သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ
ဗေဒင်နှင့် ဗုဒ္ဓဘာသာအမြင်
ဝိသကြုံ
အိုင်တီခေတ်ကြီးတွင် အသိပညာရှင်၊အတတ်ပညာရှင်များ၏ မရပ်မနားသော ဇွဲလုံ့လတို့ကြောင့် ဆန်းသစ်သော နည်းပညာပိုင်းဆိုင်ရာများ လျှင်မြန်သောအဟုန်ဖြင့် တိုးတက်လျှက်ရှိသကဲ့သို့ ယခုမျက်မှောက်ခေတ်တွင် တရားဟော ဓမ္မကထိကများ၊ ရဟန်းသံဃာတော်များ၊ ထေရ၀ါဒဘာသာရေးမဂ္ဂဇင်းများ၊ အွန်လိုင်းပေါ်ဆိုလျှင်လည်း ထေရ၀ါဒအသားပေး ရေးထားသော ဘလောခ့်များ ကြောင့် ဘာသာသာသနာ သည် နေလိုလလို ထွန်းတောက်နေသည့်အတွက် ၀မ်းမြောက်ဖွယ်ရာကောင်းလှပါသည်။
            သို့သော်လည်း ထေရ၀ါဒသာသနာတော်ကြီး တည်တံ့စေရန် အဖက်ဖက်က မည်မျှပင် ရေးသား ဟောပြောနေစေကာမူ အသိခေါက်ခက် အ၀င်နက်သော လူအချို့တို့၏ အယူအဆတို့ကြောင့် ဖြူစင်သော ပုဝါပေါ်သို့ အမဲစက်ကျရောက်သကဲ့သို့ ထေရ၀ါဒ သာသနာတော်ကြီးဟူသော ပုဝါပေါ်သို့ ထေရ၀ါဒနှင့်ဆန့်ကျင်သော လုပ်ရပ်ဖြစ်သည့် အမည်းစက်များ ကျရောက်လျှက်ရှိသည်ကို ၀မ်းနည်းဖွယ်ရာ သိလိုက်ရပါသည်။
            တစ်နေ့သောအခါ “ ကိုဝိသကြုံရေ…..တစ်ချို့သူတွေက ဗေဒင်ကို ဘုရားဟောသည်ဟု ဆိုကာ ဗေဒင်နှင့် ဗုဒ္ဓဘာသာ တစ်သား တည်းပါ ဟု အထင်မှားနေသူတွေရှိနေကြပါတယ်၊ ဒီအကြောင်းနဲ့ပတ်သက်ပြီး အမြင်ရှင်းအောင် ဆောင်းပါးရေးသားချီးမြှင့်ပေးပါဦး” ဟု မေတ္တာဖြင့်ပြောလာသည့် စကားကြောင့် ဘာသာသာသနာအရေးဆိုလျှင် ဥပေက္ခာမပြုနိုင်သည့် စာရေးသူမှာလည်း တတ်သည့်ပညာ မနေသာ ဆိုသကဲ့သို့ အမြင်ရှင်းအောင်တော့ ရေးသားရပေဦးမည်။
ဗေဒင်ပညာ၏ သက်တမ်းကို တွက်ဆကြည့်လျှင် မြတ်စွာဘုရားပွင့်တော်မမူမီ ရှေးပဝေသဏီကပင် ရှိနှင့်နေပြီးဖြစ်သကဲ့သို့ ဗေဒင်ပညာ၏ သက်တမ်းသည် ဂင်္ဂါဝါဠုသဲစုမက သက်တမ်းကြာမြင့်ခဲ့လေပြီ ဟု ယူဆနိုင်စရာရှိပါသော်လည်း ဘ၀အတွက် ခိုင်လုံသော အာမခံချက်ကိုကား မပေးနိုင်ချေ။ မြတ်ဗုဒ္ဓ၏တရားတော်နှင့် ဗေဒင်ကိုလည်း နှိုင်းယှဉ်၍ မရနိုင်။
လူသားတို့အတွက် ပြဿနာများမျိုးစုံကို ဗေဒင်က လတ်တလောဖြေရှင်းနိုင်သည်ဟု ပြောကြသော်လည်း မှန်ကန်မှု နည်းလွန်း လှသဖြင့် လူသားတို့၏ ပစ္စုပ္ပန်ဘ၀အတွက် လုံခြုံစိတ်ချရသော ဘ၀အာမခံချက်ကို မပေးနိုင်ပေ၊ နောင်တမလွန်ဘ၀ အတွက်ဆိုလျှင် အဘယ်ဆိုဖွယ်ရာရှိတော့အံနည်း။
ဗေဒင်ပညာသည် လူတစ်ယောက်အတွက် အန္တရာယ်ဆိုးက လွတ်မြောက်အောင် စွမ်းဆောင်နိုင်ကောင်းနိုင်လိမ့်မည် ဖြစ်သော်လည်း အို ၊ နာ၊ သေ ဟုဆိုအပ်သော ဒုက္ခမှ လွတ်မြောက်အောင် လုံးဝကယ်တင်နိုင်စွမ်း မရှိနိုင်ပေ။ မြတ်ဗုဒ္ဓ၏ တရားတော်ကသာ လျှင် အိုနာသေမှ လွတ်အောင်စွမ်းဆောင်နိင်ပေသည်။ ထိုကြောင့် ဗေဒင်ပညာကို အားကိုးသင့်/မသင့် စဉ်းစားစေချင်လှပါသည်။
မြတ်ဗုဒ္ဓဟောကြေားတော်မူခဲ့သော တရားတော်များကို ဆန်းစစ်ကြည့်လျှင် မြတ်ဗုဒ္ဓ၏ အဆုံးအမများသည် (အလုပ်သမားဝါဒ) ကမ္မ၀ါဒဖြစ်ပါသည်။ ကမ္မ၀ါဒဟူသည် အလုပ်ဝါဒဖြစ်ပါသည်။
ပုညံဝ သုခံ ဇနေတိ၊ အပုညံ ဒုက္ခံ ဇနေတိ။ တသ္မာ ပုညံဝ ကာတဗ္ဗံ၊ အပုညံ န စ ကာတဗ္ဗံ။
ဆိုလိုရင်းမှာ- ကောင်းကံပြုလျှင် ကောင်းသော သုခအမျိုးမျိုးကို မုချရပါမည်၊ မကောင်းသောကံကို ပြုက ဆင်းရဲဒုက္ခအမျိုးမျိုးကို မုချတွေ့ရလိမ့်မည်။ ထို့ကြောင့် ကောင်းမှုမှန်သမျှ ကိုပြုလုပ်ပါ၊ မကောင်းမှုမှန်သမျှကို မပြုလုပ်ပါနှင့်……… ဟုမြတ်ဗုဒ္ဓဟောတော်မူခဲ့ပါသည်။
      သူများအားမကိုးနဲ့ (အတ္တာဟိ အတ္တာနော နာထော) ကိုယ့်ကိုယ်ကို အားကိုးရပါမည်ဟု ဆိုလိုရင်းဖြစ်ပါသည်။  ထိုကဲ့သို့ မြတ်စွာဘုရား ဟောတော်မူခဲ့သည့် တရားတော်တွေကို ကိုးစားယုံကြည်မှုမရှိဘဲ နတ်၊ ၀ိဇ္ဇာ၊ ဘိုးတော်၊မယ်တော်၊ ဇော်ဂျီ၊တပသီ၊ ဗေဒင်ယတြာစသည်ကို ယုံကြည်နေသူများသည် ဗုဒ္ဓဘာသာအမည်ခံထားသော်လည်း ဗုဒ္ဓဘာသာအစစ်တစ်ယောက်မဟုတ်နိုင်တော့ဘဲ၊  ဗုဒ္ဓဘာသာ(ကပြား)အတု ဖြစ်သွားနိုင်ပါသည်။
         ဗုဒ္ဓဘာသာအစစ်ဟူသည် မြတ်ဗုဒ္ဓတရားတော်ကို ဘုရား၊ တရား၊သံဃာ ရတနာသုံးပါးကိုသာ ယုံကြည်ကာ ဘုရားဟောသည့်အတိုင်း ခံယူ လိုက်နာကျင့်သုံးကြပါသည်။ ရှေးအယူဝါဒအစွဲများဖြစ်သည့် ပွဲပြင်၊ပွဲထိုး၊ ဘိုးဘိုး၊ မနှဲ၊ သရဲ၊ ဘီလူး၊နတ်ပူး၊ ဗေဒင် ဓာတ်ဆင်၊ ဓာတ်ရိုက်ကိုလည်း မလိုက်စားတော့ဘဲ ရှောင်ကြဉ်ထားလိုက်သည်။ အမြင်၊အကြားရဲ့ အပေါ်၌ ကောင်းစွဲ မကောင်းစွဲ မင်္ဂလာ အမင်္ဂလာ အတိတ်နိမိတ်အစွဲတို့ကိုလည်း မယူမစွဲ မယုံကြည်ဘဲ ရှောင်ကြဉ်သည်။ ပြဿဒါး ၊ ရက်ရာဇာ၊ ဇာတာ၊ စန်းလဂ် ဂြိုလ်စီး ဂြိုလ်နင်းတြင်းန၀င်း ၀ါရမိတ္တူ တို့ကိုလည်း မရွေးချယ် မစိစစ်တော့ဘူး။
            ထို့ပြင် မိမိရဲ့ကုသိုလ်ကပဲ မေတ္တာပို့ အမျှဝေပါတော့သည်။ ရုပ်ပုံတွေကို ဘုရားရဲ့အောက်ဆွယ်နားကထားပြီး သီးခြားကိုးကွယ်မှု မပြုတော့ဘူး။ မိမိကိုယ်တိုင်ကလည်း ဘုရားတရားသံဃာ ရတနာ (၃)ပါးကိုသာ ဆည်ကပ်ကိုးကွယ်ကာ ခံယူလိုက်နာကျင့်သုံးခြင်းဖြင့် ရရှိလာသော ကုသိုလ်ဘုန်းကံကြောင့်သာ နတ်သကြားတွေက မစ ပေးရတာပဲ ဟု မိမိရဲ့ ဘုဉ်းကံအမှန်ကို ယုံကြည်ဆုံးဖြတ်ကာ ရတနာသုံးပါးမှတစ်ပါး တစ်ခြား ကိုးကွယ်အားထားရာ မရှာတော့ပေ။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ဗုဒ္ဓဘာသာအစစ်ဟုခေါ်ပါသည်။
အားလုံးကိုခြုံငုံသုံးသပ်ရလျှင် မြတ်ဗုဒ္ဓ၏တရားတော်အရ လောကတွင်မည်သည့်အရာကိုမဆို ကိုယ်တိုင်လုပ်မှ ရနိုင်သည်၊ သူတစ်ပါး ပါးစပ်ဖျားကို အားကိုးနေ၍ မရပေ။ ဗေဒင်ကား ကိုယ်တိုင်လုပ်စရာမလိုဘဲ ကိစ္စပြီးနိုင်သည် ဟူသော  ထိုအကြောင်း နှစ်ရပ် ဆက်စပ်၍ မရသောကြောင့် ဗေဒင်သည် မြတ်ဗုဒ္ဓဟောကြားတော်မူသော တရားတော်နှင့် မရောနှောသင့်ပေ။ မြတ်ဗုဒ္ဓ တရားတော်လည်း မဟုတ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတော့သတည်း။
(၁၄-၃-၀၈)
မူလ ဆောင်းပါးများသို့ 
Suggestions & Comments: webmaster@hittaing.org