သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

 

ထင်ယောင်ထင်မှား ဖြစ်နိုင်သောအရာများ

ဝိသကြုံ

        ထေရ၀ါဒဟူသည် မြတ်ဗုဒ္ဓဟောကြားတော်မူသော သုတ်၊ ၀ိနည်း ၊ အဘိဓမ္မာ တရားတော်များကို ပထမသင်္ဂါယနာမှသည် ဆဋ္ဌသင်္ဂါယနာအထိ အဆင့်ဆင့် လက်ဆင့်ကမ်းကာ ထေရ်အရှင်တို့ အသက်ပေးကာ ထမ်းဆောင်လာခဲ့သော  တရားတော်ဆိုင်ရာ အယူဝါဒကို ထေရ၀ါဒ ဟု ခေါ်ဆိုကြပါသည်။ တဖန် မြတ်ဗုဒ္ဓ အဆုံးအမကိုပင်လျှင် “ ထေရ၀ါဒသာသနာ” ဟုခေါ်ဆိုကြပါသည်။

          မကြာသေးမီက စာရေးသူ၏ E-mail ကို check လုပ်ကြည့်ရာ E-mail , inbox တွင် ထေရ၀ါဒသာသနာ တည်ရှိဖို့ ဘာ့ကြောင့် အရေးကြီးသနည်း ဟူသော title ဖြင့် မေးလ်တစ်စောင် ၀င်ရောက်နေကြောင်း ဖတ်လိုက်ရပါသည်။

           ထိုမေးလ်တွင် သာသနာတော်ကြီးကို သံဃာတုများဖြင့် ရောနှောနေသည်ဖြစ်ရာ ထိုသံဃာတုများကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ပစ္စုပ္ပန်-သံသရာ အတွက် အားကိုးရာမရှိဘဲ ရတက်မအေးဖြစ်ရပါသည်။ အကြံအစည်ဖြင့် သံဃာတုများကို သံဃာစစ်များအတွင်း ရောနှောထားကြပြီး သာသနာတော်ကို ဖျက်လိုဖျက်ဆီးပြုလုပ်နေကြသော န-အ-ဖ စစ်အစိုးရကို သာသနာအတွက် တိုက်ဖျက်ကြပါစို့ ဟု ရေးသားထားကာ  တိုက်ဖျက်ပုံ အခြင်းအရာကိုလည်း ဆက်လက် ဖတ်ရှုခဲ့ရာ-

     သြောင်း၊ ဥုံ စသည်ခံကာ အတ္တနောမတိဖြင့် ပြုလုပ်ထားသော စာများကို ည(၉)နာရီတွင် ကိုးခေါက်ရွတ်ပြီး၊ ကြေးစည်(၉)ချက်တည်း၍ လည်းကောင်း၊ ည(၁၁)နာရီတွင် (၁၁)ခေါက်ရွတ်ပြီး ကြေးစည်(၁၁)ချက်တီးလျှင် သာသနာဖျက်တွေကို နတ် နဂါး ဂဠုန် စသည်တို့က တိုက်ဖျက်လိမ့်မည်ဖြစ်ကြောင်း ရေးသားထားပါသည်။ သူတို့ ရည်ရွယ်ချက်က “ထေရ၀ါဒ သာသနာတော်ကို ကာကွယ်ဖို”့ တဲ့။

            ဥုံ သြောင်း ခံပြီး ရွတ်ဆိုကာမျှဖြင့် ထေရ၀ါဒသာသနာကို မကာကွယ်နိုင်ပါချေ၊ အဘယ်ကြောင့်နည်းဟူမူ -

(၄၅)၀ါပတ်လုံး မြတ်ဗုဒ္ဓဟောတော်မူခဲ့သော တရားတော်များတွင် ဥုံ ၊ သြောင်း ဆိုသည့် စာလုံးများကို လုံးဝ မတွေ့ခဲ့ရပါ။ ထို ဥုံ သြောင်း စသည်တို့သည် ဗြဟ္မဏ၀ါဒမှ ဆင်းသက်လာခဲ့သည့်အရာများ ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ ဟောကြားထားသော ထေရ၀ါဒသာသနာတွင် ဥုံ-သြောင်းများသည် ယခင်ကလည်း မရှိခဲ့သကဲ့သို့ ယခုလည်း မရှိ၊ နှောင်လည်း ရှိမည်မဟုတ်ပါချေ။ ထို့ပြင် မြတ်ဘုရား၏သာသနာတော်ကြီးသည် အရွတ်အဖတ်ဖြင့်ကိစ္စပြီးသော အရာမဟုတ်ချေ။ ကိုယ်တိုင်လက်တွေ့ကျင့်သုံးမှရနိုင်သော အဆုံးအမများကိုသာ မြတ်ဘုရား ဟောတော်မူခဲ့ပါသည်။ သို့ပါလျက် ထေရ၀ါဒသာသနာတော်ကို ကာကွယ်ရန်ဟု အသံကောင်း ဟစ်ပြီး ညာသံပေးကာ ထေရ၀ါဒနှင့်လုံးဝမသက်ဆိုင်သည့် အရေးအသားများဖြင့် တန်ဆာဆင်ထားသော ထိုစာပိုဒ်သည်  သာသနာတော်ကြီးကို မည်သို့ အကာအကွယ်ပေးနိုင်ပါအံ့နည်း။ ချင့်၍ ဥာဏ်ဖြင့် စဉ်းစားယုံကြည် ကြပါရန်၊ တဖန် ည(၉)နာရီမှာ (၉)ခေါက်ရွတ်ပြီး ကြေးစည်(၉)ချက်တီးလျှင် ဘာဖြစ်မည်၊ ညာဖြစ်မည်တဲ့။ အမှန်စင်စစ် မည်သည့်အရာမျှ ဖြစ်လာလိမ့်မည် မဟုတ်ပါ။ အဘယ့်ကြောင့်နည်းဟူမူ ဘုရားသာသနာတော်ကြီးသည် အရွတ်သာသနာမဟုတ် အသိနှင့်အကျင့် သာသနာ ဖြစ်သောကြောင့် ဖြစ်ပါသည်။

            အမှန်ကား ကိုယ့်လိုရာဆန္ဒများ ပြီးမြောက်ချင်ကြသည်ဆိုလျှင် မြတ်ဗုဒ္ဓ ဟောကြားထားသည့်အတိုင်း မဂ္ဂင်ရှစ်ပါး အကျင့်တရားများကို နည်းစနစ်မှန်ကန်စွာဖြင့် ကျင့်ကြရုံသာရှိတော့သည်။ ဤသည်ပင်လျှင် ထေရ၀ါဒသာသနာတော်ကြီးကို အရှည်တည်တန့်အောင် လိုက်နာကျင့်သုံးနေကြခြင်းဖြစ်ပါသည်။

ထေရ၀ါဒစကားလုံးကို တွင်တွင်ကြီး သုံးစွဲကာ   သာသနာပြုဆိုသူများသည်  မမြင်ရသော အထက်ဆရာကြီးဆိုသူများ၏ အမိန့်အာဏာ ဟုဆိုကာ အတ္တနောမတိ ဖြင့် ဗြဟ္မဏ၀ါဒမှလာသော အရွတ်အဖတ်တို့ဖြင့် လမ်းဆုံးနေကြသည်မှာ စိတ်ပျက်ဖွယ်ရာကောင်းလှပါသည်။ သာသနာတော်ကြီးကို ကာကွယ်ပေးပါမည် ဟု သူခိုးက လူလိုဟစ်ကာ သာသနာတော်ကြီးကို ဖျက်လိုဖျက်ဆီးပြုလုပ်နေကြပါသည်။

သာသနာတော်ကြီးအတွက် ဆိုရေးရှိက ဆိုရချေဦးမည်၊ မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီးသည် အဦးအစတွင် စင်ကြယ်သန့်ရှင်းခဲ့ပါသည်၊ နောက်ပိုင်းတွင် ဗြဟ္မဏ၀ါဒများ လွှမ်းမိုးခံရကာ အိန္ဒိယပြည်၌ သာသနာတော်ကွယ်ခဲ့ရကာ အနာဂါတ်ကို ကြိုတင်သိမြင်တော်မူကြသော ရဟန္တာမထေရ် တို့၏ ကျေးဇူးတော်ကြောင့် သီဟိုဠ် ယခု(သီရိလင်္ကာ)တွင် သာသနာတော် ထွန်းကားလာခဲ့ပါသည်။ ပြောလိုသည်မှာ အိန္ဒိယပြည်တွင် သာသနာတော်ကွယ်ခဲ့ရခြင်း၏ အကြောင်းတစ်ခုဖြစ်သော ဗြဟ္မဏ၀ါဒသည် ယခုအချိန်တွင် မြန်မာနိုင်ငံဗုဒ္ဓသာသနာတော်အတွင်း ၀င်ရောက်အပူးသတ်ခံနေကြရသည်မှာ  ရင်လေးစရာ ကောင်းလှသကဲ့သို့ ဗုဒ္ဓဘာသာဝင်များအတွက် အထူးသတိထားစရာလည်း ကောင်းလှပါသည်။

မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ထေရ၀ါဒနှင့်ဆန့်ကျင်ကာ လိမ်ပြီးအလှူခံနေကြပုံများကို ဘလောခ့်တစ်ခုတွင် ဖတ်လိုက်ရပါသည်။ အလှူခံပုံမှာ “ ဘုရားဖူးလာကြကုန်သော ခုနှစ်ရက်သားသမီးများခင်ဗျား…….. ဘုရားကို နေရာတိုင်းမှာ ဖူးတွေ့နိုင်ပါတယ်။ ဒါပေမယ့် အရှင်ထွက်ထွက်သွားခဲ့သော ဦးအာဘောကိုတော့ ဖူးတွေ့ရခဲပါတယ်။ ဒါကြောင့် လိုဏ်ဂူထဲတွင် ရှိသော အရှင်ထွက် ဦးအာဘောကို ၀င်ရောက်ဖူးသွားကြပါခင်ဗျား…..” ဟူ၍ ပြောဆိုကာ အလှူခံနေကြပါသည်။ ဤနေရာ၌ အရှင်ထွက်ဟူသော အရာသည် ထေရ၀ါဒသာသနာတော်၏ အသုံးအနှုန်းမဟုတ်သကဲ့သို့ လက်ခံနိုင်စရာအကြောင်းလည်းမရှိပါပေ၊ အဘယ်ကြောင့်ဆိုသော် သူ့ဟာသူ အရှင်ထွက်မကလို့ အသေပဲထွက်ထွက်၊ ထွက်ချင်ရာကထွက်ပါစေ မဂ္ဂင်ရှစ်ပါး အကျင့်မပါ သည့်အတွက် ထိုအရှင်ထွက်ဆိုတာကြီးကို ကိုးကွယ်ရန်လည်း မလိုအပ်သကဲ့သို့ ဖူးမျှော်ရန်လည်း မလိုအပ်ပါပေ။ ကိုယ်ပိုင်ဥာဏ်နှင့် မဆုံးဖြတ်ဘဲ သူတစ်ပါး ပါးစပ်ဖျားဝယ် လမ်းဆုံးနေကြသောသူများသည် အရှင်ထွက်ဆိုသည်ကို အဟုတ်ကြီးထင်မှတ်ကာ ကိုးကွယ်နေကြပါသည်။

စင်စစ် သူတို့အရှင်ထွက်ဆိုတာကြီးကိုတော့ မသိပါ၊ ယခုမျက်မှောက်တွင်တောာ့ အမိဝမ်းတွင်းကနေ အရှင်ထွက်နေတာ ကိုတော့ မြင်ကြားနေရပါသည်။

အချုပ်ပြောရလျှင် သာသနာတော်ကြီးကိုထိပါးနှောင့်ယှက်လာသော အကြောင်းအရာမှန်သမျှကို စာဖတ်သူများ ကိုယ်ပိုင် အသိဥာဏ်ဖြင့် စဉ်းစားဆုံးဖြတ်ကာဖြင့် သာသနာတော်ကြီးအရှည်တည်တန့်ရေးအတွက် ကာကွယ်ကြပါစို့ ဟုတိုက်တွန်းရေး သားလိုက်ရပါတော့သတည်း။                     ။

မှတ်ချက်။           ။ ဤဆောင်းပါးသည် န-အ-ဖ စစ်အစိုးရကို ကာကွယ်ပေးနေခြင်းမဟုတ်ပါ၊ သာသနာကို အကာအကွယ် ပေးခြင်းသာ ဖြစ်ပါကြောင်း။      ။                             

၂၉/၁

x x x

ယခင်ရသများသို့

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org