|
|
||
|
ကျဆုံးသော အပြစ်မဲ့သူများသို့ နေမျိုး
"စိန်လွင်ကို သတ်၊ စိန်လွင်ကို သတ်" သူနဲ့အရွယ်မတိမ်းမယိမ်း လူငယ်လေးတယောက်ရဲ့ အသက်ထွက်ခါစ သွေးအလိမ်းလိမ်း အလောင်းကို ကြည့်ပြီး နာနာကျည်းကျည်း အော်လိုက်တဲ့ ဒီကလေးမလေးကို ခုထိ မြင်ယောင်နေသေးတယ်။ ကလေးနှစ်ယောက်လုံးက ဆယ်ကျော်သက်အရွယ် ၀န်းကျင်တွေ၊ ရှိလှ ၂၀ သာသာပေါ့။ ကိုယ်ငွေ့တောင် ပြယ်ပုံမရသေးတဲ့ အသက်ထွက်ခါစ သူငယ်လေးဟာ အထက်တန်း ကျောင်းသားလေးတယောက် ဖြစ်နိုင်သလို တက္ကသိုလ် မောင်သစ်လွင်လေး တယောက်လဲ ဖြစ်နိုင်ပါတယ်။ ဆိုက်ကားနင်း၊ စပယ်ယာလိုက်ပြီး မိဘကို လုပ်ကျွေးနေတဲ့ ဆင်းရဲသား လူငယ်လေးတယောက်လဲ ဖြစ်နိုင်တာပဲ။ သူ့အကျီ င်္လေးက ချိုင်းအထိ လိပ်တက်နေတယ်။ ခါးမှာတော့ ဘောင်းဘီတိုကလေးပဲ ကျန်တယ်။ ပုဆိုးက ကျည်ဆန်မိုးတွေကြားက လူကို ဆွဲမိဆွဲရာ ဆွဲသယ်လာကြရင်း ကျွတ်ကျရစ်ခဲ့သလား မပြောတတ်ဘူး။ ပစ်ခတ်နေတဲ့ကြားက ကိုယ်ချည်းထွက်မပြေးဘဲ ခြေထောက်အနှေးခံပြီး ဒဏ်ရာရသူတွေကို သယ်ပြေးလာဖို့ဆိုတာ ဘယ်လောက် ခက်မှန်း၊ ကိုယ့်အသက်ကိုပါ ရင်းရမှန်း လူသတ်ပွဲကို မီလိုက်သူတွေ နားလည်မှာပါ။ ဒဏ်ရာရတဲ့သူတွေကို ကယ်ရင်း ကိုယ်ပါ သေခဲ့ရတဲ့ သူတွေ ရင်နာဖို့ကောင်းအောင် ရှိသေးတာပဲ။ သွေးအိုင်ထဲ ပုံလဲသွားတဲ့ သူတွေကို ဆွဲပြေးတယ်ဆိုတာ ရုပ်ရှင်ထဲကလို လှလှပပ သယ်ရတာ မဟုတ်ဘူး။ ဆံပင်ဆွဲ၊ ခြေလက်ဆွဲ၊ အ၀တ်အစားဆွဲ လက်ထဲမိရာ ကိုယ်စီဆွဲပြီး နှစ်ယောက်သုံးယောက် သယ်ပြေးရတာ။ ခေါင်းတည့်တည့်မှန်တဲ့သူကို ဆံပင်ကဆွဲ မပြေးသင့်မှန်း၊ ခြေထောက် ထိသွားတဲ့သူကို ဒဏ်ရာရတဲ့ ခြေထောက်က ဆွဲမသယ်သင့်မှန်း ဘာမှ အချိန်ယူ စဉ်းစားနိုင်တော့တာ မဟုတ်ဘူး။ ခုလဲ ဘယ်လောက်ပဲ အသက်နဲ့ရင်း ကယ်ခဲ့ကယ်ခဲ့ ကယ်လာတဲ့ သူတွေ စွန့်စားရကျိုး မနပ်တော့ပါဘူး။ ကျည်ဆန်လွတ်ရာရောက်လို့ သေချာ ကြည့်နိုင်တဲ့ အချိန်မှာ သူငယ်ကလေးက သေနှင့်ပြီ။ ပေကျံနေတဲ့ သူ့အ၀တ်အစားတွေက ဆင်းရဲချမ်းသာ ဘယ်အလွှာကဆိုတာ မခွဲနိုင်တော့ပါဘူး။ လောလောလတ်လတ် အသက်ပြယ် ကာစ မျက်နှာနုနုလေးကလဲ ငယ်ရွယ်ပျိုမျစ်ခြင်းကလွဲလို့ ဘယ်သူဘယ်ဝါ ဘယ်သူ့သားသမီးဆိုတာ သဲလွန်စ ဘာမှ မထားရစ်ခဲ့ပါဘူး။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ မနက်ခင်းမှာ လူငယ်လေး တယောက်ဟာ သူ့တိုင်းပြည်အတွက် သူ့အသက်ကို မထင်မရှား ပေးသွားခဲ့ပါပြီ။ ဒီသူငယ်လေးက ၉ ရက်နေ့ မနက်မှာ ရန်ကုန်မြိုလယ်ကို ချီတက်လာကြတဲ့ ဆန္ဒပြ စစ်ကြောင်းတခုကပါ။ သူ ပစ်သတ်ခံရပုံကို ထောက်ရင် စစ်ကြောင်းရဲ့ ရှေ့ဆုံးက တက်လာတဲ့ ကလေးတယောက်လို့ပဲ အကြမ်းဖျင်း မှန်းနိုင်ပါတယ်။ ပစ်ချခံရလို့ သွေးအိုင်ထဲ လဲသွားချိန်မှာ သူ့လက်မှာ ဒေါင်းအလံ ကိုင်ထားသလား၊ ကြယ်ငါးလုံး နိုင်ငံတော်အလံဟောင်း ကိုင်ထားသလား၊ ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံပဲ ကိုင်ထားသလားလဲ မသိတော့ဘူး။ ဒီကလေး နာမည်တောင် ကျနော် မသိပါဘူး။ ဘယ်အရပ် ဘယ်ကျောင်းက ဘယ်သူ့ သားသမီး ဆိုတာလဲ မသိပါဘူး။ မြန်မာပြည်အတွက် အသက်အသေခံသွားတဲ့ သူရဲကောင်းတယောက်အကြောင်း ကျနော် ပြောပြနိုင်တာ ဒါ အကုန်ပါ။ ဒီနေ့မနက်ခင်း မှာ ဒီသားငယ်လေးဟာ ကျနော်တို့လိုပဲ တက်ကြွမှုတွေနဲ့ အိပ်ရာက နိုးလာတယ်။ နေဦး၊ ပြီးခဲ့တဲ့ညက အိပ်ချင်မှတောင် အိပ်ခဲ့ရဦးမယ်။ မနက်အတွက် အလံတွေရိုက်၊ ပိုစတာတွေဆွဲနဲ့ သူ့ခမျာ မသေချင် ညမှာတောင် အိပ်ရေးမှ ၀ခဲ့ရှာရဲ့လား မသိ။ ဒီနေ့မနက်မှာ သူ့အဖေ အမေတွေနဲ့၊ မောင်နှမတွေပါ ရှိရင်လဲ မောင်နှမတွေနဲ့ မနက်စာကို နောက်ဆုံး အတူစားကောင်း စားခဲ့နိုင်ပါတယ်။ ပြီးတော့ သူ့နိုင်ငံအတွက် တခြားသူတွေနဲ့အတူ လမ်းမပေါ် ထွက်လာတယ်။ ဒီမနက်ခင်းမှာ ဒီနည်းနဲ့ သူ နောက်ဆုံး အသက်ရှင်သွားခဲ့ပါတယ်။ အသက်ထွက်ကာစ လူငယ်လေး၊ အလောင်းကို ကိုင်ထားတဲ့ ကျောင်းသား၊ အနားမှာ ၀ိုင်းနေတဲ့ ကျောင်းသားကလေးတွေ၊ သွေးတွေ ပေကျံနေတဲ့ လက်ကို ထောင်ပြနေတဲ့ ကျောင်းသားလေး၊ နာကျည်းတဲ့ မျက်လုံးနဲ့ စိန်လွင်ကို သတ်လို့ အော်လိုက်တဲ့ ကျောင်းသူမလေး။ သူတို့အားလုံး ငယ်လွန်းလှပါတယ်။ အထက ကျောင်းသားလေးတွေတောင် ဖြစ်နိုင်တယ်။ သူတို့အားလုံး အလယ်မှာ ရှိနေတာက သူတို့အတွက် စောလွန်းတယ် ပြောရမယ့် သေခြင်းတရား။ သူ့အဘိုးအရွယ် သမ္မတကို "စိန်လွင်ကို သတ်"လို့ ကြုံးဝါးလိုက်တဲ့ ကျောင်းသူလေးကို ကျနော် အပြစ်မတင်ရက်ဘူး။ သူလဲ ဒီနေ့ ဒါမှမဟုတ် နောက်တနေ့မှာ ခုန သူငယ်လေး သွားရာလမ်းကို လိုက်ချင် လိုက်ရဦးမှာ။ သူ့အရွယ် လူငယ်လေးတယောက်ရဲ့ အလောင်းကို ကြည့်နေတဲ့ သူ့မျက်လုံးထဲက အရွယ်နဲ့မလိုက်တဲ့ နာကျည်းမှုတွေကို ဘယ်သူ ထည့်ပေးသွားတာလဲ။ သွေးပေကျံနေတဲ့ အလောင်းကိုကြည့်နေတဲ့ ဒီကလေးမလေး မျက်လုံးထဲမှာ အကြောက်တရားအစား ခံပြင်းမှုတွေ တွေ့နေရတယ်။ ဒီလိုနဲ့ သူတို့တွေ သေခဲ့ရပြီ။ ဆက် သေရဦးမယ်။ ဒီအချိန်မှာ သူတို့ကို ဘယ်သူ တားလို့ ရမှာလဲ။ ပစ်သတ်ခံလိုက်ရတဲ့ သူငယ်လေးရဲ့ မိဘတွေဟာ သူတို့သား ကျဆုံးခဲ့ပြီဆိုတာ ခုထိ သိမှ သိကြရဲ့လား ကျနော် မသိပါဘူး။ အာဏာသိမ်းပြီးတဲ့အထိ သား အိမ်ပြန်မလာရင် တောခိုသွားပြီလို့ ထင်ကောင်း ထင်မယ်။ နှစ်ပေါင်းများစွာ ကြာတဲ့အထိဘာသတင်းမှ မကြားရတော့ရင်တော့ လူ့ပြည်မှာ မရှိတော့လို့ဆိုတာ တွေးမိချင်လဲ တွေးမိကြမှာပါ။ တိုက်ပွဲပဲ ကျလေသလား၊ တောထဲမှာ ငှက်ဖျားနဲ့ပဲ ဆုံးလေသလား၊ စစ်ကြောရေးစခန်းတခုမှာပဲ အသက်ထွက်ခဲ့ရသလား လားပေါင်းများစွာနဲ့ ဟိုတွေးဒီတွေးတွေးချင် တွေးနေရောပေါ့။ အဝေးတနေရာမှာ အိမ်ထောင်ရက်သားကျလို့ မိဘကို မေ့ပြီး ပြန်မလာတာပါလို့လဲ ကိုယ်ဖြစ်စေချင်သလို ဖြေတွေး တွေးချင် တွေးနေနိုင်သေးတယ်။ သူ့အလောင်းနားမှာ ၀ိုင်းနေခဲ့တဲ့ ကျောင်းသားကလေးတွေရဲ့ ကံကြမ္မာလဲ ဘာများ ဆက်ဖြစ်ကြသလဲ ကျနော် မသိပါဘူး။ အလောင်းကိုပါ သယ်ပြီး ဖြတ်သွားတဲ့ လမ်းတလျှောက်က လူထုကို ပြပြီး သူတို့ မြို့ထဲကို ဆက်ချီတက်ကြတာပဲ နောက်ဆုံး သိလိုက်တယ်။ ဆက်ချီတက်တဲ့ လမ်းမှာလဲ အသင့်စောင့်နေတဲ့ စစ်သားတွေ၊ စစ်ကားတွေ အပြည့်။ ထပ်များ အပစ်ခံရသေးလား။ ခုန သူငယ်ကလေးကို သယ်ပြေးလာကြတဲ့ ကလေးတွေ သူတို့အလှည့်မှာရော ဘာများ ထပ်ဖြစ်ကြသေးလဲ။ ဒီသားငယ်လေးအတွက် အမျှဝေရင်း ကျနော် နောက်ဆုံး မြင်လိုက်ရတဲ့ ကျောင်းသားလေးတွေအတွက်ပါ ဆုတောင်းမိပါတယ်။ ဘုရားမ,လို့များ အဲဒီအချိန်က မသေခဲ့ရင် အခု ဘယ်ဆီတွေမှာမှန်း မသိနိုင်တော့တဲ့ သူတို့လေးတွေ ကံကောင်းကြပါစေ။ x x x |
| |
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
||
|
Suggestions & Comments: webmaster@hittaing.org |
||