စစ်အာဏာရှင်တို့နှင့် ဒီမိုကရေစီ ဝေးကွာလှမ်း၏

 

 

 

ကြေးမုံဦးသောင်း 

 

 

 

 

 

 

၁၉၄၇ ခု၊ စက်တင်ဘာ ၂၄ ရက်နေ့က အတည်ပြုခဲ့သော ပြည်ထောင်စု အခြေခံဥပဒေသည် လူ့ဂုဏ်သိက္ခာအား ရိုသေမှုကို ဦးတည်သည်။ နိုင်ငံသား လူမျိုးစု အားလုံးတို့ လွတ်လပ်စွာ ရောင်းဝယ်လုပ်ကိုင်ခွင့်၊ ကိုးကွယ်မှု စသော အခြေခံ လူ့အခွင့်အရေးတို့ကို အာမခံသည်။ တိုင်းပြည်ကို အုပ်စိုးမည့် အစိုးရ ရာထူးကို လူထုကိုယ်စားလှယ်တို့က ငါးနှစ်တကြိမ် ရွေးကောက်တင်မြှောက်ရသည့် တာဝန်ကို ရယူသည့် အာဏာကို ပိုင်သည်။ ထို့ကြောင့် ထိုစဉ်က ငယ်ရွယ်သော ဥပဒေပညာရှင်ကလေး ဒေါက်တာမောင်မောင်က “အခြေခံဥပဒေသည် ရဲရင့်ပြောင်မြောက်သည်။ ကြံ့ခိုင်စွာ တည်နေ၏။ ခေတ်နှင့်ယှဉ်၍ ကြုံတွေ့လာသော ပြဿနာများကို ဖြေရှင်းနိုင်သောကြောင့် ကြီးမား ကျယ်ပြန့်စွာ တည်နေမည်”ဟု ချီးကျုးခဲ့၏။

သို့ငြားသော်လည်း မြန်မာ့ဒီမိုကရေစီ အဆောက်အအုံကြီးကို ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့တွင် စစ်တပ်အကြီးအကဲ ဗိုလ်နေ၀င်းက လက်နက်နှင့် ဖြိုဖျက်ကာ စစ်အာဏာရှင် အစိုးရ တည်ထောင်ခဲ့သည်။

တော်လှန်ရေးအစိုးရအဖြစ် အာဏာကို သိမ်းခဲ့သော်လည်း ယင်းအာဏာကို ပြည်သူ့လက်သို့ ပြန်လည် အပ်နှင်းလိုသည်ဟု အကြောင်းပြ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ပြုစုမည်ဟု ၁၉၇၁ ခု၊ သြဂုတ် ၂၁ ရက်မှ စတင်ကာ အားထုတ်သည်။ စစ်အာဏာရှင်တဦး အဖြစ်မှ လူထုက ရွေးကောက်တင်မြှောက်သူဟု လူထုနှင့် ကမ္ဘာက လက်ခံလေအောင် အားထုတ်ရန် ဖြစ်သဖြင့် နည်းအမျိုးမျိုးနှင့် ပုံကြီးချဲ့ရလေသည်။

ပထမ - နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမူကြမ်း ရေးဆွဲရေး အဖွဲ့များကို ဖွဲ့သည်။ နောက် ဥပဒေမူကြမ်းကို လူထုက အကြံပေးရန် ဖိတ်သည်။ ပြည်သူ ၁၀၅,၀၀၀ တက်ပြီး ၃၄၅၈ ဦး အကြံပေးသည်ဟု ဆိုသည်။ နောက် မဲရွေးပွဲအတွက် သန်းခေါင်စာရင်း ကောက်သည်။ ထိုစဉ်က လူဦးရေ ၂၈,၉၂၁,၂၂၆ ရှိသည်ဆို၏။ နောက် မဲပေးပွဲ ကျင်းပသည်။ မဲပေးလာသူ ၁၃,၄၆၁,၄၄၈ တို့တွင် ၁၂,၇၀၉,၉၈၇ တို့က ထောက်ခံမဲပေး၍ အတည်ပြုသည် ဆို၏။ နောက်ဆုံးမှ တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်နေ၀င်းက ပြည်သူတို့က ရွေးကောက်သူ ပါလီမန်အမတ်ကြီးအဖြစ် အချုပ်အခြာ အာဏာကို လွှဲပြောင်းလက်ခံသည်။ ၁၉၇၁ မှ ၇၄ အထိ သုံးနှစ်ကြာ ဥပဒေပြုသော်လည်း အာဏာမှာ သူ၏ လက်တွင်း၌သာ ရှိနေသဖြင့် နိုင်ငံနှင့် လူထု၏ အခြေအနေမှာ ပြောင်းလဲမှု နတ္တိပါပေ။

ယနေ့ လာပြန်ပြီ။ နအဖ ခေါင်းဆောင်ကြီး ဗိုလ်သန်းရွှေက မေလတွင် အခြေခံဥပဒေ ရေးမည်၊ ၂၀၁၀ တွင် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပမည်၊ နအဖ ဒီမိုကရေစီ နိုင်ငံသစ်ကို ဖြစ်မြောက်အောင် ဆောက်လုပ်မည်ဟု အားထုတ်နေပြန်ပြီ။

စစ်အာဏာရှင်တို့က ဒီမိုကရေစီ တည်ဆောက်မည်ဆိုသည်မှာ လက်တွေ့ ဖြစ်နိုင်ပါမည်လော။ မဖြစ်နိုင်သဖြင့် ၀ါဒဖြန့်သည်သာ။

ဗိုလ်သန်းရွှေ၏ လက်အောက်မှ နိုင်ငံတွင် စီးပွားရေးကလည်း ပျက်စီးနေသည်။ စီးပွားရေးလုပ်ငန်း အကြီးစားများမှာ အစိုးရနှင့် နီးစပ်သူတို့သာ ပိုင်ကြသဖြင့် အစိုးရသာ နစ်နာစေသည်။ ကိုတေဇကို ကျောက်စိမ်းလုပ်ငန်းသစ် တီထွင်ပေးနေစဉ် သူပိုင်သည့် ပုဂံလေကြောင်း လေယာဉ်ပျံ ပျက်ကျသည်။ ခရီးသည်အားလုံး သေရ၏။ ဤအတွင်း အမေရိကန် အစိုးရက မလိုလားသော မြန်မာလုပ်ငန်းရှင်တို့ကို အမေရိကန် လုပ်ငန်းရှင်များက ဆက်သွယ်၍ စီးပွားမပြုရဟု ဥပဒေအမိန့် ထုတ်သဖြင့် မြန်မာ့စီးပွားရေးမှာ ကြီးစွာ ကျဆင်းရပြန်သည်။

ဤဥပဒေအမိန့်အရ အမေရိကန်များနှင့် ဘိန်းသူဌေးကြီး လော်စစ်ဟန် သားအဖတို့နှင့် စီးပွားဆက်ခွင့် ရပ်စဲသွားရ၏။ ထိုမျှမက ဘိန်းသားအဖ၏ ကုမ္ပဏီ၌ မန်နေဂျာဖြစ်သူ သား၏ဇနီးပါ အကျုံးဝင်သဖြင့် ပိုင်ဆိုင်သော စင်ကာပူရှိ လုပ်ငန်းများပါ အရေးယူသည်။ ဘိန်းလုပ်ငန်းရှင် သားလော်စစ်ဟန် ဇနီး၏ လုပ်ငန်းအားလုံး ပျက်ရသည်။ အစိုးရ ဖွဲ့စက စတင်၍ ဘိန်းဝင်ငွေကို မှီခိုသောကြောင့် မြန်မာ နအဖ အစိုးရ အထိနာရသည်။

ယင်းသို့ အဖက်ဖက်က ပျက်ပြားနေသော်လည်း နအဖ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီးသန်းရွှေက မေလတွင် အခြေခံဥပဒေ ရေးမည်၊ ၂၀၁၀ တွင် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပမည်၊ နအဖ ဒီမိုကရေစီ နိုင်ငံသစ်ကို ဖြစ်မြောက်အောင် ဆောက်လုပ်မည်ဟု အားထုတ်နေကြောင်း၊ သူ၏လမ်းစဉ် အောင်မြင်ပါမည်လောဟု ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်မောင်အေးက သံသယဖြစ်ကာ သွေးကွဲနေကြကြောင်း သတင်းရရှိသည်။ သံဃာတော်များကို ရိုက်နှက်နှိမ်နင်းသည်ကို လူငယ်များက မပြုသင့်ဟု ယူဆကြသည်။ ဗိုလ်သန်းရွှေက မိမိသည် မည်သူ့ကိုမျှ တိုင်ပင်ရန် မလိုဟု ပြတ်သားစွာ ပြောသည်ကို လူငယ်များက မကျေနပ်ကြကြောင်းနှင့် သတင်းကို ဖတ်ကြရသည်။

ထိုကဲ့သို့ မညီမညွတ် ဖြစ်နေချိန်တွင် ဒီမိုကရေစီစကား ပြောသည်မှာ မိုက်မဲသဖြင့် ပြည်ပကပင် ဆန့်ကျင်နေပြီ။ သူက ပြည်တွင်း အင်အားစုကို ရွေးကောက်ပွဲ မ၀င်ရဟု ဟန့်တားသည်မှာ ပို၍ မိုက်မဲသည်။

အချုပ်ဆိုရလျှင် စစ်ဗိုလ်များ၌ ဒီမိုကရေစီ တည်ဆောက်ရန် အရည်အသွေး မရှိရှာကြကြောင်း။

(၇-၃-၀၈)

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org