နှစ်ထပ် မှားဦးမယ့် -တမတ်သား -ဖွဲ့စည်းပုံ

 

ခွန်ဆိုင်း

လွန်ခဲ့တဲ့ ၃၄ နှစ်ကဆို အာရှမှာရော ကမ္ဘာမှာပါ ဒီမိုကရေစီ အခင်းအကျင်းက ခုလိုမပီပြင်သေးဘူး။ အရင်းရှင်ဆိုရှယ်လစ်တွေက အပြိုင်းအရိုင်း အားပြိုင်နေ၊ ဒေသဆိုင်ရာ စစ်မက်တွေကနေရာအနှံ့မီးဟုန်းဟုန်း။ ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊တောင်ကိုရီးယား စတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီ နာမည်ခံ ပေမယ့်စစ်အာဏာရှင်စနစ်တွေကအားကောင်းနေခဲ့တုန်း။ ထိုင်းစစ်တပ်ကလည်းထက်ကနဲဆိုအာဏာသိမ်းတတ်တယ်။ ဗီယက်နမ် ကမ္ဘောဒီးယား ဆိုတာတွေက၀ါဒကြီးနှစ်ခုကြားမှာလူတွေသန်းချီပြီး သားကောင်တွေလိုစတေးခဲ့ကြရတဲ့ စစ်တလင်းပြင်ကြီး တွေပေါ့။ နောင်နှစ်၃၀ ကျော်ကြာ သွားတဲ့အခါမှာတော့ ဒီနိုင်ငံ အများစုဟာငြိမ်းချမ်းရေးရသွားကြ၊ ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင် တက်လှမ်း ကူးပြောင်းပြီး စီးပွါးရေး အရှိန်တွေ ကောင်းသွားကြတယ်။

ကျုပ်တို့် တိုင်းပြည်ကျတော့ ၂၆နှစ်လုံးလုံး တပါတီစစ်အာဏာရှင် လက်ထဲမှာ အညွန့်တုံး ။ မြို့လူထုက အညမညနဲ့ လူညွန့်တုံး။ ကျေးလက်က ဖြတ်လေးဖြတ်နဲ့ တာဝန်ကျေစပါးအောက်မှာ ဘ၀တွေတုံးခဲ့ကြတာ။ ၈၈ ဖြစ်တော့ ဒီစစ်တံပိုးအောက်က လွတ်ခဲ့ကြရောလား။ မှတ်တယ်။

မဆလခေတ်မှာ အစိုးရနဲ့ လူထုထိပ်တိုက်တွေ့ပြီး လူထု အတိဒုက္ခရောက်တိုင်း ကိုယ့်လိပ်ပြာကိုယ်မလုံ တာဝန်မကင်းခံစားရတယ်။၊ ကျုပ်အသက် ၂၀၊ ၁၉၇၄ မဆလ တပါတီ ဖွဲ့စည်းပုံကို ထောက်ခံမိခဲ့တဲ့ ကိစ္စကြောင့်ပေါ့။ ဒီပုတ်ထဲကခတ်ချာချာ-ဒီပဲတွေကြားထဲ ကျုပ်လည်းပညာတတ်ပဲတစေ့။ ကျောင်းစာလိုမခက်ပါဘူး၊ ဒို့နဲ့လည်းမဆိုင်ပါဘူး၊ အရေးမပါလိုက်တာလို့ ထင်ပြီး ဖွဲ့စည်းပုံဆိုတာ ဘာမှန်းမသိလိုက်တာ။ ကိုယ့်ကိုကိုယ် အဆန် ချောင်နေမှန်းမသိ တတ်ယောင်ကား၊ တာဝန်မဲ့ ထောက်ခံမဲထည့်လိုက်မိတာ ၊

တကယ်ဆိုဒီတိုင်းပြည်မှာကျုပ်ပညာတတ်ပဲ။ ပိုသိသင့်ခဲ့တာပ။ ပိုတာဝန်ရှိတာပ။ ခေတ်ကြီးကဖျက်ဆီးထားလို့ ကိုယ့်ကိုယ်ကို ငတုံးမှန်းမသိ၊ အညာ မိတာ၂နှစ်ကျော်လောက် ကြာမှ အစိုးရဆိုးက ကျောင်းသားဆိုးဘွဲ့ချီးမြှင့်တာခံ၊ စစ်အကျဉ်းထောင်တွေထဲ ဘ၀တွေ စ ကြမ်းတော့မှ ကိုယ်ကျစ် တဲ့ကြိုးနဲ့ ကိုယ့်ချည်ခံရတာ၊ ကိုယ်တူးတဲ့ကျင်းထဲ ကိုယ်ဆင်းရတာပါလားလို့ အလုံပိတ်ညတွေအောက် တစိမ့်စိမ့် တွေးဖြစ်၊ နောက်ကျနောင်တ တထွေးကို ကျောခင်းရင်းနဲ့ ပြန်ဆင်ခြင်ဖြစ်တယ်။ ခုလည်းစိတ်မချမ်းသာစရာကြုံကြရဦးမှာဘဲလားဗျို့။

စက်တင်ဘာအရေးအပြီးကျမှ ကုလကိုယ်စားလှယ်ကို မလိမ့်တပတ်မခေါ်ချင်ခေါ်ချင်ခေါ်ပြီး ဆွေးနွေးပါ့မယ်ပြောပြီးမှ ကုလက ဘက် လိုက်နေတယ်။ ၀င်မပါနဲ့တော့တဲ့။ လုပ်ပုံက။ နဂိုတည်းက အစီအစဉ်ရှိပြီးသားပါ၊ နောက်ကိုယ့်မြေပုံညွှန်းကိုယ်ဆက်ဆွဲ ကိုယ့်မြင်း ကိုယ်ဆက်စိုင်း၊ မေမှာလုပ်မယ့် နအဖဖွဲ့စည်းပုံအကြိုက ဘီလူးဆိုင်းတွေတချိန်လုံးနဲ့ပါလားဟ၊ ဧချင်းတွေလည်း တချိန်လုံး ကျူးနေလိုက်ပါလား။ ခင်းနေတဲ့ဇာတ်ထုပ်က အမျိုးသား ဟင်္သာကိုးသောင်းဇာတ်တဲ့။ မဆလတပါတီခေတ် ဆန္ဒခံတဲ့အချိန်ကတောင် ဒီလောက်အနံ့ဆိုးတွေ ဆက်တိုက်ရနေတာမျိုး၊ အသံနက်ကြီးတွေ ဆက် တိုက်ကြားနေရတာမျိုးမဖြစ်ခဲ့ဘူး။ ၇၄မှာ လိမ်နိုင်ခဲ့ကြသူတွေ ကပီပြင်တယ်၊ အငြိမ်လိုင်း၊ အပျော့လိုင်းပြောရမလား။ မူကြမ်းဆိုတာတွေ ကိုဟုတ်တာ မဟုတ်တာထား လူတွေကြားရောက်အောင် ရပ်ကွက်တွေထဲချပြရဲခဲ့ဆွေးနွေးရဲခဲ့တာမျိုး၊ ထပ်ထပ်ပြီးပြင်တာ ဖျက်တာပြန်ချပြတာ ရှိခဲ့သေးတယ်။ အမျိုးသားညီလာခံ နာမည်ပေးပြီးမှ လူမမြင်ကွယ်ရာသွား၊ ကြည့်ကောင်းအောင် အသံတိတ်အရုပ်တွေ လွှင့်ထုတ် ဆွေးနွေးတယ် ဆိုပြီးတင်ပြ တာ လက်မခံ။ ချည်ပြီးတုတ်ပြီးသား တွေကိုခေါ်လက်မှတ်ထိုးခိုင်းတာမျိုးမဟုတ်ဘူး။ အဲဒီတုန်းကနိုင်ငံတော်သီချင်းသစ်ဆိုတာကြီးကို ပြောင်းလဲ အတည် ပြုဖို့ နံနက်ချိန်ခါ တေးသံသာ လိုလို မြန်မာ့အသံကနေမနက်မနက်နားထောင်မကောင်းတဲ့အသံကြီးနဲ့ လူတွေနားယဉ်အောင် ဖွင့်ဖွင့်ပြရှာသေးတယ်။ မကောင်းပါဘူး တော်ပါတော့ဗျို့ဆိုတော့လည်း ပြန်ဆုတ်သွားရှာသား။ ဒါနဲ့ ကျုပ်တို့ကမ္ဘာမကြေသီချင်းက ခုထိကျန်နေ သေးတာ။ အဲဒီတုန်းက လူကို လူလို နဲနဲမြင်သေးတယ်ပြောချင်တာပါ။ခုဟာကဗျာ၊၊နိုင်ငံတော်အလံသစ်ကိုအတည်ပြုပြီးသွား ပြီတဲ့။ အတည်ပြုဖို့ ဆွေးနွေးတဲ့လူတွေက ရပ်ကြည့် အေးစေလုပ်ရလွန်းလို့ပင်ပန်းလာထင်ပါ့။ ညီလာခံရှေ့ဆုံးတန်းမှာ တခေါခေါလာအိပ်ပျော်နေတယ်။ တာဝန် အရ လာရ၊ စိတ်ကမပါတာ လည်း ဖြစ်နိုင်တယ်။ ရွေးချယ်ခံဘို့မလိုတဲ့ အော်တော်မစ်တစ်ကိုယ်စားလှယ်ကြီးတွေ၊ ခေါင်းခြောက်အောင် တော်တော် အကြိတ်အနယ် ဆွေးနွေးငြင်းခုန်ခဲ့ပုံ ပါဘဲ။ ညီလာခံညနေတွေ နားတော့ ဇက်ကြောတက်လွန်းလို့လား အိပ်ရင်း အုန်းလွဲကုန်လို့ လားမသိ၊ ကိုယ်စား လှယ်တော်ကြီးတွေအတွက် အထူး စီစဉ်ထားတဲ့ အနှိပ်ခန်းတွေဆီ ပြုံတိုးနေကြတယ်လို့လည်း သတင်းတွေ ဖြစ်ခဲ့သေးတယ်။

ဒီနေ့လမ်းပေါ်တွေ့သမျှလူတရာမေး၊ဒီနေ့ဖွဲ့စည်းပုံစာအုပ်တွေ့ဖူးပြီလား။အဲဒါတွေဘယ်လိုဘယ်ညာ သိပြီလားဆိုတာ။ တရာလုံးလုံးလောက် ခေါင်းရမ်း လိမ့်မယ်။ကျုပ် မျက်စိရှေ့မှာတွေ့နေရတာ၊ကြားနေရတာတွေက နအဖဟာ လူထု ဆန္ဒကိုလေးစားဘို့ နေနေသာသာ၊ ငါခိုင်းတာလုပ်၊ပြန်မပြောနဲ့ဆိုတဲ့ သခင်နဲ့ကျွန်လိုအချိုးချည်းဘဲ။ ဖွဲ့စည်းပုံစာအုပ်လေးမှလူကြားဝေရ ကောင်းမှန်း မသိခင်အရေးယူမယ့် ပုဒ်မတွေထုတ်။ ဖမ်းတာ ဆီးတာက စနေတယ် ။

လူတွေထောင်နဲ့ချီပြီးဖမ်းပြထားတာတွေ့လား။ ဘာမှမဝေဖန်နဲ့ ဝေဖန်ရင် ထောင်၃နှစ်။ ဖွဲ့စည်းပုံကိုထိလို့ကတော့ တသက်တကျွန်း။ ကြိုက်ကြိုက် မကြိုက်ကြိုက် လာကြထောက်ခံထား။ ထည့်ထား။ သက်တော်၈၀ကျော်သံဃာတော်ကြီး တွေကို ရုံးထုတ်ပြနေတာ က နမူနာအမြည်း။ ဒါညောင်နှစ် ပင်ဖွဲ့စည်းပုံနိဒါန်းပိုင်း။ ဗုဒ္ဓ သာသနံ စိရံတိဌတုပေါ့။ ၀ါတော်၃၀သီလရင်ကြီးတွေကဆန္ဒပြတယ်လား။ ချဲမှုနဲ့ဆွဲထား။ မှတ်သွားအောင်ဆက်ဖမ်းထား။ ဆီးထား၊ ဒီလောက်ပစ်ခတ်ရိုက်နှက်တက်နင်းပြထားတာ တောင်လူတွေက ငြိမ်ချင်တာ မဟုတ်ဘူး။ ပျောက်နေတာတွေ လာမမေးနဲ့ဟေ့။ မီးရှို့ ပစ်တာ တွေက တဖက်နိုင်ငံကခိုးဝင်လာတဲ့ပိုင်ရှင်မဲ့အလောင်းတွေမို့ ရှို့တာ။ ဒဏ်ရာနဲ့ မိထားတာတွေလား၊ဆေးကုခွင့်မပေးနဲ့။ဆန္ဒပြ ခေါင်းဆောင် မမိရင်တမိသားစုလုံး ကို ဖမ်း။ ဒုက္ခဆက်ပေး။

နှစ်၃၀ကျော်ကြာခဲ့ပေမယ့်ဒီလိုအာဏာရှင်စနစ်မျိုးဆိုတာက တိုးတက်ရင့်ကျက် ဖြစ်ထွန်းလာစရာ အကြောင်းမှမရှိတာ။ ဘယ်ခေတ်မှာမဆို အာဏာ ရှင်ဟာ အာဏာရှင်ပဲ။ ယူနီဖေါင်းပဲဝတ်ဝတ်။ ပုဆိုးပဲလဲလဲ။ ဘ၀ရှင်ထင်ရာလုပ်ချင်ကြတယ်။ စစ်ကျောင်းဆင်းပြီးတာနဲ့ အမိန့်ပေးတတ်တယ်။ အင်ဂျင်နီယာ့ဆရာ၊တရားသူကြီးရဲ့ဆရာ၊ ဆရာဝန့်ဆရာ၊ ဆရာ့ဆရာဖြစ်ပြီးသား။ လက်အုပ်ချီ ဖါးလာရင် လုပ်စားကိုင်စားခွင့်ရမယ်။ ဒူးထောက်ရင် bမြှောက်စား။ ပခုံးတိုင်းရင်တော့ စီးကရက်ဓာတ်ဆီထုတ် ရောင်းတာနဲ့တရားစွဲခံမလား။ တာဝန်က အနားပေးတာ ခံမလား။ လက်တံတိုရင် သံအမတ် လက်တံရှည်ရင် အိမ်အကျယ်ချုပ်ပေါ့။ အောက်ခြေလူတော့ နံနှိမ်ထား၊အတွေးအခေါ်အရ အောက်တန်းကျအောင်ဆက်ဖိ၊ များများမသိစေနဲ့။ ဖါးတတ် ဖိတတ်လောက်ရင်ရပြီ။ ခွဲခြားဆက်ဆံတတ်အောင် ကျင့်ပေး။ အမိန့်အာဏာ လက်နက်နဲ့အကြောက်တရားဖန်တီး။ ဒါ အုပ်ချုပ်ရေးကောင်း။လက်တွေ့ လူထုဘ၀တွေက ကိုယ့်နိုင်ငံမှာစစ်ကျွန်၊သူများတိုင်းပြည်မှာ ငွေကျွန်။

ဒီခေတ်ကြီးထဲဖြတ်ရင်းလူတွေမှာ လက်ထဲပစ်စရာသေနတ်မရှိလာပေမယ့်ပစ်စရာအတွေး အခေါ် ရှိလာတယ်။နှစ်၃၀ကြာဖြတ်သန်းရင်း တိုးတက် လာတဲ့ကမ္ဘာ့သမိုင်း၊ဆုတ်ယုတ် သွားတဲ့မြန်မာ့သမိုင်း ရင်ဘတ်တွေထဲမှာကိုယ်စီရှိတယ်။၇၄ ခုနှစ်က ဆန္ဒခံယူပွဲမှာ မဆလ ညာတာ ဒို့ ခံရဘူးတယ်။ မဲရုံတွေကို စိတ်မလုံမခြုံဖြစ်အောင် မသိမသာ အ၀တ်နဲ့ ဖြစ်သလို ကာထားတာ။ မဲရုံက ရှည်မျောမျော ဆောက်ထားတာတွေ။ အဖြူပုံးက ၀င်ပေါက် နားချထား။ အမဲပုံးကိုအတွင်းမဲရုံထိပ်သွားထားတွေ။ သူဘယ်သွားလဲ ခြေထောက်ကို လှမ်း ကြည့်နေလို့ရအောင်မဲရုံအောက်ခြေကိုတိုနန့်နန့်တပေ ခွဲလောက် လွှတ်ထားတာ။ ခပ်စွာစွာကောင်တွေ ဒုက္ခမပေးနိုင်အောင် စောစောထဲက အမှုဆင် ကြိုရှင်းထားတာ။

ခုတခါတော့ ကြီးကြပ်မယ့်လူတွေက ကိုယ့်မီးသေတဲ့လူဖြစ်မှ။ ချဲဒိုင်လား။ ပိုကောင်းပေါ့။ ပိုသစ္စာရှိတာပေါ့။ တိုက်ပုံအဖြူဝတ်ခိုင်းထားလိုက်။ ခန့်ချော ပုဆိုးအစိမ်းရင့်နဲ့ ဆိုကြည့် ကောင်းသွားပြီ။သူကလူမိုက်လား။နောက်ကြောင်းမရှင်းဘူးလား။ ရပါတယ်။ အသုံးတဲ့ပါတယ်။ လိုရင်ထိုးကျွေးလို့ရတယ်၊ လုံခြုံရေးထဲထည့်ထားလိုက်။ ဘယ်သူကိုဘာနဲ့ချုပ်လို့ ရမလဲ။ မင်းလူကြီးလုပ်မယ်ဆိုရင် ဒါတွေနပ်။ မဲပေးနိုင်တဲ့ အရေအတွက်လား၊ဘယ်သူက ဘယ်လောက် လိုက်ကြည့်ရဲမှာလဲ၊မဲ ဘယ်လောက်လာပေးသွားလဲဆိုတဲ့ စာရင်းက ဒို့လက်ထဲမှာ ။ကြုပ်ကျက်လိကြကွာ။ မဲပုံးတွေကသုံးထပ်သားဖင်လား။ မသိမသာလေးနော်။ ဖွင့်ရကောင်း ဖွင့်ရနိုင်တယ်။ သယ်တဲ့နေရာမှာ ကိုယ့်လူကိုယ့်ကားဖြစ်အောင် စီမံထား။ ဇာ ကနာလေးတွေကအစ ဆောင်လာခဲ့။ ဆင်ကော်ဗူးလေးတွေလည်းနေရာကျလိမ့်မယ်။ မဲမရေခင် လမ်းမှာ ပြင်နည်း။ မဲပုံးသိမ်းတဲ့နေရာမှာပြင်နည်း ။ရေတွက်ပြီးစာရင်း မချုပ်ခင်ပြင်နည်း၊ စာရင်းချုပ်တဲ့နေရာမှာ ပြင်နည်း။အစုံသုံး။ လိုသလိုပေါင်းထည့်နိုင်အောင် ထောက်ခံမဲတွေလည်း အပိုအဆင် သင့် ဆောင်ထားကြ။ ဘယ်နိုင်ငံတကာကမှ လာရှုပ်လို့ မရအောင် ကြည့်လုပ်ထားတယ်။ တို့အဘတွေက ခုထိ ၀ှက်ဖဲမထုတ်သေးတာ တွေ့လား။

ဒါအပေါ်စီးရအောင် ယူတတ်တဲ့စစ်ရေးအမြင်ပဲ။အခြေအနေ ကောင်းရင် မဲတပုံးထဲတောင်စုထည့်ခိုင်းတာမျိုးလုပ်နိုင်သေးတယ်။ ကြည့်။ သုံးပွင့် ဆိုင် တွေ၊ ၉၀ခုနစ်ရလာဒ်တွေ အသံတိတ်သွားအောင် တချက်ထဲ လုပ်ထည့်လိုက်တာ။ နိုင်ငံတကာ စံချိန်စံညွှန်းလို့ လာပြောတဲ့ ကောင်တွေကို ကောင်း ကောင်း သတိထား၊ မလာစေနဲ့။ သူတို့လာရင်အသံထွက်မယ်။ဂွင်ပျက်တယ်။ ထောင့်စေ့တဲ့ကောင်တွေ ကြောက်ဘို့ကောင်းတယ်။ ပြည်တွင်းသတင်း သမားတွေလား။ တားထားလိုက်။ ဒါအရေးကြီးတယ်။ စာပေဗိမာန်က ဖွဲ့စည်းပုံစာအုပ် တထောင်လောက်ပဲ ရောင်းရသေးတယ် ပြောတယ်။ ဒါသတင်းဖြစ်သွားဦးမယ်။ ရန်ကုန်ကလူ၅သန်းရှိတာ။ သတင်းသမားတွေကိုသိအောင် ၅သိန်းရောင်းပြီးပြီ သတင်းစာရှင်းလိုက်။ ဌါနဆိုင်ရာတွေအားလုံး မယူမနေရလုပ်လိုက်။ ရေဘူးမလိုဘူး။ ရေပါဘို့ဘဲဟေ့။ ပြည်ပသတင်းသမားတွေကိစ္စလား။ နိုင်ငံခြားမီဒီယာတွေများ ဂရုစိုက်လို့။ ပစ်ထားလိုက် မနက်ဖြန်ကျရင် နောက်သတင်းတခု ဆက်လုပ်ကြလိမ့်မယ်။ နိုင်ငံတကာဟိုအဖွဲ့ဒီအဖွဲ့တွေလား။ မ၀င်စေနဲ့။ တိုင်းပြည်အပြင်ကနေပြောမှာလား။ လွှတ်ပေးထား။ ပြောကြ။မသမာမှု။ လိမ်လည်လှည့်ဖျားမှု၊ ပြောပြီးရင်ပြီးသွားမှာဘဲ။ ဒီအဆင့် အောင်ရင် ဧရာမ၀ိုင်းကြီးတ၀ိုင်း အဘနဲ့ ပြောပြီးပြီ၊ ဒို့ဒီလိုဘဲ အောင်ပွဲခံလားတာ မဟုတ်လား။ မြို့ထဲ တင့်ကားတွေ လှည့်နေတယ်။ရပ်ကွက်တွေထဲလည်း လုံခြုံရေးသတိရှိ။ ထူးခြားဖြစ်စဉ် ဆိုသတင်းပို့။သူတို့နေ့ကြေးက ဒီနေ့ဘယ်လောက်လဲ။ ညမပြန်ခင်ပြုစုလိုက်ကြ။

ကျုပ်မေးစမ်းမယ်။ ဘာလို့ဒီစစ်ဘုရင်ဝါဒနဲ့ခေတ်နောက်ပြန်ဆွဲ ပဒေသရာဇ် လွှတ်တော်ခေတ်အုပ်ချုပ်ရေးကိုဇွတ်သွင်းကြတာလဲ။ နှစ်၃၀ကျော် အချိန် ဒီနေ့ ကမ္ဘာကြီးမှာ ဘယ်လိုစနစ်တွေဖြစ်ထွန်းကူးပြောင်းသွားလဲစစ်ဗိုလ်ချုပ်အိုတွေ မသိရအောင်ပညာဉာဏ် နှုံ့တာလား၊ အမြော်အမြင်မဲ့တာလား၊ အတ္တကြီးတာလား။ ကပ်ဖါးရပ်ဖါးတွေရဲ့ မတတ်သာလို့ လိမ်ရသူတွေရဲ့ လိုတိုးပိုလျော့ စာရင်းတွေမှာမဟုတ်မှန်းသိရက်နဲ့သာယာ၊ နိုင်ငံတကာ မ၀င် ဆန့််၊ဒီလိုနဲ့အမြင်တွေ အတွေးတွေ နောက်ကျကုန်တုံးကုန် ဖြစ်ကြရတာလား။

အရာရှိငယ်တွေ၊နောက်မျိုးဆက်တွေလည်းသူတို့လိုအာဏာအရူးမရင့်ခင် မြင်သင့်တာတွေမြင်ထားမှ-ပြင်သင့်တာပြင်နိုင်မယ်။ မြို့ပြဖွံ့ဖြိုးရေး ခေါင်း စဉ်အောက်မှာ ဈေးဆောက်လိုက်။နဂိုဆိုင်ခန်း၁၀၀ကို၂၀၀ပွါးပြီး ပိုတာရောင်းစားလိုက်ကြ၊ စိတ်ပျက်စရာအကောင်းဆုံး စီးပွါးရေးအိုင်ဒီယာပါဗျား။ ဒါ တိုးတက်သာယာ ပြည်မြန်မာလား။ ဒါကို တကယ့်စီးပွါးရေးအလုပ်လို့ မှတ်နေသမျှတော့ တိုင်းပြည်ဟာ ပြာပုံတိုးမှာပဲ။ ဒီခေတ်ကြီးထဲ လယ်သမား တွေရဲ့ လည်ပင်းကိုနင်းတဲ့အလုပ်မျိုးတွေ လုပ်နေကျဖြစ်လာ၊ ထမင်းစားရေသောက် လုပ်ကောင်းတဲ့အလုပ်တွေ လို့အထင်ရောက်လာ မရှိမဲ့ရှိမဲ့ လယ်သမားတွေဆီက ဓမြတိုက်သလို မတရားသိမ်းလာတဲ့ လယ်ယာမြေတွေကို ဌါနဆိုင်ရာအလိုက်ခွဲတမ်းချယူကြ။ မိခင်နဲ့ကလေးစောင့်ရှောက်ရေး နံမည်ခံပြီး ယူ ကြ လက်လွှဲရောင်းစားကြ ။ ဒီလိုမသန့်ရှင်းတဲ့စိတ်နဲ့ ရတဲ့ မသန့်ရှင်းတဲ့ရံပုံငွေဟာ ဒီလိုလူမှုရေး အသင်းမျိုးတွေကို ကြီးပွါးစေမှာလား။ ဒါအင်မတန်စက်ဆုတ်ဖွယ်ကောင်းတဲ့ လူမှုရေး စိတ်ဓါတ် စံလွှဲမှုကြီး တခုပဲ။ ဒါမျိုးကိုအသင်းဝင်တယောက်ယောက်ကချက်ချင်းထ၊ ကန့်ကွက်လိုက်n ရမှာ။ ဒီလိုအာဏာ တလွဲသုံးရန်ပုံငွေ ရှာတာကို အလုပ်ကြီးအကိုင်ကြီးလုပ် ၊တခန်းတနားသတင်းဝါဒတွေဖြန့်ပေမယ်လို့ မပွါးစည်နိုင်ဘူး၊လူထုလည်း ၀မ်းမမြောက်ဘူး။ စိတ်စေတနာမှန်နဲ့ လုပ်လို့ တိုးတက်လာတဲ့ နာရေးကူညီမှုအသင်းမျိုးကို အားကျရမှာ အားမကျဘဲအားမပေးဘဲ မနာလို ဖြစ်ကြ၊ ကန့်သတ်ချုပ်ချယ်ကြ။ အစိုးရကွဆိုတဲ့ အရှိန်အ၀ါတွေသုံးအသင်းဖွဲ့ပြီး ခိုးဝှက်ကြ၊အသင်းဝင်လာတဲ့ လူတွေက ဘာပေးဆပ်ရမလဲ ဆိုတဲ့အသိနဲ့လာ တာမဟုတ်၊ ဘာအမြတ်ရနိုင်မလဲ အခြေခံမျိုးနဲ့လာတဲ့အခါ ဘယ်မှာအောင်ပါတော့မလဲ။ ချဲလွတ်လွတ်လပ်လပ် ရောင်းရအောင်။ ဘောပွဲဒိုင် အဖမ်း အဆီး မရှိအောင်၊ အရက်ပုံး ဆိုင်လေး အသက်ရှည်အောင်။ အနှိပ်ခန်းလေး မမြင်ချင်ယောင်ဆောင်ထားအောင် ရံပုံငွေထည့်ကြ။ ကြံ့ဖွံ့ထဲဝင်ကြ ။ စွမ်းအားရှင်ထဲ ၀င်ကြပေတယ် ။

တချို့ကဒီစနစ်ကနေ ဖြေးဖြေးပြောင်းဖို့စိတ်ကူးယဉ်။ ခွေးကတက်လွှတ်တော်တက်ပြီး တောင်းမယ်တိုက်မယ်ပြောတယ်။ တချို့ဆို နှစ်၂၀ လောက် ပေါင်းလုပ်ကြည့်လိုက်တာ ကိုယ့်တနယ်လုံး တောတွေပြုန်းတောင်တွေပြို၊ ချောင်းတွေပျက်၊မြစ်တွေကော၊ တောတိရိစ္ဆာန်တွေသေ၊ ငါးပုဇွန်တွေ အဆိပ်သင့်။ ကိုယ့်အမျိုးသွေးသားတိုင်းရင်းသားတွေက ဘာရလဲ။ လွတ်လပ်ရေးလား။ ရောဂါလား။

ဒီနေ့ဖိလစ်ပိုင် ဖွဲ့စည်းပုံထဲမှာ အပိုဒ်တပိုဒ် ပါတယ်။ အရပ်သားအုပ်ချုပ်မှု ဟာ အမြဲတမ်း စစ်တပ်အပေါ်မှာ ရှိမယ် ဆိုတဲ့အချက်။ ( Civilian authority is at all time supreme over the military )ဒီလောက်တိုတိုရှင်းရှင်းလုပ်ထားတာတောင် တပ်ကအာဏာသိမ်းဖို့ ခဏခဏ ကြိုးစားတဲ့ အသေးစား အာဏာသိမ်းမှုတွေ ကြားရတယ်။ တိုင်းပြည်တခုမှာအတိတ်ကစနစ်ပျက်အကျင့်ပျက်ဒဏ်ရာတွေဟာ ရုတ်တရက်နဲ့အကင်း မသေတတ်တာပြောချင်တာပါ။ဒါတောင်တပ်မတော်ကဦးဆောင်ရမယ်တို့။ တိုင်းပြည် အန္တရာယ်ကျပြီထင်ရင် ၀င်ဖြေရှင်းနိုင်တာတို့မပါသေးဘူး၊ ပြဌာန်းမထားသေးဘူးနော်။

ကျုပ်တို့လွတ်လပ်ရေးရချိန်ကစပြီးခုအချိန်ထိကမ္ဘာ မှာ နိုင်ငံ ၇၀ လောက် ဒီမိုကရေစီ နိုင်ငံတွေ ဖြစ်သွားက်ြတယ်။ ရင်နာစရာက ကျုပ်တို့နိုင်ငံ မပါ တာဘဲ။ တဖြေးဖြေးပျိုးယူရမယ့် အနှစ်သာရပိုင်းကို အသာထားလို့ စာရွက်ပေါ်မှာတောင် ချမရေးနိုင်ခဲ့တာ။ ( ကြုံလို့ ထည့်ပြောရင် ဒီနေ့အမေရိကန် ရဲု့ နှစ် ၂၀၀ ကျော် တည်တန့် အောင်မြင်နေတဲ့ ပင်မ ဖွဲ့စည်းပုံကိုရေးခဲ့တာ ၇ လဘဲ ကြာတယ်၊ နအဖအပြောနဲ့ ဆို အဲဒီလိုရင့်ကျက်ဖြစ်ထွန်းဖို့ ကျုပ်တို့လူထုကို နောက်ထပ် နှစ် ၂၀၀ စောင့် ခိုင်းမယ့် ပုံမျိုး။) သူကိုယ်တိုင်ကျတော့ ၁၄ နှစ်အချိန်ယူပြီး ခေတ်နောက်ပြန်ဖွဲ့စည်းပုံတခု ဇွတ်ဆွဲ တယ်။ စေတနာဟာကံ။ ဒါ နအဖရဲ့ ၁၄ နှစ်စာ ကံသီးကံပွင့်တွေပေါ့။

အခုလူထုက ၇၄တုန်းကလောက် နလပိန်းတုံးတွေတော့မဟုတ်ဘူး။ ဒီနှစ်၃၀ အတွင်း တော်လှန်ရေးတွေကို ဖြတ်သန်းရင်း ရင့်ကျက်ခဲ့ကြ တယ်။ ၇၄ တုန်းက ရွာသူကြီးကမဲထည့်ပေး၊ သူတို့က ဘာမှန်းမသိခေါင်းငုံ့ခံခဲ့တယ်။ စစ်တပ်ကပြော၊သူတို့ ခေါင်းငြိမ့်ခဲ့ရတယ်။ ခု အဖြူအမဲ အမှန်အမှား ခွဲခြားတတ်တဲ့လူထု။ မှတ်ပုံတင်တွေ ခုမှထူးခြားပြီး အမြန်လုပ်ပေးနေတာအိမ်ထောင်စုဇယားတွေ နေ့ချင်းပြီးလုပ်ပေးတာ တွေဟာ သွေးရိုးသားရိုး စေတနာလို့ထင်အောင်တော့မတုံးဘူး။ ဒါနဲ့ မစည်းရုံးနဲ့။ ဒီမိုကရေစီပေးချင်ရင်၁၉၉၀ထဲကပေးခဲ့ပါလား။ တိုင်းပြည်တဖြောင့်ထဲထောင်တက်နေပြီ။ မဟုတ်ဘူး။ စစ်သက်ရှည်ဖို့ စစ်ကျွန်ဆက်ခင်းဖို့။ တကမ္ဘာလုံးက ဖျောင်းဖျနားချတာတောင် နားမထောင်နိုင်တော့ဘဲ သံဃာတော်မချန် သတ်ဖြတ် ထောင်ချတဲ့အထိဖြစ်ရတာ။ အာဏာကိုရူးမူးဖက်တွယ်နေတာ။ ၉၂ရာခိုင်နှုန်း ပြည်သူတွေ ထောက်ခံပါတယ်ဆိုတဲ့ မဆလဖွဲ့စည်းပုံလည်း ခဏ ဘဲ လိမ်လို့ရလိုက်ပါတယ်။ လူထုအုံကြွမှုတွေအရေးတော်ပုံတွေ ၇၄-၇၅-၇၆ဆက်တိုက်ဖြစ်။ ၈၈မှာတော့ နိဌိတံသွားတာပဲ။ အခြေအနေအရ ၀င်ထားရတဲ့ မဆလပါတီဝင်သန်းနဲ့ချီပြီးရက်ပိုင်းအတွင်း ချက်ချင်းပဲ အ၀တ်ဟောင်းတွေ အရည်ပျော်ကျ ဘ၀တွေအသစ်ပြန် စ မွေးဖွားကြရပါတယ်။

သံဃာတော်တွေ ဦးဆောင်ထားတဲ့သက္ကရာဇ် ၂၀၀ရ ရွှေဝါရောင်တော်လှန်ရေးမှာ လက်ချင်းချိတ် ၀ိုင်းရံအကာအကွယ်ပေးရင်း သံဃာတော်တွေနဲ့ အတူ ချီတက်ခဲ့သူတွေဟာ ၂၀၀၇ အင်အားသစ်သွေးသစ်မျိုးဆက်သစ်တွေဖြစ်တယ်။ရှေ့နောင်တော်တွေ လျှောက်ခဲ့တဲ့ လမ်းကို ဆက်လျှောက်လာ ကြပြီဖြစ်တယ်။သူတို့ဟာ ဒီတော်လှန်ရေးအဆင့်ဆင့်ကို ဆက် တာဝန်ယူသွားကြတော့မှာဖြစ်တယ်။ ဒီမျိုးဆက် ဟာ ကမ္ဘာကြီးကို လှမ်းမြင်နိုင် စွမ်း ကြ သူတွေဖြစ်တယ်။ သူတို့ဟာ ရေတွင်းထဲက ဖါးတွေမဟုတ်ဘူး။ လွတ်လပ်ရေးထက် ကြီးမားတဲ့တန်ဖိုး ဘာမှမရှိဘူး၊ လွတ်လပ်မှုဆုံးရှုံးတာထက် ကြီးမားတဲ့ဆုံးရှုံးမှု ဘာမှမရှိဘူးဆိုတာကိုသိကြပြီးဖြစ်တယ်။ သမိုင်းအမှားကိုထပ်မမှားဘို့ ပိုင်းပိုင်းခြားခြားသိထားပြီးသူတွေ၊ သမိုင်းလမ်းကြောင်း အမှန်ကို မရောက်ရောက်အောင် ပြန်သွားဘို့ ပိုင်းဖြတ်ပြီးသား ရဲဘော်တွေရဲမေတွေ ဖြစ်ကြတယ်။ တစုံတယောက်က တစုံတရာ အမိန့်ပေးလို့ ၀င်လုပ်တာတယောက်မှ မပါဘူး။ ကိုယ်ကျိုးတခုတခုအတွက် မျှော်ပြီး ၀င်လာသူတွေတယောက်မှမပါဘူး။ အတိမ်အနက်အခက်အခဲအားလုံးကို တစုံတရာသဘောပေါက်ထားပြီးသားဖြစ်တယ်။ သမိုင်းအမှားကို ထပ်မှားအောင်ရေးတဲ့အထဲမှာ မပါတဲ့သူတွေဖြစ်တယ်။ သူတို့ဟာသူတို့သမိုင်းကို သူတို့ခန်းခန်းနားနားရေးကြမယ့်သူ တွေဖြစ်တယ်။ အကြောက်တရားကင်းတဲ့ ညီညွတ်ခြင်းတိုင်းပြည်ကို တည်ကြမယ့်မျိုးဆက် တွေလည်းဖြစ်တယ်။

(၂၀-၃-၀၈)

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org