သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

 

နည်းနည်းတော့ အိပ်ပျက်ခံပြီး ထကြည့်လိုက်မိတယ်

အရှင်ခေမာစာရ (ရဟန်းပျိုသမဂ္ဂ)

တမြန်နေ့က ယူတာပြည်နယ်ကို ရောက်နေခိုက် တယ်လီဖုန်းတခု ၀င်လာသည်။ စာရေးသူက ပြောပါဆိုတော့ “လျှောက်ထားစရာ ရှိလို့ပါဘုရား“ဆိုပြီး လျှောက်ထားသည်။ မဟာမိတ်ထဲမှ အယုံကြည်ရဆုံး လူကြီးများကိုသာ လျှို့ဝှက် ဖြန့်ဝေပေးနေပါသည်ဆိုသော တကမ္ဘာလုံးသို့ ပေးပို့ထားသော စာမျက်နှာ ၃ မျက်နှာရှိ ပစ်စာတခုတွင် “ရဟန်းပျိုသမဂ္ဂဥက္ကဌ ဦးခေမာစာရ မီဒီယာနဲ့ ပြောတော့ ဦးပဉ္ဇင်းတို့ လုပ်တာပါလား မေးတော့ ဦးပဉ္ဇင်းတို့ လုပ်တာလဲ ပါတယ်ပြောတော့ ဘယ်မီဒီယာထဲ ထည့်သလဲ”ဆိုပြီး တွေ့ရ ဖတ်ရကြောင်း လျှောက်သည်။ စာရေးသူက တခြားစာတွေလည်း ဖတ်ပြခိုင်းသည်။ ဖတ်ပြတာကို နားထောင်ပြီး ကောက်ချက်တခု အနေနှင့် ပိန္နဲပင် နည်းနည်းကလေး ရောနှောပါသွားကြောင်း စာရေးသူ သတိထားမိလိုက်သည်။

သို့နှင့် အရီဇိုးနားတွင် ရှိသော ကိုသက်ထွန်း (ယခင် ဗကသ)ကို တယ်လီဖုန်းနှင့် “ကိုသက်ထွန်းရေ…ကိုသက်ထွန်း ဒီစာကို ဖတ်ပြီးပြီလား”ဟု မေးတော့ ကိုသက်ထွန်းက သိ၏ မသိ၏ မပြောဘဲ “အရှင်ဘုရားရယ်… ခွေးဟောင်တိုင်း ထ,မကြည့်ပါနဲ့၊ အိပ်ပျက်တတ်တယ်”ဟု ဆိုပြီး ဖုန်းချသွားသည်။ မည်သည့်အရာမျှ ဆက်မပြော။ အရေးပါသည့် ကိစ္စဟု သူ ထင်ပုံမကျ။ သူ့ကို ကြည့်ရသည်မှာ ဤတက်ကနော်လော်ဂျီတွေနှင့် အရေထူနေပုံရသည်။ စာရေးသူက သူ့လောက် မရင့်ကျက်သေးဘူးလား မပြော တတ်။ အီးမေးအပြည့်အစုံကို အိပ်ပျက်ခံပြီး ထကြည့်ချင်စိတ် ပေါက်လာသည်။

စာရေးသူ အကြောင်းကြောင်းကြောင်းသို့ အမေရိကန်သို့ မထွက်ချင်ဘဲ ထွက်ရမည့် အချိန်ကလေး အတွင်းမှာ လက်စ မသတ်နိုင် သေးသော ပြည်တွင်းနှင့် ဆက်စပ်မှု အတွေ့အကြုံကလေးတွေကို သတိရမိသည်။ ဤရေးရာ၌ လိုအပ်သလောက် ဆက်စပ်မှုကိုသာ စာရေးသူ ပြောချင်သည်။ ဤပစ်စာထဲမှ ဇာတ်ကောင်များ ဖြစ်ကြသော ကိုအောင်မိုးဇော်၊ ကိုလွမ်းဏီ၊ ကိုငွေလင်း၊ ကိုဘိုကြည်၊ ကိုအောင်မိုးဇော်၊ ကိုတိတ်တို့ကိုလည်း သတိရမိသည်။

လာလေ့လာထရှိသော သာသနာပိုင်ကလေးသည်ကား စာရေးသူထံ တနေ့ ရောက်လာသည်။ သူနှင့် စာရေးသူ ပြည်တွင်းကိစ္စ ဆွေးနွေးရင်း ည ၉ နာရီခန့်မှာ ကိုဘိုကြည်ထံ သွားဖို့ပြောတော့ ရဟန်းပျိုကားနှင့် လိုက်ပို့ဖြစ်ခဲ့သည်။ ကိုဘိုကြည် ဆိုသူကို စာရေးသူ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ သာသနာပိုင်ကလေးက မိတ်ဆက်ပေးသည့်အတွက် ကိုဘိုကြည်သည် မင်းကိုနိုင်နှင့်အတူ အလုပ်လုပ်ခဲ့သူ၊ ထောင်ကျခဲ့သူ၊ တော်လှန်ရေးနယ်မြေအတွင်း ရောက်လာပြီး တော်လှန်ရေး ဆက်လုပ်နေသူ စသည်ဖြင့် သိခွင့်ရခဲ့သည်။

ကိုဘိုကြည်သည် ဘာသာရေး ထုံးတမ်းစဉ်လာအရ ရှိခိုးပြီး “နေကောင်းပါလားဘုရား၊ အဆင်ပြေပါလားဘုရား”ဆိုပြီး လျှောက်သည်။ စာရေးသူက “ကောင်းတယ်ကွ”ဆိုပြီး ကိုဘိုကြည်၏ အမေးကို ဖြေကာ ကိုဘိုကြည်အား ခြေဆုံးလက်ဆုံး ကြည့်နေမိသည်။ ကိုဘိုကြည်သည် အသားညိုညို၊ အရပ်လတ်လတ်။ လူကား ဆိုးမည့်သူ မဟုတ်။ နဖူးရေဒူးရေ ရှိမည့်သူ၊ အာဏာရှင်တွေ တုန်နေ အောင် ကြောက်မည့်သူဟု တွေး၍ စိတ်ထဲမှ ကြိတ်၍ ချီးကျူးနေမိသည်။ ကိုဘိုကြည်နှင့်အတူ သာသနာပိုင်ကလေးအား ထားခဲ့ပြီး စာရေးသူ ပြန်လာခဲ့သည်။ ထို့နောက် ကိုဘိုကြည်နှင့် တွေ့လိုက် မတွေ့လိုက်နှင့် ရှိခဲ့တော့သည်။

သာသနာပိုင်ကလေးသည် စာရေးသူအား မကြာခဏ ဆိုသလို ဖုန်းဆက်လေ့ ရှိသည်။ သူ့ဖုန်း ၀င်လာပြီဆိုလျှင် တခုခုတော့ ထူးနေပြီဖြစ်ကြောင်း စာရေးသူ သတိပြုမိသည်။ တနေ့မှာလည်း ထုံးစံအတိုင်း ဖုန်းဝင်လာသည်။ “ဦးပဉ္ဇင်းဘုရား၊ ဦးပဉ္ဇင်းဘုရားကို အရှင်ဘုရားတပါး တွေ့ချင်လို့။ ဦးပဉ္ဇင်း ဖြစ်နိုင်မလား”ဆိုပြီး ဖုန်းဆက်သည်။ မကြာမီ ထိုအရှင်နှင့်အတူ ကိုငွေလင်း၊ ကိုညိုတို့ ကားတစီးနှင့် ရောက်လာသည်။ ထိုအရှင်နှင့် မိတ်ဆက်ပေးပြီး ကိုငွေလင်း၊ ကိုညိုတို့ ပြင်ဘက်တွင် သွားထိုင်နေကြသည်။ ထိုအရှင်နှင့် စာရေးသူသည် နှစ်နာရီခွဲခန့် ဆွေးနွေးခဲ့ကြသည်။ အားလုံး အဆင်ပြေကြသည်။ တခုကတော့ “ပြင်ဆင်မှုတွေ အားကောင်းဖို့ လိုကြောင်း” သတိပေးရုံသာ ပေးလိုက်သည်။ နှစ် ၂၀ ဒီမိုကရေစီ ကြိုးပမ်းမှု ကာလတွင် လူသစ်တွေ နေရာများများ ယူနေပြီကို တွေ့ရသောအခါ များစွာ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိသည်။ ထိုစဉ်မှာပင် ကိုငွေလင်း၊ ကိုညိုတို့ ၀င်လာပြီး ရယ်စရာ မောစရာ ဆက်ပြောရင်း ပွဲသိမ်းလိုက်ကြသည်။ မာနယ်ပလောခေတ်ကပင် ကိုညိုနှင့် စာရေးသူ လက်တွဲခဲ့ကြသည် မဟုတ်လော။ ဘူးစင်တခုတည်း စားဖက်၊ ၀ါးတုတ်ချဉ်ဖတ် တအိုးတည်းနှိုက်ဖက်၊ ငှက်ဖျားအတူတူတိုက်ဖက်၊ စောင်ကြမ်းတထည် အတူတူခြုံဖက်၊ အကြောင်းသိ၊ အစင်းသိ ညှိစရာပင် မလိုသော ရဲဘော်ရဲဘက်စိတ် ရှိသူ၊ ဘာသာရေး ကိုင်းရှိုင်းသူတဦး ဖြစ်သည်။ အရာရာကို သိလွယ် တတ်လွယ်သဖြင့် သူ့ကို “ထောက်လှမ်းရေး”ဆိုပြီး စာရေးသူ အမြဲ စ,လေ့ရှိသည်။

ကိုငွေလင်းကတော့ လူသစ်၊ စက်မှုကျောင်းသားဖြစ်ပြီး ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် ထောင်ဒဏ်နှစ်ရှည် ကျခံဖူးသူ။ စာရေးကောင်းသောသူ။ ဤလူငယ်သည်လည်း ကိုဘိုကြည်ကဲ့သို့ပင် အာဏာရှင်စစ်အုပ်စုက နံပါတ်တပ်ပြီး ကြောက်နေရမည့်သူ၊ အင်မတန်တော်သော လူငယ်တဦးဟုသာ ၎င်းအချိန်တုန်းက ကောက်ချက်ပြုမိခဲ့သည်။ သူတို့သည်ကား စာရေးသူ ခေတ္တ သီတင်းသုံးနေသော ပရိဝုဏ်အတွင်း ဥတုသုံးပါး သီးမှည့်နေသော ပိန္နဲသီးတလုံး တောင်း၍ ပြန်သွားကြသည်။

အလားတူ တနေ့မှာလည်း အမေရိကသို့ ခရီးထွက်ဖို့ ဖိုင်တွေ သန့်နေခိုက် ထုံးစံအတိုင်း သာသနာပိုင်ကလေးဆီက ဖုန်းဝင်လာသည်။ “ဦးပဉ္ဇင်း အဆင်သင့် ရှိသလားဘုရား။ ဦးပဉ္ဇင်းသူငယ်ချင်းတပါး တွေ့ချင်လို့”ဆိုလိုက်သဖြင့် “ဘယ်သူဘယ်ဝါတုန်း” ဆိုပြီး စိတ်ထဲ တွေးလိုက်မိသည်။ မကြာမီ ထိုအရှင်၊ သာသနာပိုင်ကလေး၊ ကိုညိုနှင့် ကိုငွေလင်းတို့ ကားတစီးနှင့် ရောက်လာကြသည်။ ထိုအရှင်က စာရေးသူကိုကို ကောင်းကောင်းသိသည်။ ထိုအရှင် ပြောတော့မှ ဇာတ်ရည်လည်လာသည်။ “ဟိုအရှင်များရော ဘယ်မှာလဲ။ ဘာလုပ်နေလဲ။ ပြည်သူတွေကို ပစ်မထားနဲ့လို့ ပြောလိုက်ဦး”ဟု ပြောဆိုရယ်မောဖြစ်သည်။ “အခြေအနေတွေကတော့ အားလုံး ကောင်းနေတယ်။ တို့သွေးတွေ နီနေတုန်းပဲအရှင်”ဆိုလိုက်တော့ ၈၈ လမ်းမပေါ် ပြန်ရောက်သွားသည်။ ကြွေးကြော်သံတွေ၊ တောင်းဆိုသံတွေ၊ သေနတ်သံတွေ ကြားယောင်လာသည်။

“တို့ အရှုံးမပေးသမျှ ဘယ်တော့မှ မရှုံးနိုင်ပါဘူး”

စာရေးသူက ပြောလိုက်တော့ အားလုံး ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။ အစီအစဉ် မရှိဘဲ ပြောချင်တာတွေ များနေသဖြင့် သာသနာပိုင်ကလေးနှင့် ကိုငွေလင်း၊ ကိုညိုတို့ စိတ်ပျက်သွားသလားမသိ။ “အရှင်ဘုရားတို့ချင်း ပြောဆိုဆွေးနွေးပေတော့။ တပည့်တော်တို့ ပြန်လိုက်ဦးမယ်ဘုရား။ နောက်မှပဲ တနေရာကို လာပင့်ပါ့မယ်ဘုရား”ဆိုပြီး သာသနာပိုင်ကလေးတို့အဖွဲ့ ထုံးစံ အတိုင်း ပိန္နဲသီးတလုံးတောင်း၍ ထွက်သွားကြသည်။

စာရေးသူနှင့် ထိုအရှင် ဆွေးနွေးမှု မှန်သမျှကို အသံဖမ်းစက်နှင့် ဖမ်းယူထားလိုက်သည်။ ထိုအရှင်ကိုကား ပြောပြလိုက်ခြင်းမရှိ။ ထိုအရှင်သည် စာရေးသူအပေါ် သူငယ်ချင်းကောင်းပီပီ၊ လုပ်ဖော်ကိုင်ဘက်ပီပီ နားလည်နိုင်လိမ့်မည်ဟု ယုံကြည်သည်။ ပြီးတော့မှ ဓာတ်ပုံအမှတ်တရ ရိုက်ဖြစ်သည်။ နောက်ဆုံးတခုတော့ ထိုအရှင်ကို လျှောက်ထားဖြစ်သည်။ “အရှင်ရေ… အရှင့်အနေနဲ့တော့ ဗျူဟာမှူးနေရာမှာပဲ နေပါ”ဟူသော အကြံပြုချက် ဖြစ်သည်။

အဘယ့်ကြောင့်နည်း။ လှုပ်ရှားမှု တခုသည် နောက်ဆုံးအဆင့် ဖြစ်နိုင်မဖြစ်နိုင် ဟူသော အချက်ကို မည်သူတဦးတယောက်မှ သိနိုင်ရန် မဖြစ်နိုင် မဟုတ်ပေတကား။ ဆက်လုပ်စရာကား အများအပြား ကျန်နေပေသေးသည်။

စာရေးသူတို့ ဆွေးနွေးနေစဉ်မှာပင် သာသနာပိုင်ကလေးထံမှ ဖုန်းဝင်လာသည်။ ဆွေးနွေးလို့ မပြီးသေးဘူးလားဘုရား”ဟူ၍ ဖြစ်သည်။ “ဟေ့အကောင်ရေ… တို့ သိမ်းပိုက်တာ ရန်ကုန်မြို့နား ရောက်နေပြီ။ မင်းတို့ကောင်တွေ ပြန်ဖို့ အထုပ်ထုပ်ကြ”ဆိုကာ ပြော၍ ရယ်လိုက်ကြသည်။ စာရေးသူသည် ကားတစီးနှင့် ထိုအရှင်ကို သာသနာပိုင်ကလေးဆီသို့ လိုက်ပို့ခဲ့သည်။ လူ့ဘောင်သစ် ဌာနတွင် သာသနာပိုင်ကလေးနှင့် ကိုငွေလင်းတို့ ထမင်းစားရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။ ငါးခြောက်ပြားကလေးတချပ်၊ ခရမ်းသီးဟင်းကြမ်းတခွက်၊ ငရုတ်သီးစိမ်း သုံးတောင့်ကို တွေ့ဘိုရတော့ သူတို့နှစ်ယောက်ကို သနားသွားသည်။ “တော်လှန်ရေးမှာ အငတ်ခံနိုင်တာဟာ အရည်အချင်းတခုပဲ”ဟု နားလည်ထားသူများအဖို့ ထူးဆန်းမှုတွေ မဟုတ်။

ထိုကဲ့သို့ သာသနာပိုင်ကလေးတို့နှင့်သာ မဟုတ်ဘဲ ဆေးသမားလိုင်းနှင့်လည်း အလားတူ။ ပြည်တွင်းကိစ္စ၊ ပြည်တွင်းရေးရာ ဆက်စပ်မှု ရှိသည်။ ဆေးသမားက နိုင်ငံခြားသားတဦးကို ခေါ်လာပြီး “ပြည်တွင်းသတင်း”တခုကို နေရာ ခြောက်နေရာမှာ လိုက်ပေးဖို့ မေတ္တာရပ်ခံလာသဖြင့် ထိုစီမံချက်ကို လက်ခံခဲ့သည်။ ဒါပေသိ အချိန်က မပေးနိုင်တော့။ အမေရိကန်သို့ မထွက်မဖြစ် ထွက်ရတော့မည် မဟုတ်လော။ ရသည့် အချိန်ကလေးမှာတော့ ညှိ၍ လုပ်ဖြစ်ခဲ့ကြသည်။ အချိန် မလုံလောက်သဖြင့် တချို့ကို ပြန်ရုပ်သိမ်းခဲ့ရသည်။ တချို့ကိုတော့ လုပ်ပေးနိုင်ခဲ့သည်။ ရိုက်ထားသော ဓာတ်ပုံများ၊ ဖမ်းယူထားသော အသံများနှင့် စာရွက်စာတမ်း အချို့ကို စနစ်တကျ ရှင်းပြပေးခဲ့သည်။ အာဏာရှင် စစ်အုပ်စု၏ နိုင်ငံရေး ပြင်ဆင်မှုများကို သတင်းပေးနိုင်ခဲ့သည်။ ဆေးသမားနှင့် ပတ်သက်၍မူ ဤမျှနှင့် ရပ်ဆိုင်းပစ်ခဲ့ရသည်။

စာရေးသူ ခရီးမထွက်မီ ကိုလွမ်းဏီထံသို့ သွားရောက် ကြည့်ရှုခဲ့သေးသည်။ တမြန်နေ့က မော်တော်ဆိုင်ကယ် မှောက်၍ နံရိုးများ အပိုင်းပိုင်း ပြတ်ထွက်သွားကြောင်း ကြားသိခဲ့ရသည်။ ကိုလွမ်းဏီသည် ပြည်တွင်းရေး အာရုံစိုက်သူ၊ ၀ါးပေါက်သံကို နှစ်ခြိုက်သူ၊ တိုင်းပြည်အတွက် ခြေထောက်တချောင်းနှင့် နံရိုးသုံးချောင်း လှူပြီးသူ၊ “အမြဲသောက်ပေမယ့် ရဲရဲတောက်ပါ”ဟု ခံယူပြီး အာဏာရှင်ကို ရေစိမ်ခံ တိုက်နေသူ။ သူသည် ၈၈ ကျောင်းသားဖြစ်ပြီး တောတွင်းနယ်စပ် လှုပ်ရှားမှု အားလုံးတွင် ရှေ့တန်းကျကျ ပါဝင်နေသော ကျောင်းသားတပ်မတော် အဖွဲ့ဝင် ရဲဘော်တဦင်္း ဖြစ်သည်။ ထို့ပြင် တော်လှန်ကဗျာ အရေးကောင်းသူ တဦးလည်း ဖြစ်သည်။

စာရေးသူသည် သူတို့အားလုံးကို နှုတ်ဆက်၍ တော်လှန်ရေးနယ်မြေမှ အမေရိကားသို့ ခရီးထွက်ခွာခဲ့ရတော့သည်။ အီလီနွိုက်ပြည်နယ်ချီကာဂိုမြို့သို့အရောက် ပြည်တွင်းမှ ဖုန်းတခုနှင့် ချိတ်ဆက်မိခဲ့သည်။ ထိုဖုန်းသည် သံဃာ၊ ကျောင်းသား၊ မဟန ဆရာတော်ဘုရားကြီးများနှင့် နအဖ အသိုင်းအ၀ိုင်းများအနက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း မပြောလိုပေ။ စာရေးသူ ခံယူထားသော လူ့အခွင့်အရေး ကြိုးပမ်းမှုသည် အလွန်ကျယ်ပြန့်စွာ ရှိကြောင်းကိုသာ ပြောလိုပေသည်။ ထို့ကြောင့် တယ်လီဖုန်းမှတဆင့် ပြောလေ့ပြောထရှိသော “သတိရှိပါ။ ပြင်ဆင်မှုများများလုပ်ပါ”ဟူသော အကြံပြု သတိပေးချက်များကိုသာ ပြောခဲ့မိသည်။

စာရေးသူသည် ၀ါရှင်သူသို့ စောလျင်စွာ သွားရောက်ခဲ့ပြီး အမေရိကန်များနှင့် တွေ့ဆုံခဲ့သည်။ ထိုစဉ်၌ အမေရိကန် တဦး၏ ရှေ့တွင် ပြည်တွင်းမှ အတော်အတန် ထင်ရှားသော ပုဂ္ဂိုလ်တဦး၏ ဓာတ်ပုံကို ရှေ့တွင် မြင်သာအောင် ထောင်ပြထားသည်။ စာရေးသူ မြင်စေလို၍ တမင်တကာ ပြုလုပ်ထားဟန် ရှိသည်။ စာရေးသူသည် ဘာမျှ မပြောဘဲ တနာရီသာ ဖွင့်ရသော ကက်ဆက် တိပ်ခွေတခွေနှင့် ထိုအမေရိကန် ထောင်ပြထားသော ပြည်တွင်းမှ ပုဂ္ဂိုလ်တဦးပါ ဓာတ်ပုံတပုံ၊ စာရေးသူနှင့် ပြည်တွင်းမှ ပုဂ္ဂိုလ်တဦး အတူတူ ရိုက်ကူးထားသော ဓာတ်ပုံတပုံ ပေးလိုက်သည်။ ထိုအမေရိကန်သည် စာရေးသူ ပေးလိုက်သော ဓာတ်ပုံကို ကြည့်ပြီး အံ့သြနေပြီး နားမလည်နိုင်အောင် ဖြစ်နေပုံ ရသည်။ “ဒီအထဲမှာ အမည်တို့၊ လိပ်စာတို့နဲ့ တချို့ အချက်အလက်တွေကို လုံခြုံရေး အခြေအနေအရ ဖြတ်တောက်ထားတယ်။ အပြည့်အစုံ လေ့လာကြည့်။ ပြည်တွင်းအခြေအနေတွေကို သိရမှာ ဖြစ်တယ်”ဟု ပြောလိုက်ရသည်။ “အင်း.. နောက်နှစ်လလောက်ဆိုရင်တော့ ပြည်တွင်းအခြေအနေတွေ ထူးလာနိုင်တယ်။ ဂရုပြုပါ”ဟု ပြောပြီး စာကြည့်ခန်းမထဲမှ ထွက်ခဲ့ကြသည်။

နောက်နှစ်လလောက်ကြာရင် အရေးကြီးသော ပုဂ္ဂိုလ်တဦးနှင့် နယ်စပ်မှာ တွေ့ဖို့ ပြောဆိုထားခဲ့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် နယ်စပ်သို့ မရောက်နိုင် ဖြစ်ခဲ့ရသည်။ ထိုအတောအတွင်း ပြည်တွင်းလှုပ်ရှားမှု အခြေအနေ ပြင်းထန်လာနေပြီ။ ထိုအခိုက် ဥရောပမှနေ၍ သာသနာပိုင်ကလေး ဖုန်းဆက်လာသည်။“အရှင်ဘုရား…ဘယ်သူနဲ့ အမြန်ဆုံး တွေ့ပါဘုရား။ ထူးနေပြီ”ဆိုတော့ စာရေးသူသည် နေမကောင်း ဖြစ်နေရာက ၀ါရှင်တန်သို့ အပြေးကလေး သွားခဲ့ရတော့သည်။ ညလုံးပေါက် ကားကို မောင်းခဲ့ကြသည်။ နံနက် ၉ နာရီမှာ တွေ့ဆုံရန် ချိန်းဆိုထားသည် မဟုတ်လား။

စာရေးသူနှင့် အမေရိကန် တွေ့ဆုံကြသော စာရေးသူထက် ထင်ထားသည်ထက် ထူးနေသည်။ အခြေအနေတွေ ပေးနေသည်။ စာရေးသူက ဖြစ်ပေါ်နေသော ပြည်တွင်း အခြေအနေများကို ရှင်းပြခဲ့သည်။ အကြီးဆုံး ပုဂ္ဂိုလ်က သူ ပါကစ္စတန် သမ္မတနှင့် တွေ့ရန် စိစဉ်ထားကြောင်း၊ အချိန်မရတော့ကြောင်း ပြော၍ နှုတ်ဆွက်ထွက်ခွာသွားသည်။ ကျန်ရှိနေသော အမေရိကန်များနှင့် ပြောဆိုနေစဉ် ပြည်တွင်းမှ တယ်လီဖုန်းတခု ၀င်လာသည်။ “ခုဖြစ်နေတဲ့ ပြည်တွင်းလှုပ်ရှားမှုတွေကို တယ်လီဖုန်းတလုံးနဲ့ ရဟန်းပျိုသမဂ္ဂ ဥက္ကဌဆိုသူ ဦးခေမာစာရက ညွှန်ကြားနေတယ်လို့ နအဖ အာဏာရှင်တွေ ပြောနေတယ်ဘုရား”ဆိုပြီး “အကြမ်းဖက်ဖို့လည်းပဲ ပြင်ဆင်မှုတွေ လုပ်နေကြောင်း” နောက်ဆက်တွဲအနေဖြင့် ပြောဆိုသွားသေးသည်။ ၎င်းပြောဆိုမှုတွေနှင့် ပတ်သက်၍ အမေရိကန် တွေကို စာရေးသူ ပြန်လည်ရှင်းပြပေးပြီး “ဦးပဉ္ဇင်း အလွန် စိုးရိမ်ကြောင်း၊ ဖြစ်နိုင်အောင် စောင့်ကြည့်ပေးဖို့ အမေရိကန် အစိုးရကို တောင်းဆိုကြောင်း”  ပြောဆိုလိုက်သည်။ သူတို့ လက်ခံသွားပြီး လူစုခွဲလိုက်ကြသည်။

ဝါရှင်တန်တွင် နေ့လယ်ဆွမ်း ဘုဉ်းပေးပြီးနောက် စာရေးသူတို့ ထွက်ခွာခဲ့ကြပြီး လမ်းမထဲတွင် ရှိစဉ်၌ပင် ဗီအိုအေ အမေရိကန်အသံ အသံလွှင့်ဌာနမှ ဆက်သွယ်လာသည်။ “အရှင်ဘုရား။ နအဖ စစ်အုပ်စုက ပြောနေတယ်။ ဒီကနေ့ ပြည်တွင်းလှုပ်ရှားမှုက အရှင်ဘုရား ဖုန်းတလုံးနဲ့ ပြည်ပကနေပြီး ညွှန်ကြားလို့ ဖြစ်တာလို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲဘုရား”ဟူ၏။ စာရေးသူ စီးလာသော ကားကို လမ်းဘေးတနေရာ ထိုးရပ်စေပြီး “ဦးပဉ္ဇင်းအနေနဲ့ တစုံတရာ ပြောဆိုဖို့ ဆန္ဒမရှိပါ”ဟူ၍ ပြန်ပြောခဲ့၏။ စိတ်မချ၍ ဗီအိုအေ ရေဒီယိုသို့ လွှင့်မယ့် အနေအထားကို ပြန်ဖွင့်ပြဖို့ မေတ္တာရပ်ခံခဲ့၏။ ဗီအိုအေ အသံလွှင့်ဌာနသည် ၎င်းနှင့် ပတ်သက်၍ ထုတ်လွှင့်ပေးခဲ့သည်ဟု စာရေးသူ မကြားမိပေ။ နောက်တနေ့တွင် အာအက်ဖ်အေ သတင်းထောက်တဦး ဘန်ကောက်မှနေပြီး ထိုသတင်းနှင့် ပတ်သက်၍ ထပ်မံမေးမြန်းလျှောက်ထားခြင်း ရှိခဲ့သည်။ စာရေးသူသည် နအဖတို့၏ ပြောဆိုချက်နှင့် ပတ်သက်၍ တချို့ကို ငြင်းခဲ့ပြီး “ရဟန်းပျိုသမဂ္ဂသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းလာခဲ့သည်မှာ နှစ် ၂၀ နီးပါး ရှိပြီဖြစ်ကြောင်း၊ အချို့ ဆက်စပ်မှု ရှိကောင်း ရှိနိုင်ကြောင်း” ပြောဆိုခဲ့သည်။ အာအက်ဖ်အေ ရေဒီယိုမှ မဖြတ်မတောက် လွှင့်ခဲ့သည်ကို စာရေးသူ နားထောင်ခဲ့ရသည်။ ထို့ပြင် ဟစ်တိုင်၌လည်း ပြည်တွင်းလှုပ်ရှားမှုနောက်ခံ ဆောင်းပါးတပုဒ် ရေးသားခဲ့သေးသည်။

တကမ္ဘာလုံးသို့ လျှို့ဝှက် ဖြန့်ဝေလျက် ရှိသော “ရန်သူ့လူလား ကိုယ့်လူလားနှင့် အနိုင်လို၍ ရှုံးနိမ့်နေသူများ”ပစ်စာ စာမျက်နှာ ၂ တွင် ဖော်ပြထားသော စာရေးသူနှင့် ပတ်သက်သော အချက်အလက်အပေါ် ဤမျှ ရေးသားဖော်ပြလိုက်ရုံကလေးနှင့်ပင် လုံလောက်နေပြီဟု ယုံကြည်သည်။ ရဟန်းပျိုသမဂ္ဂ (သို့မဟုတ်) စာရေးသူ ဖြတ်သန်းခဲ့သော လွန်ခဲံသော နှစ် ၂၀ က တောက် လျှောက် ကြိုးပမ်းမှု ဆက်စပ်မှု၊ လုပ်ဆောင်မှု မှန်သမျှအား မီးမောင်းထိုးပြနေစရာ မလိုဟု ထင်မြင်မိသည်။ အထက်ပါ ရေးသား ဖော်ပြချက်သည် ဖြတ်သန်းခဲ့ရသော ဒီမိုကရေစီ ကြိုးပမ်းမှု ကာလ၏ အချိန်တိုတိုကလေးကို လှစ်ဟပြထားခြင်းသာ ဖြစ်ပြီး မပြောပလောက်သော မှတ်တမ်းတခု (သို့မဟုတ်) ကြမ်းခင်းပါးပါးကလေးသာ ရှိသေးကြောင်း ဖော်ပြလိုပေသည်။

စာရေးသူသည် ၁၉၈၈ ခုနှစ်ကပင် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ)နှင့် မြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ) တို့၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် သဘာပတိနှင့် အတွင်းရေးမှူးများ အဖွဲ့တို့တွင် ယနေ့ထိ နိုင်ငံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဖြစ်နေသဖြင့် ၎င်းဒီအေဘီနှင့် အန်စီယူဘီတို့၏ ယခင်နှင့်ယခု တိုးတက်မှုနှင့် ဆုတ်ယုတ်မှု အခြေအနေများကို ချိန်ထိုးကြည့် တတ်သူ ဖြစ်သည်။ အလုပ်ဖြစ်မဖြစ် သိမြင်နိုင်သော အခြေအနေ ရှိသည်။ တစုံတယောက်၏ နိုင်ငံရေး ရည်မှန်းချက်အတွက် ဓားစာခံ ပုံစံမျိုးတော့ မရှိပေ။

ထို့ကြောင့် ဟစ်တိုင် ပြည်တွင်းလှုပ်ရှားမှုဆောင်းပါး၊ ဘီဘီစီ၊ ဗီအိုအေနှင့် အာအက်ဖ်အေ ရေဒီယိုထုတ်လွှင့်မှုကို နားထောင်၍ ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်သည် ရဟန်းပျိုသမဂ္ဂနှင့် စာရေးသူအကြောင်း ကောင်းကောင်းကြီး သိရှိနားလည်ထားလိမ့်မည် ဟု ယုံကြည်သည်။ စာရေးသူ ပြည်တွင်းရေးရာနှင့် ပတ်သက်၍ ယခုကဲ့သို့ အနည်းအကျဉ်း ရေးပြချပြထားသည်ထက် ပို၍ပို၍ သိရှိနိုင်ကြောင်း သံသယ ရှိစရာ မလိုပေ။ ကိုအောင်ဇော်သည် သတင်းသမားတဦးဖြစ်၏။ သတင်းသမားပီပီ နားပါးသူ၊ အတွေးကောင်းသူ၊ အရေးကောင်းသူ၊ တိကျသူ ဖြစ်သဖြင့် သတင်းနံ့ ရသမျှနောက်သို့ လိုက်နေမည်မှာ သေချာသည်။ စစ်နေမည်မှာ သေချာသည်။

အဘယ့်ကြောင့် ဤသို့ ဆိုရသနည်း။

စာရေးသူသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အက်စ်အက်စ်အေ (တောင်ပိုင်းဗဟို)နှင့် နီးစပ်ရာ နယ်မြေအတွင်းသို့ အခြား ရဟန်းပျိုတပါးနှင့်အတူ ရောက်ခဲ့၏။ ခရီးရောက်မဆိုက်ပင် ၎င်းနယ်မြေအတွင်း နေထိုင်လျက်ရှိသော တော်လှန်ရေးသမား တဦးက “ကိုအောင်ဇော် မနေ့ကလေးတင်ပဲ တောင်ပေါ်က ဆင်းသွားတယ်။ ဒီမှာ သူ့လိပ်စာကဒ်”ဆိုကာ ကိုအောင်ဇော် ပေးသွားသော လိပ်စာကဒ်ပြားကလေးကို ထုတ်ပြသည်။

အက်စ်အက်စ်အေ တောင်ပိုင်းနယ်မြေအတွင်းသို့ ကိုအောင်ဇော် ရောက်လာကြောင်း သိရတော့ အတော်ကလေး အံ့သြသွားသည်။ ဤနယ်မြေများသည် လုံခြုံရေးအရ အလွန် တင်းကျပ်သော နယ်မြေများ ဖြစ်သည်။ ကိုအောင်ဇော်သည် သတင်းသမားပီပီ သတင်းတပုဒ်ကို အတည်ပြုနိုင်ရန်အတွက်လော၊ သို့မဟုတ် သတင်းအသစ်တခု ရယူရန် ခြေရာခံရန် ဤနယ်မြေသို့ ရောက်လာခြင်းလော။ သို့မဟုတ် ရရှိပြီးသော သတင်းတပုဒ်ကို မှန်ကန်မှုအတွက် စစ်ဆေးရန် ရောက်လာခြင်းလော မပြောတတ်ပေ။ ဆိုလိုသည်မှာ သတင်းသမား ကိုအောင်ဇော်သည် သတင်းထုတ်လုပ်မှုနှင့် ပတ်သက်၍ တိကျသော အဖြေတရပ် ရရှိစေရန် သတင်းခိုင်မာစေရန် အသက်အန္တရာယ်ကြား၌ပင် အလုပ်လုပ်ကိုင်နေသူ စွန့်စားရဲသော သတင်းသမားအဖြစ် ၎င်းအချိန်က မှတ်ချက်ပြုခဲ့မိသည်။

စာရေးသူ ဖော်ပြခဲ့သော ပြည်တွင်းမှ ပုဂ္ဂိုလ်အချို့သည် (ဤဆောင်းပါးပါ အချက်အလက် တချို့ကို နအဖ အာဏာရှင်တွေက အသုံးချလာမည်ကို စိုးရိမ်၍) ယနေ့ စက်တင်ဘာ တော်လှန်ရေးအား ဦးဆောင်ခဲ့သူများဟု ပြောခြင်းမဟုတ်၊ ငြင်းဆိုခြင်းလည်း ပြုလုပ်မည် မဟုတ်ပေ။ ထိုသူများသည် ရိုးရိုး သံဃာတော်များလည်း ဖြစ်ချင်ဖြစ်မည်၊ ကျောင်းသားလည်း ဖြစ်ချင်ဖြစ်မည်။ ပါတီဝင်များလည်း ဖြစ်ချင်ဖြစ်မည်။ ထို့ပြင် အာဏာရှင် စစ်အုပ်စု နအဖ အဖွဲ့ဝင်လည်း ဖြစ်ချင်ဖြစ်မည်။ ဒီမိုကရေစီ ကြိုးပမ်းမှုကို နှစ် ၂၀ နီးပါးခန့် ဆက်တိုက် ကြိုးပမ်းနေသူများအဖို့ ပြည်တွင်းပြည်ပနှင့် တောတွင်း ဆက်နွှယ်ဆက်စပ်မှုသည် ဆန်းကြယ်သော အရေးအရာ မဟုတ်ဟု ယုံကြည်မိသည်။ ဒီမိုကရေစီ ကြိုးပမ်းမှုသည် လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ပထ၀ီအရပဲဖြစ်ဖြစ် အကန့်အသတ် မရှိတော့ပြီ မဟုတ်လော။

ဤမျှဆိုလျှင် အရှင်ခေမာစာရ၊ ကိုအောင်မိုးဇော် (သာသနာပိုင်ကလေး)၊ ကိုဘိုကြည်၊ ကိုငွေလင်း၊ ကိုလွမ်းဏီ၊ ကိုအောင်ဇော်နှင့် ဒေါက်တာကျော်ညွန့် (ဆေးသမား) ဘာလဲ ဘယ်လဲဟူသောအချက် ရှင်းရှင်းလင်းလင်း ရှိသင့်သလောက် ရှင်းလင်းသွားလိမ့်မည်ဟု ယုံကြည်သည်။

အရှင်ခေမာစာရ (ရဟန်းပျိုသမဂ္ဂ)

(၅-၃-၀၈)

x x x

ယခင်ရသများသို့

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org