အများမသိသေးတဲ့ ကြားသိလိုက်ရတဲ့ ၀မ်းနည်းဖွယ် ဖြစ်ရပ်မှန်တစ်ခု

နတ်မျက်စိ

            စက်တင်ဘာ(၂၆)ရက် သံဃာတော်များ ဦးဆောင်ပြီး မေတ္တာပို့ဆန္ဒပြပွဲများ ရက်စက်စွာ နှိမ်နှင်းခံခဲ့ရပြီးနောက် စက်တင်ဘာ (၂၈)ရက် ည(၂)နာရီကျော်ခန့်မှာ ရန်ကုန်မြို့- သံဃာတော်အပါး(၂၀၀)ကျော်ခန့် သီတင်းသုံးနေတော်မူသော မိုးကောင်း ကျောင်းတိုက်ဟာ အညှာတာမဲ့စွာ စီးနင်းဝင်ရောက်ခြင်းခံခဲ့ရပါသည်။ အနက်ရောင်ဝတ်အစားတွေ ၀တ်ဆင်ထားတဲ့ အထူးရဲတပ်ဖွဲ့နှင့် သန်းရွှေတပ်များဟာ မြင်သမျှသော သံဃာတော်အားလုံးကို မေးမြန်းစုံစမ်းမှု လုံးဝမပြုဘဲ ရိုက်နှက်ကန်ကျောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

            လွတ်ရာကို ပြေးသူပြေး ရှောင်ပုန်းသူက ရှောင်ပုန်းကြသောကြောင့် သံဃာ(၄၅)ပါးသာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျိုက္ကဆံ အချူပ်ခန်းနှင့် GTI စစ်ကြောရေးစခန်းတွေကို ခွဲခြားပို့ဆောင်ပြီး သံဃာတော်များကို ရာဇ၀တ်ဒုစရိုက်များသဖွယ် စစ်ကြော မေးမြန်းခဲ့ပါတယ်။

       ပုဆိုးများကို သံဃာတော်တွေထံ မရိုမသေ ပစ်ပေးပြီး “ကဲဝတ်ကြတော့ …မင်းတို့ လူဖြစ်သွားပြီ” ဟု ရိုင်းစိုင်းစွာပြောဆိုဆက်ဆံပြီး၊ ပုဆိုးမ၀တ်သော ရဟန်းများကို ရက်စက်စွာရိုက်နှက်ပါသည်။ ထိုအခါ ရဟန်းများက မတတ်သာသည့်အဆုံးဝယ် အင်္ကျီမပါပဲ ပုဆိုးဖြင့်သာ အစစ်ဆေးခံခဲ့ရပါတယ်။ ကျောင်းထိုင်ဆရာတော်ကြီးအပါအ၀င် ကျန်သံဃာများက့  သိက္ခာမချဘဲ လူများဝတ်သော ပုဆိုးဖြင့်သာ ရဟန်းပီသစွာနေခဲ့ကြတယ်။ ရဲများက အပြစ်ရှိကြောင်းနှင့် ဆူပူမှုမှာ တာဝန်ရှိကြောင်း အတင်းအဓမ္မလက်မှတ်ထိုး ၀န်ခံစေခဲ့သော်လည်း ရဟန်းများက လုံးဝငြင်းဆန်ခဲ့ပါတယ်။

            “သာသနာတော်ကို လေးစားကြည်ညိုသော ရဲအရာရှိကြီးကသာ မကူညီခဲ့ရင် ဦးဇင်းတို့တော့ မသက်သာဘူး ဒကာကြီးရေ” ဟု ဆရာတော်တစ်ပါးက ပြောပြခဲ့ပါတယ်။ လုံးဝစစ်ကြောလို့ မရသည့်အဆုံး ရဲများက ထိုးနှက်ကန်ကျောက်မည့်ဟန် ပြုသဖြင့် အဆိုပါရဲမှူးကြီးက “ဟေ့ကောင်တွေ……သူတို့ဟာ ပုဆိုးဝတ်ထားတဲ့ ဘုန်းကြီးတွေပဲ၊ မင်းတို့ဒီလိုလုပ်တာ အပြစ်ကြီးနေပြီ၊ တော်ပြီ..ဒီဘုန်းကြီးတွေအတွက် ငါတာဝန်ယူပါတယ်” ဟု ပြောကာ ရဲအရာရှိကြီး၏ ကူညီမှုကြောင့် သံဃာတော်များ သက်သာရာရခဲ့ကြပါတယ်။ ဒါပေမယ့် မိုးကောင်းကျောင်းတိုက် ပြန်ရောက်တဲ့အခါ  ရဲများက တပ်ဆင်ထားသော လေအေးပေးစက်၊ ရေခဲသေတ္တာ၊ ပန်ကာ၊ တီဗွီ အစရှိသော ကျောင်းတိုက်ရှိ ပစ္စည်းများကို လျို့ဝှက်စွာ ခိုးထုတ်ယူနေစဉ် ရုတ်တရက်  စစ်ကြောရေး စခန်းမှ လွှတ်လိုက်သဖြင့် ပြန်လည်ရောက်ရှိလာသော သံဃာများကို တွေ့လိုက်ရသောကြောင့် ယူခွင့်မသာဘဲ ပြန်ထားခဲ့ရပါသည်။ သို့သော်လည်း  လှူဒါန်းထားသော န၀ကမ္မငွေ စုစုပေါင်း ကျပ်သိန်း(၂၀၀)ကျော်နှင့် ဒေါ်လာ (၃၀၀၀)ခန့် လုံးဝ ပျောက်ဆုံး သွားခဲ့တဲ့အပြင် ရေစက်ချငွေခရား၊ ငွေဖလားများကို ယူဆောင်သွားခဲ့ပါတယ်။ နောက် တယ်လီဖုန်းတစ်လုံးကိုလည်း ရိုက်ခွဲဖျက်ဆီး သွားခဲ့ပါတယ်။

            ထိုအခြေအနေတွင် ကျောင်းထိုင်ဆရာတော်အပါအ၀င် သံဃာတော်များက တာဝန်ရှိသူများကို မေးမြန်သောအခါ ဗိုလ်မှူးအဆင့်ရှိသူက “ ဘယ်သူ့ကို တိုင်မှာလဲ…၊ ဘယ်သူတိုင်ရဲလဲ” ဟု မိုက်ရိုင်းစွာဖြေဆိုခဲ့ပါတယ်။ ထိုဖြေဆိုမှုကို မကျေနပ်သော ရဟန်းတစ်ပါးက ပြန်လည်ပြောဆိုသောအခါ ထိုရဟန်းကို ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်မှာ ယနေ့တိုင် ပြန်မလွတ်သေးပါ။ သတင်းကြားရတာက ထို ရဟန်းကို ထောင်ဒဏ် (၇)နှစ်ချလိုက်ပါတယ်……တဲ့။

            ခေါင်းကို (၃)ချက်အရိုက်ခံရပြီး၊ ဆဲဆိုကြိမ်းမောင်းခံရတဲ့ တိုင်းရင်းသားသံဃာတော်တစ်ပါးက “ ဒီအခြေအနေအထိ ဆိုးရွား လိမ့်မယ်လို့ မထင်မိဘူး၊ အင်းလေ…..ရှိပါစေတော့ ၀ဋ်ရှိလို့သာ ခံရတာပဲ” ဟု သံဝေဂဖြင့် ပြောဆိုခဲ့သည်ကို ကြားခဲ့ရပါတယ်။ ထိုအကြောင်းကို  ကြားခဲ့ရသော လူတစ်ယောက်က မကျေနပ်နိုင်ဘဲ ဆရာတော်နှင့်တွေဆုံမေးမြန်းလိုသောကြောင့်  စောင့်ကြပ်နေ သော ရဲများထံ ကျောင်းတိုက်အတွင်းသို့ ၀င်ခွင့်တောင်းရာ ထိုသူအား အစစ်အဆေးမေးမြန်းခံခဲ့ရပါသည်။

 

 

ယခင် သုတဆောင်းပါးများသို့

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org