သူတို့မြင်တဲ့ ကြေးမုံဦးသောင်း

ဦးဝင်းဖေ

(စာရေးဆရာ၊ ဒါရိုက်တာ)

ဝါရင့် သတင်းစာဆရာကြီး ဦးသောင်း၊ စာရေးဆရာကြီး အောင်ဗလ ကွယ်လွန်အနိစ္စ ရောက်သွားတာနဲ့ ပတ်သက်လို့.... အစားထိုးလို့ မရတဲ့ ပုဂ္ဂိုလ်ကြီးတယောက်ပါပဲဗျာ။ တဖက်သတ် ခံနေရတဲ့ မြန်မာပြည်သူလူထု အတွက် ကိုယ်စားပြုပြီး အားတက်သရော သူတတ်နိုင်တဲ့ဘက်ကနေ အင်တိုက် အားတိုက် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ကြီးပဲ။

သူကလဲ တခေတ်တခါမှာ တယောက်ဆိုသလို အတော် ရှားတာဗျ။ စိတ်ကလဲ တက်တက်ကြွကြွ ရှိတယ်။ သဘင်စကားနဲ့ ပြောရရင် အလွန့်ကို ၀မ်းစာ ပြည့်တယ် ခေါ်တာပေါ့။ သတင်းစာပညာ ပြီးတော့ ၀ါသနာက သိပ်ကြီးတဲ့ အခါကျတော့ အတော့်ကို ပြည့်ပြည့်စုံစုံ စုစုဆောင်းဆောင်း ဆောင်းပါးတွေ သူရေးနိုင်တယ်ဗျ။ သို့သော်လဲ သင်္ခါရသဘောဆိုတော့ ကျနော်တို့လဲ ဘာမှ မတတ်နိုင်ဘူး။ ကျနော် ဒီလောက်ပဲ ရိုးရိုးသားသား ပြောချင်ပါတယ်။  

 

ဦးမောင်မောင်မြင့်

(ဥက္ကဌ၊ မြန်မာသတင်းသမဂ္ဂ)

ကျနော်တို့ (၂၀၀၅) မီဒီယာ ကွန်ဖရင့်တုန်းက တုန်ချိချိ ဖြစ်နေတဲ့ကြားက အဲဒီအနေ အထားမျိုးမှာ သူ ကွန်ဖရင့်ကို မဖြစ်ဖြစ်အောင် တက်တယ်။ ရောက်အောင် လာတယ်။ တောက်လျှောက် တက်တယ်။ ပြီးတော့ ဂျာနယ်လစ် အငယ်တွေနဲ့ သူ အကုန်လုံး တန်းတူရည်တူ ဆက်ဆံတယ်။ သူ့ကြည့်ရတာလဲ တအား ၀မ်းသာပုံ ပေါက်တယ်။ ဒါက သူ့ကို ကျနော်တို့ ကွန်ဖရင့်မှာ တွေ့လိုက်တုန်းက အနေအထားပေါ့နော်။

လာတဲ့အချိန်မှာ သူ တော်တော်လေး တုန်တုန်ချိချိ ဖြစ်နေပြီ။ လူတွဲနဲ့ လာရတာ။ ဒါပေမယ့် မဖြစ်ဖြစ်အောင် လာတယ်။ ဆွေးနွေးပွဲတွေမှာတောင် ပါလိုက်သေးတယ်။ သူကိုယ်တိုင်လဲ လက်ချာတခု ယူလိုက်သေးတယ်။ အမေးအဖြေ ကဏ္ဍတို့ ဘာတို့ အကုန်လုံး တက်တက် ကြွကြွ တာဝန်ယူတယ်။ ပြောသွားတယ်။ နောက်ပြီးတော့ လူတိုင်းကို ခင်ဗျားကျနော်နဲ့ စကားပြောပြီးတော့ လူတိုင်းကို တလေးတစား တန်းတူရည်တူ စကားပြောပြီး ဆက်ဆံတယ်။ သူရဲ့ လူသားဆန်တဲ့ မာနမကြီးတဲ့ စိတ်၊ ကိုယ့်ကိုယ် ကိုယ် နှိမ့်ချတဲ့ ပုဂ္ဂိုလ်ဆိုတာ ထင်ရှားတယ်။

ကျနော်သူ့ကို အခေါက်ပေါင်းများစွာ အင်တာဗျုး လုပ်ဖူးတယ်။ လုပ်တဲ့အခါတိုင်းမှာလဲ သူက မငြိုမငြင်နဲ့ သူကြုံခဲ့ရတဲ့ အဖြစ်အပျက်ဆိုရင်လဲ သူကြုံဖူးတဲ့ အဖြစ်အပျက်၊ ကြားဖူးတဲ့ အဖြစ်အပျက် ဆိုရင်လဲ ကြားဖူးတဲ့ အဖြစ်အပျက် တိတိကျကျ ပိုင်းခြားပြီး ပြောလေ့ရှိတယ်။ ဆိုလိုတာက ၀ါကြွားမှု ဘာမှ မပါဘဲနဲ့ သူ သိရင် မသိဘူး။ သူ သိရင် သိတယ်၊ သူကြုံရင် ကြုံတယ်။ ဒီလို ပြောလေ့ရှိတယ်။ နောက်ဆုံး ကုန်ကုန်ပြောမယ်ဆိုရင် သူ့ကို ဦးနေ၀င်းက ပြန်ပြီး အလုပ်ပေးတဲ့ကိစ္စမှာ ဦးနေ၀င်းက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်သူပင် ဖြစ်သော်ငြားလဲ သူ့အပေါ် ကျေးဇူးရှီတယ် ဆိုတာမျိုး။ သူ့အတွက် ဦးနေ၀င်းဟာ သူ့စီးပွားကို ရိုက်ချိုးခဲ့တယ်။ သူ့ကို ထောင်ချခဲ့တယ်။ ဦးနေ၀င်းက သူ့ရဲ့ ရန်သူပဲ။ ဒါပေမယ့် ဦးနေ၀င်းစာ သူ့ကို သူတတ်တဲ့ ပညာနဲ့ အသက်မွေးဖို့ ခွင့်ပေးတဲ့အခါမှာလဲ အဲဒီကျေးဇူးကို ကျေးဇူးလို့ အသိအမှတ် ပြုခဲ့တယ်။ ဒါဟာ တော်ရုံတန်ရုံလူတွေ မထားနိုင်တဲ့ စိတ်မျိုးလို့ ကျနော်ထင်တယ်။ ကိုယ့်ရန်သူကို ရန်သူလို့ အသိအမှတ်ပြုသလို ကိုယ့်ရန်သူက ကိုယ့်အပေါ် ပြုတဲ့ ကျေးဇူးကိုလဲ ကျေးဇူးလို့ အသိအမှတ် ပြုခဲ့တယ်။ အဲဒါက လူတော်တော်များများမှာ ရှိဖို့ ခဲယဉ်းတဲ့ အရည်အချင်းတရပ်လို့ ကျနော် မြင်တယ်။ အဲဒါမျိုး ဦးသောင်းမှာ ရှိတယ်။

ျနောက်ပြီး. သူ့အနေနဲ့က အဲဒီရာထူးကို ယူခဲ့ရတဲ့ အတွက်ကြောင့် မဖြစ်လို့ ယူခဲ့ရတယ် ဆိုတာလဲ သူသိတယ်။ အဲဒါကိုလဲ သူပြောတယ်။ ဒါပေမယ့် သူ့ရဲ့ စားဝတ်နေရေးနဲ့ ဒီပညာရပ်နဲ့ အသက်ရှင်ဖို့ တလမ်းပဲ ရှိလို့ ဒီလို လုပ်ရတယ် ဆိုလဲ သူ ပြောတယ်။ ဒါမျိုးတွေက လူ့ဘ၀မှာ သူသူကိုယ်ကိုယ် တကြိမ်မဟုတ်တကြိမ်မှာ ကြုံရနိုင်တဲ့ ကိစ္စမျိုးတွေ အဲဒါကိုလဲ သူဖုံးကွယ်ဖို့ မကြိုးစားဘူး။ ဗြောင်ဖွင့်ပြောပြီး အဲဒီကျေးဇူးအကြောင်းကိုလဲ ဗြောင်ဝန်ခံခဲ့တယ်။ ဒါလေးတွေက ကောင်းကွက်တွေထဲမှာ ပါတယ်လို့ ကျနော် မြင်တယ်။

 

ဦးဇင်လင်း

(စာရေးဆရာ၊ သတင်းစာဆရာ)

ဆရာ ကြေးမုံဦးသောင်း ဆုံးရှုံးသွားရတာ မြန်မာနိုင်ငံ... စာနယ်ဇင်းလောကလို့ ပြောရမှာပေါ့လေ၊ ဘာဖြစ်လို့လဲဆိုတော့ သူက သတင်းစာတော့ သတင်းစာဆရာ ကြီးပဲ။ ဒါပေမယ့် စာနယ်ဇင်းလောကတခုလုံး အပေါ်မှာ သူ့ရဲ့ သြဇာသက်ရောက် မှုရှိတယ်။ ဒါကြောင့်မို့လို့ ဆရာကြီးဦးသောင်း ကွယ်လွန်သွားတာကတော့ မြန်မာနိုင်ငံဒီမိုကရေစီအကျိုးထွန်းကားမှု အင်အားစုအနေနဲ့ရော မြန်မာနိုင်ငံ စာနယ်ဇင်းလောကအနေနဲ့ရော မြန်မာနိုင်ငံသားတွေအတွက် အသိဥာဏ်ဖွင့် ပေးတဲ့ နားမျက်စိအနေနဲ့ရော ဆုံးရှုံးတာပေါ့လေ။

ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ ဆရာကြီးဦးသောင်းဟာ ဒီကနေ့ ကျန်ရှိနေ သေးတဲ့ ၀ါရင့် သတင်းစာဆရာတွေထဲမှာ သူက ၀ါအရင့်ဆုံး၊ အတွေ့အကြုံ အများဆုံး၊ စစ်အစိုးရ စစ်အာဏာပိုင်များရဲ့ အကျင့်စရိုက်တွေနဲ့ ပတ်သက်လို့လဲ သူက အသိဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူက ဗိုလ်နေ၀င်း ခေတ်ကတည်းက ဗိုလ်နေ၀င်းတို့နဲ့ ထိပ်တိုက်တွေ့ခဲ့ဖူးတဲ့ သတင်းစာဆရာ ဖြစ်တယ်။ ဗိုလ်နေ၀င်းတို့ခေတ်က အရေးကြီးတဲ့ နိုင်ငံရေးသမား တော်တော်များများနဲ့ သူက အင်တာဗျူးလုပ်ဖူးတယ်။ သူတို့အကြောင်းတွေ ကိုလဲ သူက စေ့စေ့စပ်စပ် လေ့လာခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် မို့လို့ ဒီနေ့စစ်အာဏာပိုင်တွေရဲ့ ခြေလှမ်းနဲ့ ပတ်သက်လို့ သူက အများကြီး ကြိုမြင်တဲ့ သတင်းစာဆရာကြီးဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီနေ့ စစ်အာဏာရှင်စနစ်ကို သတင်းစာသမားတွေအနေနဲ့ စတုတ္တမဏ္ဍိုင် ထောင့်နေပြီတော့ ပြည်သူလူထုသိအောင် ဖေါ်ချ ဖွင့်ချရေးနေကြတဲ့ သတင်းစာဆရာတွေထဲမှာ ဆရာကြီးဦးသောင်းကို မှီတဲ့လူမရှိသလောက်ပဲ။

ဘာကြောင့်လဲဆိုတော့ သူက စောစောက ပြောတဲ့အတိုင်းပဲ သတင်းထောက်အတတ်မှာလဲ တော်တယ်။ လေ့လာမှု သုတေသနပြုမှုမှာလဲ ထူးချွန်တယ်။ ပြီးရင် သူက ဗမာနိုင်ငံ သတင်းစာသမိုင်းမှာလဲပဲ အသက်အငယ်ဆုံးနဲ့ အယ်ဒီတာကြီးဖြစ်လာတဲ့သူ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက် ၂၅ နှစ်မှာ ဗမာ့ခေတ် သတင်းစာမှာ အယ်ဒီတာချုပ် ဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်။ ဒါ့အပြင် သူကိုယ်တိုင်လဲ ကြေးမုံသတင်းစာကို အောင်အောင်မြင်မြင် သူကိုယ်တိုင် ဦးစီးပြီးထုတ်ဝေနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်။ မြန်မာနိုင်ငံသတင်းစာသမိုင်းမှာ အအောင်မြင်ဆုံး သတင်းစာကိုပြပါဆိုရင် ဆရာကြီးဦးသောင်းနဲ့ ဆရာဦးဝင်းတင်တို့ တွဲဖက်လုပ်ကိုင် ထုတ်ဝေခဲ့တဲ့ ကြေးမုံသတင်းစာက မြန်မာနိုင်ငံသမိုင်းမှာ အအောင်မြင်ဆုံး သတင်းစာလို့ ပြောရမှာဖြစ်တယ်။

ဒါကြောင့်မို့လို့ ဆရာကြီးဦးသောင်းဟာ သတင်းစာ လောကမှာတော့ သတင်းထောက်တယောက်အနေနဲ့ရော အယ်ဒီတာချုပ်တယောက် အနေနဲ့ရော သတင်းစာတစောင်ကို အစအဆုံး တာဝန်ယူပြီးတော့ ဦးစီးဦးဆောင်ပြုပြီး ထုတ်လုပ်သူ တဦးအနေနဲ့ကော ဘယ်ထောင့်ကကြည့်ကြည့် သူဟာ အင်မတန်အောင်မြင်ခဲ့တဲ့ သတင်းစာဆရာကြီးတယောက်ဖြစ်တယ်။ ဒါ့အပြင် ဒီထက်ပိုပြီးတော့ သူ့ရဲ့ အတွေးအခေါ် အမြော်အမြင် စူးရှတာ ကြိုပြီးတော့ တွက်နိုင် ချက်နိုင်တာ ဘာလဲဆိုတော့ ဗိုလ်နေ၀င်းတို့ စစ်အာဏာရှင်တွေရဲ့လက်အောက်မှာ ဆက်နေလို့ရှိရင် သူ့ရဲ့ သတင်းစာ အတတ်ပညာ သေသွားမယ်ဆိုတာ သိတယ်။ သူ သိထား တတ်ထားတဲ့ သတင်းစာအတတ်ပညာတွေလဲပဲ နောက်မျိုးဆက်တွေကို လက်ဆင့် ကမ်းနိုင်မှာ မဟုတ်ဘူး။ တိုင်းသူပြည်သား ပြည်သူလူထုကိုလဲ သူ သိထားတတ်ထားတဲ့ သတင်းစာပညာနဲ့ အလုပ်အကျွေး ပြုနိုင်မှာ မဟုတ်ဘူး ဆိုတာ သူဟာ အစောကြီး ကြိုမြင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဗိုလ်နေ၀င်းခေတ် ၁၉၇၆၊ ၇၇ ကာလလောက်ကတည်းက ဗမာပြည်ကနေ နိုင်ငံခြားကို ထွက်ခွာသွားခဲ့တယ်။

ထွက်ခွာသွားခဲ့ပြီးတော့ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေထိုင်ပြီးတဲ့ တလျှောက်လုံးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ မျက်ခြေမပြတ် သုတေသနပြုတယ်။ လေ့လာတယ်။ သတင်းတွေထောက်လှမ်းတယ်။ နောက် သတင်းဆောင်းပါးပေါင်း မြောက်မြားစွာ ရှိတယ်။ နိုင်ငံတကာ သတင်းစာတွေထဲမှာလဲ မြန်မာနိုင်ငံသတင်းတွေရေးခဲ့တယ်။ စာအုပ်တွေလဲ အများကြီးရေးခဲ့တယ်။ မြန်မာသတင်းစာဆရာတွေထဲမှာ၊ စာရေးဆရာ တွေထဲမှာတော့ သူ့လောက် စာရေးနိုင်တဲ့ စာရေး အားကောင်းတဲ့ သတင်းစာဆရာကြီးမျိုးကို ကျနော် မတွေ့ဖူးဘူးလို့ ပြောရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ သတင်း ဆောင်းပါးတွေဟာ နေ့တိုင်းလောက်နီးနီး ထွက်နေတာတွေ့တယ်။ အဲ့ဒါအပြင် သူ့ကို အကူအညီ တောင်းခံလာတဲ့ စာစောင်တွေ ဂျာနယ်တွေ မဂ္ဂဇင်းတွေ ပြင်ပမှာနော်။ ကျန်တာတွေမှာလဲပဲ သူ့ရဲ့ ခေါင်းကြီးတွေ အထူးသဖြင့် ခေတ်ပြိုင်မှာဆိုလို့ရှိရင် တောက်လျှောက် ခေါင်းကြီးပဲ အဆက်မပြတ်ရေးပေးတယ်။် သတင်းဝေဖန်ချက် သုံးသပ်ချက်တွေလဲ နှစ်ပုဒ် သုံးပုဒ် ရေးပေးနိုင်တဲ့ အနေအထားရှိတယ်။ အဲဒါအပြင် တခြားမှာလဲပဲ ကျနော်တို့ ကြည့်လိုက်လို့ရှိရင် ဆရာဦးသောင်းရဲ့ ဆောင်းပါးတွေ တောက်လျှောက် တွေ့နေရတယ်။ နိုင်ငံတကာ စာနယ်ဇင်းတွေမှာလဲ သူ တောက်လျှောက်ရေးနေတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူဟာ အင်မတန်မှကို မြန်မာပြည်မှာ ရှိစဉ်ကတည်းက လေ့လာအား စာဖတ်အား မှတ်အား သတင်းထောက်တယောက်အနေဲ့ သတင်းထောက်လှမ်းတာ သုတေသနပြု တာတွေ အများကြီး ဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်။ ဒါ့ကြောင့်လဲပဲ သူ့မှာ ရေးစရာတွေ မကုန်နိုင်လောက်အောက် ရှိတာတွေ့ရတယ်။ သတင်းစာဆရာ တယောက်အနေနဲ့ သူ့မှာ ပြောစရာတွေ အချက်အလက်တွေ အများကြီး ရှိနေတာကို တွေ့ရတယ်။

နောက်တခါ သူ ထူးချွန်တာက သူ့ရဲ့ “အောင်ဗလ“ ကလောင်အမည်ကို အာဏာရှင် တွေ အစိုးရတွေ အတော်ကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ သတင်းနောက်ခံကိုလဲ သေချာအောင် လေ့လာတယ်။ ပြီးတဲ့အခါမှာလဲ သူက ထိထိမိမိ သူ့ရဲ့ ဆောင်းပါးတွေမှာ ဖေါ်ချတယ်။ ဖွင့်ချတယ်။ သရော်စာပုံစံမျိုးနဲ့ ဖေါ်ချ ဖွင့်ချတာမျိုး လုပ်တယ်။ ဒါက တော်တော်လေး ထိရောက်တယ်။ ကြေးမုံဟာ ၅၈ ခုနှစ်တုန်း က ဗိုလ်နေ၀င်းတို့ အာဏာသိမ်းဖို့ ပြင်ဆင်တာတွေကိုလဲ ဓါတ်ပုံသတင်းတွေနဲ့ အရင်ဆုံးဖွင့်ချတယ်။ ဓါတ်ပုံသတင်းထောက် ရွှေမောင်ကို သူကိုယ်တိုင် ထောက်လှမ်းခိုင်း လေ့လာခိုင်းပြီး တော့ သူက အရင်ဆုံး ဖေါ်ထုတ် ဖွင့်ချနိုင်ခဲ့တာ တွေ့ရတယ်။ စသဖြင့်ပေါ့။ သူက အင်မတန် အမျှော်အမြင်ရှိတဲ့ သတင်းစာဆရာ ကြီးဖြစ်တယ်။ အဲ့တော့ သူရေးခဲ့တဲ့ ဆောင်းပါးတွေဟာလဲပဲ ပြည်သူလူထုကို အကျိုးပြုတဲ့ ဆောင်းပါးတွေ များတယ်။ စတုတ္ထ မဏ္ဍိုင် ပီပီသသ ပြည်သူလူထုဘက်ကနေ ရပ်တည်ပြီးတော့ သူက အမြဲတမ်း သူ့ရဲ့ ဆောင်းပါးတွေနဲ့ သက်ဆိုင်တဲ့ အာဏာပိုင်တွေရဲ့ မမှန်ကန်တဲ့ လုပ်ရပ်တွေကို အမြဲတမ်း ထောက်ပြတယ်။ ဝေဖန်တယ်။ အဲဒီလိုလုပ်ခဲ့တဲ့ အတွက်ကြောင့်မို့လို့လဲ သူဟာ တကယ့်ကို ပြည်သူလူထုကနေ အသိအမှတ်ပြုတဲ့ လေးစားတဲ့ သတင်းစာဆရာကြီးအဖြစ်နဲ့ ရပ်တည်နိုင်ခဲ့တာဖြစ်တယ်။

သူ့ရဲ့ သက်တမ်းတလျှောက်လုံးပေါ့လေ။ သတင်းစာဆရာအဖြစ်နဲ့ ရပ်တည်သွားခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက် ရပ်တည်သွားတဲ့ သက်တမ်း တလျှောက်လုံးမှာ သူရေးခဲ့တဲ့ သတင်းဆောင်းပါးတွေ ခေါင်းကြီးတွေ သူရေးခဲ့တဲ့ စာအုပ်တွေဆိုလို့ရှိရင်လဲပဲ သတင်းစာပညာအရပဲလဲ နောက်မျိုးဆက်တွေကို သတင်းစာပညာ အမွေအနှစ် ပေးသွားတယ်။ သတင်းလေ့လာပုံ သုတေသနပြုပုံတွေနဲ့ ပတ်သက်လို့ပဲလဲ သူရေးခဲ့တဲ့ ဆောင်းပါးတွေ ဖတ်ရင် တွေ့နိုင်တယ်။ အဲ့ဒါအပြင် အာဏာရှင်တွေ အာဏာပိုင်တွေရဲ့ မမှန်မကန်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ရှိရင် သူဟာ သတင်းထောက်အတတ်ပညာနဲ့ သုတေသနပြု လေ့လာဖေါ်ထုတ်ပြီးတော့ တွေ့နိုးနိုးသိအောင် အမြဲတမ်း ဖေါ်ချတယ် ဖွင့်ပြတယ်။ ဒါကြောင့်မို့လို့ လူထုက အမှားအမှန်ကို သိတယ်။ ဒီကနေ့ အာဏာရှင်တွေ ဘယ်လောက်ပဲ သူတို့ဟာ သူတို့ တိုင်းကျိုးပြည်ကျိုး ဆောက်ရွက်သူတွေ ဖြစ်ပါတယ်လို့ သူတို့ရဲ့ သတင်းစာအတုတွေကနေပြီးတော့ လိမ်လည်နေကြပေမယ့်လို့ ဆရာကြေးမုံဦးသောင်းလို အောင်ဗလလို ကလောင်မျိုးနဲ့ ဖေါ်ထုတ် ဖွင့်ချပြခဲ့တာဟာ ပြည်သူလူထုအနေနဲ့ အစောကြီးကတည်းက စစ်အာဏာရှင်တွေရဲ့ သရုပ်မှန်ကို မင်းသားရုပ်ဆောင်းထားတဲ့ ဘီလူးရုပ်ကို မြင်ကြပြီးသားဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ ဆရာကြေးမုံဦးသောင်းဟာ ပြည်သူတွေ အတွက်ကတော့ အင်မတန်မှကို အရေးကြီးတဲ့ ကလောင်တလက် ကွယ်ပျောက်သွားတယ်လို့ ပြောရမှာဖြစ်တယ်။

 

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org