စိန့်တိုင်း၏ ထုချေလွှာ

တီတီး

wikipedia

ဆွေမျိုးထိသမို့ မချိအောင် နာတယ် ပြောလဲ ခံရမှာပဲ။

ဒါပေမယ့် မြန်မာပြည်ဖွား တရုတ်တွေခမျာ ဘာမဆိုင် ညာမဆိုင် လက်ပံသား ဓားနဲ့ အချိုင်ခံရမယ့် အရေး မဖြစ်စေချင်လို့ပါ။

ခုတလော တရုတ်ဆို စကားထဲ အကောင်းတောင် ထည့်မပြောချင်အောင် မြန်မာထုကြီးက အကြီးအကျယ် အမုန်းပွားနေတဲ့ အချိန်မှာ မြန်မာပြည်မှာ နေရတဲ့ တရုတ်တွေ ဘ၀ကို စာနာပေးစေချင်ပါတယ်။

“မြန်မာ့အရေး လုံခြုံရေးကောင်စီတင်တာ တရုတ်က ဗီတိုသုံးသတဲ့”

“တရုတ်က ဒီကိစ္စဟာ မြန်မာ့ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ပြောတယ်ဆိုပဲ”

“တရုတ်က...”

“တရုတ်က...”

အရပ်ရပ်က ယိုသမျှချေး၊ ပုစွန်ဆိတ်ခေါင်းစု ဆိုတဲ့ မြန်မာ့ရိုးရာ စကားပုံလိုပါပဲ။ ဟူဂျင်းတောင် လုပ်သမျှ၊ ၀မ်ကျားပေါင် လုပ်သမျှ တရုတ်အစိုးရကလို့ မပြောဘဲ တရုတ်က၊ တရုတ်က.. နဲ့ ၀ါးလုံးရှည်နဲ့ သိမ်းကျုံးရိုက်နေတော့ ခံရတဲ့ တရုတ်တွေလဲ ကသိကအောက် ဖြစ်လာမှာ ကိုယ်ချင်းစာပေးစေချင်လို့ပါ။ မြန်မာအစိုးရကိုတော့ ကြိုက်ကြိုက်မကြိုက်ကြိုက် အာဏာ သူယူထားတာ သိရက်နဲ့ မြန်မာအစိုးရလို့ မသုံးရဘူးတဲ့။ စစ်အစိုးရခေါ်ပါတဲ့။ နအဖ ခေါ်ပါတဲ့။ အနို့ တရုတ် အာဏာရှင် အစိုးရကိုတော့ ဘာလို့ တရုတ်အစိုးရလို့တောင် မခေါ်ရက်ဘဲ တရုတ်က.. တရုတ်ကနဲ့ လူမျိုးတမျိုးလုံးနဲ့ ပေါင်းပြီး စွပ်စွဲချင်ရတာလဲဗျာ။

ခုနေ တရုတ်ပြည်မှာလဲ လွတ်လွတ်လပ်လပ်သာ ရွေးကောက်ပွဲ လုပ်ကြည့်ပါ။ တရုတ်ကွန်မြူနစ်ပါတီ ခွက်ခွက်လန် ရှုံးမရှုံး တကမ္ဘာလုံး ရှိရှိသမျှ တရုတ် ကာစီနိုတွေမှာ လောင်းကြေးတင်ကြည့်ပါ။ စီးပွားရေး လာဘ်မြင်တဲ့ ဘယ်တရုတ်များ ပါတီ အောင်ပွဲခံရမည်ဆိုတဲ့ဘက်က လောင်းမှာလဲ။

မြန်မာနဲ့ တရုတ်ဟာ လူထု အလွန်မုန်းသော အစိုးရ တခုစီ လက်အောက်မှာ အသက်ရှင်နေရတဲ့ ဘ၀တူ လူမျိုးတွေပါ။ မြန်မာ စစ်အစိုးရကို မြန်မာတွေ မုန်းတာထက် တရုတ်အစိုးရကို တရုတ်တွေ မုန်းတာ မလျော့နိုင်ပါ။ ဒါကို မြန်မာဘက်က စာနာမပေး နိုင်ဘဲ ဘာလို့ တရုတ်က... တရုတ်ကနဲ့ အပြစ်မဲ့ တရုတ်ပြည်သူတွေကို ရန်ရှာချင်ရတာလဲ။

ခုဆို မကျေနပ်တဲ့ မလိုမုန်းထားတဲ့ မျက်လုံးတွေ၊ အသံတွေကြောင့် တချို့ တရုတ်ဆိုင်တွေဆို ဆိုင်ရှေ့မှာ ထောင်ထားတဲ့ တရုတ်စာသားတွေ ဖယ်ပစ်နေရပြီ။ တချိန်က အရုပ်ဆိုး အကျည်းတန်တဲ့ တရုတ်-ဗမာ ရိုက်ပွဲမျိုး မြန်မာပြည်မှာ ထပ်မဖြစ် စေချင်ပါဘူး။ တရုတ်အစိုးရနဲ့ မြန်မာအစိုးရ နှစ်ခု မတရားတာကို ဘာလို့ အပြစ်မဲ့တဲ့ တရုတ်ပြည်သူကို ရန်ရှာချင်တာလဲ။ တရုတ်ပြည်မှာလဲ ကွန်မြူနစ်ပါတီကို ဆန့်ကျင်လို့ ထောင်ကျနေရတဲ့ တရုတ်တွေ ခုထိ ရှိတုန်းပါ။ “ဒါ မြန်မာ့ပြည်တွင်းရေး”လို့ ပြောတာ သူတို့ မဟုတ်ပါဘူး။ မြန်မာပြည်ထဲမှာ ဈေးဆိုင်ဖွင့်၊ စီးပွားရေးလုပ်နေတဲ့ လမ်းမတော်က တရုတ်တွေလဲ မဟုတ်ရပါဘူး။ မန္တလေးက လောပန်တရုတ်လဲ မဟုတ်ရပါဘူး။

တရုတ်လဲ ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်ပါတယ်။ သံဃာတော်တွေ သွေးမြေကျတာကို ပျော်တဲ့တရုတ် ရန်ကုန်မှာ တွေ့ပါသလား။ သံဃာတော်တွေ စီတန်းကြွချီလာတော့ ရေသန့်ဗူးတွေ ကပ်ကြ၊ လမ်းဘေးက လက်အုပ်ချီကြသူတွေထဲမှာရော တရုတ်တွေ မပါဘူးလား။ ပုန်းနေတဲ့ သံဃာတွေ၊ ကျောင်းသားတွေကို ၀ှက်ထားပေးသူတွေထဲမှာတောင် တရုတ်တွေ ပါချင် ပါနေမှာပါ။ တရုတ်တွေရဲ့ စီးပွားရေး အားကောင်းရာ မန္တလေးမြို့မှာ သံဃာတွေ ကြွလာတော့ တမြို့လုံး သောင်းသောင်းဖျဖျ အားပေးကြပါတယ်။ လမ်းဘေးက လက်အုပ်ချီနေသူတွေထဲမှာ တရုတ်တွေ ပါမှာ မြေကြီးလက်ခတ် မလွဲပါ။

၁၉၆၂ ခုနှစ်မှာ မြန်မာပြည် အာဏာသိမ်းခံရတော့ တိုင်းပြည်ကို ကယ်တင်လိုက်ပါတယ်ဆိုတဲ့ တော်လှန်ရေးကောင်စီဝင်တွေက တရုတ်တွေပါ။ ဗိုလ်ချုပ်ကြီးနေ၀င်းခေါ် ဦးရှုမောင်က ပေါင်းတည်က တရုတ်ကြီး၊ ဗိုလ်မှူးချုပ် အောင်ကြီး (တန်တရန်အောင်)က ယူနန်ပြည်နယ်သား တန်တင်းငါးရဲ့ သား၊ ဗိုလ်မှူးချုပ် တင်ဖေလဲ တရုတ်ပဲ။ ဗိုလ်မှူးကြီး တန်ယုဆိုင်ကတော့ နာမည်ကိုက တရုတ်မှန်း ပြနေပြီ။ အကယ်တင်ခံလိုက်ရတဲ့ မြန်မာပြည် ဘာဖြစ်သွားလဲ။ အဲဒီတုန်းကတောင် တရုတ်လူမျိုးထု တရပ်လုံးနဲ့ ဘာမှ မဆိုင်ဘဲ လက်တဆုပ်စာ တရုတ်တွေမှန်း နားလည်ပေးနိုင်ရင် ခုလဲ တရုတ်ပြည်သူတွေကို (မြန်မာ့စကားပုံ ကိုးကားရရင်) မဆီမဆိုင် လက်ပံသား ဓားနဲ့ချိုင် မလုပ်ကြစေချင်ပါဘူး။ တရုတ်အစိုးရကိုပဲ ဦးတည် တိုက်ခိုက်မယ် ဆိုရင်တော့ ကျွန်တော်များ မကန့်ကွက်ရုံမက အူလှိုက်ဝမ်းသာ ထောက်ခံမှာ ဖြစ်ပါတယ်။

တိဗက်ရဟန်းတော်တွေကို တရုတ်အစိုးရက ညှဉ်းဆဲတယ်ဆိုပြီး တိဗက်ကလဲ တရုတ်ကိုပဲ ရန်ငြှိုးထားပါတယ်။ ခု မြန်မာရဟန်းတော်တွေကို မြန်မာ စစ်အစိုးရက ရိုက်တော့ တရုတ်က အသံတိတ် ထောက်ခံနေလို့ဆိုပြီး တရုတ်ကိုပဲ အမုန်းခံရပါတယ်။ တဖက်သတ် ငုံ့ခံနေရတဲ့ တရုတ် ပြည်ဖွားများကိုယ်စား တခုတော့ ဖြေရှင်းပါရစေ။ ဘုန်းကြီးအနှိပ်စက်ခံရလို့ ပျော်တဲ့ ဗုဒ္ဓဘာသာဝင် မရှိပါဘူး။ တရုတ်ပြည်မှာ အာဏာရနေတာ ဘာသာမဲ့တွေပါ။

တရုတ်ဆို ရန်ရှာချင်တဲ့အထိ စိတ်ဆိုးဒေါသထွက်လာသူများကို တခု ရှင်းပြချင်တာက တရုတ်အစိုးရက မြန်မာ့အရေးနှင့် ပတ်သက်၍ ဘာပြောလိုက်သည်၊ ညာပြောလိုက်သည် ကြားရင် မြန်မာပြည်ထဲမှာ ဘယ်တရုတ်မိသားစုတွေ၊ တရုတ်အသင်း အဖွဲ့တွေမှ ပျော်ပွဲ မဆင်နွှဲကြပါဘူး။

တရုတ်ပြည် ဒီမိုကရေစီ ထွန်းကားရေးအတွက် ကြိုးစားရင်း ၁၉၈၉ ခုနှစ်မှာ တရုတ်သူရဲကောင်းများစွာ အသက်ပေးခဲ့ရပါတယ်။ တကမ္ဘာလုံးက ကန့်ကွက်ရှုတ်ချကြပေမယ့် မြန်မာစစ်အစိုးရ မပါပါဘူး။ အဲဒီတုန်းက မြန်မာပြည်က တရုတ်ပြည်ဖွားတွေဟာ မြန်မာနိုင်ငံသားတွေအပေါ် နားလည်ပေးခဲ့ကြပါတယ်။ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ဟာ မြန်မာပြည်ကို ကိုယ်စားမပြုမှန်းလဲ သိကြပါတယ်။

အခုလဲ တရုတ်ပြည်သူ ရွေးကောက်တင်မြှောက်ထားခြင်း မရှိတဲ့ အစိုးရက ပြောတာလုပ်တာတွေကို တရုတ်နွယ်ဖွားတွေအပေါ် ဒေါသပုံမချဘဲ ခွဲခြားမြင်စေချင်ပါတယ်။ အာဏာရှင် အစိုးရ တရပ်က သူနဲ့ ဘ၀တူ အာဏာရှင်ချင်း ကာကွယ်တာ တရုတ်နဲ့ မြန်မာ ညီနောင်ချင်း စိတ်ဝမ်းကွဲဖို့ မဟုတ်ပါ။

ပြည်တွင်းရေး ၀င်မစွက်ပါနဲ့ ဆိုတဲ့ စကားကို အာဏာရှင်တိုင်း ပြောပါတယ်။ တရုတ်ပြည်ကြီးက အာဏာရှင် အစိုးရလဲ မြန်မာပြည် အရေးမှာဖြစ်ဖြစ်၊ တရုတ်ပြည်အရေးမှာဖြစ်ဖြစ် အမြဲ ပြောရပါတယ်။ ဒါ အာဏာရှင်တိုင်းရဲ့ ဆင်ခြေလို့ နားလည်ခြင်းအားဖြင့် ဘ၀တူ တရုတ်ပြည်ဖွားတွေအပေါ် ဒေါသလမ်းမလွဲစေချင်ပါဘူးခင်ဗျား။

x x x

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org