|
အမေရိကန် အင်ဒီး(စ်)
ပေါ့(ပ်)တေးဂီတ သီဆိုတဲ့ ဆီလ်အက်တယ်လ်မြို့က "မေရီဝင်း"

ဆီအက်တယ်လ် တ၀ိုက်မှာ
လိုက်(ဖ်)ရှိုး တီးခတ်သီဆိုနေတဲ့ "မေရီ ၀င်း"
သူနဲ့စတင်သိခဲ့ရတာ
လွန်ခဲ့တဲ့နှစ်က အွန်လိုင်းက ယူကျူ့မှာ အကြောင်းအရာတခုအတွက် ဆပ်ရှ်ဘားမှာ
ရှာယင်း အမှတ်မထင် တွေ့ခဲ့တာပါ အသံဝါ၀ါနဲ့ အခုအမေရိကားမှာ လူကြိုက်များနေတဲ့
အင်ဒီး(စ်) ဂီတကို ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် တီးခတ်သီဆိုနေတာ
နားထောင်ယင်း ထပ်ပြီးစိတ်ဝင်စားရာကနေ သူ့ ၀က်ဘ်ဆိုဒ်ကိုတွေ့လို့
သွားလိုက်တော့ အို့ .. အို ….. သူ မြန်မာမလေးပါလား။
ဒါနဲ့ သူနဲ့ ကျနော် ပြီးခဲ့တဲ့ ဆမ်းမားလောက်မှာ အီးမေးလ် အဆက်အသွယ် ရကြတယ်၊
ကျနော်သူ့ အကြောင်းရေးချင်တယ်ပေါ့ သူလည်း ရပါတယ်တဲ့၊ ကျနော်နေတဲ့ နေရာနဲ့
သူနေတဲ့နေရာ မိုင်၂၀၀ လောက်သာဝေးတာမို့ ခါတိုင်းဆို ခဏခဏရောက်ဖြစ်နေကြ၊
အခြားကိစ္စတွေနဲ့သာ ဆီအက်တယ်လ်ကို ရောက်ရောက်သွားတာ သူနဲ့ ဗျူးဖို့အတွက်
တွေ့ခွင့် မကြုံခဲ့ဘူး နောက်သူ ကျနော်နေတဲ့မြို့မှာ လာဆိုမယ်လို့ဆိုပြန်တယ်
နောက်ပိုင်း အစီစဉ်ပျက်သွားတယ်၊ ဘီဘီစီ မြန်မာပိုင်းအစီစဉ်နဲ့ ဗျူးတော့လည်း
တခုတ်တရ အကြောင်းကြားလာပါသေးတယ်၊ အကြောင်းကြောင်း ကြောင့် သူ့ အကြောင်း
မရေးဖြစ်ပေမဲ့ တလောက အားလပ်ရက်တွေ့မယ် စီစဉ်တော့လဲ ဟိုင်းဝေးမှာ
ကိုလံဘီယာမြစ်ရေကြီးလို့ မြေပြို၊ တံတားကျိုးတာတွေ ဖြစ်နေတာမို့၊
ရာသီဥတုကလည်းအေးလာ ခရီးထွက်လို့လည်း မကောင်းတာမို့ အွန်လိုင်းကနေပဲ
သူနဲ့ဗျူးဖြစ်လိုက်တာ၊ သူ ကတော့ အမေရိကားရောက် အင်္ဂလိပ်လိုဆိုတဲ့
မြန်မာအဆိုတော်တွေထဲမှာ ကျနော်ရေးဘူးတဲ့ အော့ကလန်( ဆန်ဖရန် )က နာတာလီ
ပြီးတော့၊ အခု ဆီအက်တယ်လ် က မေရီဝင်း ပါ၊ ၁၇နှစ်ကျော်ကျော် ဆယ်ကျော်သက်
အရွယ်သာရှိသေးတဲ့ မေရီရဲ့ ပွင့်လင်းအမေရိကန်ဆန်တဲ့ အငွေ့ အသက်တွေကို
သူ့ဖြေဆိုတဲ့ အဖြေတွေကနေ လှစ်ဟပြနေပါတော့တယ်။
ကျမမှာ မြန်မာလို
လုံးဝမတူ ခြားနားနေတဲ့ နံမည်တွေ သိပ်ကွဲကွဲပြားပြားမရှိပေမဲ့ မတိမ်းမယိမ်း
နာမည်တွေတော့ ရှိတာပေါ့၊ ကျမ တကယ်ပြောနိုင်တာတခုက မေရီဝင်း ဆိုတဲ့
အမေရိကန်ဆန်တဲ့ နာမည်တော့ ကျမအကြိုက်ဆုံးပဲ၊ ကျမမိဘတွေက မြန်မာအစိုးရနဲ့
သဘောထားကွဲလွဲပြီး ထိုင်းနိုင်ငံ ဘန်ကောက် အရောက်မှာ ကျမကို မွေးဖွားပါတယ်၊
အမေရိကားရောက်တော့ ကျမ ၁၀လရှိပါပြီ၊ ကျမ မိဘတွေကတော့ ဦးဝင်းပိုင် နဲ့
ဒေါ်သီတာမေ ပါ ဗမာလူမျိုးတွေ ဖြစ်ကြပြီး ရန်ကုန်ကပါ၊ အဖေက ဗုဒ္ဓဘာသာတရား
ကိုင်းရှိုင်းပြီး အမေကတော့ အမေရိကားရောက်တဲ့ နောက်ပိုင်း ခရိယာန်ဘာသာ
ကူးပြောင်းခဲ့သူပါ၊ ကျမကတော့ ဘက်ပတစ်(စ်) ခရိယာန်ဘာသာဝင် တဦးဖြစ်ပေမဲ့
ကိုယ့်ကိုကိုယ် ဘာသာတရား သိပ်ကိုင်းရှိုင်းတယ်လို့ မထင်ပါဘူး။
ကျမ ၁၄နှစ်မှာ သီချင်းဆိုခြင်းကို သီချင်းရေးခြင်းထက် အယင်စပြီး
စိတ်ဝင်စားလာတာပါ၊ အခုဆိုယင် အသက်မွေးဝမ်းကျောင်းအနေနဲ့ တေးဂီတထုတ်လုပ်ရေးကို
ပိုမို စိတ်ဝင်စားလာလို့ အဆိုပိုင်းကို ပိုမိုလေ့လာဖြစ်ပါတယ်၊ ကျမဟာ
ဝါရှင်တန်ပြည်နယ် တာကိုးမားမြို့က ပစ္စဖိတ် လူသာရန်တက္ကသိုလ် ကနေ အော်ပရာ
အဆိုပိုင်းနဲ့ ဘွဲ့ရထားသူပါ၊ အဆိုပိုင်းတော့ တရက်ကို ၃နာရီလောက် မူရင်းအဆိုတွေ
အတိုင်း သီဆိုလေ့ကျင့်ဖြစ်ပါတယ်၊ သီချင်းအသစ်တွေလည်း ရေးဖြစ်ပါတယ်။

တေးဂီတကိုရူးးသွပ်
သူလေး
ဝါရှင်တန်ပြည်နယ်၊
ဆီလ်အက်တယ်မြို့ကြီးရဲ့ ပူးဂက်ဆောင်း အရပ်မှာနေတာပါ၊ တေးဂီတမြူးဇစ်ကို
အသက်မွေးဝမ်းကျောင်း အနေနဲ့ ကျမကိုယ်တိုင် အောင်မြင်အောင် မမောင်းနှင်နိုင်ခင်
ပညာရေးအနေနဲ့ ကောလိပ်သွားဖို့ အစီစဉ်မရှိသေးပါဘူး၊ ဒါဟာ ဂီတအပေါ်ရူးသွပ်မိတဲ့
ကျမရဲ့ သက်သေတွေပါ၊ အသက်နှစ်ဆယ်ကျော် ကမ္ဘာ့ဂီတရပ်ဝန်းမှာ လုံးလုံးလျားလျား
မရပ်တည်နိုင်သေးခင်တော့ ဒီစွန့်စားမှုတွေဟာ အချည်းအနှီးဖြစ်မယ် မထင်ပါဘူး၊
ကျမကတော့ စိတ်တိုင်းကျ လွတ်လပ်စွာဂီတကို ဖန်တီးချင်တော့တာပါပဲ၊ ကျမ ရဲ့
ပထမဆုံးဖန်တီးဖြစ်တဲ့ သီချင်းကတော့ အသည်းကွဲ ရင်တွင်းခံစားမှုကနေ
မွေးဖွားလာတာပါ၊ အသက် ၁၅နှစ်မှာ ရေးသားခဲ့တဲ့ "တ၀ဲဝဲလည်လည်" ဆိုတဲ့ သီချင်းဟာ
ခံစားမှု၊ နာကျဉ်မှု၊ ချစ်ခြင်းတရားတွေနဲ့ နှောင်ဖွဲ့ သီကုံးထားတာပါ။
ဂီတနဲ့ပတ်သက်လို့
အသည်းအသန် နားထောင်ဖြစ်တာကတော့ ဟတ်ဒ်ရော့(ခ်) အမျိုးအစားပါ၊ ကျမ အတွက်
ဂီတမှာသက်ရောက် ကိုးကွယ်မှု၊ သြဇာ လွှမ်းမှုရှိနိုင်တာကတော့ အဲလ်လက်(စ်) အင်
ချိန်း (Alice in Chain) က ဂျယ်လ်ရီ ဖူလ်တန် ကန်ထရယ် ( Jerry Cantrell ) ပါ၊
နောက် … ဆောင်းဂါးဒင်း အဖွဲ့က ခရစ္စကော်လ်နယ် ပါ၊ ဒါပေမဲ့ သိပ်တော့ အတိအကျ
ပုံမှန်ပြောလို့မရဘူး ဘာလို့လည်းဆိုယင် ကျမရဲ့ ကိုယ်ပိုင်ဂီတပုံစံ ကတော့ အခြား
ကွဲပြားတဲ့ဂီတရသ တွေကပဲ မွေးဖွားလာတာပါ၊ နားထောင်လေ့ရှိတာကတော့ ၁၉၆၀ - ၇၀
လောက်က ရက်ဂေးလ်တွေ၊ အိုကီနာဝမ်ရိုးရာတေးတွေ၊ ကီးလ် လျော့လျော့ ဆိုလေ့ရှိတဲ့
ဟာဝိုင်ယီတေးတွေ၊ ပင်လယ်ဓါးပြ သတ္တုတေးလို့ ဆိုရမလား Viking Metal သီချင်းတွေ၊
၁၉၄၀ - ၇၀ ကန်းထရီးလ်၊ အလက်ထရိုနီကာ၊ လေးတွဲ့စွာ ဆိုတဲ့ Lounge၊ အာဖရိကန် -
ကျူဘား ဂျပ်(ဇ်)၊ ဂန္တ၀င် ကမ္ဘာ့ဂီတ ( အဖေက စန္ဓရားတီးပြီး
မဟာဂီတစိတ်ဝင်စားတယ်လေ) တေးတွေပါပဲ၊ ပြောယင်ယုံမလားတော့ မသိဘူး "ကျမ
အနှစ်သက်ဆုံး တူရိယာကတော့ ဂီတာ နဲ့ ကျမရဲ့ ပင်ကိုယ်အသံပါပဲ" ( ပေါ့(ပ်)
အဆိုတော် မျိုးကျော့မြိုင်တောင် အင်တာဗျူးတခုမှာ သူ အနှစ်သက်ဆုံး တူရိယာက
ကွန်ပြူတာလို့ ဆိုသေးတယ် မဟုတ်ပါလား ) ။

ပစ္စဖိတ်ကမ်းခြေပေါ်
မေးတင်ထားတဲ့ ဆီအက်တယ်လ်မြို့က အင်ဒီး(စ်)မြူးဇစ် ခုံမင်သူ
ပြီးခဲ့တဲ့ ၂၀၀၆
ကစလို့ Three Little Numbers ဆိုလို EP ထွက်ရှိနိုင်ခဲ့ပြီး၊ ၂၀၀၇ မှာတော့ A
Sweet Sampler ဖြစ်ပြီး EP လို့ ခေါ်ကာ ၂ပုဒ်သာပါတဲ့ ဆိုလိုစင်ဂယ်လ်
ထုတ်နိုင်ခဲ့ပါတယ်၊ အသံဖမ်းအင်္ဂျင်နီယာ ကတော့ စတိဗ် နက်(ဘ်)ဘဲလ်၊ သူဇနီး
ခရစ္စတီး နက်(ဘ်)ဘဲလ် က ဘေ့(စ်)ဂီတာ ၀င်တီးခတ်ပေးထားပါတယ်၊
သူတို့ဇနီးမောင်နှံနဲ့ ၀ိုင်းဝန်းဖန်တီးကြတာ ပြီးခဲ့တဲ့ အမေရိကားက
နွေဦးမှာပေါ့၊ အဲဒီနောက်ပိုင်း ဒေသခံရော အရပ်ရပ်က ပရိသတ်တွေက
ချီးမွမ်းလာကြတာနဲ့ ကျမကို ကျမ အလေးနက်ထားရမယ် ဆိုပြီး ပြီးခဲ့တဲ့ သီတင်း
၆လမှာ အသံပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေ ပိုလုပ်နိုင်ခဲ့ကာ
အခုတိုးတက်မှုရှိလာလို့ ဆီအက်တယ်လ်မြို့ကြီး တ၀ိုက်နဲ့ တာကိုမားမြို့တွေမှာ
လိုက်(ဖ်)ဖျော်ဖြေမှုတွေ တနှစ်တာလုံး လုပ်လာနိုင်ခဲ့တယ်၊ အခုလာမဲ့ ၂၀၀၈
မှာကတော့ ကျမရဲ့ ပထမဆုံး ဆိုလိုအယ်လ်ဘမ် ထွက်လာဖို့ အတွက် အပါတ်တိုင်းမှာ
ကျွမ်းကျင်မှုတွေ ဖန်တီးနိုင်စွမ်းတွေနဲ့ ပေါင်းစပ်လို့ ကျိုးပမ်းနေပါတယ် …
ရှင် … တဲ့။
ကျမရဲ့ သီချင်းတွေကို
ဝက်ဘ် ပေါ်ကနေ နားထောင်သူတွေ၊ အပါတ်စဉ် ဆိုဖြစ်တဲ့ ဒေသတွင်း လိုက်(ဗ်)ရှိုး
ပရိသတ်တွေ အတွက်တော့ လာမဲ့နှစ်မှာ စိတ်ဝင်စားစရာတွေ ဖန်တီးသယ်ဆောင်လာခဲ့မယ်၊
ကျမမှာ ပရိသတ်အတွက် အမေရိကန်၊ မြန်မာ၊ အခြားသော လူမျိုးကွဲပြားမှုတွေ မရှိသမို့
အားပေးတဲ့ သူတွေကို ဖေါ်ပြလို့ မရနိုင်အောင် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးကမ္ဘာ …
ပါ၊ အားနည်းချက်လို့ ဆိုမလား မချင့်မရဲ ဖြစ်နေတာတခုက ကျမ မြန်မာလို အရေး၊
အဖတ်၊ အပြော မရသလောက်ကို အားနည်းပါတယ်၊ တခါတရံ မြန်မာလို ဆိုဖို့ ရေးနိုင်ဖို့
မသိစိတ်ကနေ လှုံ့ဆော်နေတာမျိုးတော့ ရှိပါတယ်၊ ကျမ ကျိုးစားရပါဦးမယ်။
ဝါသနာရယ်လို့
တသီးတသန့် မရှိပဲ အချက်အပြုတ်ဝါသနာပါပြီး အားလပ်ရက်တွေမှာ အပျော်အနေနဲ့
ကွတ်(ခ်)ကီး ဖုတ်စားလေ့ရှိတယ်၊ ကျမရဲ့ အနာဂါတ်ဟာ အောင်မြင်တဲ့ ဂီတပညာရှင်
ဖြစ်လာဖို့ပါပဲ အဖြစ်ချင်ဆုံးကတော့ သဘောထားကြီးပြီး ဘ၀မှာ အခက်အခဲရှိလာယင်
အကောင်းကို ရှုမြင်သုံးသပ်နိုင်တဲ့ မိန်းမ တယောက်ဖြစ်ချင်ပါတယ်လို့ ဟစ်တိုင်ကို
ဝါရှင်တန်ပြည်နယ်၊ ဆီအက်တယ်လ်မြို့ကြီးမှာ အမေရိကန် အင်ဒီး(စ်) တေးဂီတနဲ့
ထိုးဖေါက်လာတဲ့ မေရီဝင်းက ဖြေကြားပါတယ်။

ဆင်တူရိုးမှား
အမည်နာမ များစွာပိုင်ဆိုင်သူ
အဖေလည်း
မြန်မာပြည်နိုင်ငံရေးနဲ့ နှီးနွယ်နေတယ် ဆိုတော့ လွတ်မြောက်ရေး သီချင်းတွေ
မရေးဘူး၊ မဆိုဘူးလား မေးမြန်းရာ အခိုက်အတန့်အားဖြင့် မကျွမ်းကျင်တဲ့
ဘာသာရပ်မို့ နားလည်နိုင်မယ်လို့ ထင်ပါတယ်၊ တောင်းဆိုလာတယ် ဆိုယင်လဲ ကျမမှာ
အမေရိကား စည်းမျဉ်းတွေ အရ စီးပွားဖြစ်ရေးနိုင် ဆိုနိုင်မဲ့ BMI တို့ ASCAP
လိုင်စင် မရှိသေးလို့ပါ ….. ရှင်လို့ … စိတ်မကောင်းဟန်စွက်တဲ့ လေသံနဲ့
ဖြေပါတယ်။
တကယ်တော့
အမေရိကားလိုနေရာမျိုးမှ သူတို့လူမျိုးတွေ ခံစားမှုနဲ့ထပ်တူကျအောင်
သီကုံးရေးဖွဲ့ သီဆိုနိုင်ဖို့ အတော်မလွယ်တာပါ၊ ဆန်ဖရန်စ္စကိုပြည်နယ်
တခုထဲမှာတင် အသက်မွေးဝမ်းကြောင်းပုံစံမျိုးနဲ့ တီးခပ်နေတဲ့
တီးဝိုင်းပေါင်း ၂၀၀၀ လောက်ရှိတယ်ဆိုယင် အဆိုပိုင်းကရော ဘယ်လောက်ရှိမယ်
ဘယ်လိုထဲထဲဝင်ဝင် ဖြစ်အောင်လုပ်ရမယ် ဆိုတာ ကာယကံရှင်တွေ ပိုနားလည်ပါတယ်၊
မြန်မာတွေ ကျိုးစားကြရဦးမှာပါ၊ နဲနဲအလှမ်းဝေးတဲ့ သြစတေးလျားက
ပါတ်(ခ်)မြို့မှာလည်း ကန်းထရီးဆန်ဆန် သီချင်းတွေဆိုနေတဲ့ မြန်မာကပြား
"ခင်မြင့်"ကိုလည်း အားပေးကြရမှာပါ၊
မျိုးဆက်သစ်တွေ အစားထိုးလာတဲ့ ဟော့ဒီက ဘဒ္ဒကမ္ဘာမှာ သူတို့တွေ
အောင်မြင်ဖို့မြှင့်တင်ပေးရမှာ ခင်ဗျားတို့ ကျနော်တို့ တာဝန်တွေပါ၊ ဂီတဆိုတာ
ငြိမ်းချမ်ရေးရဲ့ တမာန်တော်မို့ ပါတ်(ခ်) က "ကိုခင်မြင့်"၊ ဆန်ဖရန်စ္စကို
အော့ကလန်က "နာတာလီ"၊ ဆီအက်တယ်လ်က "မေရီ ၀င်း" နှစ်သစ်ရဲ့ ကမ္ဘာ့ဂီတရပ်ဝန်းမှာ
တွင်တွင်ကျယ်ကျယ် စီးမျှောနိုင်ကြပါစေ တောင်းဆုချွေရင်း။
စိတ်ဝင်စားမှုရှိသူများအတွက် အသေးစိတ် သိနိုင်ရန် မေရီဝင်းနှင့်
ဝက်ဘ်စာမျက်နှာ ကို လက်ဆောင်ပါးလိုက်ပါသည်။
http://www.marywinmusic.com
ကာတွန်းသားငယ် (ဟစ်တိုင်)
|