ကျနော် ဆုံခဲ့ဖူးသည့် ဦးဝင်းတင်

...................

 

 

ယခုလို ဒီဇင်ဘာဆောင်းငွေ့တွေ ဝေဆဲကာလ...

 

ကျနော့်ရင်ထဲ မြူမှောင်တွေ အုံ့ဆိုင်းပိတ်ဖုံးနေခဲ့သည်မှာ ကြာပါပြီ၊ ယခုလောလောဆယ် ကျနော်၏ နှလုံးအိမ်တွင် တွယ်ငြိနေသော အဖြစ်တခုကတော့ ဦးလေး ဦးဝင်းတင်၏ နရသိန်အကျဉ်းသား ဘ၀ပင် ဖြစ်ပါသည်။

 

မှန်ပါသည်။ "My Prison Life With U Win Tin" ဆရာဇင်လင်းရေးသားသော ဤဆောင်းပါးကို ကျနော်သည် တိုက်ဆိုင်စွာ သိခွင့်ကြုံခဲ့ပါသည်။ နှစ်ရှည်ရှည် ထောင်ထဲတွင် ရှည်ကြာစွာ အထိန်းသိမ်းခံရ အဖိနှိပ်ခံရသော ကျနော်တို့ဆရာ ဦးဝင်းတင်၊ ယနေ့အဖို့ ဦးလေး (၇၂)နှစ် ရှိပါပြီ။ ထောင်ထဲ အဖမ်းခံရပြီဆိုကတဲက စဉ်ဆက်မပြတ် ကျောက်ကပ်ရောဂါ အူကျရောဂါ လည်ပင်း အရိုးကျီးပေါင်းတက်သော ရောဂါနှင့် အမြဲလို မမာမကျန်း ဖြစ်နေခဲ့ရရှာပါသည်၊

ကျနော့်မှာ အကြောင်းတိုက်ဆိုင်စွာ ထိုဆောင်းပါးပါ အချက်အလက်ကို သိရှိကတည်းက မျက်ရည်ကျမိပါသည်၊ ပြင်းထန်သော ရောဂါသည်၊ သက်ကြီးရွယ်အိုကို လူငယ်တွေနှင့် အတူတကွ တမံတလင်းပေါ် လှဲအိပ်ခိုင်းသတဲ့ဗျာ။ ဒါဟာ အကျဉ်းထောင်၏ အသေးစား ညှဉ်းပန်းမှု၊ အကျဉ်းသား(နိုင်ငံရေးသမား)တွေ လွှတ်ပြီဟေ့ဆိုလျှင် ကျနော်တို့မှာ ဦးလေး ဦးဝင်းတင် ပါလာနိုးနိုး ခေါင်းထောင် လည်ဆန့်ခဲ့မိတာ အကြိမ်ကြိမ်။ ကျနော်တို့ ဦးလေး ဦးဝင်းတင် မပါရေးချ မပါခဲ့။ စန္ဒရားဆရာ ဦးချစ်ဆွေ သီဖွဲ့ခဲ့သော `ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည်´သီချင်းကို ရင်ထဲမှ လှိုက်၍ အော်ဟစ်ပစ်လိုက်ချင်ပါသည်၊

ဦးလေး လှေခွက်ချဉ်းကျန် အလံမလဲပါ။ အကျဉ်းထောင်ထဲ သူပြောသော စကားများက သက်သေ ခံနေပါသည်၊

`နိုင်ငံရေးသမားအစစ်ဟာ ပါလီမန်မှာပဲ ဖြစ်ဖြစ်။ အကျဉ်းထောင်မှာပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်ဆောင်သွားလိမ့်မည်´

A true politician will do his best wherever he is, whither in parliament or in prison.

နောက် သူပြောခဲ့သော စကားများရှိပါသေးသည်၊ `အာဏာရှင်တို့သည် ကျုပ်တို့ ခန္ဓာကိုယ်သာ ထိန်းသိမ်းနိုင်တာပါ။ ၀ိညာဉ်ကိုတော့ မထိန်းသိမ်းနိုင်ပါဘူး´ဟူ၍။ `နိုင်ငံရေးသမားစစ်စစ်ဟာ ဥယျာဉ်မှူးနဲ့ တူပါတယ်၊ အသီးအပွင့် အကျိုးကို ခံစားခွင့်မကြုံသော်လည်း အနာဂါတ်ကာလ မျိုးဆက်တွေ အတွက်ပါ။

x x x

 

လွန်ခဲ့သော အနှစ်(၂၀)၊ ယခုကဲ့သို့ နှင်းငွေ့ရိုက်သော ဒီဇင်ဘာလ၊ မန္တလေး။ ဟံသာဝတီ သတင်းစာတိုက်မှ ဧည့်သည်များကို ခရီးဦးကြိုသည်။ အသားဖြူဖြူ၊ အရပ် မနိမ့်မမြင့်။ ရှပ်အင်္ကျီဖြူ၊ ချည်ပုဆိုး။ တောက်လက်နေသော မျက်လုံးအရောင်များကား သူ၏ စိတ်ဓါတ်ခွန်အားကို ဖော်ပြလျက် ရှိသည်။

`အတော်ပဲ။ ခင်ဗျားတို့ကို မျှော်နေတာ´

သူ၏ တည်ငြိမ်၍ အိနြေ္ဒမျက်နှာ၊ နွေးထွေးသောအပြုံးကို စာရေးဆရာမြသန်းတင့်တို့ စာရေးဆရာ အဖွဲ့မှ ကျေနပ်နှစ်သိမ့်စွာ ပြန်လှန်နှုတ်ဆက်ကြသည်၊ ထိုစဉ်က ဟံသာဝတီ သတင်းစာအယ်ဒီတာချုပ်။ မန္တလေးဟံသာဝတီသတင်းစာသည် မြန်မာပြည် တနံတလျားတွင် ထင်ရှားကျော်ကြားလှသည်၊ ဦးလေး ဦးဝင်းတင်၏ ခေါင်းကြီးအရေးအသား၊ စနေတလ၀ိုင်း ဝေဘန်ရေး။ ဖော်ပြ သော ကာတွန်းများ အခြားသတင်းစာများထက် လူထုက ပို၍အားပေးဝယ်ယူ ကြည့်ရှုကြသည်၊ ကျနော်သည် ဦးလေးတို့ သတင်းစာနှင့်နီးသော နေအိမ်တွင်နေရကား ဦးလေး ဦးဝင်းတင်ထံ ချဉ်းကပ်ကာ စာပေရေးရာများ သူ အချိန်အားရသရွေ့ ဆွေးနွေးခြင်းကို ဦးလေး ဦးဝင်းတင်က ကျနော့်လို အသက် (၂၀)၀န်းကျင်လူငယ်တဦးကို ကိုယ်နှင့် တန်းတူပေါင်းပါသည်။ သူ မအားလပ်သည့်အခါတွင် ကျနော်သည် အလိုက်တသိ ထောင့်တထောင့်တွင် ထိုင်ကာ ဦးလေး၏ လှုပ်ရှားမှုများကို ထိုင်၍ ငေးမောနေမိပါသည်၊ သို့သော် ကျနော် အချဉ်းနှီး အချိန်မဖြုန်းတီးခဲ့ပါ၊ လက်ထဲတွင် ဆရာမကြီး ဂျာနယ်ကျော်မမလေး၏ သူလိုလူ စာအုပ် လက်ကြားညှပ်လျက်၊ အဘယ်ကြောင့်ဆိုသော် ကျနော်ချဉ်းကပ်နေသော သတင်းစာဆရာကြီးသည် အရည်အချင်းပြည့်ဝ၍ အမေရိကန် သတင်းစာဆရာ လူငယ်တဦးအကြောင်း ဖွဲ့နွဲ့သည့် `ကွိ´ ၀တ္ထုကို ရှားရှားပါးပါး ဘာသာပြန်ခဲ့သူ။ `ကွိ´သည် ဆရာ ဂျာနယ်ကျော် ဦးချစ်မောင်၏ လက်စွဲစာအုပ်မဟုတ်ပါလော၊

လူ့ဘောင် လူ့လောကတွင် အရာရာ အနစ်နာအခံဆုံး၊ အချိုးခြံဆုံး၊ ပရအကျိုးအတွက် အသက် သွေးချွေး ရင်းနှီးခဲ့သူများ၊ ထိုစဉ်ထဲက ကျနော် ဦးလေး ဦးဝင်းတင်ကို သိခဲ့ပါသည်၊ ဆရာဦးဝင်းတင်လို အနေအထိုင် အလွန်ကျစ်လစ်ပြီး ပညာ အလွန် ကောင်းသော လူပျိုကြီးတဦးကို သိနားလည်ရန် အင်မတန် ခဲယဉ်းတတ်ပါသည်၊ မိုးကောင်းသို့ ခရီးသွားကြသော စာရေးဆရာများကို ဆီချက်ခေါက်ဆွဲကျွေးရန် စီစဉ်သောအခါ၊ သတင်းစာလုပ်ငန်းတွင် အလုပ်ထဲနစ်နေသူများကို ကျွေးမွေးဖို့ အကူအညီပေးခဲ့ဖူးပါသည်၊ ဆရာမြသန်းတင့်က သူ့ ရင်းနှီးသော သူငယ်ချင်းကို တစုံတရာ နောက်ပြောင်နေပါသည်။ သူကား တည်ငြိမ်သော မျက်နှာနှင့် ပြုးလျက်။

သတင်းစာဖောင် ဖြည့်ရန်သော်လည်းကောင်း၊ ရောက်လာသော သတင်းအသစ်များကိုသော်လည်းကောင်း ဧည့်သည်များ စား သောက်စဉ် စားပွဲရှေ့တွင် အချိန်မှီ သွက်လက်ဖျတ်လတ်စွာ ရေးနေသည်များကို ကျနော် အံ့သြနေမိပါသည်၊ ဆရာဦးဝင်းတင်သည် ကွိလို ဦးချစ်မောင်လို သတင်းစာဆရာ အစစ်ပေတကား။

ဟံသာဝတီသတင်းစာ ပိတ်ချိန်တွင် ဦးလေးဦးဝင်းတင်သည် ရန်ကုန်သို့ ပြောင်းရွှေ့ကာ လမ်းမတော်ပိုင် လမ်းသစ်ရပ်ကွက် အခန်း တခုတွင် နေထိုင်ပါသည်၊ သူ အချိန်အား မယူပါ၊ လစဉ်ထုတ် မဂ္ဂဇင်းများတွင် သူ၏ဆောင်းပါးများ ပလူပျံသလို ထွက်ပေါ်လာခဲ့ ပါသည်၊ ကျနော် ရန်ကုန်ရောက်တိုင်း ဦးလေးဦးဝင်းတင်ဆီ ၀င်ဖြစ်ပါသည်။ သူ၏စားပွဲတွင် ရေးလက်စစာမူများ။ ဖတ်လက်စ စာအုပ်များကို ငေးကြည့်မိရင်း ကျနော်သည် အားအကျကြီးကျမိပါသည်၊ စပယ်ဖြူမဂ္ဂဇင်းတွင် သူ လစဉ်ရေးသော ပေါ်သစ်ကလောင် အမည်ခွဲနှင့် ပန်းချီဆောင်းပါးများကို ကြိက်နှစ်သက်ကြောင်း ပြောသောအခါ သူသည် `ဟုတ်လား။ ခင်ဗျားဖတ်သလား´ဟု ၀မ်းသာ လှိုက်လှဲ ရှိနေရှာသည်။ ကျနော်လို သာမန်လူငယ် တဦးအပေါ် တန်ဖိုးထားကာ စိတ်ရှည်စွာ ရှင်းလင်းပြနေပါသည်၊ သူသည် ပန်းချီပညာ၊ ပန်းချီသဘောတရား၊ ပန်းချီပညာ တိုးတက်ပြောင်းလဲမှုများအပေါ် ကျေညက်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် နောက်ဆက် တွဲတွေ ရှိလာခဲ့ပါသည်။

 

ကျနော်သည် စာရေးဆရာမ ကြည်အေးရေးသားသော ကိုကို့နှမ မြနန္ဒာ ၀တ္ထုထဲမှ ပန်းချီဆရာ လူပျိုကြီး ဦးတင်မောင်ကို အမှတ်ရနေ မိပါသေးသည်၊ ဦးတင်မောင်သည် အလွန်သန့်စင်သော လူပျိုကြီးစင်စစ်ဖြစ်ကြောင်းကို အသေးစိတ်ရေးဖွဲ့သွားပါသည်၊ ထိုအခါ မြနန္ဒာ၏ ခင်ပွန်းဖြစ်သူ ဒေါက်တာ သာဦးကျော်က မိန်းမမှုပွေသောအချိန်၌ - ယောက်ျားဆိုတာ အတူတူပါပဲ - အပြန်အလှန် ငြင်းဆိုမှု၌ မြနန္ဒာ၏ စကားမှာ `ဒီမယ် ကိုကို။ ယောက်ျားဟူသရွေ့ကို အိပ်ရာထက်ကိစ္စ အရေးကြီးတယ်မထင်ပါနဲ့။ ကိုတင်မောင်ဟာ ကိုကိုထင်သလို မဟုတ်ပါဘူး´ပြောသည်ကို တွေ့ရှိရပါသည်၊ ကျနော်မှာ ဦးလေးဦးဝင်းတင်၏ စာပေအသိုင်းအ၀ိုင်းတွင် သူ၏ ကွယ်ရာ အလွန်လူမှုရေးစည်းကမ်း စောင့်စည်းသော ပုဂ္ဂိုလ်အဖြစ် ကြားသိရသောအခါ ကျနော်သည် အလွန်ကျေနပ်အားရမိပါသည်၊ ကျနော်၏ စာရိတ္တခိုင်ခန့်မှုသည် ဦးလေးဦးဝင်းတင်က ကျနော့်ရှေ့ဆောင်လမ်းပြဖြစ်နေပါသေးသည်။

 

x x x

 

ဆောင်းဦးသစ်အချိန်တွင် ဦးလေးဦးဝင်းတင်အဖို့ ရှစ်လေးလုံး နိုင်ငံရေးအခါ၌ ပထမဦးစွာ စာရေးဆရာသမဂ္ဂအဖွဲ. ဥက္ကဌဖြစ်ပါသည်။ နေပူရှိန်ကောင်းဆဲ ရှေ့ဆုံးမှ အလံကိုင်ချီတက် လာသူသည် မျက်မှန်ထူထူနှင့် လက်သီးဆုပ်ကြွေးကြော်လာသူမှာ ကျနော်တို့ဦးလေး ဦးဝင်းတင်မှလွဲ၍ မည်သူရှိသေးသနည်း။ သူ၏ နဖူးတွင် ချွေးများသီးကာ တကိုယ်လုံး ချွေးတို့မှာ ရေချိုးသကဲ့သို့ ရွှဲစိုနေသည်။

 

ကျနော် မန္ထလေးမှ ရောက်လာချိန်တွင် ဦးလေးဦးဝင်းတင်နောက်မှ ဖ၀ါးကပ်လိုက်ပါလာသော နေ့ရက်ကား ကျနော် မမေ့နိုင်သော နေ့ရက်ဖြစ်ပါသည်။  ကျန်းမာရေးချို့ငဲ့၍ နှာချေဆတ်နေသော ကျနော့်ခေါင်းပေါ် ဆရာမောင်မိုးသူကား မျက်နှာသုတ်ပုဝါ အုပ်မိုးသော အခါ ကျနော့်အား ပြုံး၍အားပေးသလို လှမ်း၍ ကြည့်လိုက်ပါသည်၊ ဘားလမ်းအဆောက်အဦတခုတွင် ဦးလေးဦးဝင်းတင် တနေကုန် အစည်းအဝေးထိုင်ကာ ပြောဆိုလှုပ်ရှားမှုကား ကျနော်၏ မှတ်ဥာဏ်မှ ရုပ်ပုံလွှာဖြစ်ပါသည်။ ကျနော် ဦးလေးဦးဝင်းတင်သံယောဇဉ်နှင့် တော်တော်နှင့် မန္တလေး မပြန်ဖြစ်ခဲ့ပါ၊ မန္တလေးမှ ဆွေမျိုးမိဘတွေက စိတ်ပူသော်လည်း ကျနော်သည် ဦးလေးဦးဝင်းတင် နိုင်ငံရေးသံသရာထဲ ပူးတွဲလည်ပတ်နေခဲ့ပါသည်၊ ထိုအချိန်တုန်းက ကျနော် အဆုတ်ရောဂါဖိစီးကာ ပိန်ချုံးနေချိန်ဖြစ်ပါသည်၊

သို့တိုင် လမ်းမတော်ရပ်ကွက် လမ်းသစ်ရိပ်သာမှ သူ၏နေအိမ်အခန်းသို့ ကျနော် မကြာမကြာ ရောက်ရှိနေတတ်ပါသည်၊ သူ၏ ဧည့်ခန်းစားပွဲပေါ်၌ ရေးလက်စ စာမူကြမ်းများ၊ ဖတ်လက်စစာအုပ်တွေကလည်း လေးငါးဆယ်အုပ်။ ဦးလေးဦးဝင်းတင်သည် သူ.အလုပ်အတွက် မအိပ်မနေ အသက်ရှည်နေမည့်သူတကား၊ ဆရာဂျာနယ်ကျော် ဦးချစ်မောင်အကြောင်း `သူလိုလူ´။ ဆရာ ဗန်းမော်တင်အောင်၏ `မုန်တိုင်းထဲကလူ´တို့မှာ စိတ်ကူးအိပ်မက်မဟုတ်ပါ၊ မြန်မာနိုင်ငံ သတင်းစာလောကတွင် ဦးချစ်မောင်၊ လူထုဦးလှတို့အပြင် အတော်ဆုံး အထက်မြက်ဆုံး အရည်အချင်းပြည့်ဝဆုံးဆိုသည်ကို စာရေးဆရာကြီးမြသန်းတင့်နှင့် မကြာမကြာ ပြောဖြစ်ကြသည်။

နောက်ပိုင်း သူ၏အိမ်ကို ကျနော်ရောက်တော့ သူသည် သူနေထိုင်ရာ လမ်းသစ်ရိပ်သာမှ ခွာကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ သွားတော့မည်ဖြစ်ကြောင်း၊ စာရေးဆရာသမဂ္ဂ ဥက္ကဌအဖြစ်မှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း ကျနော့်အား ရှင်းလင်း ပြောဆို နေပါသည်။ စာရေးဆရာသမဂ္ဂတွင် ကျနော်လည်း ပါဝင်နေလေရာ စာရေးဆရာအဖွဲ့က နှုတ်ထွက်ကာ ကျနော့်ကိုပါ သူနှင့် လိုက်ပါဖို့ ခေါ်ပါသေးသည်။ ထိုအချိန်တုန်းက ကျနော်၏ ကျန်းမာရေး အခြေအနေကား ဆိုးဝါးလျက် ရှိနေပေရာ ၀မ်းနည်းစွာ စောင့်ကာ နေမိသည်။ အမြဲတမ်းလိုပင် ကျနော် မောပမ်းနွမ်းနယ်လျက်ရှိပါသည်။ စာရေးဆရာသမဂ္ဂ လက်ကျန်စာရေးဆရာတို့ ပြန်လည်ဖွဲ့စည်းကာ မဲနှင့် အမှုဆောင်ရွေးချယ်သည်ကို ကျနော့်အား မေးနေပါသည်။ ဥက္ကဌ ပါရဂူ၊ ဒုဥက္ကဌ ဆရာမ ခင်ဆွေဦး၊ အတွင်းရေးမှူး ဆရာနတ်နွယ်ဖြစ်ကြောင်း ပြောသည့်အခါ `ကောင်းတယ်။ ကောင်းတယ်။ ဆက်လုပ်ကြပါ´ဟု သူက ကျေနပ်စွာ ပြောဆိုနေပါသည်၊ စာရေးဆရာသမဂ္ဂအပေါ်၌လည်း သူ၏ သံယောဇဉ်ကား မပြတ်ပါ၊

ကျနော်က စာရေးဆရာကြီးတချို့ကို ဆရာဦးဝင်းတင်တယောက် နိုင်ငံရေးလောက ခြေစုံပစ်ဝင်မည်ပြောပြတော့ ဆရာမြသန်းတင့် နှင့် အပေါင်းပါ ဆရာများက ဦးလေးကို `ကိုဝင်းတင်က ရသစာပေအရေးလည်း ကောင်းတယ်ဗျ။ ဘာသာပြန်လည်း တော်တယ်။ သတင်းစာဆရာရဲ့ အရည်အချင်းပြည့်ဝတယ်။ ကျနော် သူ့ကို စာရေးဆရာ သတင်းစာဆရာအဖြစ်နဲ့ပဲ မြင်ချင်တယ်ဗျာ´ဟု လှိုက်လှဲ စွာ ပြောနေကြသည်၊ ကျနော်ကား အရွယ်ကောင်းသော လူငယ်တဦးအနေနှင့် ဇဝေဇ၀ါဖြစ်နေသည်၊ ဦးလေးဦးဝင်းတင်၏ နစ်မြုပ်မှု၊ ရင်းနှီးမှုကို နှမြောနေမိတာတော့ အမှန်ပင်၊ ဦးလေးဦးဝင်းတင်လိုလူမျိုး စာပေနယ်တွင် အစားထိုး၍ မရနိုင်ပါ၊ သတင်းစာလောကမှ ထိပ်တန်းသတင်းစာဆရာကြီးတဦးကို ကျနော်တို့ စာပေနယ်မှ အဘယ်မှာ စတေးချင်ပါမည်နည်း။ သို့သော် ဦးလေးဦးဝင်းတင်သည် ဘာဘဲလုပ်လုပ် အစွမ်းကုန်လုပ်တတ်သူဖြစ်ပါသည်။ သူသည် အနေရဲ အသေရဲသူဖြစ်ကြောင်း ကျနော်တို့ သိနေပါသည်၊ ကျနော် သူ့ကို ကျနော် မန္တလေးပြန်ခါနီး နှုတ်ဆက် ကန်တော့ပြီး ပြန်ထချိန်၊ ကျနော့်မှာ မျက်ရည်များလည်နေမိသည်။ သူသည် ခွန်အားရှိသော အပြုံးနှင့် ကျနော့်ပုခုံးကို လှမ်းပုတ်ကာ နှစ်သိမ့်နေပါသည်။ ဦးလေးဦးဝင်းတင်၏ ရင်ထဲ၌ သမိုင်းဝင်စကားများ စီကုံးနေပေလိမ့်မည်၊

`ကျနော်တို့ရဲ့ မြန်မာပြည် ကံကြမ္မာ၊ ဦးလေးရဲ့ ကံကြမ္မာပေါ့´

ကျနော့်ရင်ထဲမှ စကားလုံးများ နှုတ်ဖျားသို့ ရောက်မလာခဲ့ပါ၊ လှေကားအဆင်း သူက လှေကားထိပ်တွင် ရပ်လျက် ကျနော့်အား လှမ်းကြည့်ပြီး...

 

`ခင်ဗျား ကျန်းမာရေးလဲ ဂရုစိုက်ဦးဗျာ´

 

ကျနော် ခေါင်းသာ ညိတ်၍ ဘာမှ ပြန်မပြောနိုင်ပါ၊ သည်အချိန်မှစ၍ ဦးလေးဦးဝင်းတင် ထောင်ထဲဝင်သွားသည်အထိ တွေ့ခွင့် မကြုံတော့ပါ၊ နှစ်ပေါင်းများစွာ လွမ်းရက်တွေ ရှည်ကြာနေခဲ့ပါသည်။

ကျနော်ချစ်သော ဦးလေးဦးဝင်းတင်၊ စာဖတ်သူနှင့် စာပေမိတ်ဆွေများချစ်သော ဦးလေး၊ ပြည်သူတရပ်လုံးချစ်သော ဦးလေး ဦးဝင်းတင်ကို ပြန်လည်တွေ့ဆုံမည်ဟု အမျှော်လင့်ကြီး မျှော်လင့်လျက် ရှိပါသည်၊ ကောင်းကင်တွင် လွတ်မြောက်မှု အရသာကို အပြည့်အ၀ ခံစားနိုင်ပါစေသတည်း။

သင်တို့သည် လူပီသလျှင်၊ လူ့ဂုဏ်သိက္ခာကို စောင့်စည်းလျှင်၊ အရှက်တရား ရှိလျှင် ကျနော်တို့ ဦးလေး ဦးဝင်းတင်ကို အမြန်ဆုံး လွှတ်ပါလေတော့။

(ဆရာဇင်လင်းရဲ့
"My Prison Life With U Win Tin"ဆောင်းပါးကို ဖတ်ရှုပြီး စာရေးသူက ဒီဆောင်းပါးကို ချက်ချင်း ကောက်ရေး လိုက်တာပါ။ ဆောင်းပါးအမည်နဲ့ ကလောင်အမည်ကို ဖော်ပြမပေးပါ၊ )

 

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org