|
.jpg)
ကိုရုပ်ဆိုး
(မနောမြေ)
၂၀၀၈ ခုနှစ်
အချိန်ကန့်လန့်ကာ ဖွင့်လိုက်တာနဲ့ အမေရိကန်နိုင်ငံ သတင်းမီဒီယာတွေမှာ
ရွေးကောက်ပွဲ သတင်းတွေနေ့စဉ်နဲ့ အမျှ ဝေစီစွာ တွေ့မြင်ရသလို၊ အလုပ်ထဲ၊
ကဖေးဆိုင်ထဲ၊ ဘားတွေမှာလဲ ကိုယ်နဲ့ စိတ်ချဉ်ချင်းတပ်မိသူတွေ ဆုံယင်
ရွေးကောက်ပွဲမှာ ဘာတွေဖြစ်လာမလဲ တွေးကြ တစ်ပေးကြနဲ့ ခန့်မှန်းနေကြရတယ်။
အမေရိကားမှာ
နံမည်ကြီးပါတီ ၂ခုဖြစ်တဲ့ လက်ရှိအာဏာရပါတီ ရီပါပလစ်ကင်ပါတီရယ်၊ အတိုက်ခံ
ဒီမိုကရက်တစ် ပါတီရယ် လက်ကုန်အင်အားကြီးတယ်လို့ ဆိုကြတယ်၊
အခုစာရေးနေချိန်မှာ ရီပါပလစ်ကင်မှာ အရီဇိုးနား ဆီးနိတ်အမတ် ဂျွန်မက်ကိန်း
နဲ့ မင်ဆာချူးဆက် မြို့တော်ဝန်ဟောင်း မစ် ရွမ်းနီရယ် လက်စောင်းထက်နေကြပြီး၊
ဒီမိုကရက်တစ်မှာတော့ နယူးယောက် ဆီးနိတ်အမတ် ဟီလာရီ ကလင်တန်နဲ့ အီလီနွိုက်
ဆီးနိတ်အမတ် ဘားရက် အိုဘားမားတို့ ဖယ်ဒရယ်ရွေးကောက်ပွဲမှာ
ထိပ်ဆုံးကပြေးနေတာပါ၊ ရီပါပလစ်ကင်က နယူးယောက်မြို့တော်ဝန် ဂူလီယာနီနဲ့
ဒီမိုကရက်တစ်က မြောက်ကယ်ရိုလိုင်းနား အမတ် ဂျွန်အက်ဒ၀ပ်တို့ကတော့ ဇန္န၀ါရီလ
(၃၀)ရက်နေ့မှာပဲ ဖလော်ရီဒါ ရွေးကောက်ပွဲအပြီးမှာ ပြေးလမ်းပေါ်က
ဆင်းသွားကြပါပြီ အမေရိကန်တွေပြောတဲ့ ဆူပါအင်္ဂါနေ့ ( လာမဲ့အပါတ် အင်္ဂါနေ့
ဖေဖေါ်ဝါရီ (၅) ပြည်နယ်အတော်များများမှာ မဲပေးကြမဲ့နေ့ပါ ) မရောက်ခင်မှာပဲ
ပြေးလမ်းကဆင်းသွားလို့ ပြည်သူတွေ မှင်သက်နေကြရပါတယ်။
တာထွက်တဲ့
အိုဟိုင်းယိုးပြည်နယ်မှာ ဒီမိုကရက်တစ်က ဘားရက် အိုဘားမား နိုင်ခဲ့ပြီး၊
နယူးဟမ်းရှိုင်းယားမှာတော့ ဟီလာရီနိုင်ခဲ့တယ်၊ လူတွေစောင့်ကြည်နေကြတဲ့
တောင်ကယ်ရိုလိုင်းနားမှာ အိုဘားမားနိုင်ပြန်တော့ အခြေအနေ
အတော်ကောင်းလာတယ်လို့ ဆိုချင်ပါတယ်၊ အမေရိကန်ရွေးကောက်ပုံစံဟာ ထူးခြားပေမဲ့
အနိုင်ရလုနီးပါးဖြစ်နေတဲ့ ဒီမိုကရက်တစ် ပါတီကတော့ အမေရိကန်နိုင်ငံသမိုင်းမှာ
ထူးခြားစွာ လူမဲတယောက်နဲ့ မိန်းမတယောက် ဦးဆောင်နေတာပါ။
အိုဘားမားကို
ဝါရှင်တန်နဲ့ မနီးစပ်လွန်းသူ အတွေ့အကြုံ အနည်းလွန်သူ၊ လူမည်းတဦးအား
သမတအဖြစ် မနှစ်မြို့နိုင်သူများ ရှိသည့်ကြားမှ ၀ါရှင်တန် ဒီစီ အိမ်အမှတ်
၁၆၀၀ အိမ်ဖြူတော်ကိုသွားနေတဲ့ ပြေးလမ်းပေါ်သို့် “မျိုးဆက်သစ်များ
နိုင်ငံတော်အား ပြုပြင်ပြောင်းလဲကြပါစို့” ဟုကြွေးကြော်ကာ တဟုန်ထိုး
ပြေးတက်လာခြင်း ဖြစ်သည်၊ ဂုဏ်ရှိန်ကြီးမားသော လော့(စ်)အိန်ဂျလိ(စ်)
ထိုင်းသတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် ဘားရက် အိုဘားမားသည်
အတွေကြုံနုနယ်လွန်းပြီး ၂၀၁၆ခုနှစ် သမတယှဉ်ပြိုင်ပွဲ အတွက်သာ အတွေ့အကြုံ
ယူသင့်သူဖြစ်သည် ရီပါပလစ်ကင်လိုပါတီကြီးသည် အိုဘားမားအား
ချွင်းဂန်း(ပီကေ)လို ၀ါးမြိုကာ တံတွေးနှင့် အတူရောထွေး
ထုတ်ပစ်လိုက်နိုင်သည်ဟု ရေးသားခဲ့ဖူးသည်၊ ဒီလို လူပြောသူပြော များနေခဲ့ပြီး
သူ(အိုဘားမား) ပြောခဲ့ဖူးတဲ့ ၀ါရှင်တန်နဲ့ ပတ်သက်လာယင် အတွေ့အကြုံ
သိပ်အများကြီးမရှိပါဖူး၊ ဒါပေမဲ့ ၀ါရှင်တန်နဲ့ ပတ်သက်ပြီးဘာတွေ
ပြောင်းလဲရမယ်ဆိုတာ သေသေချာချာ သိပါတယ်လို့ သူပြောခဲ့တဲ့အတိုင်း
ဝါရှင်တန်ရဲ့ ဂိုဏ်းဂဏစွဲတွေ ၀ိဝါဒကွဲပြားမှုတွေကို တကယ်
ပြောင်းလဲပြစ်နိုင်မလား၊ လာမဲ့လတွေလောက်မှာ ခန့်မှန်းသိနိုင် ရလောက်တဲ့
အိမ်ဖြူတော်အရောက်နှင်တဲ့ပွဲမှာ ဘယ်သူ စင်္ကြ၀တေးမင်း အဖြစ် နိဂုံးချုပ်မလဲ
ပြောယင်နည်းနည်းများ လွန်နေမလား။
ဘားရက်နှင့်
တွေ့ဆုံခြင်း
ယခုအခါ
ကမ္ဘာတလွှားကနေ မျက်ခြေမပြတ် စောင့်ကြည့်နေရ၍ ၂၀၀၈ခုနှစ် အမေရိကန်သမ္မတ
ရွေးချယ်ပွဲမှာ တစ်ပြေးကာ အီလီနွိုက်ပြည်နယ်က လူ့အခွင့်ရေးလှုပ်ရှားတဲ့
ဆီးနိတ်အမတ် အမေရိကန်-အာဖရိကန် ဘားရက် ဟူစိန် အိုဘားမား
ရဲ့မိဘမျိုးရိုးများကတော့ ကင်ဆတ်ပြည်နယ် မြို့သိမ်လေးတခုက
စိတ်ကျရောဂါခံစားနေရတဲ့ ရေနံတွင်းတူးသမား တဦးဟာ နောင် ဒုတိယကမ္ဘာစစ်
ပုလဲဆိမ်ကမ်း ၀င်အတိုက်ခံရအပြီး စစ်ထဲဝင်ကာ ဥရောပစစ်မြေပြင်ကို ရောက်သွားသူ
ဖခင် နဲ့ ဗုံးတပ်ဆင်တဲ့ စက်ရုံမှာအလုပ်လုပ်သူ မိခင်ကနေ အိုဘားမားရဲ့
မိခင်ဖြစ်လာမဲ့ အဲန်းဒူဟန်ကို မွေးဖွားပြီး နောက်ပိုင်း အဲန်းဟာ
ဟာဝိုင်ရီကို ပြောင်းရွှေ့နေထိုင်ရာကနေ ဟာဝိုင်ရီ တက္ကသိုလ်မှာ
ပညာရင်နို့သောက်စို့ချိန် တဖက်မှာ ကင်ညာနိုင်ငံ ရွာသေး ကလေးတခုက ဆိတ်အုပ်တွေ
ကြားမှာ ကြီးပြင်းလာကာ စာတော်လို့ ဟာဝိုင်ရီ တက္ကသိုလ်ကနေ ပညာသင်ဆု ရရှိပြီး
အမေရိကန် အိပ်မက်တွေမက်ခွင့်ရသူ ဘားရက် အိုဘားမား စီနီယာဆိုသူနဲ့
ဟာဝိုင်ရီတက္ကသိုလ်မှာ တွေ့ကြရာကနေ ချစ်ခင်ကြပြီး ဘာရက် အိုဘားမားကို
ဟာဝိုင်ရီမှာ သြဂုတ်လ (၄)ရက် ၁၉၆၁ မွေဖွားပါတယ်၊ ဖခင်ဖြစ်သူဟာ နောက်ဆုံး
ကင်ညာနိုင်ငံကို ပြန်သွားပြီး သူဟာ မိခင်ဖြစ်သူနဲ့ ဟာဝိုင်ရီမှာ
ကြီးပြင်းခဲ့ရသူပါ၊ နောက်ပိုင်းမိခင်အလုပ်ရှိရာ အင်ဒိုနီးရှားမှာ
နှစ်အနည်းငယ် နေလိုက်ပါသေးတယ်၊ ပြီးမှ နယူးယောက်ကိုပြောင်းရွှေ့လာပြီး
၁၉၈၃မှာ ကိုလံဘီယာ တက္ကသိုလ်ကနေ ဘွဲ့ရရှိပါတယ်။
ကောလိပ်ကျောင်းသား ဘ၀များ
သူ့ရဲ့ထက်မြက်တဲ့
တန်ဖိုးစွမ်းရည် ဂုဏ်သတ္တိတွေဟာ မိခင်ဖြစ်သူအဲန်းရဲ့ သွန်သင်ဆုံးမမှု အောက်ကနေ
တသွေမတိမ်းဖြတ်သန်းလို့ပဲ မဟုတ်ပါလား၊ ကောလိပ်ကျောင်းသားဘ၀မှာ ဥပဒေရေးရာ
ဘာသာရပ်ကို အဓိကထားသင်ယူခဲ့ပြီး၊ ကောလိပ်ပြီးတဲ့ ၁၉၈၅ မှာ ရှီကားဂိုး
ကိုပြောင်းရွှေ့လာခဲ့ပြီး၊ မှုခင်းတွေ၊ ဆင်းရဲသားတွေ နဲ့ ရောပြွမ်းထားပြီး
လူနေမှုအဆင့်အတန်း သိပ်မမြှင့်တဲ့ ရပ်ကွက်မှာ ကြိုးစားနေထိုင်ကာ အဲဒီရပ်ကွက်
ခရိယာန်ဘုရားရှစ်ခိုးကျောင်းကို အခြေခံပြီး နောင်မှာ အဲဒီဒေသ
ကွန်မြူနတီတခုလုံးရဲ့ လူထုခေါင်းဆောင် ဖြစ်လာတယ်၊ သူရောက်ပြီး
အဲဒီအဖွဲ့အစည်းမှာလည်း အောင်မြင်မှုအချို့တွေ ရှိလာတယ်၊ ဒီမှာ ဘားရက်က
ဒီလူထုတွေရဲ့ စံပြအဖြစ် ပြောစမှတ်ပြုလောက်အောင် သက်သေပြနေထိုင်ခဲ့တယ်၊
ဒီလိုနေထိုင်ပြယုံနဲ့ သူတို့ရဲ့ လူမှုအဆင့် အတန်းကိုပြောင်းလည်းနိုင်မှာ
မဟုတ်ဖူးလို့ သူတထစ်ချ ယုံကြည်နေတယ်၊ ဥပဒေ ဆိုင်ရာနဲ့
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်မှ ရမယ်လို့ ဒီကတည်းက သူ့ရဲ့
ကွန်မြူနတီမှာ ပြောပြနေခဲ့ဖူးတယ်။
၁၉၉၁ ရောက်တော့
ကမ္ဘာကျော်ဟားဗတ် တက္ကသိုလ်ကနေ ဥပဒေဆိုင်ရာအထူးပြု ဘွဲ့ရခဲ့ပြီး၊
ဟားဗတ်တက္ကသိုလ်ရဲ့ ဥပဒေရေးရာ သုံးသပ်သူများ အသင်းမှာ အမေရိကန် -
အာဖရိကန်ဆိုင်ရာ အကြီးအကဲ ဖြစ်လာပါတယ်၊ ပြီးတော့ သူရှီကာဂိုကို
ပြန်လာခဲ့ပြီး မြို့ပြဆိုင်ရာ အခြေခံဥပဒေတွေကို လူထုအား သင်ကြား
လေ့ကျင့်စေယူခြင်းဖြင့် မျက်စေ့ဖွင့်ပေးနေပါတော့တယ်၊ နောက်တော့
၂၀၀၄ခုနှစ်အထိ အီလီနွိုက်ပြည်နယ် တခွင်မှာ ဥပဒေအကြံ အဥာဏ်များပေးခြင်း၊
လူ့အခွင့်ရေး ကိစ္စရပ်များကို ဇောင်းပေးလှုပ်ရှားခြင်းများ ဆောင်ရွက်ပါတယ်၊
နောက်ပိုင်းနှစ်များမှာတော့ အမေရိကန် ကွန်ဂရက်မှာ တတိယ အမေရိကန်-အာဖရိကန်
မျိုးဆက် အဖြစ် တည်ဆောက်ယူကာ အီလီနွိုက်ပြည်နယ် ဆီးနိတ်အမတ်အဖြစ်ရွေးချယ်
တင်မြှောက်ခြင်းခံရသူဖြစ်ပါတယ်။
သူ့ရဲ့ အိမ်ထောင်ရှင်၏ ဘဝ
၁၉၉၀ကျော်နှစ်များမှာ ဟားဗတ်တက္ကသိုလ်ကျောင်းဆင်း လူမည်းရှေ့နေမလေး မီရှဲလ်
ဟာ ဆိုဒ်လေ နှင့် အော်စတင် ဥပဒေအကျိုးဆောင်ကုမ္မဏီမှာ လုပ်နေတုန်း ဘားရက်
အိုဘာမားနဲ့တွေ့ကြတာပါ၊ ၁၉၉၁မှာ အလုပ်ကထွက်ပြီး ရှီကာဂိုမြို့တော်ဝန်ရဲ့
လက်ထောက်၊ ပြီးတော့ ရှီကာဂိုမြို့တော် ဖွံ့ဖြိုးတိုးတက်ရေး
ဟိုက်ကော်မရှင်နာရဲ့ လက်ထောက် လုပ်ပါသေးတယ်၊ ၁၉၉၃ တွင် လူငယ်များ
ခေါင်းဆောင်မှုကောင်းပေးနိုင်မဲ့ လုပ်ငန်းခွင်ကောင်းများ ရှာဖွေရေး
သင်တန်းပေးတဲ့ ရှီကာဂိုမြို့ပြ အဖွဲ့မှာ စီမံခန့်ခွဲရေး ဒါရိုက်တာ
ဖြစ်လာပါတယ်၊ ၁၉၉၆မှ ၂၀၀၅တွင် ရှီကာဂိုတက္ကသိုလ် ဖွင့်ဖြိုးတိုးတက်ရေး
စီမံခန့်ခွဲရေး ဒါရိုက်တာ အဖြစ်ပြောင်းရွှေ့ လုပ်ကိုင်ရာကနေ ယခုအခါ
ရှီကာဂိုတက္ကသိုလ် ဗဟိုဆေးရုံကြီးမှာ ထိပ်တန်းအဖွဲ့ ဒုဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်နေပါတယ်၊ အိုဘာမား နဲ့ မီရှဲလ်မှာ မာလီယာ (၉နှစ်) ၊ ဆာရှာ
(၆နှစ်) သမီးနှစ်ယောက်ရှိပြီး ရှီကာဂိုမြို့ တောင်ပိုင်းအရပ်မှာနေထိုင်ကြကာ၊
ထရင်နီတီ ယူနိုက်တက် ချပ်ရှ် အော့(ဖ်) ခရစ္စ ဘာသာဝင်တွေ ဖြစ်ကြပါတယ်။

နိုင်ငံရေးနောက်ခံ သမိုင်း
ဘားရက်အိုဘားမား
ဘ၀မှာ အတက်အကျ အနိမ့်အမြင်များလို့ ကြီးပြင်းလာတဲ့ ဘ၀မှာ မတူခြားနား ဘ၀တွေ၊
နေရာတွေ၊ အကြံအဥာဏ် အတော်လေး များသူဖြစ်လို့ သူ့ရဲ့ နိုင်ငံရေးခရီးကို
ဒီအတွေ့အကြုံ မောင်းနှင်တယ်လို့ ဆိုပါတယ်၊ အီလီနွိုက် ဆီးနိတ်
အမတ်ဖြစ်လာတော့လည်း ဒီမိုကရက်တစ်၊ ရီပါပလီကင် ပါတီမရွေးပဲ
လုပ်သင့်လုပ်ထိုက်တာတွေကို ပြည်သူ့ မျက်နှာကြည့်ပြီး အလုပ်လုပ်ခဲ့တယ်၊
သူအမတ်ဖြစ်တဲ့ ၃နှစ်အတွင်းမှာ ပြည်နယ်အတွင်းက ၀င်ငွေနည်းမိသားစုတွေမှာ
ဖြတ်တောက်ကောက်ခံမိတဲ့ ပြည်ထောင်စုအစိုးရ အခွန်ကောက်ခံငွေထဲက ဒေါ်လာ
သန်း၁၀၀ကျော် ပြန်ရအောင် ဖန်တီးပေးခဲ့တယ်၊ နောက် ကျောင်းနေစ ကလေးတွေ အရေး၊
သေဒါဏ်ချမှတ်ခံရတဲ့ အကျဉ်းသားတွေ အတွက်လိုက်လံဆောင်ရွက်ရာ ဆယ်ဂဏန်းသော
အကျဉ်းသားများဟာ မှားယွင်းသော သေဒါဏ်ချမှတ်မှုများ၌ အပြစ်မရှိကြောင်း
တွေ့ရှိ၍ သူတို့တွေ လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်၊
သူ၏အကြံဉာဏ်ပေးမှုဖြင့် တရားမဆိုင်ရာ မှုခင်းများတွင်လည်း အမှုစစ်ခြင်း၊
ဖြောင့်ချက်ပေးခြင်းများအား ဗီဒီယိုတိပ်ဖြင့်မှတ်တမ်းတင် လုပ်ဆောင်နိုင်ခဲ့၍
အီလီနွိုက်ပြည်နယ်ရဲ့ မှုခင်းတွေမှာ အမှားအယွင်း
ကင်းစွာလုပ်ဆောင်နိုင်ခဲ့သည်။
ဆီးနိတ်လွှတ်တော်အမတ် ဖြစ်လာတော့လည်း ၂၁ရာစုမှာပြောင်းလဲမှုတွေလိုတယ်၊
လုပ်ကိုလုပ်ရမယ်၊ “၀ါရှင်တန်ရဲ့ ဂိုဏ်းဂဏ အကွဲအပြဲတွေကို တံတားထိုးပြီး
အီရတ်စစ်ပွဲကို အဆုံးသတ်စေမယ်လို့” သူပြောခဲ့တဲ့ မိန့်ခွန်းဟာ
သေနတ်ပစ်ကောင်းတဲ့ တက္ကဆတ်ကောင်းဘွိုင် သမတဘုရှ် အစိုးရလက်ထက်နေရတဲ့
အမေရိကန်ပြည်သူတွေ ရင်ကိုလှုပ်ခါစေခဲ့တယ်၊ ဘယ်အမေရိကန် အခွန်ထမ်းပြည်သူမဆို
အွန်လိုင်းကနေ အစိုးရကောက်ခံခဲ့တဲ့ အခွန်ငွေတွေ ပြားစေ့ကအစ ဘယ်နေရာမှာ
အသုံးပြုတယ်ဆိုတာ တွေ့မြင်နိုင်ရမယ်လို့ သူတင်သွင်းခဲ့တဲ့ အဆိုက အမေရိကန်
အခွန်ထမ်းပြည်သူတွေ အသည်းခိုက်ကြရတယ်၊ အမေရိကန်စစ်ပြန်ရေးရာကော်မတီ
အဖွဲ့ဝင်ဖြစ်တဲ့ ဆီးနိတ်လွှတ်တော်အမတ် အိုဘားမားဟာ အီလီနွိုက်မှာ
စစ်ပြန်များကို ဒုက္ခိတ သဒ္ဒါကြေးပေးဖို့ အဆိုကို ဇောင်းပေး လုပ်ဆောင်နေတယ်၊
အထူးသဖြင့် အာဖကန်နစ္စတန်၊ အီရတ်စစ်မြေပြင် တွေဆီကပြန်လာတဲ့ စစ်ပြန်တွေဟာ
စိတ်ရောကိုယ်ပါ အနာတရ ဖြစ်ကြရတယ်လို့ သူကဆိုတယ်၊ နိုင်ငံတကာမှာ
ဖျက်စွမ်းအားပြင်းတဲ့ လက်နက်များ ဖျက်သိမ်းရေး၊ သေစေနိုင်လောက်သော
လက်နက်ကိုင်ဆောင်မှုဆိုင်ရာ လုံခြုံရေးအက်ဥပဒေတွေကို
ဦးစားပေးလုပ်ဆောင်ခဲ့ပြီး၊ ပြည်တွင်းစီးပွားရေး အဓိက ပြဿနာဖြစ်တဲ့
လောင်စာဆီကို ဘယ်လို အသုံးချကြမယ်ဆိုတာ ကုမ္မဏီတွေ၊ အလုပ်သမားသမဂ္ဂတွေ၊
လယ်သမားတွေ၊ လုပ်ငန်းရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံခဲ့ပြီး
အစားထိုးလောင်စာ ကိစ္စရပ်များကို တင်ပြဆွေးနွေးလာတဲ့ အီလီနွိုက်အမတ်
အိုဘားမားဟာ ၂၀၀၈ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွေ စတာနဲ့
ဒီမိုကရက်တစ်ကိုယ်စားပြုတဲ့ သူဟာ အိုဟိုင်းယိုးပြည်နယ် တာအထွက်မှာ
မျက်နှာပန်းလှခဲ့ရတယ်။
ကထရီနာ မုန်တိုင်းဒါဏ်ခံရလို့ ဖြူကာပြာကာ ကြခဲ့ရတဲ့ နယူးအော်လိန်း
တ၀ိုက်ကပြည်သူတွေကို ဗဟိုအစိုးရက လှစ်လျှူရှုထားတဲ့ ကိစ္စရပ်တွေ၊ လူမျိုးတုန်း
သတ်ဖြတ်ခံရတဲ့ ဆူဒန်နိုင်ငံ ဒါဖေါဒေသက ပြဿနာတွေ သူကိုင်တွယ်ပုံဟာ
သူ့ရဲ့နိုင်ငံရေး ဂုဏ်ရှိန်တင့်တယ်စေတဲ့ အနေအထားတွေကို ရောက်ရှိလာစေတယ်၊
သူရဲ့မကြာခဏ အဓိပ္ပါယ်ဖွင့်ပြောဆိုလေ့ ရှိတာ တခုကတော့ “၂၁ရာစုဟာ
အမေရိကန်နိုင်ငံရဲ့ ရာစုနှစ် ပါတဲ့” ဒါတွေဟာ သူရဲ့ နိုင်ငံရေးနောက်ခံ
ပုံရိပ်တွေပါ။
ဝါသနာ
ဘားရက်အိုဘားမားရဲ့ စရိုက်သဘာဝတွေကို ဒီအဖြေတွေမှာ ခန့်မှန်းကြည့်နိုင်ပါတယ်
ဘတ်စကက်ဘော နှင့် စာရေးခြင်းဝါသနာထုံပြီး ကလေးများနှင့် ပေါင်မုန့်လုံးများ
ဖုတ်ကစားခြင်း၌လည်း ပျော်ရွှင်ပါတယ်တဲ့၊ ဂီတမှာတော့ ဘော့ဘ်ဒိုင်လန်၊ စတီဗီ
ဝမ်းဒါး၊ မိုင်းလ် ဒေးဗစ်၊ ဂျွန်ကိုးလ် ထရန်၊
Johann Sebastian Bach (cello suites), and
The Fugees
တီးဝိုင်းတွေကို နှစ်သက်ပြီး၊ ရုပ်ရှင်မှာ ဆိုယင်တော့
Casablanca, Godfather I & II, Lawrence of
Arabia and
One Flew Over the Cuckoo's Nest ကြိုက်နှစ်သက်ကာ၊
စာအုပ်မှာတော့ Song of Solomon
(Toni Morrison), Moby Dick, Shakespeare's Tragedies, Parting the Waters,
Gilead (Robinson), Self-Reliance (Emerson), The Bible, Lincoln's
Collected Writings
စွဲလန်းနှစ်သက်ပါတယ်၊ သူနှစ်ခြိုက် သဘောကြတဲ့ အဆိုအမိန့်ကတော့
မာတင်လူသာကင်းရဲ့ အဆိုအမိန့် "The
Arc of the moral universe is long, but it bends towards justice."
လို့
အမေရိကန်ပြည်သူတွေကို ပြောပြပါတယ်။
ဘာပဲဖြစ်ဖြစ်
အခုရွေးကောက်ပွဲမှာ တစ်ပြေးနေတဲ့ အိုဘားမားပဲ ဖြစ်ဖြစ် ဟီလာရီ
ကလင်တန်ပဲဖြစ်ဖြစ် အမေရိကန် သမတလောင်း တယောက်ဟာ အယူဝါဒ အစွဲလန်းဟောင်းတွေထဲက
ဖေါက်ထွက်လာမှာတော့ သေခြာနေတယ်၊ ဒါကြောင့်လဲ အမေရိကား ဆိုတာ လူတိုင်းပြောရ
အောချ ရလောက်တာ မဟုတ်ပါလား။
--------------------------------
|