သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

 

၅၀ ကျော် ခြောက်နှစ်ပတ်လည်

သက်ငြိမ်

၅၀ ကျော်ပြီဆို ကြုံရတာလေးတွေက ၅၀ အထက် ငနဲချင်း ဆုံမိရင် စကားလက်ဆုံ ကျကြည့်တဲ့အခါ ပိုသိသာပါတယ်။ ၅၀... ဘာအရေးလဲ၊ သေဖို့ အဝေးကြီး၊ သန်တုန်းမြန်တုန်းလို့ ပြောချင်လဲ ပြောလို့ ရပေသပေါ့။ အဝေးကြီးဆိုပေမယ့် သေမင်းက မျက်စ,တော့ လှမ်းလှမ်းပစ်နေပြီ။ မျက်လုံးမှာ အတွင်းတိမ် စွဲလာလို့ စွဲစမှာ မျက်စိက အဝေးပိုမြင်လာတာကို အသက် ၅၀ ကျော်ရင် အဝေး ပြန်ကောင်းလာတယ်ဆိုပြီး တလွဲထင်ကြတာလဲ ရှိသေး။ သွေးတိုးကလဲ ကိုယ့်ခန္ဓာကိုယ်ကို မကြာခဏ စားအိမ်သောက်အိမ် လုပ်ချင်လာပြီ။ အဆစ်အမြစ်ကိုက်တာလဲ မထင်ရင်မထင်သလို ၀င်နှိပ်စက်ချင်သေးတယ်။

ဇရာက ကိုယ့်ကို အတင်းကြီးကို မိတ်ဖွဲ့လာတဲ့ ဒီအရွယ်မှာ တချို့လဲ စိတ်ဓာတ်ကျတာတို့၊ စိတ်ဖိစီးတာတို့ ဖြစ်တတ်ကြသေးတယ်။ ကိုယ်လဲ မဖြစ်မိဘူး မပြောပါဘူး။ လောကီသားပေပဲ။ ဖြစ်မိတာမှ နှစ်နဲ့ချီတောင် ကြာသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ဖြစ်လို့ ဖြစ်နေမှန်းမသိ၊ ကိုယ်ဖြစ်နေမှန်း ကိုယ့်ဟာကိုယ် သတိမထားမိနဲ့ နောက်ကျမှ သတိထားမိတော့ ငါ့နှယ်၊ စောစောသိရင် စောစောအဖြေရှာတာပေါ့လို့ တွေးမိတယ်။ စိတ်လေလွင့်တယ်ဆိုတာ လူငယ်တွေမှ ဖြစ်တာ မဟုတ်ဘဲကိုး။ ကိုယ်လဲ ဖြစ်တတ်မှန်း မသိတာရော၊ ကိုယ့်ဟာကိုယ် ၀န်မခံမိတာရော ပါသပေါ့။

ဒီတော့ ဘ၀တူ ငနဲသားတွေ ကိုယ်လို မဖြစ်ရလေအောင် ဇရာသမားချင်း စာနာစိတ်နဲ့ ဖောက်သည်ချချင်လို့ပါ။ ဇရာသမားလို့ သုံးလိုက်တာကို မကြားချင်အောင် နားခါးပြီး ဆက်မဖတ်ဘူးဟေ့လို့တော့ သပိတ်မမှောက်စေချင်ဘူး။ ဇရာဆိုတာ ၅၀ ကျော်မှ၊ ၆၀ ကျော်မှ မဟုတ်ပါဘူး။ လူငယ်တွေမှာလဲ ဇရာ ရှိပါတယ်။ အသက်အစိတ် ကျော်လာတဲ့ ကလေးမတွေ မယ်စကြာဝဠာ ၀င်အရွေးခံလို့ မရတော့တာ ဇရာကြောင့်ပါ။ အသက် ၃၄ နှစ်အရွယ် ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံကလေးဟာ ၂၂ နှစ် ချာတိတ်ကို ဒိုင်ပွဲရပ်နဲ့ ရှုံးရတာ ဇရာကြောင့်ပါ။ မာရာဒိုနာတို့၊ လိုသာ မက်သီးယပ်စ်တို့၊ ဗာတီဂိုးလို့ ခေါ်တဲ့ ဘာတစ္စတူတာတို့ ဘောလုံးကွင်းထဲက ထွက်သွားတာ ဇရာကြောင့်ပါပဲ။ ကိုယ့်ထက် ဆယ်စုနှစ်တွေ အများကြီးငယ်တဲ့ ချာတိတ်တွေတောင် ဇရာဒဏ် ခံနေရသေးတာ ကိုယ်ခံရတာ ဘာအရေးလဲ အားပေးပါရစေ။

ပါးရေတွန့်လာတယ်၊ ဆံပင်တွေ ဖြူလာတယ်။ မျက်မှန်ပါဝါ တိုးလာတယ်။ ဒီအချိန်မှာ ဒါကို သဘာဝပဲလို့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး စိတ်ဓာတ်မကျအောင် ထိန်းဖို့တော့ အရင် ပြောချင်တယ်ဗျ။ ကိုယ့်ထက် ငယ်တဲ့လူတွေလဲ မကြာခင် ရင်ဆိုင်ရမှာပဲ။ အမျိုးသမီးတချို့ကတော့ ပါးရေတွန့်တာကို ပျောက်တယ်ဆိုတဲ့ ပလာစတာတွေ (သူတို့ အညာခံရပြီ ထင်တာပဲ။ စဉ်းစားကြည့်လေ)၊၊ ပလတ်စတစ် ဆာဂျရီနဲ့ ပါးရေကို ပြန်ဆွဲတင်းတဲ့နည်းတွေ သုံးကြတယ်။ ဒါလဲ သဘာဝကို လွန်ဆန်လို့ မရပါဘူး။ ဆွဲတင်းထားတဲ့ မျက်နှာအရေပြားက ပျော့ပျော့ပျောင်းပျောင်း မဖြစ်ဘဲ တင်းတင်းကြီး ဖြစ်လိုဖြစ်၊ သူ့သတ်မှတ်ကာလ ကုန်သွားရင် နောက်တခါက် ဆာဂျရီဆီ ပြေးရနဲ့။ ကြည့်လိုက်ရင်လဲ အရွယ်တင်တယ်လို့တော့ မထင်မိဘူးဗျ။ ဘယ်လိုပဲ ဆာဂျရီနဲ့ ပြုပြင်ပြုပြင် အသက်ဘယ်လောက်မှန်းတော့ မျက်နှာပေါ်မှာ ပေါ်နေတာပဲ။ နဂိုအတိုင်း ထားလိုက်တာနဲ့ တယ်မကွာလှဘူး။

အကောင်းဆုံးကတော့ အမှန်တရားကို လက်ခံလိုက်ဖို့ပါပဲ။ အသက် ဘယ်လောက်ပဲ ဖြစ်နေနေ လူဟာ အသက်ရှင်ပြီး ဦးနှောက်ကလဲ ကောင်းကောင်း အလုပ်လုပ်နေမယ်၊ သွားနိုင်လာနိုင်လဲ အတန်အသင့် ရှိဦးမယ်ဆိုရင် ကောင်းတာတွေ လုပ်စရာ ပေါမှပေါ။ အသက်ကြီးလာတာ စိတ်ညစ်ဖို့ မဟုတ်ပါဘူး။ ဘ၀အတွေ့အကြုံတွေ ပိုရင့်ကျက်လာပြီ၊ ကောင်းတာတွေ လုပ်ခဲ့တဲ့ အတိတ်တွေ ပိုများလာပြီ။ ဒီအတွေ့အကြုံတွေ၊ အတိတ်တွေကနေ ကိုယ်လက်လှမ်းမီရာကို မှီသလောက် ကောင်းတာတွေ ဆင့်ကမ်း လုပ်ပေးနိုင်တော့မယ်ဆိုတဲ့ အသိနဲ့ ဆက်အသက်ရှင်မယ်ဆိုရင် အသက်ကြီးလာတာ ပျော်စရာကြီးပါ။ စဉ်းစားကြည့်လေ၊ နိုင်ငံတကာမှာ သမ္မတတွေတောင် အနည်းဆုံး အသက် ၃၅ နှစ် ပြည့်ရမည် ဆိုပေတဲ့ကာ လက်တွေ့မှာ သမ္မတနဲ့ ၀န်ကြီးချုပ် အများစုက ၅၀ ကျော် ၆၀ တန်းတွေ။ ၇၀ ကျော်တွေလဲ ရှိရဲ့။ ၅၀ နားနီး သမ္မတ ဆိုရင်တောင် လူငယ်လို့ ပြောယူရတာ။ တိုင်းပြည် ခေါင်းဆောင်ဆိုရင် ဘ၀အတွေ့အကြုံ ရင့်ကျက်သူတွေ ပိုနေရာရကြတာ ညှိမထားတဲ့ ကမ္ဘာ့လုပ်ရိုးလုပ်စဉ်လိုတောင် ဖြစ်နေပြီ။

ဒီတော့ အသက်ကြီးလာတာ စိတ်ဓာတ်မကျကြဖို့ပါပဲ။ မကျပါဘူး ပြောရင်းကို စိတ်ကျလာတာ ကိုယ်ကိုယ်တိုင်ပါ ကြုံရလို့ ကိုယ် စိတ်ဓာတ်ကျနေလားဆိုတာ သေချာ ဆန်းစစ်ကြည့်ဖို့ အကြံပေးချင်သဗျ။

-သားသမီးတွေကို ဆိုဆုံးမရတာ မလွယ်တော့ဘူး၊ သူတို့ကလဲ အရွယ်ရောက်လာတော့ ငါ့ကို ခံခံပက်ချင်လာတယ်။ ပါးစပ်က ထုတ်မပြောပေမယ့် အဖေ ဘာနားလည်လို့လဲ၊ အဖေတို့ခေတ် မဟုတ်တော့ပါဘူးလို့ သူတို့စိတ်ထဲမှာ ရှိနေတယ်လို့ ခံစားနေရလား။

-ငါ့ကို နားလည်ပေးမယ့်လူ မရှိဘူး၊ ငါ့ခံစားချက်တွေကို အနီးကပ် စာနာပေးမယ့်လူ မရှိဘူး။ ဘေးလူအမြင်မှာ တပည့်တပန်းတွေ အများကြီးနဲ့၊ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပြည့်စုံတယ် ထင်နေပေမယ့် လက်တွေ့မှာ ငါဟာ အထီးကျန်ပဲလို့ စိတ်ထိခိုက်နေသလား။

-အမောအပန်း မခံနိုင်တော့ဘူး၊ စိတ်ထိခိုက်တဲ့ဒဏ်တောင် လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်ကလောက် ခံနိုင်ရည် မရှိတော့ဘူး၊ ငါ့ကိုယ်ရော စိတ်ရော အကျဘက် ရောက်လာပြီဆိုပြီး တချက်တချက် ၀မ်းနည်းမိသလား။

-ရှေ့လျှောက် တဖြည်းဖြည်း အိုလာဖို့ပဲ ရှိတယ်၊ အလုပ်မလုပ်နိုင်၊ ၀င်ငွေ မရှာနိုင်တော့ရင် ဇနီးသားသမီးက ကြောင်အိုကြွက်မလေး ဆက်ဆံတော့မယ်ဆိုပြီး တွေးပူမိသလား။

-ကျန်းမာရေးမကောင်းလို့ ဖြစ်စေ၊ အလုပ်ထဲမှာ အဆင်မပြေလို့ ဖြစ်စေ အလုပ်က နားချင်ပြီ။ စုဆောင်းထားတာလဲ ဘာမှ မရှိသေး၊ ဒီအရွယ်မှာ အလုပ်သစ် ပြန်ရဖို့ကလဲ မလွယ်ဆိုတော့ ဆန္ဒကို ဘ၀က မလိုက်လျောနိုင်ဖြစ်ပြီး စိတ်ညစ်မိသလား။

-သူငယ်ချင်းအပေါင်းအသင်းတွေ သွေးတိုးနဲ့၊ ဆီးချိုနဲ့၊ အကြောင်းအမျိုးမျိုးနဲ့ သေတဲ့လူ သေကြပြီ။ ငါ့အလှည့်လဲ ဘယ်နေ့ ရောက်မှာလဲဆိုပြီး စိတ်ဓာတ်ကျမိသလား။

ဒီခံစားချက်တွေ မကြာခဏ ၀င်လာတတ်တယ်ဆိုတော့ မိတ်ဆွေမှာ စိတ်ဓာတ်ကျတဲ့ ပြဿနာ ရှိနေပါပြီ။ ဒါ ကိုယ့်ဟာကိုယ် ကုစားလို့ ရပါတယ်။ ကိုယ် ဖြစ်နေပြီဆိုတာ အချိန်မီ သိဖို့ပဲ လိုပါတယ်။ မာနကြောင့် ကိုယ့်မှာ ဒါမျိုး မဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် မလှည့်စားမိဖို့တော့ လိုသဗျ။ အချိန်တွေ အများကြီး ဆုံးရှုံးသွားလိမ့်မယ်။

သိသာတဲ့ လက္ခဏာတွေအနေနဲ့ကတော့

-အိပ်မပျော်တာ၊ အိပ်ချင်ပြန်ရင်လဲ နာရီပေါင်းများစွာ ဆက်တိုက် အိပ်နေမိတာ ဖြစ်တတ်သလား။

-အိပ်မပျော်ပေမယ့်လဲ အိပ်ရာက မထချင် ဖြစ်ပြီး အိပ်ရာထဲမှာပဲ ဆက်ခွေနေမိသလား။

-အစား မစားချင်ရင်လဲ မစားဘဲ နေလိုက်၊ စားချင်ရင်လဲ မဆင်မခြင် စားလိုက် လုပ်မိသလား။

-ဟိုဟာလုပ်သလို၊ ဒီဟာလုပ်သလိုနဲ့ ဘာမှ မယ်မယ်ရရ မလုပ်ဖြစ်ပဲ တနေ့တာ ကုန်ကုန်သွားမိသလား။

-ပွဲလမ်းသဘင်တွေ၊ မိတ်ဆွေတွေနဲ့ တွေ့ဖို့ အချိန်းအချက်တွေကို သွားခါနီးမှ မသွားချင် ဖြစ်ပြီး ဖျက်ပစ်တတ်သလား။ (တခြားကိစ္စ ရှိနေလို့ပါလို့ ကိုယ့်စိတ်ကို လှည့်စား အကြောင်းပြမိတာ အပါအ၀င်)

-လုပ်ရမယ့် အလုပ်တွေ အချိန်မီ မပြီးဘဲ ခဏခဏ နောက်ကျတတ်သလား

-လုပ်ဖို့ စထားတာတွေကို ဆုံးအောင် မလုပ်ဘဲ တန်းလန်း ထားမိတတ်သလား။

ဒါတွေ ကိုယ့်မှာ တွေ့နေရပြီဆိုရင်လဲ စိတ်ဓာတ်ကျတဲ့ ဝေဒနာ ခံစားနေရပါပြီ။ ဇရာလိုပဲ အမှန်ကို လက်ခံမှ ဆေးရှိမှာပါ။ စိတ်ကို လှည့်စားနေတာဟာ ကိုယ့်အတွက် အကျိုးမရှိပါဘူး။

စိတ်ဓာတ်ကျတဲ့ ဝေဒနာ သိသိသာသာ ခံစားနေရတဲ့သူတွေတချို့က လူတွေကို အဆိုးမြင်တတ်ပါတယ်။ သည်းမခံနိုင် ဖြစ်တတ်တယ်။ စကတည်းက အကောင်းမြင်သမားတွေ၊ မနှစ်လိုစရာတွေကို ဥပေက္ခာစိတ်နဲ့ နှလုံးသွင်းတတ်သူတွေမှာတော့ ဖြစ်တတ်တာက စိတ်ဓာတ်ကျလို့ ကျနေမှန်း ကိုယ့်ဟာကိုယ် သတိမထားမိတော့တာပါပဲ။ သူတို့မှာ လူတွေကို အဆိုးမြင်၊ အဆိုးပြောတဲ့ စရိုက် မရှိဘူးလေ။ သူတို့ဟာ စိတ်ဓာတ်ကျပေမယ့်လဲ လူ့အသိုင်းအ၀ိုင်းကို အနုတ်လက္ခဏာစိတ်နဲ့ မကြည့်တတ်၊ မပြောတတ်ဘဲ ကိုယ့်ဘ၀ကိုယ်သာ တွေးပြီး ၀မ်းနည်းနေမိတယ်။ ဒီတော့ ပြဿနာက သူတို့ စိတ်ဓာတ်ကျနေမှန်း သူတို့ကိုယ်တိုင်ရော ဘေးလူရော တော်တော်နဲ့ သတိမထားမိတော့ဘူး။ ဒါပေမယ့် ကိုယ့်ဟာကိုယ် အမြန်သိဖို့ လိုပါတယ်။

စိတ်ဓာတ်ကျဝေဒနာ ခံစားနေရပြီဆိုရင် အမြန်ဆုံး လုပ်သင့်တာက

-ဒုက္ခရောက်နေတဲ့ လူကောင်းတွေ၊ မရှိနွမ်းပါးသူတွေကို အမြန်ဆုံး တွေ့အောင် ရှာပါ။ သူတို့ကို တတ်နိုင်သလောက် ကူညီပေးလိုက်ပါ။ အကောင်းဆုံး နည်းတခုက ကိုယ်လို ဇရာသမားချင်းအတူတူ ကိုယ့်ထက် အိုမင်းမစွမ်းသူတွေကို အစားအစာ၊ အ၀တ်အစား၊ ဆေးဝါး တတ်နိုင်သလောက် ဝေငှပေးတဲ့နည်းပါ။ အိုတာချင်း အတူတူ ကိုယ်ကမှ စားစရာ ၀တ်စရာ ရှိသေးတယ်။ စုတ်စုတ်ပြတ်ပြတ် ၀တ်စားပြီး ထမင်းတလုတ်အတွက် နေပူထဲ ဈေးရောင်းနေရတဲ့လူ၊ ညမိုးချုပ်တာတောင် အိမ်မပြန်နိုင်သေးဘဲ စံပယ်ပန်း အော်ရောင်းနေရတဲ့ အမယ်ကြီး။ သူတို့ရောင်းတာတွေကို လိုလိုမလိုလို များများစားစား ၀ယ်အားပေးလိုက်ပါ။ အိမ်က အ၀တ်ဟောင်းလေး ယူသွားပြီး (ပြဿနာ ရှာမယ့်ဇနီးဆိုရင်တော့ အသိပေးမနေနဲ့တော့) ဒီလိုလူတွေနဲ့ ကြုံရင် ပေးလိုက်ပါ။ အိမ်မှာ အ၀တ်လာလျှော်တဲ့ လက်ချမီးတို့၊ အမားတို့ကို အ၀တ်လျှော်ခအပြင် ဆန်တပြည်လောက်ပါ ကူညီလိုက်ပါ။ သူတို့ မျက်နှာပေါ်က အပြုံးတွေက ကိုယ်ခံစားနေရတဲ့ စိတ်ဓာတ်ကျ ဝေဒနာကို သိသိသာသာ လျော့သွားစေတာ ခံစားရလိမ့်မယ်။ ဒါ ကိုယ်တွေ့ ဆေးစွမ်းကောင်းမို့ ရေးရဲတာပါ။ မယုံမရှိနဲ့၊ လက်တွေ့သုံးကြည့်ပါလို့ပဲ ပြောချင်သဗျ။ ရက်ဆက် မလုပ်နိုင်ရင်တောင် ရက်ခြားလောက်၊ အနည်းဆုံး အပတ်စဉ် လုပ်ကြည့်ရင် စိတ်ဓာတ်ကျနေတတ်တဲ့ ခံစားမှု လျော့လာတတ်ပါတယ်။ များများလုပ်ပေးရင်တော့ ပျောက်တဲ့အထိကို သေချာပေါက် စွမ်းသဗျ။ လူမှုရေးလုပ်ငန်းဟာ စိတ်ဓာတ်ကျ ဝေဒနာကို မဖြစ်ခင် ကာကွယ်ဖို့ရော၊ ဖြစ်လာတာကို ပျောက်အောင် ကုစားဖို့ရော ဆေးစွမ်းကောင်းကြီး တလက်ပါ။

လူတွေကို ကူညီရမယ်ဆိုလို့ တလွဲအဓိပ္ပာယ်ကောက်ပြီး သားသမီး ဘာတောင်းတောင်း ရှေ့နောက် မဆင်ခြင်ဘဲ ပေးတာတို့၊ အပေါင်းအသင်း မရှိရင် အထီးကျန် ဖြစ်နေမှာ ပူပြီး ညာစားတဲ့ မိတ်ဆိုး အပေါင်းအသင်းဆိုး၊ တပည့်တပန်းဆိုးတွေ နှိပ်စက်သမျှ ခံနေတာတို့ လုံးဝ မဆိုလို။ ဒါတွေဟာ လတ်တလော အပြုံးတုတွေ၊ ရွှန်းရွှန်းဝေ ကျေးဇူးစကားတွေ ရမယ်။ ရေရှည်တော့ နည်းနည်း ညာစားတတ်တဲ့လူက များများ ညာစားလာမယ်။ မပေးနိုင်တဲ့ အချိန်ကျ အဆူအဆောင့် ခံရမယ်။ အကဲ့ရဲ့ ခံရမယ်။ မြွေပွေး ခါးပိုက်ပိုက်တဲ့ ဒီနည်းကို လုံးဝ မဆိုလို။ ကိုယ်နဲ့ သိသိ မသိသိ ဒုက္ခရောက်နေရှာတဲ့ မရှိဆင်းရဲသူတွေကို လိုအပ်တာ ပေးမျှဖို့ ဆိုလိုတာပါ။

ကိုယ် ဘယ်လောက်ရှိရှိ စားနိုင်လှ ဒီတ၀မ်း၊ ၀တ်နိုင်လှ ဒီကိုယ် တလံစာပဲလေ။ ဒီနေ့ ရက်စ်ထရန့်မှာ တရုတ်စာ၊ အနောက်တိုင်းစာ စိတ်တိုင်းကျ သွားစားလို့ ကုန်မယ့် တနပ်စာကို ရိုးရိုး ဆိုင်တဆိုင်မှာ ပြီးလိုက်ပြီး ပိုထွက်လာတဲ့ငွေကို အာဟာရ ချို့တဲ့သူတွေအတွက် ဟင်းတနပ်ဖြစ်အောင် သုံးကြည့်ပါ။ ထမင်းနဲ့ ချဉ်ပေါင်ဟင်း၊ ငရုတ်သီးထောင်း စားနေရတဲ့ ဈေးသည်မကြီးတယောက် ရင်ခွင်ထဲက ကလေးပေါက်စအတွက် အ၀တ်အစား ၀ယ်ပေးကြည့်ပါ။ သူတို့အပြုံးက ကိုယ်ခံစားနေရတဲ့ သောက တော်တော်များများကို ၀ိတ်လျှော့ပေးနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ဒုက္ခရောက်နေတာ ငါတယောက်တည်း မဟုတ်ပါလား ဆိုတဲ့ စာနာသိအပြင် ငါဟာ လူပိုမဟုတ်ပါလား၊ ငါ့ထက် ဒုက္ခရောက်နေတဲ့သူတွေကို စောင့်ရှောက်ပေးနိုင်ပါလားဆိုတဲ့ စိတ်ချမ်းမြေ့မှုက ဇရာကြောင့် ဖြစ်တဲ့ သောကနဲ့ စိတ်ဓာတ်ကျ ဝေဒနာကို ကောင်းကောင်းကြီး ကုစားပေးနိုင်ပါတယ်။

ဇရာကို ရင်ဆိုင်ရာမှာ လမ်းမှားမလိုက်ဖို့ သတိပေးချင်တာက တချို့ ရောင်းရင်းများဟာ မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်းကို အရမ်း အားထားမျှော်လင့်ခြင်းပါပဲ။ အသက်ကြီးလာရင် သားသမီးက ကိုယ့်ကို ပြန်ကြည့်မှာပဲဆိုတဲ့ အားထားမျှော်လင့်စိတ်ကို ဖြစ်နိုင်ရင် သိပ်မစွဲလမ်းပါနဲ့။ သူတို့မှာလဲ သူတို့အိမ်ထောင်နဲ့၊ သားသမီးတွေနဲ့၊ နှစ်ဖက်မျှကြည့်ရမယ့် ဆွေမျိုးတွေနဲ့ဆိုတော့ ကိုယ့်အပေါ် စိတ်ရှိရင်တောင် ရာနှုန်းပြည့် တာဝန်ကျေဖို့ မလွယ်ဘူးဆိုတာ ကြိုနားလည်ထားရင် ထင်သလို ဖြစ်မလာတဲ့အခါ ခံနိုင်ရည် ရှိမှာပါ။

ပြန်ကြည့်ကြတဲ့ သားသမီးတွေလဲ ဒုနဲ့ဒေးပါပဲ။ ဒါပေမယ့် ဥပမာ သားလုပ်တဲ့သူက ဖအေကို အိမ်ပေါ်တင်ကျွေးထားပါရဲ့၊ ချွေးမက လစ်သလို ဆူဆောင့်နေရင် စိတ်ချမ်းသာရပါ့မလား။ သွားစရာရှိလို့ သားကို လိုက်ပို့ခိုင်းချင်ရင်တောင် ချွေးမ မကြည်လင်ရင် ကိုယ့်ကြောင့် သားသမီး အိမ်ထောင်ရေး အဖုအထစ်ဖြစ်မှာ အားနာနေရပြီ။ အကောင်းဆုံးနည်းကတော့ တတ်နိုင်သမျှ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးပါ။ ညောင်းညာကိုက်ခဲရင်တောင် ၅၀ ကျော် ဒီအရွယ်မှာ သားသမီးမြေးကို အနင်းအနှိပ်ခံတာ ရေရှည် အဆင်ပြေနိုင် မပြေနိုင် ကြည့်ပါ။ အနင်းခံတာက အကျင့်လို စွဲသွားရင် အနင်းမခံရ မနေနိုင် ဖြစ်သွားတတ်တယ်။ သားသမီးက နေ့စဉ် စိတ်ရှည်ရင် ကောင်းပါတယ်။ မဟုတ်ရင် သူတို့ ငြိုငြင်မိလို့ သူတို့ အကုသိုလ် မဖြစ်ခင် အကျင့်မလုပ်ဘဲ ကိုယ့်ဟာကိုယ် ဖြစ်အောင် နေကြည့်ပါ။ အနင်းအနှိပ် အားမကိုးရအောင် လေ့ကျင်ခန်း မှန်မှန်လုပ်၊ တိုင်းရင်းဆေး၊ အနောက်တိုင်းဆေး မှန်မှန်စား၊ အစားအသောက် ဆင်ခြင်ပေါ့။

၅၀ ကျော်လာရင် ကိုယ်လက်လှုပ်ရှား သိပ်အကျင့်မရှိတဲ့ မြန်မာတွေ အပင်ပန်း သိပ်မခံနိုင်တော့ဘူး။ နိုင်ငံခြားမှာတော့ တောင်တက်နေတဲ့ ၆၀ ကျော်တွေ အများကြီး။ ဧ၀ရက်တောင်ကိုတောင် ၇၀ ကျော်ဘိုးဘိုး တက်သွားတာ ဖတ်လိုက်ရသေးတယ်။ စားပွဲထိုင် အလုပ်လုပ်နေကျ သူတွေက အမောမခံနိုင်တာ မဆန်းပါဘူး။ ဒါပေမယ့် ဗိုက်ခေါက်ထူ၊ မေးထပ်လာတာကတော့ သွေးတိုးနဲ့ နှလုံးရောဂါရဲ့ ရှေ့တော်ပြေး ဖြစ်နိုင်တာမို့ မလိုအပ်တဲ့ အဆီပိုတွေကို လျှော့ပါ။ ကာယအား လျှော့ကျလာတာကို စိတ်ထဲ တွေးဝမ်းနည်းမနေပါနဲ့။ ကိုယ်က ကုန်ထမ်းပြီး အသက်မမွေးရရင် ဒါ ပူစရာ မလိုလှပါဘူး။

ဥာဏအား ဆက်ထက်မြက်နေဖို့အတွက် အကောင်းဆုံး ဆေးကတော့ တရားထိုင်ခြင်းပါပဲ။ ၅၀ ကျော်လာရင် တချို့မှာ အေဒီအိပ်ခ်ျဒီ ဆိုတဲ့ အာရုံစူးစိုက်မှု လျော့နည်းကျဆင်းရောဂါ မသိမသာနဲ့ သိသိသာသာ ရလာတတ်ပါတယ်။ မှတ်ဥာဏ် မကောင်းတော့ဘူး၊ ဖတ်တဲ့စာအုပ်တွေ အရင်ကလို မမှတ်မိတော့ဘူး။ ဒါ အေဒီအိပ်ခ်ျဒီ ဖြစ်နိုင်ပါတယ်။ ၅၀ ကျော်ဆိုတာ ဦးနှောက်ဆဲလ်တွေ ထက်မြက်နေပါသေးတယ်။ အာရုံစူးစိုက်အား နည်းလာတာ ပြုပြင်ယူလို့ ရသေးတဲ့အချိန်ပါ။

အန်တီ ဒီပရက်စီဒန့်ခေါ်တဲ့ ဒီပရက်ရှင်အတွက် ကုတဲ့ ဆေးတွေကိုတော့ ဆရာဝန် မညွှန်ရင် မလိုအပ်ရင် သွားမသုံးစေချင်ဘူး။ ဘေးထွက်ဆိုးကျိုး ရှိဆိုပဲ။ စိတ်ကို ရွှင်လန်းတက်ကြွအောင် ထားပါ။ စိတ်ရွှင်လန်းတက်ကြွစေမယ့် ကောင်းတဲ့ အလုပ်တွေကို ရှာလုပ်နေပါ။ စိတ်ကို လန်းဆန်းထက်မြက်နေစေတဲ့ အကောင်းဆုံးနည်းကတော့ တော်တော်များများလဲ ကိုယ်တွေ့ဆိုပြီး ညွှန်ကြတဲ့ တရားထိုင်ခြင်းပါပဲ။ ဒါကို ဘာသာရေး လုပ်ရမှာ ရှက်စရာဆိုပြီး မလုပ်ချင်ဘူးဆိုရင်တော့ မိတ်ဆွေ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ ဒီထက် ရှက်ရမယ့်ဟာတွေ တွေ့သွားလိမ့်မယ်လို့ သတိပေးပါရစေ။

ဘာလို့လဲ။ ကိုယ် အသိအမှတ် မပြုချင်လဲ ဇရာက မလာဘဲ နေမှာမှ မဟုတ်တာ။ ပါးရေနားရေတွေ တွန့်လာမယ်၊ ဆံပင်ဖြူ မျက်စိမှုန်ပြီး ကိုယ်တွေလက်တွေ ညောင်းတတ်ကိုက်တတ်လာမယ်။ ဒီအခါ တရား နှလုံးမသွင်းရင် စိတ်ဓာတ်ကျမှုက တွဲလာတတ်ပါတယ်။ စိတ်မကျပါဘူး ငြင်းနေတဲ့ သူတွေလဲ တရားဓမ္မနဲ့နေသူ မဟုတ်ရင် ကျတာပါပဲ။ စိတ်ဓာတ်ကျရင် ကိုယ်ရော စိတ်ရော ပိုအကျမြန်၊ အအိုမြန်လာတယ်။ မေ့လျော့နှုန်း ပိုများလာမယ်။ အာရုံပိုပြန့်လွင့်လာမယ်။ သွေးတိုးတို့ နှလုံးတို့ စလာမယ်။ နောက်ဆက်တွဲက လေဖြတ်တယ်ဆိုတဲ့ ပြဿနာပါ။ လေဖြတ်တာက ဦးနှောက်အာရုံကြောကို အဓိက ထိုးနှက်သွားတာဆိုတော့ လေဖြတ်တာချင်း အတူတူမှာ နဂိုက တရားထိုင်ကျင့် ရှိတဲ့ မိတ်ဆွေက ဦးနှောက်နဲ့ဥာဏ်စွမ်း ပြန်ကောင်းလာပြီး တရားထိုင်ကျင့် မရှိတဲ့ မိတ်ဆွေကတော့ ခုထိ ပြန်မကောင်းသေးဘဲ ဥာဏ်ရည် ထိခိုက်နေတာ စိတ်မချမ်းသာစရာ ကိုယ်တွေ့ ကြုံရပါတယ်။ ဒီတော့ အရေးပေါ် အကြံပေးချင်တာက Over 50 ဆိုတဲ့ ၅၀ အထက်သမားတွေ လေဖြတ်တာ မခံချင်ရင်၊ မတော် ဖြတ်ခဲ့ရင်တောင် သူငယ်ပြန်သွားသလို ဦးနှောက်အာရုံကြော အပြီး မချွတ်ယွင်းချင်ရင် တရားထိုင်တဲ့အကျင့် စ,လုပ်ပါ။

တချို့က ဘ၀အဖော်အတွက် ဇနီးသည်ကို အရမ်း အားကိုးတာ ကြုံတတ်ပါတယ်။ ဇနီးပဲဖြစ်စေ၊ သားသမီးပဲဖြစ်စေ ကိုယ့်အပေါ် ကောင်းရင် အနွံတာခံရင်တော့ ဘ၀မှာ ကံကောင်းခြင်းတမျိုးပါပဲ။ ဒီလိုမဟုတ်ဘဲ သဘောထားချင်း မတိုက်ဆိုင်တာတွေ ဖြစ်လာရင် ရင်ထဲ သိပ်မခံစားစေချင်ဘူး။ ဒီအရွယ်မှာ ဇရာဝန်၊ ဗျာဓိဝန်တွေလဲ ထမ်းရသေးတယ်။ စိတ်ဖိစီးမှုဝန်ကို တတ်နိုင်သမျှ လျှော့ပစ်ပါ။

ဇနီးကောင်း၊ သားသမီးကောင်း ရရင်လဲ အရမ်းကြီး သူတို့ကို အားမထားပါနဲ့လို့ ပွင့်ပွင့်လင်းလင်း အကြံပေးချင်တယ်။ သားသမီးကတော့ ရှင်းပါတယ်။ သူ အိမ်ထောင်ပြုသွားရင် ဘယ်လို လုပ်မလဲ။ သူ့အိမ်ထောင်ရေးဘ၀ အဆင်ပြေရေးအတွက် ကိုယ်က ဥပေက္ခာ ထားပေးနိုင်ရမှာပေါ့။ မိဘနဲ့ သိပ်နီးလွန်းနေရင် သူ့ဇနီးလင်သား ကြိုက်မကြိုက်က ရှိသေးတယ်။

ဇနီးသည်ကိုလဲ သူ အကြောင်းတခုခုကြောင့် သေကွဲ ရှင်ကွဲ ခွဲသွားရင် ခွဲသွားနိုင်တယ်ဆိုတာ ကြိုတွေးပြီး ရင်ဆိုင်ရဲဖို့ ပြင်ထားပါ။ ကိုယ့်နားမှာ အမြဲရှိနေမယ်ထင်တဲ့ ဇနီးက ရုတ်တရက် မူးလဲပြီး အသက်ပါသွားတာတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ထူးမှ မထူးဆန်းတာ။ ဇနီးသည်က စိတ်ဆင်းရဲ ပေးခံလို့ မဖြစ်တဲ့ နာတာရှည် လူမမာဆိုတော့ ဘာမှ တိုင်ပင်လို့ မဖြစ်ဘဲ ကိုယ့်သောက ကိုယ်ပဲ ခံရတာလဲ ဖြစ်နိုင်တာပဲ။ အသက်ရလာတဲ့အခါမှ စိတ်သဘောထား မတူမျှလို့ ဘာမှ တိုင်ပင်လို့ မဖြစ်တာလဲ ရှိနိုင်တာပဲ။ နောက်ဆုံး ကွာရှင်း လမ်းခွဲချင်တဲ့အထိ ဖြစ်လာတာတောင် ဒီအရွယ်မှ အိမ်ထောင်ပျက် မဖြစ်ချင်လို့ဆိုပြီး စိတ်ညစ်ခံပေါင်းရင်း ဒီပရက်ရှင် ပိုဆိုးလာရတာလဲ ဖြစ်နိုင်တာပဲ။

အရေးကြီးတာက အသက် ရလာတဲ့အချိန်မှာ ကိုယ့်ဘ၀မှာ ဘယ်သူ မရှိလို့ မဖြစ်ဘူးဆိုတဲ့ စိတ်ကို လုံးဝ မမွေးပါနဲ့။ ကြီးလာရင် တယောက်ထဲနေလို့ မဖြစ်ဘူးဆိုတဲ့ အသိမှားကြီးနဲ့ ဒုက္ခရောက်ရတဲ့လူတွေထဲမှာ ကိုယ်မပါပါစေနဲ့။ သားသမီးဆိုး၊ ဇနီးဆိုး ဆိုရင်လဲ ဥပေက္ခာထားပြီး ရဲရဲစွန့်လိုက်ပါ။ အထီးကျန် ဖြစ်မှာကြောက်လို့ဆိုပြီး ဘ၀မှာ အဖော်ကောင်း မဖြစ်နိုင်မယ့်သူကို ဆက် လက်တွဲထားတာက ပိုဒုက္ခကြီးပါတယ်။

မရှိမဲ့ရှိမဲ့ အိမ်ခန်းလေး၊ ပင်စင်လေးကို သားသမီး ပူဆာလို့ အကုန်ထုတ်ရောင်းမပေးပါနဲ့။ ဒါကို ချရောင်းပြီး ရတဲ့ငွေနဲ့ အဖေ့ကို ပြန်ရှာကျွေးပါ့မယ်ဆိုတဲ့ ကတိစကားကို သားငယ်သမီးငယ်ရဲ့ စိတ်လိုက်မာန်ပါ စကားအဖြစ် သူတို့ငယ်တုန်းကလို ရယ်နေလိုက်ပါ။ အလိုတော့ မလိုက်ပါနဲ့။ သားသမီး လူငယ်က နေစရာအိမ် ကိုယ့်လိုမရှား၊ ၀င်ငွေလဲ ရှာနိုင်ဖွေနိုင်အရွယ်၊ လက်မဲ့ခြေမဲ့ ဖြစ်စရာရှိ ကိုယ်သာ ဖြစ်မယ်ဆိုတာ သတိရပါ။

အစားစားနိုင်စွမ်းက ငယ်ကထက် နည်းလာနိုင်တာမို့ ဗိုက်တာမင် အေ၊ ဘီ၊ စီ၊ ဒီနဲ့ အီးပါတဲ့ ဆေးဝါးတွေ မှီဝဲပေးပါ။ ဒါတွေပါတဲ့ အစားအစားတွေလဲ များများစားပါ။ ၅၀ ကျော်ဆိုမှတော့ ဗီတာမင်အေတို့ အီးတို့ ပါတာတွေက ဘာတွေလဲ ရောင်းရင်းတို့ကို ပြောနေစရာ မလိုလောက်ပါဘူး။ ဗီတာမင် အေ၊ စီ၊ အီး သုံးမျိုး တွဲပြီး ပုံမှန် မှီဝဲရင် အသက်ရှည်တယ်လို့ ဆေးပညာက ဆိုပါတယ်။ အသီးအနှံနဲ့ အချဉ် များများ စားပေးပါ။ လိုအပ်တဲ့ အားဆေးသောက်ပါ။

သွေးသားဆန္ဒ နည်းလာတာကို ပြန်ထကြွစေတဲ့ ဆေးတွေ ဖြစ်နိုင်ရင် လုံးဝ (လုံးဝ) မသုံးပါနဲ့။ ၅၀ ကျော်လာရင် ဒီစိတ်တွေ နည်းလာရမှာ သဘာဝပါ။ ဒါ ဂုဏ်ယူဖို့တောင် ကောင်းပါတယ်။ ဒါကို ဆေးဝါးနဲ့ သဘာဝလွန်အောင် ပြုပြင်ရင် ဆိုးတာက ပိုများပါတယ်။ ဘေးထွက်ဆိုးကျိုးတွေက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာအပြင် ဂုဏ်သိက္ခာကိုပါ ဒုက္ခပေးတာမို့ ဒီဆေးတွေ ရှောင်ပါ။ တည်ငြိမ်တဲ့ လူကြီးတယောက်လို့ အသိမှတ်ပြုခံရတာက ဂဏှာမငြိမ်သေးတဲ့ အန်ကယ်ကြီး အပြောခံရတာထက် ကောင်းပါတယ်။

အငန်နဲ့ အဆီလျှော့စားပါ။ နှလုံးသွေးကြောကျယ်အောင်၊ အကြောတွေ ပွင့်အောင် ၀ိုင်တို့၊ အရက်တို့ ဆေးဖြစ်ဝါးဖြစ် သောက်ပေးရတယ်ဆိုတဲ့ စကားကို လုံးဝ မလိုက်နာပါနဲ့။ ဆရာဝန်တွေ ပြောလာရင်တောင် ပြောသူဟာ ဇိုးသမား ဆရာဝန်တွေ ဖြစ်နေတတ်ပါတယ်။ တကယ် အရက်ရှောင်တဲ့ ဆရာဝန်ကြီးတွေကို မေးကြည့်ပါ။ သွေးကြောကျယ်တာက နည်းနည်း၊ သူက ပြန်ပေးတဲ့ ဒုက္ခတွေက များများဆိုတာ ဖြေရှင်းပါလိမ့်မယ်။

၅၀ အထက်မှာ ဇိုးသမားတွေ ဖြတ်သင့်ပါပြီ။ ကလီစာတွေက ငယ်တုန်းကလောက် မနုတော့ဘူး။ အပေအတေ မခံတော့ဘူးလေ။ ၀ိုင်လောက် ဘီယာလောက်ကတော့ အနုစားပါတို့၊ ကော့ညက်ကို တနေ့ နှစ်ပက်လောက်နဲ့တော့ ပြဿနာ မရှိပါဘူးတို့ ဆင်ခြေပေးချင်ရင်တော့ ကြွက်သတ်ဆေးကို တနေ့ နားဖာကလော် တကော်စာ လျက်ရုံနဲ့ ပြဿနာ မရှိဘူး ပြောသလို ဖြစ်နေမှာပေါ့ ရောင်းရင်းရာ။

အစားအအိပ်အနေ အားလုံး မျှမျှတတနဲ့ ကျန်းမာလန်းဆန်းအောင် နေပါ။ ငါ အသက်ကြီးပြီဆိုပြီး စိတ်လျှော့ပြီး ကိုယ့်ကိုယ်ကိုယ် ပစ်မထားပါနဲ့။ အသက်ကြီးလို့ ဖြစ်တာဆိုတဲ့ ရောဂါတချို့က စိတ်ဓာတ်ကျပြီး၊ ပေပေတေတေ နေပြီး ကိုယ့်ကိုယ်ကို ပစ်စလက်ခတ် ထားလို့ ဖြစ်ရတာပါ။

မိတ်ဆွေကောင်းတွေနဲ့ အဆက်အသွယ် အပြတ်မခံပါနဲ့။ အိမ်ချင်း မနီးရင်တောင် ဖုန်းနဲ့၊ စာနဲ့ ပုံမှန် ဆက်သွယ်နေပါ။ စိတ်ရှုပ်ထွေးနေရင် သူတို့ဆီက အကြံဥာဏ်ယူပါ။ တိုင်ပင်ပါ။ သားသမီးထဲမှာ လိမ္မာတဲ့ သားသမီး၊ ကိုယ့်ကို ကျေးဇူးသိတတ်တဲ့ သားသမီး တယောက်ယောက်ကို အနီးကပ် အပြုစုခံပါ။ ဒါပေမယ့် လောကဓံကြောင့် သေကွဲရှင်ကွဲ ကွဲရရင် ခံနိုင်ရည် ရှိပါစေ။

ဗုဒ္ဓဘာသာဝင်ဆိုရင်တော့ အကြံပေးလိုတာက (ဘာသာမတူတဲ့ ရောင်းရင်းတွေဆိုရင်တော့ ကိုယ့်ဘာသာဘက် ဆွယ်တယ် ထင်မှာ စိုးလို့ပါ။ ခုပြောတာ ရောင်းရင်းရဲ့ ဘာသာနဲ့ မဆိုင်ရင် ကျော်ဖတ်သွားလို့ ရပါတယ်။) စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိအောင် ဗုဒ္ဓရဲ့ တရားဓမ္မကို ဆင်ခြင်ပါ။ ဗုဒ္ဓဟောခဲ့တာ ရှင်းရှင်းလေးပါ။ ရုပ်နာမ်မှန်သမျှ အနိစ္စ (မမြဲ)၊ ဒုက္ခ (ဆင်းရဲတယ်)၊ အနတ္တ (အစိုးမရ၊ ငါ,ငါ့ဟာရယ်လို့ မဟုတ်)တဲ့။

ဒီစကား တိုတိုလေးက တာသွားလှပါတယ်။ အမယ်လေးဗျ။ အနိဌာရုံ စကားတွေပဲ၊ မကြားချင်ဘူးလို့ မဖြစ်စေချင်ဘူး။ ဒါ အမှန်တရားပါ။ ကမ္ဘာကြီး လုံးတယ်လို့ အမှန်ကို သိရတာက ပြားတယ်လို့ အမှားထင်နေတာထ