

Suggestions & Comments: webmaster@hittaing.org