သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

တူရကီရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှု

ဇူလိုင် ၉။ အေပီ

အေပီ

ကောင်စစ်ဝန်ရုံးရှေ့တွင် လဲနေသော အလောင်းများ

အယ်လ်ကေဒါ စစ်သွေးကြွများဟု မသင်္ကာဖွယ်ရှိသော ပစ္စတိုနှင့် ပြောင်းတိုသေနတ်များ ကိုင်ဆောင်ထားသူများသည် အစ္စတန်ဘူလ်မြို့ အမေရိကန် ကောင်စစ်ဝန်ရုံး အပြင်ဘက်ရှိ ရဲအစောင့်တဲကို တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်ပွဲအတွင်း သေနတ်သမား သုံးယောက်နှင့် ရဲသုံးဦး သေဆုံးသွားသည်။

တူရကီနှင့် အမေရိကန် အာဏာပိုင်များက ပစ်ခတ်မှုကို အကြမ်းဖက် တိုက်ခိုက်မှုတခုဟု ကင်ပွန်းတပ်လိုက်သည်။ တူရကီနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနှင့် တူရကီ နိုင်ငံခြားရေး ၀န်ကြီးဌာနက တူရကီရှိ အမေရိကန် သံရုံး အဆောက်အအုံများတ၀ိုက်တွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း ပြောပြသည်။

မြင်ကွင်းကို တွေ့လိုက်သူတဦးဖြစ်သည့် ယာဗွဇ် အာကွပ် ယွပ်ဆယ်လ်က သေနတ်သမားများသည် ကားတစီးထဲမှ ရုတ်တရက် ထွက်လာပြီး အစောင့်ကို အငိုက်ဖမ်းလိုက်ခြင်း ဖြစ်ကြောင်း စီအန်အန် တာ့ခ် ရုပ်သံလိုင်းကို ပြောကြားသည်။ “သူတို့ထဲက တယောက်က သေနတ်ကိုဝှက်ကိုင်ပြီး ရဲသားနား ကပ်သွားပြီးတော့ ခေါင်းကို ပစ်ချလိုက်တယ်”ဟု ပြောပြသည်။

ရုပ်သံမှ လွှင့်ထုတ်ပြသော လုံခြုံရေး ကင်မရာ မှတ်တမ်းမြင်ကွင်းတွင် လက်နက်ကိုင်ထားသော မုတ်ဆိတ်နှင့် လူလေးယောက် ကားတစီးထဲမှ ထွက်လာပြီး ယာဉ်ထိန်းရဲကို ပစ်သတ်နေပုံ၊ ထို့နောက် အခြားရဲများက ပြန်လှန်ပစ်ခတ်နေစဉ် ကိုက် ၅၀ အကွာရှိ ရဲကင်းတဲဆီသို့ ပြေးလွှားနေပုံကို ပြသသည်။

ပစ်ခတ်မှုကြောင့် ကောင်စစ်ဝန်ရုံးတွင် ဗီဇာတန်းစီနေသော လူများ အထိတ်တလန့် ထွက်ပြေးကြသည်။ အမေရိကန် လုံခြုံရေးဝန်ထမ်း များသည် တူရကီမြေပေါ်တွင် လက်နက်စွဲကိုင် ပတ်သက်ခွင့် မရှိသောကြောင့် အမေရိကန်သံတမန် အချုပ်အခြာပိုင်နက်ဖြစ်သော ကောင်စစ်ဝန်ရုံးတွင်း  ပြန်ဝင်သွားကြကြောင်း ဒိုဂွန် သတင်းဌာနက ဆိုသည်။

ရဲသုံးဦး သေဆုံးပြီး စတုတ္တမြောက် ရဲသားနှင့် ကားတစီးမှ ယာဉ်မောင်းတို့မှာလည်း တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားကြကြောင်း အစ္စတန်ဘူလ်မြို့တော် အုပ်ချုပ်ရေးမှူး မူအာမာ ဂူလာက ပြောကြားသည်။ အမေရိကန် သံအမတ်ကြီး ရော့စ် ၀ီလဆန်က အစ္စတန်ဘူလ်မြို့ရှိ ကောင်စစ်ဝန် ရှာရွန် ၀ိန်နာက ကောင်စစ်ဝန်ရုံး ၀န်ထမ်းအားလုံး ဘေးကင်းကြောင်း မိမိအား ပြောကြားသည်ဟု အတည်ပြုသည်။ တိုက်ခိုက်သူ အနည်းဆုံး နှစ်ဦးမှာ တူရကီနိုင်ငံသားများ ဖြစ်ကြောင်းလည်း ဂူလာက ဆိုသည်။

နံရံအမြင့် ကာရံထားသော ကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် နံနက် ၁၁ နာရီ ၀န်းကျင်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုပြီးနောက် ကားတစီးဖြင့် လွတ်မြောက်သွားသော စတုတ္ထမြောက် သေနတ်သမားကို ရဲတပ်ဖွဲက ခြေရာခံ ရှာဖွေလျက် ရှိသည်။ “ကိုယ့်လက်ချက်လို့ တာဝန်ယူ ကြေညာမှု ခုထိ ထွက်မလာသေးပါဘူး”ဟု ပြည်ထဲရေးဝန်ကြီး အတာလီက ဆိုသည်။ ရဲထပ်ဖွဲ့သည် စုံစမ်းထောက်လှမ်းမှု မထိခိုက်စေရန် သေနတ်သမားများ၏ အမည်နှင့် အခြား ဆက်နွှယ်မှုများကို ထုတ်ဖော်ပြောဆိုဦးမည် မဟုတ်ကြောင်းလည်း ၀န်ကြီးက ပြောကြားသည်။

ရုပ်သံသတင်းတွင် အမေရိကန် ကောင်စစ်ဝန်ရုံး အုတ်တံတိုင်းရင်းတွင် လူလေးဦး လဲကျနေပုံကို အလောင်းများကို လာမသယ်မီ ရိုက်ပြထားသည်ကို မြင်ရသည်။

အင်ဒိုနီးရှားတွင် ဗုံးခွဲရန် ကြံစည်သူ ၁၀ ဦးဖမ်းဆီး

ဇူလိုင် ၄။ ဘီဘီစီ၊ အေအက်ဖ်ပီ

ဂျတာတာမြို့တော်သို့ ရောက်လာသည့် တရားခံများ (အေအက်ဖ်ပီ)

အင်ဒိုနီးရှား နိုင်ငံတွင် ဗုံးထောင်ရန် ကြံစည်မှုဖြင့် လူ ၁၀ ဦးကို ဖမ်းဆီးပြီး ဂျကာတာ မြို့တော်သို့ ပို့ဆောင်လိုက်သည်။ ဆူမုတြာကျွန်းရှိ နေရာအတော်များများကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းပြီးနောက် တရားခံများကို ဖမ်းဆီးရရှိကာ မြို့တော်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။ တရားခံများနှင့်အတူ စွမ်းအားပြင်းထန်သော အိမ်တွင်းဖြစ် ဗုံးများပါ ရဲက ဖမ်းဆီးမိခဲ့သည်။

တောင်ပိုင်းဆုမုတြာပြည်နယ် မြို့တော်ဖြစ်သည့် ပလောင်းဘန်မြို့တွင် အမေရိကန်နှင့် သြစတြေးလျ သင်တန်းဆင်း အကြမ်းဖက် တိုက်ဖျက်ရေး ရဲများက တရားခံများ ငှားရမ်းထားသည့် အိမ်တလုံးတွင် ဗုံး အလုံး ၂၀ ကို သိမ်းဆည်းမိခဲ့သည်။ တရားခံများကို ဆုမုတြာမနှ ဂျကာတာမြို့တော်သို့ လုံခြုံရေးအစောင့်အရှောက် ထူထပ်သွာဖြင့် လေကြောင်းမှ ပို့ဆောင်လိုက်သည်။ အေအက်ဖ်ပီ သတင်းထောက် တဦးက ၎င်းတို့ကို မျက်နှာဖုံးစွပ်၊ လက်ထိပ်များခတ်၍ ဂျကာတာ လေဆိပ်သို့ ရောက်လာသည်ကို တွေ့ရကြောင်း ပြောကြားသည်။ တဦးမှာ သတ်သေခြင်း (suicide) ဟု စာတန်းပါအနက်ရောင် တီရှပ်ကို ၀တ်ဆင်ထားသည်။

တရားခံများထဲမှ တဦးသည် နိုင်ငံခြားသား ဖြစ်ပြီး ယခု ဖမ်းဆီးမှုသည် နိုင်ငံတွင်း စစ်သွေးကြွ ကွန်ယက်များ အခြေအနေကို ပူပူနွေးနွေး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

တရားခံ ၁၀ ဦးသည် ထိပ်တန်း အစ္စလာမ်မစ်ဝါဒီတဦးလည်းဖြစ် ရဲအဖွဲ့၏ အလိုရှိသူ စာရင်းတွင်လည်း ထိပ်ဆုံးတွင် ရှိသည့် နျူဒင်း မိုဟာမက် တော့ပ်နှင့် ဆက်နွှယ်နေကြောင်း ပြောကြားသည်။ ၎င်းသည် အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော သေမင်းတမန် ဗုံးဖောက်ခွဲမှုများတွင် ကြိုးကိုင်သူဟု သံသယဖြစ်ခံရသူ ဖြစ်သည်။

ဆူမတြာ ကျွန်းပေါ်တွင် အင်္ဂလိပ် ဆရာတဦးအဖြစ် အလုပ်လုပ်နေသူ အမျိုးသားတဦးသည် ဒေသတွင်းရှိ စစ်သွေးကြွ ကွန်ယက်တခု ဖြစ်သော ဂျမားအီ အစ္စလာမီအဖွဲ့နှင့် ဆက်နွှယ်နေကြောင်း စင်ကာပူ အာဏာပိုင်များက အင်ဒိုရဲကို သတိပေးလိုက်ပြီးနောက် ဖမ်းဆီးမှု စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုသူက လူအတော်တော်များများကို ဗုံးလုပ်နည်း သင်ကြားပေးခဲ့ကြောင်း ၀န်ခံသည်ဟု ရဲက ပြောကြားသည်။ ချင်းနင်းဖမ်းဆီးရာတွင် ဗုံး ၂၀ ခန့်၊ ဗုံးပြုလုပ်သည့် ဓာတုပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများ ပါဝင်သည့် သေတ္တာများကိုပါ သိမ်းဆည်းရရှိခဲ့ သည်။

တရားခံ တဦးသည် အာဖဂန်နစ္စတန်ရှိ စစ်စခန်း တခုတွင် နေထိုင်ခဲ့ဖူးကြောင်း ရဲက အတည်ပြုပြီးနောက် အတည်မပြုနိုင်သေးသော မီဒီယာသတင်းများက ထိုသူသည် အိုစမာ ဘင်လာဒင်နှင့် ဆက်နွှယ်နေကြောင်း ဖော်ပြသည်။

နွေးထွေးလာသည့် အိုဘားမားနှင့် ဘီလ်ကလင်တန်

ဇူလိုင် ၁။ ဘီဘီစီ

အေပီ

၂၀၅၊ စက်တင်ဘာက ကတ်ရီးနားမုန်တိုင်းကြောင့် ရွှေ့ပြောင်းရသူများနှင့်အတူ တွေ့ရသော အိုဘားမား (၀ဲ)နှင့် ကလင်တန်

အိမ်ဖြူတော်သို့ တက်လှမ်းမည့်သူဟု ယူဆရသည့် ဘားရက် အိုဘားမားနှင့် အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်တို့သည် ဟီလာရီ ကလင်တန် ဒီမိုကရက်တစ် သမ္မလောင်း ပြိုင်ပွဲမှ နှုတ်ထွက်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံစကားပြောခဲ့ကြသည်။

အိုဘားမား၏ ပြောရေးဆိုခွင့် ရှိသူတဦးက မိနစ် ၂၀ ကြာ ဖုန်းစကားပြောစဉ်အတွင်း နှစ်ဦးသားသည် အသည်းအသန် ဆွေးနွေးခဲ့ကြကြောာင်း ပြောကြားသည်။ ဟီလာရီ ကလင်တန်နှင့် အိုဘားမားတို့သည် သောကြာနေ့က ပူးတွဲ လူထုစည်းဝေးပွဲ ကျင်းပခဲ့သည်။ ဥရောပသို့ ရောက်ရှိနေသော သမ္မတဟောင်း ကလင်တန်သည် ဇနီးသည်နှင့် အိုဘားမား နယူးဟမ့်ပ်ရှိုင်းယားမြို့တွင် ပူးတွဲပြုလုပ်သည့် အဆိုပါ မှတ်မှတ်ရရ စည်းဝေးပွဲသို့ မတက်ရောက်နိုင်ခဲ့ပေ။ အဆိုပါ စည်းဝေးပွဲသည် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သော ကနဦး မဲဆွယ်ပွဲများ ပြီးကတည်းက ပထမဆုံး ဖြစ်သည်။

သမ္မတဟောင်း ကလင်တန်သည် ယခုပတ် အစောပိုင်းက အိုဘားမား၏ သမ္မတမဲဆွယ်ပွဲကို ထောက်ခံသော ကြေညာချက် အတိုတစောင် ထုတ်ပြန်ခဲ့သည်။

ပဏာမ မဲဆွယ်ပွဲများအတွင်း သမ္မတဟောင်းသည် ဇနီးသည်အား ရဲရဲတောက် ထောက်ခံမဲဆွယ်ပေးသူတဦး ဖြစ်ပြီး ဒီမိုကရက်တစ် ပါတီတွင်း အိုဘားမားကို အဝေဖန်ဆုံးသူလည်း ဖြစ်ခဲ့သည်။ ယခု ဟီလာရီ ကလင်တန် နှုတ်ထွက်လိုက်ပြီ ဖြစ်သဖြင့် အိုဘားမားသည် လာမည့် နိုဝင်ဘာ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန် သမ္မလောင်း ဂျွန်မက်ကိန်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အိုဘားမား၏ ပြောရေးဆိုခွင့်ရှိသူ ဘီလ် ဘာတန်က အီလီနွိုက်ပြည်နယ် အထက်လွှတ်တော်အမတ် (အိုဘားမား)သည် သမ္မတဟောင်း ကလင်တန်ကို တနင်္လာနေ့ နံနက်က ဖုန်းဆက်ကာ သမ္မတဟောင်းက ထောက်ခံမှုပေးရန် ဂုဏ်ပြုခံခဲ့ရကြောင်း ပြောကြားသည်။ “သူက ဘီလ် ကလင်တန်ဟာ တိုင်းပြည်ရဲ့ အကြီးကျယ်ဆုံး ခေါင်းဆောင်တွေနဲ့ ဥာဏ်အထက်မြက်ဆုံးသူတွေထဲက တယောက်ဖြစ်ပြီး မဲဆွယ်ပွဲကာလတွေမှာ သူ့ကို တွေ့ရဖို့နဲ့ သူ့ဆီက အကြံဥာဏ်တွေ ရဖို့ မျှော်လင့်ထားပါတယ်”ဟု ဘာတန်က ဆိုသည်။

မြောက်ကိုရီးယားကို စီးပွားရေးပိတ်ဆို့မှု ဘုရှ် ရုပ်သိမ်းမည်

ဇွန် ၂၆။ CNN, AP

မြောက်ကိုရီးယားနိုင်ငံအပေါ် အဓိက ကုန်သွယ်ရေးပိတ်ဆို့မှုများကို ရုပ်သိမ်းမည် ဖြစ်ကြောင်းနှင့် အမေရိကန် ပြည်ထောင်စု၏ အကြမ်းဖက်နိုင်ငံများ စာရင်းမှလည်း ရုပ်သိမ်းမည် ဖြစ်ကြောင်း သမ္မတဘုရှ်က ယနေ့ ပြောကြားသည်။ “မကောင်းဆိုးရွား ၀င်ရိုးတန်း နိုင်ငံများ”ဟု မကြာသေးမီက ကင်ပွန်းတပ်ခဲ့သော စာရင်းထဲမှ ကွန်မြူနစ် အစိုးရအပေါ် ထူးထူးခြားခြား မူဝါဒ ပြောင်းလဲမှုတရပ် ဖြစ်သည်။

ဘုရှ်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို မြောက်ကိုရီးယားအား အမေရိကန် နိုင်ငံ၏ ရန်သူနှင့် အကြမ်းဖက်ဝါဒကို အားပေးသော နိုင်ငံများ စာရင်းမှ ပယ်ဖျက်ရန် ညွှန်ကြားလိုက်သည်။

ကာလရှည်မြင့်စွာ တောင်းခံထားသော သူ၏ နျူကလီးယား လက်နက်များစာရင်းကို မြောက်ကိုရီးယားက တရုတ်နိုင်ငံသို့ ယနေ့ လွှဲအပ်ပြီးနောက် နာရီပိုင်းအတွင်း သမ္မတဘုရှ်၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဘုရှ်က ကြေညာချက်ကို မြောက်ကိုရီးယား နျူကလီးယားလက်နက်စွန့်ရေး ခရီးရှည်၏ အပေါင်းလက္ခဏာ ခြေလှမ်းတရပ်ဟု ခေါ်ဝေါ်လိုက်သည်။

ပြုံယန်းအပေါ် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းကြောင်း အိမ်ဖြူတော် နှင်းဆီခြံတွင် ကြေညာနေသော ဘုရှ် (အေပီ)

ဘုရှ်သည် နျူကလီးယား လုပ်ဆောင်မှုများအပေါ် ယခင်က လိမ်ညာခဲ့သော မြောက်ကိုရီးယား အစိုးရအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေဆဲ ဖြစ်သည်။

“ခင်ဗျားတို့ရဲ့ ကတိတွေကို ခင်ဗျားတို့ ဖြည့်ဆည်းပေးမယ့် ပမာဏနဲ့ပဲ ခင်ဗျားတို့ကို ကျနော်တို့ ယုံကြည်စိတ်ချနိုင်ပါမယ်”ဟု ဘုရှ်က အိမ်ဖြူတော် နှင်းဆီခြံမှ ပြောကြားသည်။ “တိုးတက်မှုအတွက် ကျနော် ၀မ်းမြောက်ရပါတယ်။ ကျနော် စိတ်ကူးယဉ်နေတာ မဟုတ်ပါဘူး။ ဒါ ပထမအဆင့်ပါ။ လုပ်ငန်းစဉ်ရဲ့ အဆုံးသတ် မဟုတ်ပါဘူး။ ဒါဟာ လုပ်ငန်းစဉ်ရဲ့ အစပိုင်းပါ”ဟု ပြောကြားသည်။  သမ္မတဘုရှ်က ယခုအချိန်သည် မြောက်ကိုရီးယားအတွက် အခွင့်အလမ်းကာလ ဖြစ်ကြောင်း၊ အကယ်၍ မြောက်ကိုရီးယားက မှန်ကန်သော ရွေးချယ်မှု ပြုခဲ့လျှင် လစ်ဗျားနိုင်ငံ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း လုပ်ခဲ့သလောက် မြောက်ကိုရီးယားသည် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် သူ၏ ဆက်ဆံရေးကို ပြန်လည် ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း၊ အကယ်၍ မြောက်ကိုးရီးယားက ရွေးချယ်မှု မှားယွင်းခဲ့လျှင် အမေရိကန် ပြည်ထောင်စုနှင့် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမှ သူ၏ အပေါင်းအဖော်များသည် အလားတူ တုံ့ပြန်မည် ဖြစ်ကြောင်းလည်း သတိပေးလိုက်သည်။

မြောက်ကိုရီးယားသည်  ရန်ဗျွန်း နျူကလီးယား စက်ရုံမှ ၆၅ပေ ရှည်သော cooling tower ကို ဖျက်ဆီးနေပုံကို အစိုးရ ရုပ်မြင်သံကြားမှနေ၍ ထုတ်လွှင့်ပြသခဲ့သည်။

ပါကစ္စတန်နယ်စပ်ကို ဖြတ်ကျော်တိုက်ခိုက်မည်ဟု အာဖဂန်သမ္မတ ခြိမ်းခြောက်

ဇွန် ၁၅။ ဘီဘီစီ

ရိုက်တာ

သတင်းထောက်များကို တုံ့ပြန်ပြောဆိုနေသော အာဖဂန်သမ္မတ ကာဇာအီ

အာဖဂန်သမ္မတ ဟာမစ် ကာဇာအီက ပါကစ္စတန်တွင် အခြေစိုက်ထားသော စစ်သွေးကြွများကို တိုက်ခိုက်ရန် ပါကစ္စတန် နယ်စပ်ကို ဖြတ်ကျော်၍ တပ်များ စေလွှတ်မည်ဟု ခြိမ်းခြောက်လိုက်သည်။ စစ်သွေးကြွများသည် အာဖဂန်နှင့် နိုင်ငံစုံမဟာမိတ် တပ်ဖွဲ့ဝင်များကို သတ်ဖြတ်ရန် ပါကစ္စတန်ဘက်မှ နယ်စပ်ဖြတ်ကျော်လာပါက သူ့နိုင်ငံသည် မိမိကိုယ်ကိုယ် ကာကွယ်သည့်အနေဖြင့် တုံ့ပြန်ခွင့် ရှိကြောင်း ပြောကြားသည်။

တာလီဘန် တိုက်ခိုက်ရေးသမားများက အာဖဂန် ထောင်တခုကို စီးနင်း၍ ရာနှင့်ချီသော အကျဉ်းသားများကို လွှတ်ပေးပြီးနောက် ကာဇာအီ၏ မှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပါကစ္စတန် ၀န်ကြီးချုပ် ယူဆွပ်ဖ် ရာဇာ ဂီလာနီကမူ နှစ်နိုင်ငံနယ်စပ်မှာ ရဲများအတွက် ရှည်လျားလွန်းကြောင်း ပြောကြားသည်။ “ကျနော်တို့ဟာ တခြားတနိုင်ငံရဲ့ အရေးကိစ္စကို ၀င်စွက်ဖွက်ခြင်း မပြုသလို ကျနော်တို့ ပိုင်နက်နဲ့ ကျနော်တို့ ပြည်တွင်းရေးကိုလဲ တခြားနိုင်ငံကို ၀င်စွက်ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ၀န်ကြီးချုပ်က အေပီသတင်းဌာနကို ပြောကြားသည်။ “ကျနော်တို့ တည်ငြိမ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံကို အလိုရှိပါတယ်။ ဒါ ကျနော်တို့ အကျိုးစီးပွားလဲ ဖြစ်တယ်။ ကျနော်တို့ရဲ့ ညီအစ်ကို နိုင်ငံတခုကို မတည်မငြိမ်ဖြစ်အောင် ဘယ်လုပ်နိုင်မလဲ”ဟု ဆိုသည်။

သမ္မတ ကာဇာအီ၏ ယနေ့ သတင်းစာရှင်းလင်းပွဲသည် ယခုအပတ် ပါရီတွင် ကျင်းပသည့် အာဖဂန်နိုင်ငံ၏ အလှူရှင်နိုင်ငံများ အစည်းအဝေးအကြောင်း မူလက ဦးတည်ထားခဲ့သည်။ အစည်းအဝေးတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများက အာဖဂန် ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ ဘီလီယံ ၂၀ ကူညီရန် သဘောတူခဲ့သည်။ သို့သော် ယခုအခါ သတင်းစာရှင်းလင်းပွဲတွင် တာလီဘန်တို့၏ ပူပူနွေးနွေး ထောင်စီးနင်းမှုနှင့် အာဖဂန်က မည်သို့ တုံ့ပြန်မည့်အကြောင်းက လွှမ်းမိုးသွားခဲ့သည်။ ကန်ဒါဟာ အကျဉ်းထောင်တွင် တာလီဘန် ၃၅၀ ခန့် အပါအ၀င် အကျဉ်းသား ၉၀၀ ခန့် ထားရှိသည်။

သမ္မတ ကာဇာအီသည် ပါကစ္စတန်နှင့် နိုင်ငံတကာ တပ်များကို ပါကစ္စတန် နယ်မြေရှိ စစ်သွေးကြွများကို တိုက်ခိုက်ရန် ကာလရှည်ကြာ တောင်းဆိုလာခဲ့သော်လည်း နယ်စပ်ဖြတ်ကျော်၍ တပ်များ စေလွှတ်မည်ဟု တခါမျှ မခြိမ်းခြောက်ဖူးချေ။ “အာဖဂန်နစ္စတန်ဟာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့် ရှိတယ်။ သူတို့က ပါကစ္စတန်ကနေ နယ်စပ်ကို ဖြတ်ကျော်ပြီး အာဖဂန်တွေကို သတ်ဖြတ်မယ်၊ ညွှန့်ပေါင်းတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မယ်ဆိုရင် ကျနော်တို့ကို ထပ်တူထပ်မျှ ပြန်လုပ်ခွင့် ပေးတာ အတိအကျပဲ”ဟု ဆိုသည်။

သမ္မတ ကာဇာအီအနေဖြင့် သူ၏ အိမ်နီးချင်းနိုင်ငံအပေါ် ပြောခဲ့သမျှထဲတွင် ယခု အပြင်းထန်ဆုံး ဖြစ်သည်။ တာလီဘန် ခေါင်းဆောင်များကို မည်သည့်နေရာတ်ွင ရှိရှိ လိုက်လံရှာဖွေရန် စီစဉ်ထားကြောင်းလည်း အထူးသဖြင့် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ၀ါဇီရီစတန်တွင် အခြေစိုက်နေသည့် ဘိုင်တူလာ မာဆွဒ်ကို အမည်တပ်၍ ပြောဆိုလိုက်သည်။ ဘိုင်တူလာ မာဆွဒ်ဟာ ကျနော်တို့ သူ့ကို အခု ခြေရာခံပြီး သူ့အိမ်မှာ အမိဖမ်းမယ်ဆိုတာ သိသင့်တယ်”ဟု သမ္မတက ပြောကြားသည်။

ကန်ဒါဟာ အကျဉ်းထောင် ဖောက်မှုတွင် လွတ်မြောက်သွားသူ အကျဉ်းသားများထဲမှ ၂၀ ခန့်ကို အာဖဂန်နှင့် နိုင်ငံစုံ မဟာမိတ်တပ်များက ပြန်လည် ဖမ်းဆီးမိခဲ့ကြောင်း အာဖဂန် အာဏာပိုင်များက ဆိုသည်။ စစ်သွေးကြွ ၁၇ ဦး သေဆုံးကြောင်း နေတိုးအဖွဲ့က ပြောသော်လည်း ထိုစာရင်းတွင် လွတ်မြောက်ထွက်ပြေးသူ အကျဉ်းသားများ ပါမပါ အတည်မပြုနိုင်ပေ။ တာလီဘန်တို့၏ အခြေခံ နေရာဟောင်း ဖြစ်သည့် ကန်ဒါဟာသည် အာဖဂန်နှင့် နိုင်ငံစုံ ညွှန့်ပေါင်းတပ်များနှင့် တာလီဘန် စစ်သွေးကြွများအကြား အဓိက တိုက်ပွဲနေရာများမှ တခုဖြစ်သည်။

အာဖဂန် ထောင်စီးနင်းမှု အကျဉ်းသားများ လွတ်မြောက်

ဇွန် ၁၄။ ဘီဘီစီ

တာလီဘန် စစ်သွေးကြွများသည် အာဖဂန်နိုင်ငံ ကန်ဒဟာမြို့ရှိ အကျဉ်းထောင် တခုကို ယမန်နေ့က တိုက်ခိုက်၍ ရာနှင့်ချီသော အကျဉ်းသားများကို လွှတ်ပေးလိုက်သည်။

ကန်ဒဟာမြို့ အကျဉ်းထောင်မြင်ကွင်း (ရိုက်တာ)

လွတ်မြောက်သွားသူ အကျဉ်းသားများထဲမှ ၃၅၀ ခန့်မှာ တာလီဘန်များ ဖြစ်သည်ဟု ဘီဘီစီ သတင်းဌာနက ဆိုပြီး ရိုက်တာသတင်းထောက် ကိုမူ တာလီဘန် ၄၀၀ ခန့် အပါအ၀င် အကျဉ်းသား ၁၁၅၀ ခန့်မှာ အကုန်လုံးနီးပါး လွတ်မြောက်သွားကြကြောင်း အမည်မဖော်လိုသူ အာဖဂန် အရာရှိ နှစ်ဦးက ပြောကြားသည်။ အခြား အရာရှိ တဦးကမူ အကျဉ်းသား ၇၅၀ မှ ၈၀၀ ခန့် လွတ်မြောက်သွားပြီး အချို့မှာ ရဲများနှင့် ထောင်ဖောက်စီးနင်းသူ တာလီဘန်များအကြား ပစ်ခတ်မှုတွင် သေဆုံးကြောင်း ပြောသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များထဲတွင်လည်း အတော်များများ ထိခိုက်ဒဏ်ရာရသွားသည်။ ညအမှောင်အောက်တွင် ထောင်ဗူးဝ တံခါးများကို လော်ရီကားဗုံးဖြင့် ဖောက်ခွဲကာ တာလီဘန် ၄၀ ခန့်သည် အတွင်းသို့ ပြေးဝင်လာခဲ့ကြခြင်း ဖြစ်သည်။

ကန်ဒဟာ မြို့တွင် အရေးပေါ်အခြေအနေ ကြေညာထားသည်။ လမ်းများပေါ်တွင် ရဲများနှင့် စစ်သားများ ကင်းလှည့်နေပြီး မြို့ခံအားလုံးကို အိမ်တွင်းမှ မထွက်ရန် ညွှန်ကြားထားသည်။ အကျဉ်းထောင် အကြီးအကဲ အဗ္ဗဒူလ် ကွာဘီရ်က ရာနှင့်ချီသော အကျဉ်းသားများ လွတ်မြောက်သွားသော်လည်း အချို့ ကျန်ရစ်ခဲ့ကြောင်း ပြောကြားသည်။

မျက်မြင်သက်သေ တဦးက ကနဦး ပေါက်ကွဲမှုသည် ပြတင်းပေါက်များကို အကျဉ်းထောင်မှ ၁ ဒသမ ၇ မိုင်အထိ လွင့်ထွက်သွားစေခဲ့ကြောင်း ပြောပြသည်။ ကန်ဒဟာသည် သမ္မတ ဟာမစ် ကာဇာအီကိုနှင့် နေတိုး၊ အမေရိကန် တပ်များကို ဆန့်ကျင်တိုက်ခိုက်နေသော တာလီဘန် သူပုန်တို့၏ သော့ချက်ကျ စစ်မျက်နှာ ဖြစ်သည်။ ယခင်လက ကန်ဒါဟာ အကျဉ်းထောင်မှ အကျဉ်းသားများသည် ၎င်းတို့၏ တောင်းဆိုချက်များကို လိုက်လျောမည့်အကြောင်း လွှတ်တော်မှ လိုက်လျောမှု ရပြီးနောက် တပတ်ကြာ အစာငတ်ခံ ဆန္ဒပြမှုကို ရပ်ဆိုင်းခဲ့သည်။ အကျဉ်းသား ၄၀၀ နီးပါးတို့က မိမိတို့သည် မျှတသော တရားစီရင်မှု မရခဲ့ကြောင်းနှင့် အချို့ကလည်း အနှိပ်စက်ခံရကြောင်း တိုင်ကြားကြသည်။

ဘရူနိုင်းမင်းသားကို ဗြိတိန်မှာ ဖမ်းဝါးရမ်းထုတ်

ဇွန် ၁၂။ ဘီဘီစီ

telegraph.co.uk

လန်ဒန်နေအိမ်တွင် တွေ့ရသော မင်းသား ဂျက်ဖရီ

ဘရူနိုင်းဘုရင့်ညီတော် မင်းသား ဂျက်ဖရီ ဘိုလ်ကီးယားအား ဗြိတိန် တရားသူကြီးက ယမန်နေ့က ဖမ်းဝါးရမ်း ထုတ်လိုက်သည်။ မင်းသား ဂျက်ဖရီ (၅၃ နှစ်)သည် လန်ဒန်တွင် တရားခွင်သို့ လာရောက် တရားရင်ဆိုင်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

မင်းသားသည် ဘရူနိုင်းတွင် ဘဏ္ဍာရေးဝန်ကြီးတာဝန် ထမ်းဆောင်စဉ် ကာလက ပေါင်စတာလင် ဘီယီယံနှင့်ချီ၍ ပျောက်ဆုံးခဲ့သော သက်တမ်းရှည် ငွေကြေးအလွဲသုံးစားမှုများတွင် ပတ်သက်သူ ဖြစ်သည်။ ဘရူနိုင်းအစိုးရသို့ ပေါင်စတာလင် ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉ သန်း) ပေးရန် တရားရုံး၏ အမိန့်ကို ချိုးဖောက်သည်ဟူသော စွဲချက်များအတွက် တရားခွင်သို့ လာရောက် ရင်ဆိုင်ရမည် ဖြစ်သည်။ မင်းသား၏ ရှေ့နေက မင်းသားသည် ငါးရက်ကြာမည့် တရားခွင် ကြားနာမှုကို တက်ရောက်ရန် ငြင်းဆန်ထားကြောင်းနှင့် ပြင်သစ် သို့မဟုတ် မိုနာကိုတွင် ရှိမည်ဟု ထင်ကြောင်း တရားသူကြီးကို ပြောကြားသည်။

မင်းသားကို တရားခွင်သို့ လာရောက်စစ်ဆေးခံရန် ပျက်ကွက်ကြောင်း သတ်မှတ်လိုက်သော တရားသူကြီးက ဥရောပ သမဂ္ဂအတွင်း မည်သည့်နိုင်ငံတွင်မဆို အကျုံးဝင်သော ဖမ်းဝါးရမ်း တစောင်ကို ထုတ်ပြန်လိုက်သည်။ “သူ့ကို ဖမ်းမိမယ်ဆိုရင် အာမခံပေးသင့်ကြောင်း ကျုပ်ကို တိုက်တွန်းနိုင်ဖို့ တော်တော်အစွမ်းဖက်တဲ့ ရှေ့နေတယောက် လိုမယ်”ဟု တရားသူကြီး ပီတာ စမစ်က ဆိုသည်။ အမှုမှာ ပလေးဘွိုင်မင်းသားဟု အမည်တွင်သည့် မင်းသား ဂျက်ဖရီသည် ပပလွှားလွှား နေထိုင်သုံးစွဲမှုများအတွက် ကျခံရန် တိုင်းပြည်ဘဏ္ဍာ ပေါင်သန်းနှင့်ချီ၍ အလွဲသုံးစား ပြုခဲ့သည်ဟူသော စွဲချက်များနှင့် သက်ဆိုင်သည်။

သို့သော် မင်းသား ဂျက်ဖရီက အစ်ကိုဖြစ်သူ ဘုရင်ဘိုလ်ကီးယားနှင့် တရားခွင်ပြင်ပ စေ့စပ်ညှိနှိုင်းပြီးနောက် ပျောက်ဆုံးနေသည့် ဘီလီယံနှင့်ချီသော ငွေများကို ပြန်လွှဲအပ်ရန် ၂၀၀၀ ခုနှစ်က တရားရုံးအမိန့်ကို သူ လိုက်နာခဲ့ပြီး ဖြစ်ကြောင်း ပြောကာ အမှားအယွင်း မရှိကြောင်း ထုချေသည်။ သို့သော် ဘရူနိုင်း ရင်းနှီးမြှုပ်နှံမှု အေဂျင်စီက မင်းသားသည် ငွေသားနှင့် အခြားပိုင်ဆိုင်မှုပစ္စည်းများကို တောင်းဆိုသည့်အတိုင်း မလွှဲပြောင်းသေးကြောင်း တုံ့ပြန်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ဘရူနိုင်းမှ ထွက်ခွာလာပြီးနောက် မင်းသားသည် လန်ဒန်တွင် နေထိုင်ခဲ့သည်။ ယမန်နှစ်က သူ၏အစ်ကိုဘုရင်သည် ရေနံကြွယ်ဝသော ဘရူနိုင်းနိုင်ငံတွင် နန်းတက်သည့် နှစ် ၄၀ ပြည့် အခမ်းအနားကို ဆင်နွှဲခဲ့သည်။

ဂွမ်တာနာမို နိုင်းဝမ်းဝမ်း တရားခံများ ရုံးထုတ်

ဇွန် ၆။ ဘီဘီစီ

atufzfyD

ဓာတ်ပုံရိုက်ယူခွင့် မရှိသည့် တရားခွင်မြင်ကွင်းကို ပန်းချီဆရာက ပြန်လည် သရုပ်ဖော်ထားစဉ်

အမေရိကန် စက်တင်ဘာ ၁၁ တိုက်ခိုက်မှု နောက်ကွယ်မှ ကြိုးကိုင်သူနှင့် အခြားတရားခံ လေးဦးတို့ကို ဂွမ်တာနာမို ပင်လယ်အော်ရှိ စစ်ခုံရုံးတွင် ယနေ့ ရုံ&#