|
|||
|
နှစ်သစ်ကူး အတွေးပုံရိပ် ၀ိသကြုံ
မြန်မာကောဇာ (၁၃၆၉)ခုနှစ် နှစ်ဟောင်းမှသည် (၁၃၇၀)ခုနှစ် နှစ်သစ်ဆီသို့ ကူးခဲ့ပြန်ပါပြီ ၊ နှစ်ဟောင်းက လှုပ်ရှားမှု ပုံရိပ်တွေဟာ တဖြည်းဖြည်းနဲ့ေ၀၀ါးကာ ကျန်ရစ်ခဲ့တယ်ဆိုပေမယ့် ပြုလုပ်ခဲ့တဲ့ ကိုယ်အလုပ် နှုတ်အပြော၊ စိတ်အကြံဟူသည့် ကိုယ့်ရဲ့လှုပ်ရှားမှုပုံရိပ်များဟာ ကိုယ်နဲ့ ထပ်ချပ်မကွာ ဘ၀ပေါင်းများစွာ လိုက်ပါနေဦးမှာပဲနော်။ အတာရေသင်္ကြန်ပွဲတော်ဟာ မြန်မာတို့ရဲ့ချစ်စရာကောင်းတဲ့ဓလေ့တစ်ခုပါ။ မြန်မာ့ရေသင်္ကြန် ပွဲတော်မှာ အတာရေ အေးအေးလေးကို ပက်ဖြန်းခြင်းဖြင့် ၀မ်းသာပျော်ရွှင်မှုကို ဖြစ်စေသလို လူသားအချင်းချင်း ရင်နှီးမှုကိုလည်း ဖြစ်စေတတ်တာပဲနော်၊ စာရေးသူတို့ငယ်စဉ်က အတာသင်္ကြန် အခါကာလတွင် ရွာဦးဘုန်းတော်ကြီးကျောင်းကို သွားကာ ဥပုသ်စောင့်ခြင်း၊ ဒါနပြုခြင်းတို့ဖြင့် နှစ်သစ်ကူးမှာ ကုသိုလ်ယူဖြစ်ကြပါတယ်။ ယခုအခါ မြို့ပြတွေမှာ ဘုရားသွား ကျောင်းတက် ဆိုတာတွေဟာ အရေအတွက် တော်တော်နည်းသွားပါပြီ။ လူကြီးပိုင်းရဲ့အနည်းစုလောက်ပဲကျန်တာကို တွေ့ရပါတယ်။ လူငယ်ပိုင်းကတော့ ပျော်ရွှင်စရာတွေနဲ့ ပျော်ကြဖို့ မြို့ထဲ ဆိုင်ကယ်နဲ့ဖြစ်စေ၊ ကားနှင့်ဖြစ်စေ မြန်မာတို့ရဲ့ဓလေ့နှင့်မကိုက်ညီတဲ့ ဣနြေ္ဒမဲ့သည့် ၀တ်စားးဆင်ယင်မှုတွေဖြင့် တစ်နေကုန်လှည့်လည်ကာ ပျော်ရွှင်ကြပါတယ်။ အဲဒီမှာ ယဉ်တိုက်မှုတွေဖြစ်ပြီး အသက်သေဆုံးကြတာ ရှိသလို အမူးလွန်ပြီး သေဆုံးရသူတွေလည်း ရှိခဲ့ကြပါတယ်။ အဲဒါဟာ အပျော်လွန်ပြီး သေကြတာပါ၊ သေအောင်လည်း ပျော်ကြဟန်တူပါရဲ့၊ သေအောင်ပျော်ကြတဲ့အတွက် ဒီပျော်ရွှင်မှုမျိုးဟာ အပြစ်မကင်းဘူးပေါ့နော်၊ ၀ိသကြုံတို့ မြင်ခဲ့ရတဲ့ မြို့မှာ ဒီနှစ်သင်္ကြန် မပြီးသေးဘူး၊ ကားတိုက်လို့သေတာ၊ အမူးလွန်လို့သေတာ၊ ဓါတ်လိုက်လို့သေတာ စုစုပေါင်း (၉)ယောက်လောက် ရှိနေပြီလို့ သိရပါတယ်။ ဒါက နှစ်တိုင်းတွေ့ကြုံနေကျ မဆန်းပေမယ့်လို့ အသက်သေဆုံးရတဲ့လူတွေအတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ သင်္ကြန်မှာ သင်္ကြန်မင်းကြီး ဘယ်ယာဉ်ကိုစီးပြီး ဘယ်အရာကိုကိုင်ကာ ဘယ်အချိန်မှာ ဆင်းလာမယ်ဆိုတာတွေဟာ ပုဏ္ဏားဖြူ၊ပုဏ္ဏားညိုတို့ရဲ့ စားဝတ်နေရေးအတွက် လှည့်ကွက်တစ်ခုလို့ ပြောရင် ရိုင်းများသွားမလားပဲ၊ မြန်မာတို့ရဲ့ အတာသင်္ကြန်ဟာ ပျော်ရွှင်စရာ ဓလေ့တစ်ခုအဖြစ် ၀မ်းမြောက်စရာကောင်းလှပါသော်လည်း တစ်ဖက်က ပုဏ္ဏားတို့ရဲ့ သဘာဝမကျတဲ့ လုပ်ရပ်တွေကို ယုံကြည်လက်ခံနေတာကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အတွက် အလွန်ဝမ်းနည်းဖွယ် ရှက်ဖွယ်ကောင်း လှပါတယ်။ တစ်နှစ်တစ်ကြိမ်ဆိုသလို မမြင်ရတဲ့ သင်္ကြန်မင်းကြီးက လက်တွင် မည်သည့်အရာကိုင်ကာ လူ့ပြည်ကိုဆင်း လာပါတယ်တဲ့၊ ဒီအကြောင်းအရာအပေါ်မူတည်၍ တိုင်းပြည်ရဲ့ ကံကြမ္မာ၊ လူတို့ရဲ့ကံကြမ္မာကို ဖန်တီးပေးနိုင်ပါမည်လော၊ အမှန်ကား တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးပေးသူကား မင်းနဲ့ပြည်သူတွေပါ၊ လူတို့ရဲ့ ကံကြမ္မာကို ဖန်တီးပေးသူကား လူတို့ကိုယ်တိုင်ပဲဖြစ်ပါတယ်။ အခုလို သင်္ကြန်မှာ လူတွေသေနေကြတာကို သင်္ကြန်မင်းကြီးက ဒီအတိုင်းကြည့်နေတာပဲနော်။ ဒါဆို သင်္ကြန်မင်းကြီး အခုဘယ်နား ရောက်နေပါလိမ့်၊ ဧကန္တ သင်္ကြန်မဏ္ဍပ်နားသွားပြီး ငေးမောကြည့်ရှုနေတာဖြစ်ကောင်းဖြစ်နိုင်တယ်၊ သင်္ကြန်မင်းကြီးက ဘယ်နားက ဆင်းလာသလဲဆိုတာ အမောင်ဝိသကြုံ မမြင်ရလို့ ကိုယ်ရောင်ဖျောက်ပြီး ဆင်းလာတာများလားလို့ တွေးမိပါသေးတယ်။ သဘာဝယုတ္တိမရှိတဲ့ အဖြစ်အပျက်တွေကို ဒီနေ့ အိုင်တီခေတ်ကြီးမှာ လက်ခံဖို့ မသင့်တော့တာကို ပြောနေတာနော်။ နတ်ပြည်မှာ သင်္ကြန်မင်းဟာ မောင်းမမိဿံ နတ်သမီးတွေနဲ့ ပျော်ပါးနေတဲ့အတွက် သင်္ကြန်မင်းကြီးဟာ နှစ်သစ်မှာ လူ့ပြည်ကို လာနိုင်မယ်မထင်ပါဘူး၊ နတ်တွေဟာ လူပြည်ဆင်းပြီး လူတွေအနားမှာ ခေတ္တခဏနားနေတယ်ဆိုတာ မဖြစ်ကို မဖြစ်နိုင်တာပါ၊ ဘာကြောင့်တုန်းဆိုရင် နတ်တွေဟာ လူအနားကပ်ရင် လူစော်နံတဲ့အတွက် မကပ်နိုင်ကြဘူးလို့ စာပေမှာပြောထားတာ ရှိပါတယ်။ အကယ်၍ သင်္ကြန်မင်းကြီး ဆင်းလာတယ်ဆိုတာလည်း ပုဏ္ဏားတို့ရဲ့ လုပ်ကြံမှုတစ်ခုသာဖြစ်ကြောင်း အမောင်ဝိသကြုံ ကောင်းကင်ပေါ်ကနေ အဖြစ်မှန် ကိုတင်ပြလိုက်ပါတယ်။ နောက်တစ်ခု သင်္ကြန်အတက်နေ့ကို ရည်ရွယ်ပြီး ဘယ်ရက်သားက တာထိတယ် ၊ တာသင့်တယ်ဆိုတာ ရှိသေးတယ်၊ တာထိတယ်ဆိုတာ ကံနိမ့်နေတယ်လို့ဆိုလိုဟန်တူပါတယ်၊ တာသင့်တဲ့သူမှ ကံနိမ့်တယ်ဆိုရင် မကောင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ထားတဲ့ လူအများဟာ တာမသင့်တဲ့အတွက် ကံမနိမ့်ဘူးလို့ ဆိုရမလို ဖြစ်နေပြီပေါ့။ လူတစ်ယောက်ရဲ့ ကံကြမ္မာကို တာသင့်တယ်ဆိုတာကြီးက ဖန်တီးမပေးနိုင်ပါဘူး၊ သူပြုလုပ်တဲူ့ကံကသာ သူ့ကို ဖန်တီးပေးမှာပါ။ ဒါဟာဝိသကြုံတို့ရဲ့ မြတ်စွာဘုရားက ဟောတော်မူခဲ့တာနော်။ လူ့ပြည်က စာဖတ်သူများခင်ဗျား……. လူတို့ ကံကြမ္မာကို သင်္ကြန်မင်းကြီးက ဖန်တီးပေးတာလား၊(သို့) လူတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကို ဖန်တီးပေးတာလားဆိုတာ သူများပြောတိုင်းမယုံဘဲ ဥာဏ်ဖြင့် ချင့်ပြီး ယုံကြည် လက်ခံကြစေလိုပါတယ်။ အတာသင်္ကြန်အခါမှာ ၀မ်းမြောက်ပျော်ရွှင်ကြတာဟာ ဓမ္မတာမို့ အပြစ်မမြင်ပါ။ ဒါပေမယ့် ၀မ်းမြောက်ခြင်းနှင့် ပတ်သက်ပြီး - လောကမှာ ၀မ်းမြောက်ခြင်းနှစ်မျိုးရှိပါတယ်။ ၀မ်းမြောက်စရာအာရုံနှင့်တွေ့ကြုံရလို့ ၀မ်းမြောက်ကြတာ ရှိသလို ၀မ်းနည်းစရာအာရုံနှင့် တွေ့ကြုံရပြန်တော့ ၀မ်းနည်းကြတာရှိပါတယ်။ ကာမဂုဏ်မှာ ၀မ်းမြောက်စရာအာရုံနဲ့ ဆုံရသည့်အတွက် ၀မ်းမြောက်ကြပေမယ့် ၀မ်းနည်းစရာတွေနဲ့ကြုံရပြန်တော့လည်း ၀မ်းနည်းပူဆွေးကြရပြန်တာပဲ၊ ၀မ်းမြောက်မှုရဲ့နောက်ကွယ်မှာ ၀မ်းနည်းမှုဖြစ်လာရစမြဲပင်၊ ဒါကြောင့် ကာမဂုဏ်ကို မှီပြီး ဖြစ်ပေါ်လာသော ၀မ်းမြောက်မှုသည် (လိုချင်မှုကို မှီပြီး ၀မ်းမြောက်ရတဲ့ ၀မ်းမြောက်ခြင်း)အပြစ်ရှိသော ၀မ်းမြောက်ခြင်းဖြစ်ပါတယ်။ ကုသိုလ်အာရုံကြောင့် ဖြစ်ပေါ်လာတဲ့ ကုသိုလ်တရားမှန်သမျှဟာ အပြစ်ကင်းတယ်၊ အပြစ်ကင်းတဲ့အတွက် ချမ်း သာသုခကို ဒိဋ္ဌလက်ငင်း ခံစားရပါတယ်။ ထိုချမ်းသာသုခကို အမှီပြုပြီးဖြစ်ပေါ်လာသော ၀မ်းမြောက်မှုဟာ (ကုသိုလ်ကို မှီပြီး ၀မ်းမြောက်ရတဲ့ ၀မ်းမြောက်ခြင်း) အပြစ်ကင်းတဲ့ဝမ်းမြောက်ခြင်း ဖြစ်ပါတယ်။ ထို့ကြောင့်စာဖတ်သူများလည်း နှစ်သစ်ကူးမှာ အပြစ်ကင်းတဲ့ ၀မ်းမြောက်ခြင်းနှင့်အတူ ချမ်းသာပျော်ရွှင်နိုင်ကြ ပါစေလို့ အတာကူးတဲ့ နှစ်သစ်ကူးအချိန်မှာ သဘာဝမကျသည့် ရှေးအယူအဆဟောင်းတစ်ချို့ကို ပယ်စွန့်ကာ မှန်ကန်တဲ့ အတွေးအမြင်သစ်တို့ဖြင့် ဘ၀ကို အဓိပ္ပါယ်ရှိရှိ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ပြည်တွင်းပြည်ပ မြန်မာများအတွက် အားဆေးတစ်ခွက်အနေဖြင့် ရေးသားပေးလိုက်ရပါတော့သတည်း။ x x x x |
|||
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
|||
|
Suggestions & Comments: webmaster@hittaing.org |
|||