ကျူးဘားသမ္မတသစ် ရောလ်ကက်စထရို

ဖေဖော်ဝါရီ ၂၅။ အေပီ

Raul Castro, who has been running Cuba since his brother Fidel ...ရိုက်တာ

သမ္မတသစ်အဖြစ် ခန့်အပ်ခံရန် ကျူးဘား အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်လာသည့် ရောလ် ကက်စထရို

ကျူးဘားလွှတ်တော်သည် ကျူးဘားကို နှစ် ၅၀ နီးပါး အုပ်ချုပ်လာသည့် ဖီဒယ် အလက်ဇန်ဒရို ကက်စထရို၏ နေရာတွင် ညီဖြစ်သူ ရောလ် ကက်စထရိုအား သမ္မတသစ်အဖြစ် ယနေ့ အစားထိုး ခန့်အပ်လိုက်သည်။

သို့သော် ကျွန်းနိုင်ငံ၏ ကွန်မြူနစ်စနစ်ကိုမူ မလှုပ်မခတ် ဆက်လက် ထားရှိမည် ဖြစ်သည်။ သူ၏ သက်တမ်းရှည် သမ္မတဘ၀အတွင်း သူ့အား ဖယ်ရှားရန် ကြိုးပမ်းခဲ့သော အမေရိကန် သမ္မတ ၁၀ ဦး၏ အားထုတ်မှုများကို အချည်းနှီး ဖြစ်စေခဲ့သော ဖီဒယ်ကက်စထရို (၈၁ နှစ်) အနားယူလိုက်ခြင်းသည် အမေရိကန် သမ္မတ အဆက်ဆက်တို့၏ ပုခုံးပြောင်း လုပ်ငန်းတာဝန် တခုကို ပြီးဆုံးသွားစေခဲ့သည်။

ရောလ် ကက်စထရိုက အနားယူသွားသော သူ့အစ်ကိုသည် သမ္မတ မဟုတ်တော့သော်လည်း စစ်ဦးစီးချုပ်အဖြစ် ဆက်လက် ရှိနေမည် ဖြစ်ကြောင်း ပြောကြားပြီး နိုင်ငံ၏ အဓိက ဆုံးဖြတ်ချက် ချရမည့် ကိစ္စများတွင် သူ့အစ်ကို ဖီဒယ်အား တိုင်ပင်ရန်လည်း အဆိုပြုလိုက်သည်။ ထိုအဆိုပြုချက်ကို ကျူးဘားအာဏာပိုင်တို့က တခဲနက် ကြိုဆိုအတည်ပြုလိုက်သည်။

သမ္မတသစ် လွှဲပြောင်းဆက်ခံမှုသည် ကျူးဘားကို အမေရိကန် ပြည်ထောင်စုနှင့် ကမ္ဘာရန် ဖြစ်စေခဲ့သည့် ကွန်မြူနစ် အစိုးရမူဝါဒများကို ကြီးကြီးမားမား ပြောင်းလဲမည့်ပုံ မရသော်လည်း ကျူးဘားနိုင်ငံသား များစွာတို့က သူတို့၏ နေ့စဉ်ဘ၀များကို မြှင်တင်ပေးနိုင်မည့် အတန်အသင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများဆီသို့ တံခါးဖွင့်လာမည်ဟု မျှော်လင့်လျက် ရှိသည်။

ပထမဆုံး သမ္မတမိန့်ခွန်းတွင် ညီသမ္မတသစ် ရောလ် ကက်စထရိုက ကွန်မြူနစ်ပါတီသည် ယခုထိ ပါတီအကြီးအကဲအဖြစ် တည်ရှိနေဆဲ ဖြစ်သော ဖီဒယ်ကက်စထရို ကာလကြာမြင့်စွာ သယ်ဆောင်လာခဲ့သည့် အခန်းကဏ္ဍကို ပါတီတရပ်လုံး အနေဖြင့် လွှဲပြောင်း တာဝန်ယူရန် အဆိုပြုလိုက်သည်။ နိုင်ငံ၏ တခုတည်းသော တရားဝင်ပါတီသည် လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်၏ လမ်းညွှန် မဟာအင်အားစု ဖြစ်ကြောင်းလည်း ပြောကြားသည်။

ရိုက်တာ

အစ်ကို သမ္မတနှင့် ညီသမ္မတ ဓာတ်ပုံကြီးရှေ့မှ ဖြတ်သွားနေသော ဟားဗားနားမြို့တော်မှ ကျူးဘားပြည်သူများ

အမေရိကန် ပြည်ထောင်စုကမူ ကက်စထရို တယောက်မှ နောက်ကက်စထရို တယောက်သို့ အာဏာလက်လွှဲခြင်းသည် အပြောင်းအလဲ ထင်ထင်ရှားရှား ရှိမည် မဟုတ်ကြောင်း ဝေဖန်ပြီး ကက်စထရိုညီနောင် အာဏာလက်လွှဲဆက်ခံမှုကိုလည်း အုပ်ချုပ်ခွင့်နှင့် အာဏာကို အာဏာရှင်မှ အာဏာရှင်သို့  ခပ်ပါးပါး လွှဲပြောင်းပေးခြင်းဟု သမုတ်လိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်ကမူ “ကျူးဘားနိုင်ငံသားတွေဟာ သူတို့ခေါင်းဆောင်တွေကို ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲနဲ့ တင်မြှောက်ပိုင်ခွင့် ရှိပါတယ်”ဟု ယမန်နေ့က ပြောကြားလိုက်ပြီး ကျူးဘားအစိုးရကိုလည်း နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးခြင်း၊ လူ့အခွင့်အရေးကို လေးစားခြင်းနှင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများဆီသို့ ကြည်လင်ထင်ရှားသော လမ်းကြောင်းကို ဖန်တီးခြင်းတို့ဖြင့် ငြိမ်းချမ်းသော ဒီမိုကရေစီရေး ပြောင်းလဲမှု လုပ်ငန်းစဉ်ကို စတင်ရန် တိုက်တွန်းလိုက်သည်။

ကျူးဘားလွှတ်တော်သည် နိုင်ငံကို ဦးဆောင်ရန် နိုင်ငံတော်ကောင်စီဟု အမည်ပေးထားသည့် အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့အတွက် အဖွဲ့ဝင် ၃၁ ဦးကိုလည်း ရွေးချယ်ခန့်အပ်လိုက်သည်။ သမ္မတကမူ နိုင်ငံနှင့် အစိုးရအဖွဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်သည်။ ယခု ရွေးချယ်မှုသည် အမေရိကန်၏ နောက်ဖေးဖက်မှ ကွန်မြူနစ်နိုင်ငံတွင် ဖီဒယ် ကက်စထရို၏ ၄၉ နှစ်ကြာ အုပ်စိုးမှုကို နိဌိတံစေခဲ့သည်။ ကက်စထရိုသည် လွှတ်တော်ကိုယ်စားလှယ်နှင့် ကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ် ဆက်လက် ရှိနေမည် ဖြစ်သည်။

၂၀၀၆ ဇူလိုင် ၃၁ ရက်က ကက်စထရိုက အူမကြီး ခွဲစိတ်ကုသမှု ခံရမည် ဖြစ်ကြောင်းနှင့် သူ၏ တာဝန်များကို ညီဖြစ်သူ ရောလ် ကက်စထရိုအား လွှဲပြောင်းကြောင်း ရုတ်တရက် ကြေညာခဲ့သည်။ ထို့နောက်ကတည်းက ညီ ကက်စထရိုသည် ကျူးဘား အိမ်စောင့်အစိုးရကို ၁၉လဆက်တိုက် ဦးဆောင်လာခဲ့ပြီး ကက်စထရိုသည် လူမြင်ကွင်းသို့ မထွက်ခဲ့ပေ။

၄၉ နှစ်ကြာ အာဏာရှင်အဖြစ်မှ အနားယူသွားသည့် အစ်ကိုကက်စထရို

(ရိုက်တာ)

သမ္မတအဖြစ် နောက်ဆုံး ရေးခဲ့သော အက်ဆေးတွင် ကက်စထရိုက လွှတ်တော်အစည်းအဝေးအတွက် ပြင်ဆင်ခဲ့ရမှုများသည် သူ့ကို ခြေကုန်လက်ပန်း ကျစေခဲ့ကြောင်းနှင့် နှုတ်ထွက်ရန် ဆုံးဖြတ်ချက်ကို နောင်တမရမိကြောင်း ရေးသားထားသည်။ “ကျနော် အရင်ကထက် ပိုအိပ်ပျော်ပါတယ်”ဟု ဖေဖော်ဝါရီ ၂၂ ရက်က ပုံနှိပ်ဖြန့်ဝေခဲ့သော စာတွင် ရေးထားပြီး “ကျနော့် သိစိတ်တွေက ကြည်လင်နေပြီး ကျနော့်ကိုယ်ကျနော် အားလပ်ချိန်ပေးဖို့ ကတိပေးထားပါတယ်”ဟု ဆက်လက် ပါရှိသည်။

ဗင်နီဇွဲလား၏ လက်ဝဲသမ္မတ ဟူဂို ရှာဗက်ဇ်က သမ္မတသစ် ရောလ် ကက်စထရိုနှင့် ဖုန်းစကားပြောပြီးနောက် ကျူးဘားကို စီးပွားရေးနှင့် နိုင်ငံရေးအရ ဆက်လက် ပံ့ပိုးသွားမည့်အကြောင်း ထပ်မံ အတည်ပြုပြောဆိုသည်။ နာမကျန်း ဖြစ်နေစဉ် ကာလအတွင်း သူ မကြာခဏ သွားရောက်တွေ့ဆုံခဲ့သော သူ့မဟာမိတ် ဖီဒယ် ကက်စထရိုအတွက်လည်း အမှာစကား ပါးလိုက်သည်။

“ဖီဒယ်... ရဲဘော်၊ ကျုပ် ခင်ဗျားကို ပွေ့ဖက်လိုက်ပါတယ်။ ခင်ဗျားဟာ မဟာတပ်မှူးကြီး (ကက်စထရိုကို ခေါ်ကြသည့်အမည်)ပါ”ဟု ဗင်နီဇွဲလား သမ္မတက နှုတ်ဆက်စကား ပါးလိုက်သည်။

(၂၅။၂)

x x x

 

 

ယခင် သုတဆောင်းပါးများသို့

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org