ဗုဒ္ဓဟူသည်...

ဗုဒ္ဓရက္ခိတ

flickr.com/photos/innercreation

 

ကိလေသာခပ်သိမ်း အကြွင်းမဲ့ ချုပ်ငြိမ်းပြီးလို့ နောက်ဘ၀သစ် ဖြစ်စရာ တဏှာရာဂ မြူမျှ မကျန်တော့တဲ့ ဗုဒ္ဓမြတ်စွာဟာ ခေါင်းမွှေး စုတ်ဖွား၊ မာချဉ်ချဉ် မျက်နှာနဲ့ ငနဲသားလေး တကောင်အဖြစ် ပြန်လူဝင်စားသတဲ့။

ဒီလို မလျော်တဲ့စကားကို ပြောဝံ့သူတွေ၊ ယုံသူတွေထဲမှာ ဗုဒ္ဓဘာသာဝင် ဆိုသူတွေပါ ပါနေတာ ၀မ်းနည်းစရာပါပဲ။ မြတ်စွာဘုရားရဲ့ ပုံတော်ကို စိတ်မှာ မြင်ယောင်ပြီး ခု ခေါင်းစုတ်ဖွား ငနဲလေးနဲ့ တူနိုင်မတူနိုင် ယှဉ်ကြည့်ပါ။

နီပေါမှာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စလို့ ဗုဒ္ဓလူဝင်စား ဆိုတဲ့ သတင်းဟာ ဟိုးလေးတကျော် ပြန့်သွားပါတယ်။ ဗုဒ္ဓမြတ်စွာ ၀င်စား တယ်ဆိုတဲ့ Ram Bahadur Bomjon အမည်ရှိ ခေါင်းစုတ်ဖွား သူငယ်လေးကို လူတွေ အယုအယက် ၀ိုင်းကြည့်ကြ၊ ပူဇော်ပသကြနဲ့ ကမ္ဘာ့သတင်းတွေမှာပါ ပါလာပြီး တကမ္ဘာလုံးက ဗုဒ္ဓဘာသာဝင်တွေရဲ့ အရှက်ကို ဗုဒ္ဓမြတ်စွာ ဖွားမြင်ရာ နီပေါနိုင်ငံ ဟာ စ,ခွဲပါတော့တယ်။

ကိလေသာ ချုပ်ငြိမ်းပြီးတဲ့ မြတ်စွာဘုရားရဲ့ ပုံတော်ကို စိတ်မှာ မြင်ယောင်ပြီး ခု ခေါင်းစုတ်ဖွား ငနဲလေးနဲ့ တူနိုင်မတူနိုင်...

ဒီ ၁၈ နှစ်သားကလေးကို မအပ်မရာ ခေါ်ကြတာကလဲ Buddha boy တဲ့။ ဗုဒ္ဓချာတိတ် လို့ပဲ အရမ်း ဘာသာပြန်ရမလား မပြောတတ်။ ကြီးမြတ်တဲ့ မဟာကျက်သရေရှင် ဗုဒ္ဓနဲ့ ဒီ ခေါင်းစုတ်ဖွား ကောင်လေးနဲ့ နှိုင်းအပ်မနှိုင်းအပ် ဆင်ခြင်ကြည့်စေချင်ပါတယ်။

တပ်မက်ခြင်းရာဂ ချုပ်ငြိမ်းပြီးတဲ့၊အမျက်ထွက်ခြင်းဒေါသ ချုပ်ငြိမ်းပြီးတဲ့၊ မေ့လျော့တွေဝေခြင်း မောဟ ချုပ်ငြိမ်းပြီးတဲ့၊ ထောင်လွှား ခြင်း မာန ချုပ်ငြိမ်းပြီးတဲ့ ပကတိ စင်ကြယ်သန့်ရှင်းတဲ့ မျက်နှာတော်တရပ်မှာ သတ္တ၀ါတို့အပေါ် လွှမ်းခြုံထားတဲ့ ကြီးစွာသော မဟာကရုဏာ တော်ကို ထုံမွှန်းမြင်ယောင်လိုက်ပါ။ ဒီကြည်စင်ဝင်းပတဲ့ မျက်နှာမှာ အရာအားလုံးကို အတားအဆီးမဲ့ သိနိုင်စွမ်းသော သဗ္ဗညုတ ဥာဏ်တော်ရဲ့ အရိပ်အငွေ့တွေ ကွန့်မြူးနေခြင်းကိုပါ မှန်းဆကြည့်ပါ။

ဒေါသခေါင်းပါးတဲ့ မေတ္တာကရုဏာရှင်တွေကို ဘ၀မှာ မြင်ဖူး၊ ကြုံဖူးကြမှာပါ။ ကျားကျားမမ သူတို့မျက်နှာဟာ ဘာအလှအပမှ ပြင်စရာမလိုဘဲ ကြည်စင်ပြီး ကျက်သရေတမျိုး ဆောင်နေတာ သတိထားမိပါလိမ့်မယ်။ ဥာဏ်ပညာ ကြီးသလောက် မာနကင်းပြီး မိမိကိုယ်ကိုယ် နှိမ့်ချတတ်တဲ့ သူတော်ကောင်းတွေကိုလဲ တွေ့ဖူးပါလိမ့်မယ်။ သူတို့မျက်နှာပေါ်က တင့်တယ်ခြင်းကိုလဲ သတိထား မိမှာပါ။ ပညာဟာ မာနကင်းမဲ့မှုနဲ့ ယှဉ်လိုက်ရင် တင့်တယ်တဲ့ အရှိန်အ၀ါတမျိုး ထွက်လာပါတယ်။

လူသာမန်တွေမှာတောင် မေတ္တာကြီးခြင်း၊ မာနကင်းခြင်း၊ သီလစင်ကြယ်ခြင်း၊ ပညာကြီးခြင်းတွေဟာ ဒီလောက် ကျက်သရေရှိအောင် စွမ်းဆောင်နိုင်သေးရင် ကိလေသာ အညစ်အကြေး ဘာမှမကျန် ကင်းပြီးသား ဘုရားဆိုတာ အနှိုင်းမဲ့ အေးချမ်းကြည်လင် တင့်တယ်တဲ့၊ ထက်မြက်တဲ့ ရုပ်အဆင်းရှင်ဆိုတာ သိနိုင်ပါလိမ့်မယ်။ အဲဒီ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်တော်က ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးတယ်ဆိုတာလဲ အဓိပ္ပါယ်မဲ့ မဟုတ်ပါ။

အသားတော် ၀ါဝင်းတဲ့ ပုဂ္ဂိုလ်မို့ အသားအရေက ရွှေရောင် ရောင်ခြည်တော် ထွက်ပါတယ်။ လက်ဖ၀ါး ခြေဖ၀ါးတော်၊ လျှာတော်၊ နှုတ်ခမ်းတော်များက နီမြန်းသော ရောင်ခြည်တော် ထွက်ပါတယ်။ အရိုးတော်၊ သွားတော်၊ (အဖြူရောင်) မျက်သားတော် နေရာများက ဖြူသော ရောင်ခြည်တော် ထွက်ပါတယ်။ ရိတ်ထားတဲ့ ဦးပြည်းတော် (ဗုဒ္ဓဟာ တပည့်သား ရဟန်းများကို ဆံကို ပယ်ဖို့ စေခိုင်းတော်မူသလို ကိုယ်တိုင်လဲ ဆံကေသာ ထားတော်မမူပါ။ အနော်မာမြစ်ကို ဖြတ်ကတည်းက ဆံတော်ကို အကြွင်းမဲ့ ပယ်ပြီးပါပြီ)နေရာ၊ မျက်ခုံးတော်၊ မေးရိုးတော် နေရာများက စိမ်းညို့ညိုမောင်းသော ရောင်ခြည်တော် ထွက်ပါတယ်။ ကွန့်မြူးနေတဲ့ ဒီရောင်ခြည်တော် ငါးသွယ် ပေါင်းဆုံတဲ့အခါ ဖြစ်တဲ့ ဆဌမမြောက် တင့်တယ်တဲ့ ရောင်ခြည်တော်၊ ဒါတွေကြောင့် မြတ်စွာဘုရားသခင် ကိုယ်တော်က ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးခြင်း ဖြစ်ရတာပါ။

ဒီပုဂ္ဂိုလ်မြတ်ရဲ့ ရုပ်အဆင်းတော်ကို မြင်ယောင်မှန်းဆပြီး ခု ပြထားတဲ့ ဓာတ်ပုံထဲက ကောင်ကလေးနဲ့ မအပ်မရာ ယှဉ်သာ ကြည့်ကြပါရော့။ `ရှေးအတီတေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွှေး ဗရပျစ်နှင့်၊ မွဲညစ်သည့် ဇီဝရံ၊ တာတေလန် အရုပ်ဆိုး၊ ရှင်သိုးတကာ့ထိပ်ခေါင်ကြီး၊ ရှင်မထီးတို့ကဲ့သို့´ဆိုတဲ့ ဦးပုညစာချိုးကိုသာ ဥပမာ ပေးချင်ပါတော့တယ်။ နံ့သာဆီနဲ့ အီး၊ ဆီးစေ့နဲ့ ဟိမ၀န္တာတောင်၊ နှိုင်းသူတွေရယ် နှိုင်းမှ နှိုင်းရက်ပလေ။

paldendorje.com

ရုပ်အဆင်းချင်း အပ်မအပ် ရာမရာက ထားပါဦး။ စိတ်ချင်းလဲ ယှဉ်ကြည့်လို့မှ မရပါဘူး။ မြတ်စွာဘုရားသခင်ရဲ့ ဂုဏ်တော်ကို ပရိတ်ကြီး ၁၁ သုတ်မှာ ဒီလို ဖွင့်ထားပါတယ်။

`ပရိသတ်လေးပါး၊ ပရိသတ် ရှစ်ပါးတို့၌ ကြောက်ရွံ့ခြင်း ကင်းသည် ဖြစ်၍ ထိုမြတ်စွာဘုရားတို့သည် ခြင်္သေ့မင်းကဲ့သို့ ရဲတင်းသော စကားတော်ကိုမြွက်ဆိုတော်မူ၏´

တရားတော်အရ ဒေါသ ကိလေသာ ရှိသေးတဲ့ ပုဂ္ဂိုလ်များဟာ ကြောက်တတ်ကြပါတယ်။ ဒေါသ ချုပ်ငြိမ်းသွားတဲ့ အနာဂါမ် ပုဂ္ဂိုလ်များ ဟာ မကြောက်တတ်တော့ပါဘူး။

အရိယာ ပုဂ္ဂိုလ်မြတ်များဟာ မိမိတို့ ရောက်ရှိနေတဲ့ တရားအဆင့်ကို ဥာဏ်ဖြင့် ဆုံးဖြတ်ရာမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ (တရား)ကို ဥာဏ်ဖြင့် သက်ဝင်ယုံကြည်ခြင်း (ယုံရင် ကောင်းမယ်၊ ကုသိုလ်ရမယ်ဆိုပြီး မဆင်ခြင် မသုံးသပ်ဘဲ ယုံတာ မဟုတ်)၊ တရားကို ရှာဖွေတွေ့ရှိသူ ဗုဒ္ဓ (ဘုရား)နဲ့ တရားကို ကျင့်ကြံအားထုတ်ပြီး ပုထုဇဉ်ဘ၀မှ လွတ်မြောက်ပြီးသူ အရိယာလေးပါး (အရိယာသံဃာ)ကို ယုံကြည်ခြင်း၊ ငါးပါးသီလကို တသက်တာအတွက် စောင့်ထိန်းနေပြီး မနာလို ၀န်တိုစိတ် ကင်းရှင်းခြင်း...  ဒီဂုဏ်အင်များကို မိမိထံမှာ တခဏတာ မဟုတ် အမြဲ တွေ့နေရရင် အနိမ့်ဆုံးတော့ သောတာပန် ဖြစ်ပြီလို့ ဆုံးဖြတ်ရပါတယ်။

အချို့ အရှင်မြတ်များဟာ သောတာပန်တို့မှာ ချုပ်ရမယ့် ဒိဌိ၊ ၀ီစိကိစ္ဆာဆိုတဲ့ ဒီကိလေသာတွေ တရားတန်ခိုးနဲ့ ခဏ ငုပ်လျိုးနေ ခြင်းလော၊ အပြီးတိုင် ချုပ်သွားခြင်းလော သေချာအောင် မိမိကိုယ်ကိုယ် နှစ်နဲ့ချီပြီး စောင့်ကြည့်၊ ဒီအရာတွေ လုံးဝ ပြန်ပေါ်မလာတာ သေချာမှ အရိယာဘ၀ ချင်းနင်းဝင်ရောက်မိပြီလို့ စိတ်ချတော်မူနိုင်ကြပါတယ်။ သကဒါဂါမ် ဟုတ်မဟုတ်ကိုတော့ ရာဂ၊ ဒေါသ ပိုမို လျော့ပါးလာခြင်းနဲ့ ဆန်းစစ်နိုင်ပါတယ်။

အနာဂါမိမဂ် ရောက်မရောက်ကိုတော့ မိမိမှာ ဒေါသ ကျန်မကျန်နဲ့ စစ်ဆေးရပါတယ်။ ဒေါသ ထွက်တတ်သေးရင်၊ ကြောက်တတ် သေးရင် ရဟန္တာအောက် တဆင့်သာ နိမ့်တဲ့ အနာဂါမ်တောင် မဖြစ်သေးပါ။

ဒေါသကြီးတယ်လို့ မိမိကိုယ်ကိုယ် မာန်တက်နေသူများဟာ အလွန် ကြောက်တတ်ပါတယ်လို့ ၀န်ခံနေသလိုပါပဲ။ တရားတော်အရ ဒေါသကင်းသူမှာ အကြောက်တရား မရှိတော့ပါ။ ဒေါသ ရှိနေသရွေ့ ကြောက်တတ်ကြပါတယ်။ ဒီကလေးရဲ့ မျက်နှာကို ကြည့်ပါ။ ဒေါသ မောဟ စတဲ့ ကိလေသာအငွေ့ ဘယ်လောက် ကျန်သေးလဲ ဆင်ခြင်ပါ။

ဂေါတမဗုဒ္ဓ ပွင့်တော်မူခဲ့ရာ မဟာဗောဓိ ညောင်ပင်မျိုးဖြစ်တဲ့ ဗောဓိညောင်ပင်ကိုမှ ရွေးပြီး ဒီအပင်အောက် တင်ပျဉ်ခွေ ထိုင်ပြရုံနဲ့ ဒီကလေးကို ဘုရား ပြောရမယ်ဆို အိန္ဒိယက ဆာဒူးကြီးတွေ တော်တော်များများ ဘုရား ဖြစ်ကုန်နိုင်ပါတယ်။ ၂၀ ရာစု တုန်းက (၁၉၄၈ နောက်ပိုင်း ကနေ ၁၉၈၈ ကြား ဖြစ်မယ်။ နှစ်အတိအကျမသိတော့) အိန္ဒိယ ဂုရုကြီး တပါးကလဲ သူဟာ ဗုဒ္ဓ၀င်စားတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဗုဒ္ဓလိုတော့ ခေါင်းအုံးမပါဘဲ မအိပ်တတ်ဘူးတဲ့။ မြတ်စွာဘုရားဟာ ခေါင်းအုံးနဲ့ အိပ်မအိပ် မမှတ်သားဖူးပါ။ ဒေသစာရီ ကြွရင် အိပ်ရာခမ်းနား အသုံးအဆောင်တွေ သယ်ဆောင်တော်မမူဘဲ သပိတ်သင်္ကန်းနဲ့သာ ကြွတော်မူတာ ကိုသာ သိပါတယ်။ ဒီဂုရုကြီးက သူ ဗုဒ္ဓ၀င်စားပေမယ့် ဗုဒ္ဓလို ခေါင်းအုံးမပါဘဲ မအိပ်တတ်ဘူးဆိုပဲ။ ဗုဒ္ဓထက် အနေအထိုင် အဆင့်မြင့်တယ်လို့များ ဆိုလိုချင်လေသလား။

ဒီကလေးက တောထဲမှာ ၁၀ လလုံး အစာမစား၊ ရေမသောက်ဘဲ တရားကျင့်ခဲ့သတဲ့။ တောထဲမှာ ထမင်းနဲ့ဟင်းသာ မရ ရှိမယ်။ သစ်ဥသစ်ဖုနဲ့ ရေဆိုတာ ရှာရင် ရမှန်း မုဆိုးတွေကအစ သိပါတယ်။ ဒီကလေး ဘာမှ မစားမသောက်ဘူးဆိုတာ သူ ပျောက်နေတဲ့ ၁၀ လမှာ တောထဲ ဘယ်သူက လိုက်ကြည့်နေလို့ ဘာမှ မစားဘူးလို့ ပြောနိုင်ရတာလဲ။

ခုလဲ ဒီကလေးဟာ နေ့ရောညပါ အစာမစားဘူးလို့ သူ့အနားမှာ ကိုးကွယ်နေသူတွေက ဆိုပါတယ်။ ညောင်ပင်နားမှာ တနေကုန် စောင့်ကြည့်ရင်လဲ နေ့အချိန်မှာ ဘာမှ စားတာ မတွေ့ပါ။ ဒါပေမယ့် ညနေ ၅ နာရီနဲ့ မနက် ၅ နာရီကြားမှာတော့ လူတွေ အနားကပ်ခွင့် မပေးတော့ဘဲ သူ့ကိုလဲ မမြင်နိုင်အောင် အကာ ကာရံလိုက်ပါတယ်။ ဒီအချိန်မှာ သူ အစာစားနိုင်တယ်လို့ လူများစွာက သံသယ ရှိကြပါတယ်။

တကယ်ပဲ သူ အစာမစားတော့ရော မျက်လှည့်ဆရာတယောက် အဖြစ်ထက် ပိုတန်ဖိုးမရှိပါ။ မြတ်စွာဘုရားတောင် နေ့စဉ် ဆွမ်းခံကြွတော်မူတာပဲ။ ဒီကလေးဟာ လူတွေ အကျိုးရှိမယ့် ကိလေသာကုန်ကြောင်းတရား ဘာများ ဟောကြားပေးခဲ့ပြီလဲ။ နေ့ဘက် ထမင်းမစားဘဲ တနေကုန် ထိုင်ပြ၊ ညကျ လူမမြင်နိုင်အောင် ကန့်လန့်ကာတွေ ကာနေရုံနဲ့ သတ္တ၀ါတွေအတွက် ဘာမှ အကျိုးမရှိပါ။

အစာမစားဘဲ ကျင့်ခြင်းကို မြတ်စွာဘုရားက အစွန်းရောက်သော၊ ယုတ်ညံ့သော မှားယွင်းတဲ့ ကျင့်စဉ်အဖြစ် ဘုရားအဖြစ် ရောက်စ,မှာပဲ မိဂဒါဝုန်တောမှာ ပဉ္စ၀ဂ္ဂီ ငါးဦးကို တရားဦးဟောရင်း ရှင်းပြ ဆုံးမပြီးပါပြီ။ မြတ်စွာဘုရား အလောင်းတော်ဟာ ဒီလို အစာရေစာ ရှောင်တဲ့ ပြင်းထန်အစွန်းရောက်သော ဒုက္ခရစရိယာ အကျင့်မှားကြောင့် ဘုရားမဖြစ်နိုင်ကြောင်း ဆင်ခြင်သိရှိတော်မူ ပြီးနောက်မှာ ခြောက်နှစ်နီးပါး ပြင်းထန်သော ၀ီရိယနဲ့ ကျင့်လာခဲ့တဲ့ ဒုက္ခရစရိယ အကျင့်ကို ပယ်တော်မူပါတယ်။ ရွာနိဂုံးများမှာ ပြန် ဆွမ်းခံကြွတော်မူပါတယ်။

အဲဒီအခါ ပြင်းထန်တဲ့ ဇွဲဝီရိယနဲ့ သူမတူ ကျင့်ကြံအားထုတ်နိုင်စွမ်းကို ကြည်ညိုပြီး လုပ်ကျွေးနေတဲ့ ပဉ္စ၀ဂ္ဂီ ငါးဦးက ဒါဆို ဘုရားဖြစ်တော့မှာ မဟုတ်ဘူးလို့ အထင်မှားပြီး စွန့်ခွာသွားခဲ့ပါတယ်။ အလောင်းတော်ကတော့ ဒုက္ခရစရိယာ ကျင့်စဉ်ကလည်း လူအထင်ကြီးအောင် ဟိတ်ဟန်ထုတ်ခြင်း မဟုတ်ဘဲ သတ္တ၀ါတို့ကို ကယ်တင်ဆုံးမဖို့ တရားအလင်း ရှာတွေ့လိုတဲ့ စေတနာနဲ့သာမို့ မှားမှန်းသိတဲ့အခါမှာလည်း လူအထင်ကြီးအောင် ဟန်ပြ ဘာမှ ဆက်မလုပ်ဘဲ ချက်ချင်း စွန့်ခဲ့တာပါ။

၂၀၀၅ နိုဝင်ဘာမှာ တရားအားထုတ်ရာက ထလာပြီးတဲ့နောက် ဒီကောင်လေးက ခုလို ပြောသတဲ့။ `လူတွေကိုပြောလိုက်ပါ။ ကျုပ်ကို ဗုဒ္ဓလို့ မခေါ်ပါနဲ့။ ကျုပ် ဗုဒ္ဓရဲ့ ဘုန်းတန်ခိုးတွေ မရှိသေးပါဘူး။ ကျုပ် ရင်ပိုချီ အဆင့် ရှိပါတယ်´တဲ့။ ရင်ပိုချီဆိုတာ တိဗက် မဟာယာန ဗုဒ္ဓဘာသာမှာသာ သုံးတဲ့ စကားပါ။ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ မဂ်လေးတန် ဖိုလ်လေးတန်မှာ တည်တဲ့ ပုဂ္ဂိုလ်တွေနဲ့ မဆိုင်သော အခြား (ဗုဒ္ဓမဟောခဲ့တဲ့) လောကီနွှယ်သော ယုံကြည်မှု တခုပါ။ ဒီတော့ ဒီကလေးကို ဗုဒ္ဓဘာသာဝင် စင်စစ်တွေ ဘာများ ရှိခိုးချင်နေရပါသလဲ။

ပိုပြီး စိတ်ဆင်းရဲစရာ ကောင်းတာကတော့ ဒီကောင်လေးက သူဟာ ဗုဒ္ဓဖြစ်ဖို့ နောက်ခြောက်နှစ် တရားကျင့်ရဦးမယ်လို့ မသိနားမလည်စွာ ပြောမိရှာတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ပြန်ကြည့်လိုက်ပါ ကလေးရယ်။ မာနတွေ၊ မောဟတွေ ပြည့်လွှမ်းနေတဲ့ မင်းမျက်နှာဟာ နောက်ခြောက်နှစ်ကြာရင် ဘုရားဖြစ်မယ်လို့ ပြောဖို့ အပ်မအပ် မင်း သိလာပါလိမ့်မယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က သိဒ္ဓတ္ထ ဆိုတဲ့ ၂၉ နှစ်အရွယ် မင်းသားငယ် တပါးဟာ သူ့ကို ချစ်တဲ့ ဖခမည်းတော်နဲ့ မွေးစားမယ်တော်၊ သားမယား မိသားစုနဲ့ ထီးနန်းရော တိုင်းပြည်ကိုပါ စွန့်ပြီး တောထွက်သွားခဲ့ဖူးတယ်။ ဒီမင်းသားကလေးဟာ လောကသားတွေကို ဒုက္ခလွတ်မြောက်ကြောင်းပြဖို့ တရားအလင်းကို ရှာမယ်ဆိုတဲ့ စေတနာနဲ့ ထီးနန်းရော မိသားစုပါ စွန့်သွားတာပါ။ သူ့စေတနာ အကျိုးပေးခဲ့ပါတယ်။ သူ ရှာဖွေပေးခဲ့တဲ့ ဓမ္မအလင်းရောင်အောက်မှာ နတ်လူတွေ ခိုလှုံခွင့် ရခဲ့ပါပြီ။ သစ်ပင်အောက်မှာ အိပ်ငိုက်နေရုံနဲ့တော့ သူ့စေတနာကို မင်း မတုနိုင်သေးပါဘူး ကလေးရယ်။

`ခန္ဓာအိမ်ကို တည်ဆောက်တတ်သည့် တဏှာလက်သမားဆရာ... သင့်ကို ရှာမတွေ့သဖြင့် ဘ၀များစွာ သံသရာတွင် ငါ ကျင်လည် ခဲ့ရလေပြီ။ ဤသို့ ကျင်လည်ရခြင်းသည် ပင်ပန်းဆင်းရဲလှ၏။

ခန္ဓာအိမ်ကို တည်ဆောက်တတ်သည့် တဏှာ လက်သမားဆရာ... သင့်ကို ငါ မြင်ပြီ။ သင့်ခန္ဓာအိမ်၏ (မသိမှု) အ၀ိဇ္ဇာတည်းဟူသော မှန်ကင်းကို ငါ ဖြိုပြီ။ ကိလေသာတည်းဟူသော အမိုးထုပ်ယောက်တို့ကို မှုန့်မှုန့်ညက်ညက် ငါ ဖျက်ဆီးအပ်ပြီ။ သင်သည် ဤ ခန္ဓာအိမ်ကို ဘယ်သောအခါမျှ ပြန်တည်ဆောက်နိုင်မည် မဟုတ်တော့´

မြတ်စွာဘုရားသခင် ဘုရားအဖြစ် ရောက်တော်မူပြီးတဲ့ အချိန်မှာ ဥဒါန်းကျူးရင့်တော်မူတဲ့ ပထမ ဗုဒ္ဓ၀စန (ဗုဒ္ဓအဖြစ်နဲ့ ပထမဆုံး မိန့်မြွက်တဲ့ စကား)ပါ။ မြတ်စွာဘုရားသခင် ဘုရားအဖြစ် ရောက်တော်မူချိန်၊ ရဟန္တာအရှင်မြတ်များ အရဟတ္တဖိုလ် ဆိုက်ချိန်ကို ကိလေသာ ချုပ်ငြိမ်းတော်မူပြီ ဖြစ်တဲ့အတွက် ကိလေသာပရိနိဗ္ဗာန် စံတယ်လို့ ဆိုပါတယ်။ ဒီဘုရားရဟန္တာ အရှင်မြတ်တို့ ခန္ဓာဝန် ချချိန်မှာတော့ ရုပ်ရောနာမ်ပါ ဘ၀သစ် မဖြစ်တော့ပြီမို့ ခန္ဓာငါးပါး ချုပ်ငြိမ်းရာ ခန္ဓပရိနိဗ္ဗာန် စံတယ်လို့ ဆိုရပါတယ်။

ပရိနိဗ္ဗာန် ၀င်စံချုပ်ငြိမ်းပြီးသား ဗုဒ္ဓဟာ ဒုက္ခခပ်သိမ်းက ချုပ်ငြိမ်းလွတ်မြောက်သွားပါပြီ။ ကိလေသာ ကုန်ဆုံးပြီးသော ပုဂ္ဂိုလ်မှာ ဘ၀သစ် မဖြစ်တော့ပါ။

ဒီကောင်လေးရဲ့ အမေနာမည်ဟာ မာယာဒေ၀ီ တာမန် (Maya Devi Tamang) တဲ့။ မြတ်စွာဘုရားရဲ့ မယ်တော်ရင်း မယ်တော်မာယာနဲ့ ရှေ့နာမည် တူတယ်ဆိုပဲ။ ဒါပေမယ့် မာယာ အမည်ရှိတဲ့ အမေတွေက မွေးတဲ့သားတိုင်း ဗုဒ္ဓ ဖြစ်မယ်ဆို မိခင်တွေ သိန်းသန်းချီပြီး မာယာအမည် မှည့်ကုန်ရောပေါ့။

ကိုယ့် လောကီဆန္ဒတွေ ပြည့်ချင်ဇောနဲ့ ဒီကလေး ဓာတ်ပုံကို ဘုမသိဘမသိ ရှိခိုးနေတဲ့ ဗုဒ္ဓဘာသာ ဆိုသူ ပုဂ္ဂိုလ်များကို တခု တောင်းပန်ပါရစေ။ ကိလေသာခပ်သိမ်း ချုပ်ငြိမ်းပြီးတဲ့ ဘုရားရဟန္တာတို့မည်သည် ဘယ်ဘုံ ဘယ်ဌာနမှာမှ ဘ၀သစ်တစ်ဖန် မဖြစ်တော့ပါ။ `ဇာတိပိဒုက္ခော´ ဆိုတဲ့ ပဋိသန္ဓေ နေရခြင်း ဆင်းရဲမှ လွတ်မြောက်တော်မူသွားကြပါပြီ။ ဒါကြောင့် ဗုဒ္ဓ ၀င်စားတယ် ဆိုတဲ့ ဒိဌိ အယူမှားနဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားကို မစော်ကားစေလိုပါ။ ဒီစကားဟာ မြတ်စွာဘုရားသခင်ကို ကိလေသာ မကုန်သေး၊ ဘ၀ကို တပ်မက်တဲ့တဏှာ မငြိမ်းသေးလို့ စွပ်စွဲရာ ရောက်ပါတယ်။

(စာရေးသူရဲ့ အမည်မှာ ဗုဒ္ဓ ပါလို့ ဒီကလေးမိုက်လို ဗုဒ္ဓနဲ့ မိမိကိုယ်ကိုယ် နှိုင်းတယ် မထင်စေလိုပါ။ ဗုဒ္ဓရက္ခိတ ဆိုတာ `ဗုဒ္ဓ မြတ်စွာဘုရားကို ကာကွယ်စောင့်ရှောက်သူ´ လို့ အဓိပ္ပာယ် ရပါတယ်။)

x x x

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org