မုန်တိုင်းဘေးဒုက္ခသည်များအတွက် ပန်ကြားချက်
မုန်တိုင်းဒဏ် ခံလိုက်ရသည့် မြို့နယ်များမှ လူထုအတွက် နေ့စဉ် စားရိက္ခာ ဆန်၊ ဆား၊ အာလူး၊ ငါးပိငါးခြောက်နှင့် ဟင်းစားများ၊ ဖျားနာနေသူများအတွက် ပါရာစီတမော စသည့် အခြေခံ ဆေးဝါးများ၊ အမိုးအကာ ပျက်စီးသွားသဖြင့် ပလတ်စတစ်စများ မိုး၍ ယာယီ ခိုလှုံနေရသူများအတွက် မိုးကျတော့မည် ဖြစ်သဖြင့် ဈေးအပေါဆုံး အမိုးအကာအဖြစ် အသုံးပြုနိုင်မည့် တာရပတ်စများ၊ စောင်နှင့် အ၀တ်အစားများ အရေးပေါ် လိုအပ်နေပါသည်။
ကျနော်များ လမ်းမတော်လူငယ် ဘောလုံးအသင်းသည် ဘောလုံးသမား လူငယ်များနှင့် ရပ်မိရပ်ဖများ၊ စေတနာရှင်များ ၄၀ ခန့် စုပေါင်းကာ မုန်တိုင်းဒဏ်ကြောင့် အရေးပေါ် အကူအညီလိုနေသူများအား နေ့စဉ် သွားရောက် လှူဒါန်းကူညီနေပါသည်။ ကျနော်များ၏ ကိုယ်ပိုင် စုဆောင်းငွေများနှင့် နီးစပ်ရာ စေတနာရှင်များ တတ်အားသမျှ ထည့်ဝင်ငွေများဖြင့် ဒုက္ခသည်များရှိရာ မြို့နယ်များသို့ သွားရောက်ကာ လမ်းလှမ်းမီသမျှ ၂၅၀၀-၃၀၀၀ အတွင်းရှိ လူထုကို နေ့စဉ် ချက်ပြုတ်ကျွေးမွေးလျက် ရှိပါသည်။ ဒုက္ခရောက်နေသူ လူထုမှာ ယခုပမာဏထက် အလွန်များပြားပြီး ချက်ချင်းလည်း ဘ၀ပြန်လည် မရပ်တည်နိုင်ကြသေးသည့်အတွက် စေတနာရှင် ပြည်သူများထံမှ ၀ိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံပါသည်။
ကျနော်တို့ နေ့စဉ် ၀ယ်ခြမ်း ချက်ပြုတ်လှူဒါန်းနေသည့် အခြေခံ စားကုန်ဈေးနှုန်းများမှာ... (၂၀ ရက်နေ့ ဈေးနှုန်းအသစ်)အရ
                                     ဆန် တအိတ်                                           ၂၈၀၀၀ ကျပ်
                                    ကြက်သား တပိဿာ                                    ၅၀၀၀ ကျပ်
                                    ဟင်းရွက် (၁၂ စည်းတွဲ) အစည်းကြီး တစည်း     ၁၂၀၀ ကျပ်
                                    ဘဲဥ ၁၀ လုံး                                              ၁၅၀၀ ကျပ်
                                   အာလူးတပိဿာ                                            ၅၀၀ ကျပ်
စေတနာရှင်များအနေဖြင့် အငတ်ဘေးကြုံနေသူများအတွက် လူသားချင်း စာနာစိတ်ဖြင့် ကျနော်တို့နှင့်အတူ ထည့်ဝင် လှူဒါန်းကြမည် ဆိုပါက ကျနော်များဘက်မှ လုပ်အားဒါန စိုက်ထုတ်၍ ချက်ပြုတ်ကာ သွားရောက်ပေးပို့ လှူဒါန်းပေးပါမည်။ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ပဲ၊ အာလူးနှင့် ရိက္ခာ အစိုအခြောက်များ၊ ဆေးဝါးများ ပေးလှူလိုပါကလည်း ရန်ကုန်မြို့တွင်း မည်သည့်နေရာမဆို ကျနော်တို့အဖွဲ့က လာသယ်ရန် အသင့်ရှိပါသည်။ ရန်ကုန်တိုင်းအတွင်း မိမိပေးလှူလိုသည့် မြို့နယ်/ရွာ အမည်ကို ပြောကြားပါကလည်း ထိုမြို့နယ်/ရွာသို့ ကျနော်တို့အဖွဲ့ သွားရောက် လှူဒါန်းပေးပါမည်။ အထောက်အထား ဓာတ်ပုံများ၊ စာရင်းအင်းများလည်း ချက်ချင်း ပြန်လည် ပို့ဆောင်ပေးပါမည်။
လူကြီးနှင့် ကလေးဝတ် အ၀တ်အစားဟောင်းများ၊ ခြင်ထောင်နှင့် စောင်များ၊ ဆေးဝါးများလည်း ရသလောက် လိုအပ်နေပါသည်။ ဆေးဝါးမှာ ဖျားနာကိုက်ခဲပျောက်ဆေး၊ ၀မ်းကိုက်ပျောက်ဆေးများ၊ သက်ကြီးရွယ်အိုများအတွက် ကိုက်ခဲပျောက် လိမ်းဆေးနှင့် တိုင်းရင်းဆေးများ အလိုရှိပါသည်။
အထူး ကျေးဇူးတင်လျက်
လမ်းမတော်မြို့နယ် ဘောလုံးအသင်း
အမှတ် ၃၁၊ ကိုင်းတန်းလမ်း၊ လမ်းမတော်၊ ရန်ကုန်
ဆက်သွယ်ရန် - ဦးဌေးလွင်၊ ကိုကို
ဖုန်း - ၀၉-၅၁၂၈၇၇၅
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top
Suggestions & Comments: webmaster@hittaing.org