![]() |
|
| သတင်း နိုင်ငံတကာသတင်း ဆောင်းပါး ရသ သုတ ရင်ဖွင့်သံ သူ့အမြင် ကဗျာ ဟာသ ကာတွန်း ကမ္ဘာတလွှားမြန်မာများ ပြည်သူ့စစ်သည်ရေးရာ | |
|
x x x သားငယ်...ကြားစေ မြကြေးမုံ
သားက ကျမတို့ လင်မယား မျှော်လင့်ချက်တွေ အပြည့်နဲ့ ကြိုခဲ့တဲ့ သားဦး... သား ကိုယ်ဝန်ရှိလာတော့ ကိုမျိုးဝင်းက သားလေး လိုချင်တယ်။ ကျမက သမီးလေး လိုချင်တယ်။ စကားနိုင် လုကြသေးတယ်။ သူက သားယူမယ်။ ကျမက သမီးပဲ ယူမယ်ပေါ့။ သူ့အဖေက ကျောင်းသားတပ်က တာဝန်တွေနဲ့ဆိုတော့ ကျမနားမှာ အမြဲ မရှိဘူး။ ခရီးထွက်နေရတာ။ သားကိုယ်ဝန်နဲ့တုန်းက ကျမ ဒုက္ခသည်စခန်းမှာပဲ။ နောက် မဲဟောင်ဆောင်ကို ပြောင်းရတယ်။ သားအဖေ ကိုမျိုးဝင်းက အေဘီအက်စ်ဒီအက်ဖ် စစ်ရေး တာဝန်ခံလေ။ တရက်မှာ ကိုမျိုးဝင်းက ခရီးသွားရမယ်ဆိုတော့ သူမရှိတုန်း ကလေးမွေးနေမှာ စိတ်ပူလို့ အိုဂျီဆရာဝန်ကို မေးတယ်။ ဆရာဝန်က “ဟေ့လူ သွားမှာ သွား။ ခင်ဗျားကလေး ခေါင်းမလှည့်သေးဘူး။ သုံးပတ်ထဲမှာ ဘယ်လိုမှ မမွေးဘူး”ဆိုတော့ စိတ်ချပြီး ခရီးထွက်သွားတယ်။ သူ ထွက်သွားပြီး တညကျတော့ “ဟဲ့ ကလေးခေါင်းဆိုတာ ခုလှည့်ရင် ခုကျတာပဲ”ဆိုပြီး အိပ်မက်ထဲမှာ မိန်းမကြီးတယောက်က လာပြောတာကို စိတ်ထဲ စွဲပြီး ကျမ ပြန်အိပ်လို့မရတော့ ညဘက်ကြီး ကိုမျိုးဝင်းကို ဖုန်းဆက်ပြီး လှမ်းမေးတယ်။ “ဘယ်တော့ ပြန်လာမလဲ”ပေါ့။ “အခုမှ သွားတာပဲ။ ပြန်လာမှာပေါ့” “မွေးရင် မမီဘဲ နေမယ်” “ဆရာဝန်က ပြောသားပဲ မိန်းမရယ်။ သုံးပတ်အတွင်းမှာ ဘယ်လိုမှ မမွေးဘူးဆိုတာ” အဲဒီလိုပြောပြီး နောက်ရက်ပဲ သားသား မွေးတော့တာပဲ။ မွေးတာက မဲဟောင်ဆောင် ဆေးရုံမှာ။ သမီးလိုချင်တယ် ဆိုပေမယ့် ကိုမျိုးဝင်း လိုချင်တဲ့ သားလေး ရလာတော့လဲ ကျမ ကျေနပ်ပါတယ်။ ဘာလေးမွေးမွေး ချစ်ရမှာပဲဟာ။ သားက ဖြူတုတ် ၀ခဲနေတာပဲ။ ကိုမျိုးဝင်းကို “ယောက်ျားလေး။ တတုံးတခဲကြီး။ ဖြူဖြူဥဥနဲ့” ဆိုပြီး ဖုန်းဆက် အကြောင်းကြားပေးကြတယ်။ ကိုမျိုးဝင်းလဲ အရမ်းပျော်နေတာပေါ့။မွေးပြီး ၁၀ နာရီလောက် ကြာတော့ သားမျက်စိတွေ အပေါ်ကို လန်တက်နေတာ ကျမ တွေ့ရော။ ဒါပေမယ့် သား တက်နေမှန်း မသိသေးဘူး။ “ဆရာမ... ဆရာမ။ လုပ်ပါဦး။ ကျမသားလေးမျက်စိ ဘာဖြစ်လဲ မသိဘူး” သူနာပြုဆရာမကို လှမ်းပြောတော့ လာကြည့်ပြီး ကလေးကို ချက်ချင်းခေါ်သွားတယ်။ သားက မွေးပြီး မကြာဘူး။ တက်နေပြီလေ။ အဖျားပါရှိနေတယ်။ နောက်မှ သိရတာက သားက သန္ဓေသားဘ၀မှာကတည်းက ခံလိုက်ရတဲ့ CMV ဗိုင်းရပ်ကြောင့် မွေးရာပါ ဦးနှောက်မဖွံ့ဖြိုးတဲ့ ရောဂါပေါ့။ ဒီ CMV ဗိုင်းရပ်ပိုးက အမျိုးသမီး ၆၀ ရာနှုန်းမှာ ရှိတယ်။ ဒီတိုင်းကတော့ အန္တရာယ် မရှိဘူး။ မိခင်တွေ ကိုယ်ဝန်ရှိတုန်း အရမ်းအားနည်းတဲ့ အခါမျိုးမှာ အဲဒီပိုးက ထ,တတ်တယ်။ ကလေးရဲ့ ဦးနှောက်ကို သူက ဖျက်ဆီးတယ်လေ။ သားက အဲဒီဗိုင်းရပ်ဒဏ် ခံလိုက်ရတာ။သားက မွေးရာပါ ဦးနှောက်မဖွံ့တော့ ဦးခေါင်းခွံက ကြီးပြီး သားဦးနှောက်က သေးနေတယ်။ ခေါင်းခွံက အလယ်ဆက် နေရာတွေမှာ တခြားကလေးတွေလို ပြေပြေပြစ်ပြစ် မဟုတ်ဘဲ လှိုင်းလို အကန့်ဖြစ်ပြီး ထပ်နေတာ။ ဒါတွေကို နောက်မှ နားလည်တဲ့လူတွေ ပြောပြလို့ ကျမ သိရတယ်။ သား မွေးလာတုန်းကတော့ အရမ်းထွားပြီး ဖြူတုတ်နေတဲ့ သားကို ကြည့်ပြီး ပျော်ဖို့ပဲ သိတာ။ “ချစ်စရာကောင်းတယ်၊ ထွားထွားကြီး” ဆိုတာပဲ သိတယ်။ ခေါင်းက အရမ်းကြီးနေတာ အပြစ်မမြင်မိဘူး။ သားသမီးဆိုတော့လဲ ကြည့်လိုက်တိုင်း ဘယ်အပြစ်ရှာတွေ့မလဲနော့။ သားကို ကျမဆီကနေခေါ်ပြီး အထူးခန်းထဲလဲ ပို့လိုက်ရော စိတ်ထဲမှာ သားအတွက် စိုးရိမ်လိုက်တာ စကားလုံးနဲ့ကို ထုတ်ရှင်းမပြတတ်ဘူး။ ကျမဘေးမှာ သားခေါင်းအုံးလေးနဲ့ အနှီးဖြူဖြူလေး ခင်းထားတယ်။ သားကို ဆရာမတွေ ပြန်လာပို့ရင် သူ့အမေဘေးမှာ အဆင်သင့် အိပ်နိုင်အောင်။ လာစောင့်တဲ့ သူငယ်ချင်းမက သိမ်းပေးမယ်လုပ်တော့ “မသိမ်းပါနဲ့။ သားသား ပြန်လာလိမ့်မယ်” ပြောရတယ်။ နောက်ရက် သား ပြန်မလာသေးတော့ ကျမ သားကို ထားတဲ့ အခန်းထဲ လိုက်သွားကြည့်တယ်။ မွေးစ, အရွယ်လေးနဲ့တောင် မလိုက်ဘူး သူ့ခမျာ။ နှာခေါင်းမှာလဲ ပိုက်တွေနဲ့။ ခြေတွေလက်တွေမှာလဲ ကျမ မရင်းနှီးတဲ့ ပစ္စည်းတွေနဲ့။ ဘာတွေမှန်း မသိဘူး။ လိုအပ်တဲ့ ကိရိယာတွေပေါ့။ အရမ်းထွားတဲ့ သားက ဖန်ပေါင်းချောင်ထဲ ထည့်ထားတာ အပြင်က မြင်ရတော့ သေးသေးလေး။ နို့လဲ တိုက်လို့ မရဘူး။ ကျမ မကြည့်ရက်ဘူး။ ကိုမျိုးဝင်းက သားအမိ နှစ်ယောက်လုံးကို တွေ့ရအောင် ပြန်လာတာ မဲဆောက်လေယာဉ်ကွင်းမှာ အဖမ်းခံလိုက်ရသေးတယ်။ သားအဖေ ကိုမျိုးဝင်းက အဲဒီတုန်းက တောထဲမှာ နေတာ များတယ်လေ။ ခရီးထွက်တာ ရှိပေမယ့် ဒီလို လေယာဉ်စီးခဲတယ်။ သူများနိုင်ငံမြေပေါ်ဆိုတော့ နားလည်မှု ဘယ်လောက်ပေးပေး လေဆိပ်လို လုံခြုံရေး တင်းကျပ်တဲ့ နေရာမျိုးမှာတော့ သူပုန်ခေါင်း ဆောင်လဲ ဘယ်ရမလဲ။ သားအဖေ လွတ်လာအောင် ပြန်လိုက်ထုတ်တာကတော့ တော်လှန်ရေးအဖွဲ့အစည်းက ဖထီးတွေပဲ လိုက်ထုတ်ပေးကြပါတယ်။
မင်္ဂလာဆောင်တဲ့နေ့က သားအဖေနဲ့အမေ ဖြစ်လာမယ့် သတို့သားနဲ့ သတို့သမီးကျမ အဲဒီလို ပြဿနာဖြစ်နေတော့ သူက ပေါ်မလာဘူး။ ကျမလဲ မျှော်တာပေါ့။ ဘာလို့ မလာပါလိမ့်ဆိုပြီး။ လူတွေကလဲ ကျမ သွေးနုသားနုနဲ့ဆိုတော့ ဘာဖြစ်လဲ ပြောမပြဘူး။ “ဟိုနေ့လာမယ်”၊ “ဒီနေ့လာမယ်”နဲ့ပဲ ကျမ စိတ်ချမ်းသာအောင် ပြောထားတာ။ ကိုမျိုးဝင်း ရောက်လာတော့ ကျမလဲ ဆေးရုံက ဆင်းပြီ။ သားကတော့ ဆေးရုံမှာပဲ ကျန်ခဲ့တယ်။ ကလေးကို အမေနို့ တိုက်လို့ရတယ် ပြောလို့ ကျမ နို့ညှစ်ပြီး နို့ဘူးထဲထည့်၊ ကိုမျိုးဝင်းက နို့ဘူးကို ဆေးရုံယူသွားပြီး သူ့သားဆီ တနေ့နှစ်ခါ သွားပို့ရတယ်။ သားက အမေနို့ ကိုယ်တိုင် မစို့နိုင်ဘူး။ နို့ဘူးလဲ စို့လို့ မရဘူး။ ဇွန်းနဲ့၊ ဒါမှမဟုတ် ခွက်စောင်းလေးနဲ့ သူ့ပါးစပ်နား တေ့ပေးရတယ်။ သားက နို့စို့ရင် အသက်ရှူလို့ မရဘူးလေ။ နှစ်လလောက်နေတော့ သား အိမ်ပြန်ရောက်လာတယ်။ မွေးတုန်းက သုံးကီလိုကျော်ကျော်ရှိတဲ့ သားက ဆေးရုံက ပြန်ဆင်းလာ တော့ သေးသေးလေးပဲ ကျန်တော့တယ်။ မွေးစက အရမ်းထွားတဲ့ သားနဲ့ တခြားစီ ဖြစ်သွားပြီ။ ဒါပေမယ့် သားပြန်လာတဲ့နေ့က မွေးတဲ့နေ့ထက်တောင် ကျမ ပျော်တယ်... သားပြန်ရောက်ပြီဆိုပြီး။ ကျမ တချိန်လုံး မျှော်နေတာ လေ။ ဘယ်တော့ သား ပြန်ရောက်မလဲ၊ ဘယ်တော့ သူနဲ့ တူတူ ပြန်နေရမလဲ၊ ဒါပဲ နေ့တိုင်းတွေးပြီး တချိန်လုံး လွမ်းနေတာ။ သားပြန်ရောက်လာတော့ ချီရပွေ့ရနဲ့ ပျော်လိုက်တာ အရမ်းပဲ။ ဒါပေမယ့် သားက တချိန်လုံး ငိုနေတယ်။ သူ ဘာတွေ ခံစားနေရမှန်း ကျမနဲ့ သူ့အဖေလဲ မသိ၊ သားကလဲ ပြောမပြနိုင်နဲ့။ တရက်တော့ မနက်စောစောမှာ သား တက်နေတာ တွေ့တယ်။ မျက်လုံးတွေက အထက်ကို လန်လို့။ အဲဒီမှာ ချက်ချင်း ဆရာဝန်ပြတော့ ဆရာဝန်က “ကလေးဦးနှောက် တခုခု ဖြစ်တာ”ဆိုပြီး ချင်းမိုင်က ဦးနှောက်အာရုံကြော ပါရဂူဆီ ခေါ်သွားခိုင်းတယ်။ မဲဟောင်ဆောင် ဆရာဝန်က ကလေးဦးခေါင်းခွံကို မြင်ကတည်းက ဒီကလေးက ဦးနှောက်မဖွံ့ဖြိုးဘူးဆိုတာ မွေးစ,ကတည်း က သူ သိတယ်။ ကျမတို့ကို ထုတ်မပြောတာ။ ချင်းမိုင်သွားတော့ ဆရာဝန်နဲ့ မတွေ့ခင်မှာ သားက ခဏခဏ ထပ်တက်သေးတယ်။ တက်တာနဲ့ ချင်းမိုင်ဆေးရုံ ခေါ်သွားတယ်။ အဲဒီမှာ စစ်တော့မှ ဦးနှောက်ဆဲလ်တွေ တော်တော်များများ သားမှာ ပျက်နေတာ တွေ့တယ်။ ဆရာဝန်က ကျမတို့ လင်မယား နှစ်ယောက်လုံးကို မျက်နှာချင်းဆိုင်ပြီး စကားစ, ချီတယ်။ “ခင်ဗျားတို့ စိတ်ခိုင်ခိုင်ထားပြီး နားထောင်ပါ၊ ဒီကလေးရဲ့ အခြေအနေက...” သားဟာ ဦးနှောက် ပျက်စီးချွတ်ယွင်းပြီး မွေးလာတဲ့အကြောင်း ဆရာဝန်က အဖေနဲ့အမေ နားခံသာမယ့် အသုံးအနှုန်းတွေ ကြိုးစား ရွေးပြီး ပြောပြနေတယ်။ ဆရာဝန် ရှင်းပြနေတဲ့ တလျှောက်လုံး ကျမစိတ်ထဲမှာ “သား ပြန်ကောင်းအောင် ရနိုင်သမျှ နည်းလမ်းတွေ အကုန်သုံးမယ်။ ရအောင် ကြိုးစားမယ်”လို့ပဲ တွေးနေတယ်။ သားဟာ အသက်လဲ ရှည်ဖို့ မလွယ်ဘူး၊ မသေခင် ဘ၀တသက်လဲ ဒီလိုပဲ နေသွားရတော့မယ်လို့ ဆရာဝန် ပြောတာကို နည်းနည်းမှ လက်မခံနိုင်ဘူး။ “သားလေး ပြန်နေကောင်းရမယ်။ အသက်ရှည်ရမယ်”ဆိုပြီး စိတ်ကို ရအောင် ဆွဲတင်းထားတာ။ ကိုမျိုးဝင်းက စစ်သားပေမယ့် သား ဒီလို ဖြစ်ရတယ်ဆိုတဲ့အချိန်မှာ မျက်ရည် မထိန်းနိုင်တော့ဘူး။ ဆရာဝန်နဲ့ အပြန်အလှန် ဆွေးနွေးပြီး သူ စိတ်ချမ်းသာအောင်လဲ ဆရာဝန်က အဖြေမပေးနိုင်ရော သားအဖေ အရမ်းစိတ်ထိခိုက်သွားတယ်။ နောက်ပိုင်းလဲ ကျမကွယ်ရာ သွားပြီး မျက်ရည်တွေ ကျကျနေတာ တွေ့တယ်။ ကျမကတော့ သားကို ကုလို့ရမယ်လို့ပဲ တထစ်ချကြီး စိတ်ထဲမှာ ထင်နေတယ်။ ဆေးစစ်ချက် ထွက်လာတာက သားက အဆုတ်မကောင်းဘူး၊ အစာမျိုလမ်းကြောင်းတွေလဲ မသန်ဘူးတဲ့။ သူ့ခမျာ အစာမျိုရင်လဲ ချောင်းဆိုးတာတို့ သီးတာတို့ ခဏခဏ ဖြစ်တယ်။ ခြောက်လအထိ သား လက်တွေခြေတွေ ကန်နိုင်ရုန်းနိုင်သေးတယ်။ ပါးစပ်ကလဲ ၀ူးဝူးဝါးဝါး အော်နိုင်တယ်။ ခြောက်လသားမှာ သူ အကြီးအကျယ် နေမကောင်း ဖြစ်တယ်။ တက်လိုက်တာ အရမ်းပဲ။ အဲဒီလို ခဏခဏ တက်ပြီးတဲ့နောက်မှာ ဦးနှောက်တွေ ထပ်ပျက်စီးတယ်။ ကိုယ်လက်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ နေရာတွေပါ ထိသွားတာ။ နဂိုထက် ပိုပျက်စီးသွားတယ်။ အဲဒီမှာ သားနောင်ရေးအတွက် ကျမတို့ တွေးရပြီ။ ထိုင်းမှာဆိုရင် မသန်မစွမ်း ကလေးတွေအပေါ် ထားတဲ့စိတ်က သိပ်လူရာသွင်းချင်တာ မရှိဘူးလေ။ ကြီးလာရင်လဲ သူ့အတွက် ပတ်ဝန်းကျင် သိပ်ရှိမှာ မဟုတ်ဘူး။ ဒီတော့ ကျမတို့ စဉ်းစားရတယ်။ သားအဖေက သူ့တာဝန်တွေ ရှိတဲ့နေရာမှာ ကျန်ခဲ့၊ ကျမက သားကိုခေါ်ပြီး တတိယနိုင်ငံမှာ ဆေးသွားကုမယ်။ သား ကြီးလာရင်လဲ သူ့ကို ပြုစုပျိုးထောင်ပေးမယ့် ဆရာဝန်ဆရာမတွေ၊ သူနဲ့ ဘ၀တူ ကလေးတွေနဲ့ သူ့အတွက် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းလေးတခု ရအောင်ပေါ့။ ကိုမျိုးဝင်းလဲ စဉ်းစားပြီး သားအခြေအနေ တိုးတက်လာစေချင်တာရယ်၊ သား အသက်ရှည်စေချင်တာရယ် ဒီနှစ်ချက်နဲ့ပဲ သားကို ခွဲဖို့ သူ သဘောတူလိုက်တယ်။ အဲဒီလို စီစဉ်နေတဲ့ အချိန်မှာ သားအခြေအနေက တအား ဆိုးလာနေပြီ။ တက်တာတွေ များလာတယ်။ အောက်ဆီဂျင်နဲ့မှ နေလို့ရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတယ်။
သားနဲ့ သူ့အဖေ ဘယ်နားပဲနေနေ ဒုက္ခတွေကတော့ ကင်းဖို့ မရှိဘူး။ ဒါပေမယ့် ထိုင်းမှာဆို သူ့ဆေးဖိုးဝါးခ၊ ဆရာဝန်စရိတ်၊ အောက်ဆီဂျင်နဲ့ လိုအပ်တဲ့ ကိရိယာတွေအတွက် ရေရှည် ကုန်ကျစရိတ်။ ဒါတွေ ဘယ်လို တတ်နိုင်မလဲ။ ကျမတို့ မျိုးစုံ စဉ်းစားတယ်။ တတိယနိုင်ငံထွက်ရင် ကျမအတွက် ကောင်းမလားဆိုးမလား၊ ရှေ့မှာ ဘာတွေ ကြုံရမလဲ ကျမ မသိဘူး။ ဘာသာစကားလဲ မကျွမ်းကျင်သေး၊ ရင်ဆိုင်ရမယ့် ပတ်ဝန်းကျင်ကလဲ အသစ်။ ကိုမျိုးဝင်းကလဲ သူ့တာဝန်တွေကို စွန့်ပြီး လိုက်နိုင်မှာ မဟုတ်ဘူး။ ကျမအတွက်တော့ အဆိုးတွေပဲ ကြိုတွက်ထားတယ်။ ဒါပေမယ့် သားလေးအတွက်တော့ ကောင်းလာမယ်ပဲ မျှော်လင့်တယ်။ ဘယ်လောက် ကောင်းလာမလဲတော့ မသိဘူး။ သူ့အတွက် ကောင်းတာတွေ ဖြစ်လာဖို့ပဲ အရင်ကတည်းက ဘာဖြစ်ဖြစ် မျှော်လင့်ခဲ့သလို ခုလဲ မျှော်လင့်တုန်းပဲ။ တတိယနိုင်ငံ ထွက်ရတော့မယ်ဆိုတော့ မထွက်ခင်မှာ သားကို ဆရာဝန်၊ ဆရာမတွေ လုပ်ပေးသမျှ အားလုံး ကျမ လိုက်မှတ်ထားတယ်။ အစာပိုက်ကို ဘယ်လို ထည့်သလဲ၊ ချွဲစုပ်စက် ဘယ်လို စုပ်လဲ အကုန်လုံး သင်တယ်။ သူတို့ကိုလဲ မေးတယ်။ သားက လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးရတယ်။ ခြေလက်တွေ အခြေအနေ တိုးတက်လာအောင်။ သားကို ကျမဟာကျမ လုပ်ပေးတတ်အောင် ကျမကို သင်ပေးပါဆိုတော့ သူတို့က အမျိုး ၂၀ လောက်ကို တချိန်တည်း လုပ်ပြလိုက်ရော။ အဲဒါမှ ဒုက္ခတွေ့တာက အဲဒီ အမျိုး ၂၀ လုံးကို တချိန်တည်း ကျမလဲ အကုန် မမှတ်မိ။ သူတို့ကလဲ နှစ်လနေမှ နောက်တခေါက် ထပ်ချိန်းတာ။ ရူပကုထုံးလို့ မြန်မာလို ခေါ်တဲ့ ဖိဆီရိုသရပီက တနာရီ ဘတ် ၃၀၀ ပေးရတယ်။ ခန္ဓာကိုယ် အကြောအခြင်တွေကို လေ့ကျင့်ခန်းလုပ်ပေးပြီး ကုတာပေါ့။ စုထားတဲ့ ပိုက်ဆံလေး မကုန်မချင်း သွားတယ်။ ကုန်သွားတော့ မသွားနိုင်တော့ဘူးလေ။ အဲဒီကျတော့ အိမ်မှာပဲ ကိုယ့်ဟာကိုယ် လေ့ကျင့်ခန်း လုပ်ပေးရတယ်။ နောက်တော့ နော်ဝေ သွားရမယ်ဆိုတာ ယူအန်အိပ်ခ်ျစီအာက ပြောလာတယ်။ ဒါပေမယ့် နော်ဝေက လက်ခံလိုက်ပြီ ဆိုတာတောင် လေယာဉ်တွေက လက်မခံဘူး။ သားကို မတင်ရဲဘူး။ ဆရာဝန် ဆေးစာထဲမှာလဲ ကလေးက တက်တတ်တယ်၊ တနေ့ကို ခြောက်ကြိမ်နဲ့ ၁၀ ကြိမ်ကြား တက်တယ်၊ တခါတက်ရင် စက္ကန့်ပိုင်းလောက်ဆိုတော့ ၂၄ နာရီ အချိန်ပြည့် သတိထားကြည့်မနေရင် တက်လို့ တက်မှန်းတောင် မသိဘူး ဆိုတာတွေ ရေးထားတော့ ဒါကို လေယာဉ်လိုင်းတွေက ကြောက်တယ် ထင်ပါတယ်။ လေယာဉ်ပေါ် သယ်သွားရင်လဲ အောက်ဆီဂျင်ဘူးတွေပါ သယ်သွားရမယ့် အရေးကြီးလူနာဆိုတော့ ဒါတွေလဲ ထည့်တွက်ပါလိမ့်မယ်။ ဘယ်လေကြောင်းကမှ လက်မခံတော့ မသွားရဘဲ လေးငါးခြောက်လ ကြာနေတယ်။ ကံကောင်းချင်တော့ ဘန်ကောက် ယူအန်အိပ်ခ်ျစီအာရုံးကို ရုရှားဆရာဝန်တယောက် အသစ်ရောက်လာပါလေရော။ အဲဒီဆရာဝန်က သားကိစ္စကို ကိုင်ရတယ်။ အဲဒီမှာ သူက ဆေးအစီရင်ခံစာတွေကို လျှော့လျှော့ပေါ့ပေါ့ ပြန်ရေးပြီး လေကြောင်းလိုင်းတွေကို ပြန်ပို့ပေးတယ်။ ပြင်ရေးလဲ ဘယ်လေကြောင်းကမှ လက်မခံဘူး။ လေကြောင်းလိုင်းတွေက အချက်အလက်တွေ ကွန်ပျူတာ ပရိုဂရမ်နဲ့ သိမ်းထားတော့ သားနာမည် ကွန်ပျူတာမှာ ရိုက်လိုက်တာနဲ့ သားအကြောင်း အရင်မှတ်တမ်းတွေက ပြန်ပေါ်လာတယ်လေ။ ထိုင်းအဲယားဝေးနဲ့ကျမှ လက်ခံလိုက်တာ။ ဒါတောင် အရင်တုန်းက ထိုင်းအဲယားဝေးကလဲ သားကို မတင်နိုင်ဘူးလို့ ငြင်းထားတာပဲ။ ရုရှားဆရာဝန် ပြောတာက သားနဲ့ ပတ်သက်တဲ့ အရင် မှတ်တမ်းဟောင်းတွေ သူတို့ ရှာမတွေ့တာလား၊ အချက်အလက် သိမ်းတာပဲ စနစ်မကျလို့လား မသိဘူးတဲ့။ နော်ဝေထိ သူနာပြုဆရာမ တယောက်နဲ့အတူ အဲဒီဆရာဝန်ပါ လိုက်ပို့တယ်။ x x x နော်ဝေ ရောက်လာတော့ သား နှစ်နှစ်နဲ့ ၁၀ လ ရှိပြီ။ နော်ဝေကျတော့ သားအတွက် ရုပ်ဝတ္ထုပစ္စည်း ကူညီတဲ့အပိုင်းမှာ လိုလေသေးမရှိ အကုန်ရတယ်။ သားကို စောင့်ရှောက်တဲ့ ၀န်ထမ်းတွေဆိုလဲ ၂၄ နာရီ ပေးထားတယ်။ တရက် နှစ်ဆိုင်းပေါ့။ သားနားမှာ အလှည့်ကျ တာဝန်ယူတာ ခုနစ်ယောက်လောက် ရှိတယ်။ ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးတဲ့လူလဲ ထားပေးတယ်။ ဟိုမှာလို သားအတွက် လေ့ကျင့်ခန်း လုပ်ပေးဖို့ တနာရီ ဘတ် ၃၀၀ မတတ်နိုင်လို့ ပူရတာ မရှိတော့ဘူး။ ကျမရယ်၊ သားကို ပြုစုပေးနေတဲ့ အဖွဲ့ခေါင်းဆောင်ရယ်၊ ဆရာဝန်ရယ် ဆေးရုံမှာ တလတခါ တွေ့ရတယ်။ သားအခြေအနေ ဆွေးနွေးတယ်။ အိမ်မှာ လုပ်သင့်တာတွေလဲ အမြဲ ညွှန်တယ်။ အိမ်လာပြုစုဖို့ တာဝန်ကျတဲ့ သူတွေက အစီရင်ခံစာ ရေးပြီး သားဖိုင်ထဲမှာ ထည့်ထားရတယ်။ အောက်ဆီဂျင်ကို ဘယ်အချိန် ပေးသင့်တယ်၊ ဘယ်အချိန် မပေးသင့်ဘူး၊ ချွဲစုပ်ရင် ဘယ်လို ဆိုတာတွေ လိုအပ်သမျှ အားလုံး မှတ်တမ်းတင်ထားရတယ်။ သား နော်ဝေရောက်လာပြီး ပထမ နှစ်လအတွင်းမှာတော့ သက်သာလာတယ် ကျမ ထင်တာပဲ။ ရယ်ပြ ပြုံးပြတယ်။ အောက်ဆီဂျင်လဲ အမြဲတမ်း မလိုဘူး။ ဆောင်းတွင်း ရောက်လာပြီ ဆိုရင်တော့ သား ဆေးရုံတက်ရပြီ။ ကိုယ်ခံအားစနစ် မကောင်းတော့ အအေးမိလွယ်၊ ဗိုင်းရပ်ပိုး ကူးစက်လွယ်တယ်လေ။
အမေကို သေချာစိုက်ကြည့်နေတဲ့ သား သား သုံးနှစ်ခွဲ ကျော်ကျော်မှာ တရက်တော့ နမိုးနီးယား အကြီးအကျယ် ဖြစ်ပါလေရော။ ဆရာဝန်က... “ခင်ဗျားသားတော့ မရတော့ဘူး၊ သူ့အဖေ လှမ်းခေါ်ချင် ခေါ်ပါ” ကိုမျိုးဝင်းကို အကြောင်းကြားလိုက်တော့ သူ့သား အသက်မီအောင် ချက်ချင်း လိုက်ချလာတယ်။ သူ့အဖေ သားဆီလဲ ရောက်လာရော နော်ဝေသူနာပြုဆရာမက ကျမတို့ကို ကျောပေးပြီး မျက်ရည်တွေ ပေါက်ပေါက်ပေါက်ပေါက် ကျနေတယ်။ သားကတော့ အဲဒီအချိန်မှာ ပြန်သက်သာနေပြီ။ သား ဒီတောင်က ကျော်တာ သေချာတော့မှ သူ့အဖေလဲ ပြန်သွားတယ်။ သားက အောက်ဆီဂျင် အမြဲ လိုနေတယ်။ နောက်ပိုင်းကျ အောက်ဆီဂျင် ဖြုတ်လို့ကို မရတော့ပြန်ဘူး။ ခဏခဏ အသက်ရှူကျပ်ပြီး ဆေးရုံပို့ရတယ်။ ဆရာဝန်က နောက်ဆုံး မေးလာတယ်။ “တကယ်လို့ ခင်ဗျားသားက သူ့ဟာသူ အသက်မရှူနိုင်တော့ရင် Respirator (အသက်ရှူစက်) သုံးမလား” ဘာမှ ဆုံးဖြတ်မပေးနိုင်၊ အဖြေမပေးနိုင်တဲ့ သားကိုယ်စား သားနေရာကနေ ဘာအကောင်းဆုံး ဖြစ်မလဲ ကျမ ကူစဉ်းစားပေးတယ်။ သားအခြေအနေက ဒီ့ထက် ဆိုးလာဖို့ပဲ ရှိတယ်။ ကောင်းလာဖို့ မရှိဘူး။ ဒီတော့ စိတ်တင်းပြီး အဖြေတခု ပေးလိုက်ရတယ်။ “ကျမသားကို သူ့ဟာသူ အသက်ရှူနိုင်သရွေ့ သားအသက်ရှင်စေချင်တယ်။ အသက်မရှူနိုင်တော့ဘူး ဆိုရင်တော့ သားကံကြမ္မာ အတိုင်း ရှိပါစေတော့။ အသက်ရှူစက်တွေနဲ့ သားကို မကြည့်ရက်တော့ဘူး” ကျမပြောတာကို သူတို့က ကွန်ပျူတာထဲမှာ စာရိုက်ပြီး ထုတ်လိုက်တယ်။ ပြီးတော့ မိခင်က ဒီလိုပြောပါတယ်ဆိုတာ အဲဒီစာရွက်ပေါ်မှာ ကျမကို လက်မှတ်ထိုးခိုင်းတယ်။ ဆရာဝန်တွေကလဲ ခဏခဏ ပြောင်းတယ်လေ။ သားကို တာဝန်ယူရတဲ့ ဆရာဝန် နောက်တယောက် ပြောင်းပြီဆို အဲဒီ ဆရာဝန်သစ်က မေးပြန်ရော။ “ခင်ဗျား ဒီလို ပြောထားတာ ဖတ်ရတယ်။ ဒီစကား အတည်ပဲလား” “ဟုတ်ပါတယ်” နောက်ဆရာဝန် ပြောင်းရင်လဲ မေးပြန်ပြီ။ ဖြေရတဲ့လူက မသက်သာဘူး။ ကျမက အဲဒီအချိန် တနေ့ ရောက်လာတော့မယ်ဆိုတာ သိပေမယ့် မစဉ်းစားချင်ဘူး။ မေ့ထားချင်တယ်။ နောက်ဆုံး တောင်းပန်ရတယ်။ “ရှင်တို့ ကျမကို ဒီအကြောင်း မမေးလို့ မရဘူးလား” ကျမ မေ့ထားချင်လဲ မရပါဘူး။ တဖြည်းဖြည်းနဲ့ သားက အောက်ဆီဂျင် တပ်မထားရင် အသက်ရှူလို့ မရတဲ့ အခြေအနေ ရောက်လာပြီ။ ဒီကြားထဲ ရှူတဲ့ ၀င်လေကို ကောင်းကောင်း ပြန်မထုတ်တော့ သွေးထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် များတဲ့ ပြဿနာတွေ သူ့မှာ တက်လာတယ်။ အောက်ဆီဂျင်က အမြဲလို၊ ကာဗွန်ဒိုင်အောက်ဆိုဒ်က အမြဲပိုနေတဲ့ ဒဏ်ကို သားခမျာ ခံနေရပြီ။ သား လေးနှစ်ခွဲမှာ အဖျားဝင်ပြီး နည်းနည်း နေမကောင်း ဖြစ်လာတဲ့တရက် ကျမ ဆေးရုံသွားပို့တယ်။ အဖျားပဲဝင်ဝင်၊ အဆုတ်အအေးပဲမိမိ စိတ်ချရအောင် ဆေးရုံ သွားထားနေကျမို့သာ ဆေးရုံ ပို့ပေးလိုက်တာ။ ဆိုးဆိုးရွားရွားကြီး နေမကောင်း ဖြစ်တာမဟုတ်တော့ စိတ်သိပ်မပူသေးဘူး။ ဒါပေမယ့် ဆရာဝန်က အိမ်ပြန်ခေါ်သွားလို့ရပြီဆိုတော့ အရမ်း စိတ်ပူမနေပေမယ့် ကျမ ငြင်းမိတယ်။ ”ကလေးက ဒီရက် နေကောင်းလိုက်၊ နောက်ရက် နေမကောင်းလိုက် အဲဒီလို ဖြစ်နေတယ်။ ကျမ ပြန်ခေါ်မသွားချင်သေးဘူး။ ဆေးရုံမှာပဲ စောင့်ရှောက်ပေးပါ” အဲဒီညမှာ သား တညလုံး အိပ်တယ်။ ကျမထင်တာကို ပြောတာနော်။ ကျမကတော့ သား နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတယ် ထင်တာပဲ။ သားတကိုယ်လုံးလဲ ပျော့ဖတ်နေတယ်။ သားနားမှာ တချိန်လုံး စောင့်ရင်း ကျမလဲ အရမ်းပင်ပန်းနေပြီ။ နောက်တနေ့ညနေကျတော့ သားကို ပြုစုတဲ့ အဖွဲ့ထဲက အလှည့်ကျ တဲ့သူကို ပြောရတယ်။ “ကျမ အရမ်း မောနေပြီ။ အိမ်မှာ ပြန်အိပ်လိုက်ဦးမယ်” အိမ်ရောက်ပြီး မကြာပါဘူး။ ဆေးရုံက ဖုန်းဆက်လာတယ်။ “အေရီ..အေရီ။ သားသား အသက်ကောင်းကောင်း မရှူဘူး။ နင့်ကို အခု ငါတို့ လာခေါ်မယ်” ကျမနာမည် “အေး”ဆိုတဲ့ အင်္ဂလိပ် စာလုံးပေါင်းကို နော်ဝေအသံထွက်နဲ့ အေရီလို့ ခေါ်ကြတယ်လေ။ သားနာမည် “မျိုးခန့်ဇော်”ကိုလဲ ခေါ်ရခက်တော့ “သားသား”လို့ပဲ ကျမခေါ်သလို ခေါ်ဖို့ ပြောပြထားရတာ။ တကယ်တော့ မနက်ကတည်းက သားသွေးထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ အဆမတန် များနေတာ ဆရာဝန်တွေ သိတယ်။ ကျမကို ထုတ်မပြောတာ။ သား သွေးရိုးသားရိုး အိပ်နေတာ မဟုတ်ဘူး၊ သွေးထဲမှာ အဆိပ်ဖြစ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် သတိလစ်နေတာဆိုတာလဲ သူတို့ သိတယ်။ ပျော့ဖတ်နေတာလဲ ရိုးရိုးမဟုတ်ဘူးလေ။ သူတို့ လှမ်းခေါ်လို့ ညနေ ၆ နာရီမှာ ကျမ ချက်ချင်း ဆေးရုံပြန်ရောက်လာတော့ သားတကိုယ်လုံး ပျော့ဖတ်နေတာ ပုံမှန်မဟုတ်မှန်း ရိပ်မိလိုက်ပြီ။ သားကို ကျမ လက်ထဲက ပြန်မချတော့ပဲ တချိန်လုံး ပွေ့ထားလိုက်တယ်။ အဲဒီနေ့က သားအသက် လေးနှစ်နဲ့ ခြောက်လ တင်းတင်းပြည့်တဲ့နေ့။ ကျမလက်ထဲမှာ သားက မျှဉ်းမျှဉ်းလေး အသက်ရှူနေတယ်။ မနေ့ညကတည်းက အိပ်နေတဲ့ သားက ပြန်ကို နိုးမလာတာ။ ဆရာဝန်တွေကလဲ ဆက်ဖုံးမထားတော့ဘဲ မအေကို ဗြောင်ထုတ်အသိပေးလို့ ဒါ သားနဲ့ နောက်ဆုံး အတူနေရတဲ့ညဆိုတာ ကျမ သိလိုက်ပြီ။
ချစ်ဖို့ အရမ်းကောင်းတယ် ဟုတ်... အဲဒါ ကျမသားပေါ့ ည ၁၀ နာရီလောက်မှာ သားအသက်ရှူ တဖြည်းဖြည်း ကျဲလာတော့ သားကို ပွေ့ထားရင်း သားအဖေဆီကို ကျမ ဖုန်းခေါ်လိုက် တယ်။ “ကို... သား အခု မိနစ်ပိုင်းအတွင်း ဆုံးတော့မယ်။ သားကို တခုခုပြောလိုက်ပါ” ကိုမျိုးဝင်း ဘာပြောလိုက်ရမှန်းကို မသိရှာဘူး။ တနေ့ ဒါကို ရင်ဆိုင်ရတော့မယ်ဆိုတာ နားလည်ထားပေမယ့် ခုဟာက မထင်မှတ်ဘဲ ဗြုန်းခနဲကြီးလေ။ ပြီးတော့ သူ့သား အသက်ပိုရှည်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သားကို အကွဲခံလိုက်တာတောင်မှ ခု သား အပြီးထွက်သွားတော့မယ့် အချိန်မှာ သူ မမြင်ရ၊ မပွေ့ရတဲ့ အဝေးမှာ။ “ကို... ဘာပြောရမလဲ” “တခုခုတော့ ပြောလိုက်ပါ။ သားကို..” ကျမ တယ်လီဖုန်းကို သားနားရွက်နား ကပ်ပေးလိုက်တယ်။ သူ့အဖေ ဘာပြောလိုက်လဲ၊ သားကို နောက်ဆုံး ဘယ်လို နှုတ်ဆက် လိုက်သလဲတော့ ကျမ မသိတော့ဘူး။ သူတို့သားအဖ နှစ်ကိုယ်ကြား ပြောကြပေစေလေ။ အဖေနဲ့သား နောက်ဆုံး စကားပြောပြီးတဲ့ အချိန်မှာ မျှဉ်းမျှဉ်းလေး အသက်ရှူနေတဲ့ သားက အသက်ရှူ တဖြည်းဖြည်း ကျဲလာပြီ။ ဆေးရုံပြန်ရောက်တဲ့ ညနေကတည်းက သား သွားတော့မယ်ဆိုတာ သိတာနဲ့ ကျမ ပွေ့ထားတာ ပြန်မချဖြစ်တော့ဘူးလေ။ အသက်ရှူ တဖြည်းဖြည်း ကျဲလာရာကနေ နောက်ဆုံး သား အသက်ရှူရပ်သွားတယ်။ x x x ည ၁၀ နာရီကျော်ကျော်မှာ သား သူ့အဖေနဲ့ ကျမကို အပြီးခွဲသွားတယ်။ ရင်ခွင်ထဲမှာ ပွေ့ထားတဲ့ သားက ကိုယ်ငွေ့ မပြယ်သေးပေမယ့် သား မရှိတော့ဘူးဆိုတာ ကျမ သိလို( | |