သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

ခင်ဗျားသွားနှင့် လိုက်ခဲ့မယ် ဗိုလ်ထီးရေ

မဇ္ဈိမငြိမ်း

 

“မင်း သွားနှင့် လိုက်ခဲ့မယ် ညီလေးရေ

မင်းသွားနှင့် လိုက်ခဲ့မယ် သူငယ်ချင်းရေ”

ဆရာစိုင်းခမ်းလိတ်ရဲ့ညီ စိုင်းခမ်းသီ ကွယ်လွန်တော့ ဆရာလိတ်က အမှတ်တရ ရေးဖွဲ့ခဲ့တဲ့ ဒီသူငယ်ချင်းကို ဆိုခဲ့တဲ့ ဗိုလ်ထီး...

ခု ခင်ဗျားပါ လိုက်သွားခဲ့ပါပေါ့လား။

ဗိုလ်ထီးရေ ပြန်မရနိုင်တော့တဲ့ ၁၉၇၀ ပြည့်လွန်ကာလတွေကို သတိရတယ်။ “ရေဒီယို ကမာရွတ်ရေ့ ရေဒီယို ကမာရွတ်ရေ့”လို့ ရှမ်းသံလေး ၀ဲဝဲနဲ့ ဟစ်ပါဦး။ အဲဒီတုန်းက တီဗွီဆိုတာ ကျနော်တို့ မမြင်ဖူးသေးတဲ့ခေတ်။ မြန်မာ့အသံ နားထောင်မယ်။ ဗိုလ်ထီးတို့၊ သိန်းတန် (မြန်မာပြည်)တို့၊ မင်းမင်းလတ်တို့ စတိတ်ရှိုးတွေကို ကြိတ်ကြိတ်တိုး အားပေးကြမယ်။ တချို့လဲ ခေါင်းလောင်းဘောင်းဘီ ဒူးအောက်ပွကြီးတွေ ၀တ်မယ်။ တီဗွီ မရှိပေမယ့် ကျနော်တို့ ပျော်ခဲ့ကြတယ်နော်။ ဂစ်တာလေးတလက်ကို သူငယ်ချင်း လေးငါးယောက် စုတီးပြီးတော့လဲ ပျော်ခဲ့ကြတာပဲ။ မာလာဆောင်တို့ ပြည်လမ်းမတို့မှာ အဆောင်သူလေးတွေကို အိပ်ရာဝင် သီချင်းဆက်ရင်း ညအိမ်ပြန် နောက်ကျလို့ မိဘအဆူခံခဲ့ရတဲ့ နှစ်တွေ။ လက်ဖက်ရည်တခွက် ငါးမူးခေတ်မှာ ခင်ဗျားသီချင်းသံတွေ လက်ဖက်ရည်ဆိုင်တိုင်းမှာ ပြန့်လို့။ လက်ဖက်ရည်ဆိုင်ကို လူငယ်တွေ အုံစေချင်ရင် စိုင်းထီးဆိုင်တို့ မင်းမင်းလတ်တို့ သီချင်း ကက်ဆက်ခွေတွေ ၀ယ်ထားရတာ။ အဲဒီတုန်းက ကိုတိုးကြီးရဲ့ မဟာဆန်သူ မပေါ်သေးဘူး။ “ခြေလှမ်းစ,တိုင်း နောက်ကနေ မလှမ်းတယ်။ မင်းနာမည် ၀ိုင်း”ဆိုတဲ့ ကိုတိုးကြီး သီချင်းရော ကျနော်တို့ကြား ရောက်ပြီလား မမှတ်မိတော့ဘူး။ ခင်ဗျားရော သတိရသေးလား ဗိုလ်ထီး။

စီးရီး မာစတာခွေ တခွေကို တေးသံသွင်းတွေ ၀ယ်ပါမယ့်အရေး မန္တလေးနဲ့ ရန်ကုန် ဆင်းတက်ပြီး တဆိုင်ဝင် တဆိုင်ထွက် လိုက်စပ်ရတာ။ ဈေးနှိမ်ခံရတာလဲ ရှိသေး။ ကိုယ့်သီချင်းလေး ပရိသတ်ဆီ ရောက်ရင် တော်ပါပြီဆိုပြီး ဘယ်လောက်ဈေးနဲ့ရရ ထိုးရောင်းခဲ့ရတဲ့ သီချင်းတွေ။ ကိုယ့်အိမ်မှာ သိမ်းရင်း တိပ်ကြိုးတွေ ဆွေးသွားတာနဲ့ စာရင် ပရိသတ်လက် ရောက်ပြီးရော လုပ်ခဲ့ရတာ။ ဒီလောက်မှ အရင်းအနှီး မတတ်နိုင်ခဲ့တဲ့ သူတွေကျတော့ လမ်းဘေးအုတ်ခုံ သီချင်းသည်ဘ၀နဲ့ ဇာတ်သိမ်းသွားကြ။ တချို့လဲ မှောင်ခိုကုန်သည်တွေဖြစ်သွား။ တချို့လဲ အစိုးရရုံးတွေမှာ သုံးကျပ် ဆယ့်ငါးပြားနဲ့ နေ့စားဝင်လုပ်။

အခုတော့လဲ တံတားအောက်မှာ ရေတွေ စီးသွားခဲ့ပါလား ဗိုလ်ထီးရေ...

ဝင်းဦးသီချင်းတွေကို ကြိုက်တတ်တဲ့ခင်ဗျား...။ ၀င်းဦးဆုံးတော့ အလွမ်းပြေ တေးစီးရီး ထုတ်တော့ ခင်ဗျားရယ်၊ မချို (ချိုပြုံး)ရယ် ထင်တယ်။ ဆိုကြတာ။ ခင်ဗျား အသံသွင်းခန်းထဲ ၀င်ရော ဆိုဖို့ သီချင်းနုတ်စ်စာရွက်ပေးတော့ “နေပါစေ။ ကျနော်ရတယ်”တဲ့။ ခင်ဗျား ဆိုရမယ့် ၀င်းဦးသီချင်းတွေ အကုန်လုံးက ခင်ဗျား အလွတ်ရနေပြီးသား။

“တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်း မရှိပေမယ့်

ဖြူစင်ပါတယ် အရိုးခံစိတ်ထား ရှိကြတဲ့

ချယ်ရီတွေရယ် ဧည့်ဝတ်မပျက်ပါဘူး”

ခင်ဗျားသီချင်းတွေက ဘယ်လောက်ကြာကြာ ဆွေးမြေ့မသွားဘူးဗိုလ်ထီး။ ခင်ဗျားအသံကလဲ ဘယ်နှစ်ခါ နားထောင်နားထောင် ချိုမြနေတုန်းပဲ။ ရှမ်းပြည်ကို သွားတဲ့ အဝေးပြေး ကားတွေပေါ်မှာ ခင်ဗျားသီချင်းသံတွေ ကြီးစိုးနေကျ။ ဒရိုင်ဘာတွေကလဲ ဒါ ရှမ်းပြည်ကားလို့ ကြော်ငြာပေးနေတဲ့ အတိုင်းပဲ။ ခင်ဗျားတို့၊ စိုင်းဆိုဝ်မောင်တို့ သီချင်းတွေ ဒိုင်ခံ ဖွင့်ကြတာ။

“တို့သွေးလဲမဟုတ် တို့သားလဲမဟုတ်”ဆိုတဲ့ သီချင်းသံ တီဗွီက ညတိုင်း ကြားရတဲ့ အချိန်ကျတော့ ခင်ဗျားကို လူတွေ မေတ္တာဝိုင်းပို့ကြရော။ ခင်ဗျားလဲ သိမှာပါ။ ဆရာလိတ်က ခင်ဗျားကို သီချင်းသစ် ရေးမပေးတော့ဘူး။ ခင်ဗျား တခြားသီချင်းတွေဆိုလိုက် ဘာလိုက် ဖြစ်နေရပြီ။ “ဘာမှ မဖြစ်ပါဘူး”လို့ ခင်ဗျား ငြင်းနေတဲ့ ကြားက၊ ဆရာလိတ်ကလဲ ထွေထွေထူးထူး ဘာမှ မပြောတဲ့ ကြားကကို ခင်ဗျား ဆရာလိတ် သီချင်းသစ်တွေ ထပ်မရတော့ဘူး။ အဲဒီတုန်းက ဆရာလိတ် လုပ်သွားတာ တကယ် လေးစားဖို့ ကောင်းတယ်။ ဘာမှ ထွေထွေထူးထူး ပြောမနေဘူး။ ခင်ဗျားအခက်အခဲနဲ့ ခင်ဗျား ဖြေရှုင်းသွားပုံကိုလဲ ဘာမှ ဝေဖန်မနေဘူး။ ဒါပေမယ့် ပြတ်လိုက်တာ။

ခင်ဗျားတူမ နန်းနောင့်နောင့်လဲ ဒီသီချင်းနဲ့ အဆိုတော်လောကထဲ စ,ရောက်လာတယ်။ ညတိုင်း ခင်ဗျားတို့ တူအရီး မျက်နှာတွေကို အော့ကြောလန် သီချင်းနဲ့ တွဲပြီး တွေ့နေရတယ်။ ကလေးမလေး အဆိုလဲကောင်း၊ ရုပ်ရည်လေးလဲရှိ၊ ဂီတအသိုင်းအ၀ိုင်းလဲ ရှိရက်သားနဲ့ ဆက်တက်မလာတော့တာ စန်းကြောင့်လား၊ ခင်ဗျားတို့ရဲ့ အော်ကြော့လန်သီချင်းကြောင့်လားတော့ ကျနော် မပြောတတ်တော့ဘူး ဗိုလ်ထီး။

ဆရာလိတ် သီချင်းတွေနဲ့ နာမည်ရခဲ့တဲ့၊ နာမည် ဆက်ထိန်းထားရတဲ့ ခင်ဗျား၊ ဆရာလိတ်က ရေးမပေးဘူးဆိုတော့ ဒုက္ခရောက်ရပြီ။ တခြား သီချင်းရေးဆရာတွေရဲ့ သီချင်းတွေကို ခင်ဗျား ဆိုပေမယ့် ဆရာလိတ် သီချင်းတွေလောက် ပေါက်မလာဘူး။ အစွဲကြီးတဲ့ ပရိသတ်ကလဲ ဆရာလိတ်မှ ဆရာလိတ်။

ခင်ဗျား စတိတ်ရှိုးတွေ မဆိုရဘူး။ ဒီပေါ်လစီသီချင်းတွေ ဆိုမပေးရင် တီဗွီမှာ ခင်ဗျား ဘာမှ မလွှင့်ရဘူးဆိုတော့ ခင်ဗျား ကြုံလိုက်ရတဲ့ အခက်အခဲကို ကျနော် စာနာပါတယ် ဗိုလ်ထီး။ အဆိုတော်ဆိုတာ ပရိသတ်နဲ့ အမြဲတမ်း ထိတွေ့ပြီး အသက်မွေးရတာ။ ကိုယ့်ကို ပရိသတ်က မမြင်မကြားရရင် ဒါ ဇာတ်သိမ်း စပြီပဲ။ တဖက်က အစိုးရရဲ့ ဖိအားတွေ၊ တဖက်က ခင်ဗျားရဲ့ ဆရာလိတ်နဲ့ ခင်ဗျား ပရိသတ်။

အရင်ဆုံး ဒူးထောက် လက်နက်ချသူအဖြစ်နဲ့ ခင်ဗျားကို စိတ်နာခဲ့ကြပေမယ့် ခင်ဗျားကိုယ်တိုင်လဲ ဒီအတွက် စိတ်ထိခိုက်ခဲ့ရမယ်လို့ ကျနော် ထင်တယ် ဗိုလ်ထီး။ ခင်ဗျားမှာလဲ ခင်ဗျားရဲ့ အနုပညာဘ၀ သေမှာ စိုးရိမ်ရှာမယ်ဆိုတာ ကျနော် စာနာမိပါတယ်။ ဒီမိုကရေစီ ရတဲ့အထိ ခင်ဗျားကို အသက်ရှင်စေချင်လိုက်တာ။ ခင်ဗျား တိုင်းပြည်ကို ဖြေရှင်းထုချေစရာတွေ အများကြီး ရှိမှာပါ။ ခင်ဗျားအသံ၊ ခင်ဗျားရုပ်ကို လုံးဝ လွှင့်ခွင့် မရရင် အဆိုတော်ဘ၀ နိဌိတံသွားမှာစိုးလို့ ဒီသီချင်းကို မဆိုချင်ဘဲ ဆိုခဲ့ရတဲ့အကြောင်း ခင်ဗျား ရှမ်းသံဝဲ၀ဲနဲ့ ဖြေရှင်းပါဦးလား ဗိုလ်ထီး။

တခြားအဆိုတော်တွေလဲ နောက်ပိုင်း ပေါ်လစီ သီချင်းတွေကို မဆိုမဖြစ် ဆိုလာခဲ့ရတယ်။ ပေါ်လစီကား မရိုက်ရအောင် အကြာကြီး တင်းခံနေခဲ့တဲ့၊ အကယ်ဒမီ ဆုနဲ့တောင် နှစ်ပေါင်းများစွာ အလွဲခံပြီး ခေါင်းမာခဲ့တဲ့ ကျော်သူလဲ နောက်ဆုံး ပေါ်လစီကားကို ရိုက်ပေးလိုက်ရတယ်။ အားလုံး နားလည်ကြပါတယ် ဗိုလ်ထီး။ ခင်ဗျား လက်နက်အချစောလို့ စိတ်နာခဲ့ပေမယ့် မြန်မာပြည်ထဲမှာ အသက်ရှင်ရတဲ့ ဒုက္ခကို မြန်မာပြည်ထဲက မြန်မာလူမျိုးချင်း သိကြပါတယ်လေ။ ရုန်းကန်ရပ်တည်ခွင့်အတွက် အသည်းနှလုံးကို စတေးခဲ့ရတဲ့ ခင်ဗျား။

ဗိုလ်ထီးရေ... ဖိနှိပ်မှုအောက်က အနုပညာသမားတွေရဲ့ ဝေဒနာကို ခင်ဗျား သီချင်းဆိုသွားခွင့် မရခဲ့ပါလား။ ဘာပဲဖြစ်ဖြစ် ခင်ဗျားဟာ ပြည်လှဖေတို့၊ ကိုအံ့ကြီးတို့၊ ဒေါ်စောမြအေးကြည်တို့လို မြန်မာ့ဂီတရဲ့ ဒဏ္ဍာရီသူရဲကောင်း ဖြစ်ခဲ့ပါပြီ။

်စိုးလွင်လွင်တို့၊ ဗဒင်တို့၊ ခင်ဗျားတို့လို ကိုယ်ပိုင်သံစဉ်သမားတွေ ဆုံးရှုံးရတာ အရမ်းနာတယ် ဗိုလ်ထီး။ ကော်ပီတပုဒ် ဖြစ်ဖို့ထက် ကိုယ်ပိုင်သံစဉ်တပုဒ် ရေးဖို့ ရင်နဲ့ဘယ်လောက်ရင်းပြီး မွေးထုတ်ရတယ်ဆိုတာ ခင်ဗျား ဆရာလိတ် ပိုသိပါတယ်လေ။ လျှာပေါ်မှာကို အလေးအပေါ့က သိသာနေတာ။ ခင်ဗျားသီချင်းတွေက ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသံနဲ့။ ဒါ ကော်ပီလို့ ဘယ်လိုမှ စွပ်စွဲမရတဲ့ သီချင်းတွေ။ “ယဉ်ကျေးတယ်ဆိုတဲ့ အသိုင်းအ၀ိုင်းကြား....ကြင်နာသူ အရိုင်းဖြစ်နေပြီလား။ လက်ညှိုးတွေ ညွှန်ကာလေ ကဲ့ရဲ့တာုကိုယ့်ကိုလို့ပဲ မင်းထင်နေသလား”ဆိုတဲ့ ဆရာလိတ်စာသားတွေကို ခင်ဗျားရှမ်းသံဝဲ၀ဲနဲ့ ဆိုသွားတာ။ “ဥပါယ်တံမျဉ်သခင်မရေ”လို့ ညည်းတဲ့ ခင်ဗျားအသံ။

ခင်ဗျားသွားနှင့်၊ လိုက်ခဲ့မယ် ဗိုလ်ထီးရေ....

(၂၅-၃-၀၈)

 

x x x

ယခင်ရသများသို့

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org