|
|
||
|
စာပေစိစစ်ရေးက အရာရှိတွေ ဖတ်ဖို့ မောင်သော်က ရေးတဲ့စာ ကိုဂျေ
‘စာပေဟောပြောပွဲတွေ သွားတဲ့အခါကျတော့ ဘာကို သွားတွေ့လိုက်သလဲဆိုတော့ စာဖတ်တဲ့သူတွေက မောင်သော်က ဆိုတာကို ဘယ်သူမှ မသိတာဘဲကွ၊ ဒါပေမယ့် သူတို့တွေသိလာတာ တစ်ခုကတော့ ဒီလူကြီးဟောရင် ရယ်ရတယ် ဆိုတာပဲ’လို့ ဆရာ ပြောခဲ့ တာကို သတိရနေမိတယ်၊ ဆရာကို စာဖတ်သူတွေက ဟာသတွေ ပြောတဲ့သူ၊ ပျော်ပျော်နေတတ်သူလို့ သိမြင်ထားခဲ့သလို စာပေလောကသားတွေကလဲ အဲသလိုပဲ မြင်ထားကြတာ ဖြစ်ပါတယ်၊ ဆရာ့ဘ၀ တစ်လျှောက်လုံး ရယ်စရာ မောစရာတွေပြောပြီး ပျော်ပျော်နေခဲ့ပေမယ့် ၀မ်းနည်း စရာ ဒေါသထွက်စရာတွေနဲ့ ရင်ဆိုင် ကြုံတွေခဲ့ရတာတွေကလဲ ဒုနဲ့ဒေး ရှိနေပေမယ့် အဲဒီအချက်အလက်တွေကို ဆရာက သူ့ပုဂ္ဂလိက ဘ၀ထဲမှာပဲ ထားပြီး စာတစ်စောင်ပေတစ်ဖွဲ့ မရေးခဲ့ပါဘူး။ ‘စိတ်မချမ်းသာမယ့် စာမျိုး မရေးချင်ဘူးကွာ’ ဆိုတဲ့စကားကို ဆရာဟာ မကြာခဏ ပြောလေ့ရှိပါ တယ်၊ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စာရေးဆရာ မောင်သော်က ရေးခဲ့တဲ့စာ၊ စင်မြင့်ပေါ်မှာ ပြောခဲ့တဲ့ သရော်စာတွေထဲက အကြောင်းများကို မှတ်မိသမျှ ရေးလာမိတဲ့အတွက် ဆရာ့ကို သိခဲ့ ရင်းနှီးစွာ ပေါင်းသင်းခဲ့သူတွေက ဆရာ့အကြောင်းလေးတွေကို ပြောပြ ပေးပို့ခဲ့ ကြတယ်။ ဒီအကျိုးရလဒ်ကြောင့်ပဲ ဆရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အလိုလို စုဆောင်းမိသလို ဖြစ်ခဲ့ပါတယ်။ စုခဲ့မိသမျှတွေထဲက စိတ်ဝင်စားစရာ အကောင်း ဆုံးကတော့ ပေးစာတစ်စောင် ဖြစ်ပါတယ်၊ ၁၉၈၈ ခုနှစ်အထိ စာပေစိစစ်ရေးမှာ ညွှန်ကြားရေးမှူး တာဝန်ယူသွားတဲ့ ရေတပ်ဗိုလ်မှူးဟောင်း ထွန်းအောင်ကြီးဆီကို ရေးတဲ့စာ ဖြစ်ပါတယ်၊ ရယ်စရာတွေ ပြောတတ်တဲ့ မောင်သော်ကရဲ့ သရော်စာတွေကို ဖတ်ခဲ့ဖူးသူတွေသာ အခု ဖော်ပြပေးမယ့် စာပေစိစစ်ရေးက ညွှန်ကြားရေးမှူးဟောင်း ထွန်းအောင်ကြီးကို ပေးတဲ့စာကိုသာ ဖတ်လိုက်ရရင် ဆရာ့ရဲ့ စာပေအပေါ်မှာ ထားတဲ့ ယုံကြည်ချက်နဲ့ သူ့ရဲ့ ရပ်တည်ချက်တွေကို ပိုပြီး ပီပီပြင်ပြင် သိမြင် လာစေနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ဒီစာကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဆရာမောင်သော်ကဟာ သူ့ဘ၀မှာ လူတစ်ဖက်သားကို ထိခိုက်နစ်နာအောင် ဘယ်တော့မှ မရေးခဲ့ပါဘူး၊ ဒါမျိုးအပြောအဆိုလဲ မရှိသလောက်ပဲ။ မိတ်ဆွေတွေကို ခင်မင်တတ်တဲ့ ဆရာဟာ တစ်ခါမှာတော့ ပေါက်ကွဲပြီး စာတစ်စောင် ရေးခဲ့ပါတယ်။ ရေးခဲ့တဲ့ ခုနှစ်ကတော့ ၁၉၈၆ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ ရန်ကုန်ဆိုပြီး ခေါင်းစီးပါတဲ့စာ ဖြစ်ပါတယ်၊ စာမှာပါတဲ့ အကြောင်း အရာတွေကို ဖော်ပြလိုက်ပါတယ်။ ၉၊ အောက်တိုဘာ၊ ၁၉၈၆
ဗိုလ်ထွန်းအောင်ကြီး တတ်နိုင်ရင် မဂ္ဂဇင်းတစ်စောင်ကနေပြီး ‘ထွန်းအောင်ကြီးသို့ အိတ်ဖွင့်ပေးစာ’ ဆိုပြီး ထည့်လိုက်ချင်တယ်။ မောင်ရင် တတ်နိုင်သားပဲ၊ စိန်လိုက်လေ။ မောင်ရင့်မှာ ရဲဘော်အောင်ဆိုတဲ့ ကလောင်တစ်ချောင်း ပိုင်ထားတဲ့သူပဲ၊ ပြန်လည်ချေပပေါ့၊ ဖတ်လို့တော့ ကောင်းမှာ အမှန်ပဲ။ ၁၉၈၆ခု၊ အောက်တိုဘာထုတ် မြတ်လေး မဂ္ဂဇင်းထဲက မောင်သော်ကရဲ့ ခဲခြစ်ပုံကြမ်း စာမူမှာ မောင်ရင်တို့ စာပေစိစစ်ရေးက ဆုတ်ဖြဲပစ်လိုက်တဲ့ ‘ဟိုတယ်နှင့် တည်းခိုခန်း’ ဆောင်းပါး (စာမျက်နှာ ၇၃ မှ ၇၆ ထိ)ကို ဆွေးနွေးကြရအောင်၊ အဲဒီဆောင်းပါးမှာ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီက ချမှတ်ထား တဲ့ စာပေမူဝါဒနဲ့ မကိုက်ညီတဲ့ အချက်များ ပါရှိပါသလား၊ ဒါဟာမောင်ရင်တို့ရဲ့ အဓိကအလုပ်၊ အဓိက တိုင်းတာချက်ပေတံနော်။ ဆောင်းပါးဟာ ဆိုရှယ်လစ် ဒီမိုကရေစီကို ထိပါးစေပါသလား၊ ဆိုရှယ်လစ်စီးပွားရေး စနစ်ကို ပျက်ပြားစေပါသလား၊ ဒါမှမဟုတ် မောင်နဲ့ နှမ ဖတ်လို့မရတဲ့ အညစ်အပတ်တွေ အညှီအဟောက်တွေ ပါပါသလား၊ သရုပ်ပျက်စာပေ အပစ်အခတ်တွေ သိုင်းတွေ ပါပါသလား၊ ကဲ...ဒါနဲ့ ဘာ့ကြောင့် မောင်ရင်တို့ ဖျက်သလဲ၊ အဲဒီဆောင်းပါးကို ကိုယ် ဒီနေ့ ဖြန့်ဝေပေးဖတ်တဲ့ လူတိုင်းက (အသိဥာဏ်ရှိတဲ့ လူတိုင်းက)တော့ ဘယ်လိုမှ နားမလည်နိုင်ကြဘူး၊ မောင်ရင်တို့ ဘာကို အခြေပြုပြီး ဖျက်တယ်ဆိုတာကို ကိုယ် နားမလည်ဘူး။ တစ်ခုတော့ရှိတယ်။ မောင်ရင်တို့ဟာ ဆောင်းပါး တစ်ပုဒ်လုံးရဲ့ ဆိုလိုရင်းကို ဘယ်တော့မှ သဘောမပေါက်နိုင်ကြတဲ့ နလပိန်းတုံးတွေ သာ ဖြစ်တယ် ဆိုတာကတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတယ်၊ ဒါမှမဟုတ် သိရက်သားနဲ့ `မောင်သော်ကဆို ဖြတ်ရ တောက်ရ ဖြဲရမှ ကျေနပ်မကွ´ ဆိုတဲ့မူနဲ့ လူကို မဲပြီး ဆုတ်ဖြဲနေကြတာသာ ဖြစ်ရမယ်၊ ပုဂ္ဂိုလ်ရေးနှိပ်ကွပ်မှု လုပ်နေကြခြင်းသာ ဖြစ်တယ်။ မြန်မာလူမျိုးတွေဟာ စေတနာကောင်းကြပါတယ်၊ ဧည့်ဝတ်ကျေပွန်မှုမှာလဲ နဂိုမူလအားဖြင့် တော်ကြပါတယ်။ ဒါကို အရင်းအနှီးပြုပြီး စီးပွားရေး လုပ်ငန်းတွေမှာ ဘောင်ဝင်အောင် ကြိုးစားကြပါ။ တစ်ဖက်လူကို စိတ်ချမ်းသာအောင် ဧည့်ခံခြင်း၊ ပြုစုခြင်းများအလုပ်ဟှာဆားဗစ်စ် (service) ဖြစ်ပါတယ်၊ ဆားဗစ်စ် လုပ်ငန်းဟာ အများတကာ စိတ်ချမ်းသာရေး အဓိက,ထားတဲ့ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းပါ၊ ဒါကို ကော်မာရှယ်လိုက်ဇ် လုပ်တတ်ကြပါစေလို့ ဆောင်းပါးရှင်က ပြောတာကို မောင်ရင်တို့ ကောက်နုတ်ချက် ထုတ်လိုက်ပုံက ဆောင်းပါးရှင်သည် တိုင်းပြည်မှာ အက်ဖ်အီး (FE) လိုချင်လျှင် ဖာအိမ်ထောင်ကြပါလို့ ဆိုလိုတယ်လို့ ကောက်ချက်ချ ထားသကိုး။ ကောင်းရောကွာ၊ လုပ်ငန်းပေါင်းစုံအနက်ကမှ ပြည့်တန်ဆာလုပ်ငန်းကိုမှ ရွေးမြင်တတ်တယ်လို့၊ အဲဒီတော့ ကိုယ်က ပြန် ကောက်ချက်ချလိုက်မယ်။ ကိုယ့်ဆောင်းပါးကို အနှီကဲ့သို့ မြင်သော သူသည် မိမိကိုယ်တိုင်ကလည်း ဖာခေါင်း ဖြစ်ရမည်၊ သို့မဟုတ် ဖာသည်နှင့် အနီးစပ်ဆုံးသူ သို့တည်းမဟုတ် ဖာသည် ဖြစ်ရမည်၊ ဒါပဲရှိတယ် သူငယ်ချင်း၊ ဒါကလွဲလို့ ဘာမှ ကောက်ချက်ချစရာ မရှိပါဘူး၊ ဒီမယ် ထွန်းအောင်ကြီး...မင်းကို ကိုယ် တစ်ခါကလဲ ပြောခဲ့ပြီးပါပြီ။ မင်းလဲ ဒီနေရာမှာ တစ်သက်မြဲမယ့် သူလဲ မဟုတ်ပါဘူး။ တာဝန် ထမ်းဆောင်တဲ့အခါ စာပေသမိုင်းရဲ့ တရားခံအဖြစ် အနာဂတ်ကာလမှာ တွင်မကျန်ခဲ့စေဖို့ ကိုယ် စေတနာကောင်းနဲ့ သတိပေးခဲ့ဖူး ပါတယ်။ မင်းတာဝန်ကို မင်းလုပ်တာ စံတစ်ခုခုနဲ့ လုပ်ပါ၊ မင်းတို့ တိုင်းထွာစရာဟာ စာပေ မူဝါဒပုံစံပါ၊ မင်းတို့မှာ တိုင်းထွာစရာ အနုပညာပေတံ မရှိပါဘူး၊ မင်းတို့ ART ဆိုတာကို နားမလည်ပါဘူး၊ ကိုယ် နားမလည်တာကို မလုပ်ပါနဲ့။ မင်းသမိုင်းကြောင်း ကောင်းလိမ့်မယ်၊ မင်းတို့လို ကျောက်ခေတ်လူသား ကြောက်ခြင်းမျိုးနဲ့ ဘာမှန်းမသိ အားလုံးကို ကြောက်နေမယ်ဆိုရင်... ဒီမယ် ထွန်းအောင်ကြီး မင်းဘယ်နည်းနဲ့မှ ဇာတ်သိမ်းကောင်းမှာ မဟုတ်ပါဘူး။ ဒါပဲကွာ၊ ကိုယ်ကတော့ ဆက်ရေးနေမှာပဲ။ မင်းလဲ တတ်နိုင်သမျှ ဆက်သာ ဖြဲပေတော့။ စာပေပန်း
ပွင့်လန်းပါစေ၊ အဲသလို ဆရာမောင်သော်ကဟာ ရင်ထဲက ပေါက်ကွဲထွက်လာတဲ့ စာတစ်စောင်ကို ရေးခဲ့ဖူးပါတယ်၊ ဒီစာလေး တစ်စောင်ဟာ မြန်မာစာပေသမိုင်းမှာ မှတ်တမ်းဝင်သင့်တဲ့ စာတစ်စောင်လို့ ယုံကြည်တာကြောင့် အခုလိုဖော်ပြပေးလိုက်တာပါ။ ဆရာ မောင်သော်က (ကျကျာကြီး)
ကောင်းရာ ဘုံဘ၀မှာ အနှိပ်အစက်ကင်းစွာ နေနိုင်ပါစေ၊ (မြန်မာသတင်းသမဂ္ဂမှ ထုတ်ဝေသော ဥဒါန်းမဂ္ဂဇင်း အမှတ်-၄၊ ၂၀၀၆ မှ ကူးယူ ဖော်ပြပါသည်။) ၁၅/၆ |
| |
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
||
|
Suggestions & Comments: webmaster@hittaing.org |
||