ရှက်တတ်ရင် လဲသေသင့်တယ်

 

 

တောင်သမန် နတ်မောင်း

 

nettar.myanmarbloggers.org

 

မန္တလေးမြို့တော်က အထင်ကရ နေရာတွေနဲ့တကွ မြို့ကွက်တော်တော်များများ ပြာပုံဟင်းလင်းပြင် ဖြစ်သွားတဲ့ ၁၉၈၄ မန္တလေးမီးကြီးဟာ မန်းသားတွေအတွက် အိပ်မက်ဆိုးကြီး တခုပါပဲ။ အို...ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် မီးလောင်ထားတဲ့ သစ်ပင်ငုတ်တိုတွေ၊ မီးစားသွားတဲ့ အိမ်အပြိုအပျက်တွေ၊ မည်းညစ်ကျန်ခဲ့တဲ့ မီးသင့်တိုက်ကတုံးတွေ။ မန္တလေးဟာ ပြန်ထူထောင်ဖို့ နှစ်တွေအများကြီး အချိန်ယူခဲ့ရတာကလား။

ဒီမီးကြီးနောက်မှာ စီးပွားပျက်ကပ်က ဆိုက်လာတာ။ ဘိုးစဉ်ဘောင်ဆက် နေလာတဲ့ အိမ်ဝိုင်းလေးတွေကို ရောင်းပြီး မန်းသားတွေ မြို့ပြင် ဆုတ်သွားကြတယ်။ သူတို့ ရောင်းသွားတဲ့ အိမ်ဝိုင်းလေးတွေ နေရာမှာ တရုတ်စာထိုးထားတဲ့ တိုက်ခန်းခန်းနားနားတွေ ပေါ်လာတယ်။ အို...သချိုင်္င်းတောင် ကြာနီကန်သချို င်္င်းက စုတ်လို့။ တရုတ်သချိုင်္င်းက ခန်းနားပါပေတယ်။ ကြိုးစား အလုပ်လုပ်တဲ့လူမျိုး၊ ရုန်းကန်တဲ့လူမျိုးမို့ မုဒိတာ ပွားမိပ။ ကိုယ့်လူမျိုး အခေါင်အထိပ် လုပ်နေသူကတော့ မြန်မာတွေ စီးပွားပျက်တာ နေစရာ အိမ်ပျောက်တာ သူနဲ့ မဆိုင်ကျရော။

ဒီကြားထဲက ဖီးနစ်ငှက်လို ပြာပုံထဲက ထ,ခဲ့ရတဲ့ မန္တလေး။ ၂၄ နှစ်ကြာလို့ အိပ်မက်ဆိုးကြီး မေ့မေ့ပျောက်ပျောက်လဲ ဖြစ်ရော။ ခု တပေါင်းတောင် မတိုင်သေးဘူး။ မန္တလေးရေ... မင်းကံဆိုးလှချည်လား။

၁၉၈၄ မီးလို တမြို့လုံးနီးပါး မကုန်တာ တော်သေးရဲ့။ ဆင်းရဲသားရပ်ကွက်တွေပါ မသက်မညှာ ပြာချမသွားတာ တော်သေးရဲ့။ မန္တလေးရဲ့ အသည်းနှလုံး အဆောက်အအုံတွေ၊ ရှေးလက်ရာတွေကို ၀ါးမျိုမသွားတာ ကျေးဇူးတင်ရရဲ့။ ဒါပေမယ့် မီးဟာ မန်းကို နိုင်လွန်းလှချည့်။

ဒီနွေပေါက်ကတည်းက မီးသံတွေ ဟိုကဒီက ကြားနေရပါပြီ။ ဟိုမှာဒီမှာလဲ လောင်ပြီးပါပြီ။ သက်ငယ်မိုးအိမ်တွေ၊ ဓနိမိုး ထရံကာ ရပ်ကွက်တွေလဲ ဘုရားတ,နေရပါပြီ။ ခု အကြီးအကျယ် မျိုချလိုက်တာက လုံးဝ ထင်မထားတဲ့နေရာ။

မီးသတ်ကား ဥသြဆွဲသံတွေ၊ ကျောင်းလိုက် ကျောင်းလိုက် အရေးတကြီး ကြွလာကြတဲ့ ဦးဇင်းတွေ။ မနက်စောစောမှာ ဆွမ်းစားပင့်လို့ မထင်ပါနဲ့။ ဦးဇင်းတွေ ဦးတည်နေတာက မီးခိုးထုကြီး မြင်နေရတဲ့ ရတနာပုံဈေး။

အထဲက မီးတောက်တွေကို မြင်နေရတယ်။ ဈေးပေါ်မှာ မီးခိုးတွေ တက်ပြီးရင်း တက်လာတယ်။ မီးသတ်ကားတွေ ရေမနိုင်တော့ဘူး။ အောင်မြေသာစံ၊ ချမ်းမြသာစည်... မီးသတ်ကားတွေ မလောက်ဘူး။ ကျောက်ဆည်က လွှတ်ပါ။ ရွှေဘို ကူပါဦး။ မတ္တရာ၊ စစ်ကိုင်း... ဒီမှာ အရေးကြီးနေပြီ။ မေမြို့ကရော ခေါ်ဦးလေ။ ရေကလဲ ကုန်လွယ်လိုက်တာ။ ရေကုန်သွားတဲ့ ကားတွေ မြန်မြန်ဖြည့်၊ မန္တလေးကျုံးရေ ဘာလုပ်ဖို့ ထားလဲ။ မြို့တည်ရင် ကျုံးပါတူးရတဲ့ ထုံးတမ်းကို လိုက်နာသွားတဲ့ မင်းတုန်းမင်းကြီးရယ်... ကျေးဇူးတင်လိုက်တာ။

မီးသတ်ကားတွေ ရေယူဖို့ အဝေးကြီးကို ပြန်မောင်းပြေးနေစရာလား။ မီးလောင်ရင် အရေးပေါ် ရေရနိုင်မယ့် အန်ဒါဂရောင်း ရေပိုက်လိုင်းတွေ မထားဘူးလား။ ဟာ...အရေးထဲ နိုင်ငံခြား အိပ်မက်တွေ လာမက်နေပြန်ပြီ။ ဒီမှာ ရေဆိုတာ လူသောက်ဖို့နဲ့ ချိုးဖို့တောင် လောက်အောင် လုပ်မပေးထားတာ။

မီးခိုးတွေ များပြိးရင်း များနေပြီ။ အနားသိပ်မကပ်နဲ့ဟေ့။ မီးခိုးဟပ်မယ်။ မူးလဲမယ်။ သတိထား။ အသက်အောင့်နော်။ မီးခိုးမွှန်နေရင် မလိုဘဲ အသက်များများ မရှူနဲ့။

ဦးဇင်းတွေ မီးသတ်ပိုက်ပါ ကိုင်နေရပါလား။ အောက်ထပ်ပွင့်ပြီ။ ၀င်သွားတာ သင်္ကန်းရောင်တွေရောပဲ။ အရှင်ဘုရားတို့ သတိထားကြပါ။ မီးက အထဲမှာ ကျန်နေနိုင်သေးတယ်။

မီးသတ်ကားတွေပေါ်လဲ ဦးဇင်းတွေ၊ အထဲကပစ္စည်း သယ်ထုတ်ပေးတာလဲ ဦးဇင်းတွေ။ ကျေးဇူးကြီးပါတယ်ဘုရား။ အရှင်ဘုရားတို့ကတော့ မန္တလေးရဲ့ ထာဝရ စေတနာ့ဝန်ထမ်း မီးသတ်တွေပါပဲ။

ဦးဇင်းတွေ ကြွလာတာ မနည်းဘူး။ မီးသတ်ကားတွေပေါ်မှာလဲ နီညိုရောင် သင်္ကန်းတွေ ဖွေးလို့။ ဒါ သံဃာလေ။ ဒကာဒကာမတွေကို အမြဲ စောင့်ရှောက် ပေးချင်ကြတဲ့ ဘုရားသားတော်တွေ။ မီးလောင်တယ်ကြားရင် ခရစ်ယာန် ရပ်ကွက်လား၊ မွတ်ဆလင်ရွာလား ဘာမှ မခွဲခြားဘဲ အမြန်ကြွလာပြီး လာကယ်တတ်တဲ့ မေတ္တာရှင်တွေ။

ဆရာကံချွန်က “ကျေးဇူးတင်ပါတယ်ဘုရား“လို့ ဆောင်းပါးတပုဒ် ရေးဖူး တယ်။ ဆရာကံတို့က မွတ်ဆလင် ဘာသာဝင်တွေ။ ဆရာကံနှမရဲ့ မွတ်ဆလင်ရွာ မီးလောင်တော့ သံဃာတွေ ကြွလာပြီး မီးသတ်ကြ၊ ရွာထဲက အိမ်တွေကပစ္စည်း သယ်ထုတ်ပေးကြတာ။ ဆရာကံ့နှမအိမ်က ပစ္စည်းတွေ သံဃာတွေ လမ်းမပေါ် သယ်ထုတ်ပြီး ချပေးသွားလို့ မီးကျိုးသွားတော့ ပစ္စည်း ကျန်ခဲ့သတဲ့။ မေတ္တာတရားဟာ ဘာသာလူမျိုး ခြွင်းချက် မရှိပါဘူးလေ။

ခုလဲ သံဃာတွေ မီးဘေးကို လာကယ်ရင်း ဒဏ်ရာတွေ ရကြ။ မရ ခံနိုင်ရိုးလား။ မီးသတ်ပိုက်ပါ ကိုင်နေရရုံတင်မကဘူး။ အထဲဝင်ရ၊ မီးဘေးသင့်သူ ရှိမရှိ ရှာရ၊ မပြေးနိုင်ဘဲ ပိတ်ကျန်သူ ရှိမရှိ ရှာရ။ သင်္ကန်းတဖားဖားနဲ့ စွန့်စွန့်စားစား ၀င်ပြီး ပစ္စည်းတွေ သယ်ထုတ်ပေးရ။

တီဗီက ကြေညာတော့ သံဃာတွေ ဒဏ်ရာရသတဲ့။ မီးဘေးကို ကူရင်း ဒဏ်ရာရတယ်လို့တော့ မပါ။ သူတို့ ပြောပုံက ဦးဇင်းတွေ ရှော့ပင်းမောထဲ နှုတ်ခမ်းနီမိတ်ကပ် လာဝယ်ရင်း၊ မော်ဒယ်ပွဲ လာပြိုင်ရင်းပဲ ဒဏ်ရာရတာ ကျရော။

လာကူတဲ့ ဦးဇင်းတွေ သုံးရာလောက် ရှိသတဲ့။ က,ချင်မှတောင် က,မယ်။ ဒါတောင် ကိုယ်တော်တွေ အများကြီး နယ်ပြန်ပို့ခံထားရတာ။

လွန်ခဲ့တဲ့ ငါးလကလဲ ဒီဦးဇင်းတွေပါပဲ။ “ဟဲ့ ဒကာတွေ နင်တို့မမှတ်မိဘူးလား၊ လွန်ခဲ့တဲ့ ငါးလက နင်တို့ ပစ်မှားခဲ့တဲ့ မျက်နှာတွေ ဒီမှာ ပြန်ဖူးလှည့်”လို့တောင် လာရပ်ကြည့်နေတဲ့ တာဝန်ရှိပုဂ္ဂိုလ်ဆိုတဲ့ လူကြီးတွေကို မိန့်ဖို့ကောင်းတယ်။ မဟာကရုဏာရှင်တွေကတော့ မစဉ်းစားအားပါဘူး။ မီးငြိမ်းဖို့၊ ဒကာဒကာမတွေ စီးပွားမပျက်ဖို့၊ မီးတခြားကို ကူးပြီး မြို့ပြာမကျဖို့။

လာရောက်ညွှန်ကြားနေတဲ့ မျက်နှာတွေ အရှက်ပြေလေးဖြစ်ဖြစ် ဒီဦးဇင်းတွေ လက်ထဲက မီးသတ်ပိုက်လေး ၀င်ကိုင်ရင်ကောင်းမယ်။

အထဲကို ဦးဇင်းတွေ ၀င်ချသွားကြပြီ။ တာဝန်ရှိပုဂ္ဂိုလ်ဆိုတဲ့လူတွေရော။

သြော်...သူတို့က အဲကွန်းခန်းထဲ နေနေကျလေ။ မီးပူဒဏ် မခံနိုင်ရှာဘူး။ လိုက်ဝင်သွားရင် ပူရှာမှာပေါ့။

အဲ..ဒါဖြင့် စက်တင်ဘာတုန်းက ဒီဦးဇင်းတွေကို ဘယ်နှယ် စော်ကားမော်ကား ပြောတာလဲ။

သြော်...အစိုးရရယ်...

ရှက်တတ်ရင် လဲတောင်သေသင့်ပါတယ်။

x x x

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org