|
|
||
|
`မြန်မာပြည်က မွေးနေ့တခု´ လော်ရာ ဘုရှ် ပြန်ဆို- Unknown Rebel
ဒီနေ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ အမျိုးသားသူရဲကောင်း တယောက်ဟာ သူ့ရဲ့ ၆၂ နှစ်ပြည့် မွေးနေ့ကို အထီးကျန် ကျင်းပနေပါတယ်။ သူဟာ ရေမြေခြားက ရင်သွေးတွေနဲ့ ကွဲကွာနေရတယ်။ ခင်ပွန်းသည် ကင်ဆာရောဂါနဲ့ သေအံ့မူးမူးအချိန်တုန်းက သူ့ဆီ လာနေဖို့ ပိတ်ပင် တားမြစ်ခံခဲ့ရတယ်။ ဒီနေ့မှာ သူ့အတွက် မွေးနေ့ဆုမွန်ကောင်း တောင်းမယ့်သူတွေကတော့ သူ့ကို ကမ္ဘာကြီးဆီကနေ ဖုံးကာ ၀ှက်ဆိုင်းထားတဲ့ လက်နက်ကိုင် အစောင့်တွေပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြီးခဲ့တဲ့ မွေးနေ့ ၁၇ ကြိမ်ထဲက များစွာတို့ဟာ ဒီလိုနဲ့ ကုန်ဆုံးခဲ့ပါပြီ။ ၁၉၉၀ ပြည့်နှစ်ကတည်းက မြန်မာစစ်အစိုးရဟာ နိုင်ငံရဲ့ ဒီမိုကရက်တစ် ရွေးကောက်ခံ ခေါင်းဆောင်ကို သူ့နေအိမ်မှာ ဖမ်းဆီးထားခဲ့ပါတယ်။ မေလမှာ ဗိုလ်ချုပ်ကြီး သန်းရွှေဟာ နေအိမ်အကျယ်ချုပ်ကို နောက်တနှစ် သက်တမ်းတိုးလိုက်တယ်။ လူသိများ ထင်ရှားခြင်း မရှိတဲ့ မြန်မာနိုင်ငံ သား ဆိုရင်ဖြင့် ပြုမူဆက်ဆံပုံဟာ ပိုလို့တောင် ဆိုးနိုင်ပါတယ်။ စစ်အစိုးရရဲ့ ရိုင်းစိုင်း ကြမ်းကြုတ်မှုတွေဟာ နိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ရှောင်တိမ်းရသူတွေ ငါးသိန်းကျော် ပေါက်ဖွားပေးထားပြီး သိန်းနဲ့ချီတဲ့ လူတွေကိုလဲ နိုင်ငံက ထွက်ပြေးစေခဲ့တယ်။ ကလေးငယ်တွေ ဟာ အလုပ်ကြမ်းသမားတွေအဖြစ် အဓမ္မ သွတ်သွင်းခံရတယ်။ မိန်းကလေးငယ်တွေကို မတရားကျင့်မှု ဆိုတာကတော့ မထူးဆန်း တော့တဲ့ ဖြစ်ရိုးဖြစ်စဉ်လို့ မှတ်တမ်းတွေက ပြဆိုနေပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက `ဖမ်းဆီးခံရသူတွေဟာ ယုတ်မာရက်စက်စွာ ရိုက်နှက်တာ၊ အဓမ္မ စော်ကားတာ၊ ကြိုးတွေ၊ လက်ထိပ်ခြေကျင်းတွေနဲ့ လနဲ့ချည် တုပ်နှောင်ထားတာ၊ သံချွန်တွေ ဖန်စတွေပေါ် တွားသွားခိုင်းတာ စ,တဲ့ ပြန်ပြောမပြနိုင်လောက်တဲ့ နှိပ်စက်မှုတွေ ကြုံခဲ့ရတယ်´လို့ အစီရင်ခံပါတယ်။ တက္ကသိုလ်ကျောင်းသား သုံးယောက်ဟာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ဝေတဲ့ လူ့အခွင့်အရေး ပညာပေးစီဒီတွေ ပိုင်ဆိုင်မှုနဲ့ အဖမ်းခံခဲ့ရတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တယောက်ဟာ အသိမိတ်ဆွေ တက္ကသိုလ်ကျောင်းသား တဦးကို ဒေါ်အောင်ဆန်းစုကြည် ရခဲ့တဲ့ ဆုစာရင်းကို ပေးမိရုံနဲ့ ထောင် ၁၄ နှစ် ကျခဲ့ရပါတယ်။ ဆက်တိုက် ဖြစ်ထွန်းနေတဲ့ စိုးရွံ့ပူပန်မှုတွေကြားကပဲ လွတ်လပ်တဲ့ မြန်မာနိုင်ငံတခု ပေါ်ထွန်းရေးကို ထောက်ခံသူတွေဟာ မျှော်လင့်ဖို့ရာ အကြောင်းပြချက်သစ်တွေ ရှိနေပြန်တယ်။ အစိုးရကို ဆန့်ကျင်အာခံတဲ့ မျိုးဆက်သစ် တခုဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုတဲ့ ခွဲခြားမရတဲ့ အမြွှာအကြောင်းရင်း နှစ်ခုကို ခြေလှမ်းတိုး လုပ်နေကြတယ်။ သူတို့ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေရယ်၊ လွန်ခဲ့တဲ့ ၁၉ နှစ်က တက္ကသိုလ်ကျောင်းသားတွေ အဖြစ်နဲ့ စစ်အစိုးရ အုပ်ချုပ်မှုကို အံတုစိန်ခေါ်ခဲ့စဉ်က လေးစားကြည်ညိုမှုတွေ ပွဲဦးထွက် ရခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရယ်က ဦးဆောင်ပါတယ်။ ပြီးခဲ့တဲ့ တနှစ်လုံး စုစုနွေးနဲ့ ဖြူဖြူသင်းတို့လို အစိုးရဆန့်ကျင်သူတွေဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုဆီ ဦးတည်တဲ့ မကြုံစဖူး စွမ်းပကားတွေနဲ့ လက်တွဲဆောင်ရွက်မှုတွေ လုပ်ခဲ့ကြတယ်။ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ စစ်အစိုးရဟာ မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ဌေးကြွယ် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအဖြစ် ဖမ်းဆီးထားတဲ့ အရေးပါတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို လွှတ်ပေး ခဲ့တယ်။ မကြာသေးခင်က ၈၈ မျိုးဆက် ကျောင်းသားတွေက တလကြာ စာရေးလှုပ်ရှားမှုကို လုပ်ကြရာမှာ သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ သူတို့ရဲ့ နေ့စဉ် အကျပ်အတည်းတွေကို ဗိုလ်ချုပ်သန်းရွှေဆီ စာရေးထုတ်ဖော်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ လက လူငါးသိန်းဟာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာပြည်ရဲ့ နိုင်ငံရေးအကျဉ်းသား ၁၁၀၀ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုး တောင်းဆိုခဲ့ကြတယ်။ ဒေါ်စုရဲ့ ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည် ဖြစ်တဲ့ မေလ ၂၇ ရက်နေ့မှာ လူ ၁၀၀၀ ကျော်ဟာ ရွှေတိဂုံစေတီမှာ ဆုတောင်းပွဲတခု လုပ်ကြတယ်။ စစ်အစိုးရရဲ့ လူအုပ်က သူတို့သွားမယ့်လမ်းကို ပိတ်ပြီး ဆန္ဒပြသမားတွေကို စော်ကားမော်ကား လုပ်လာတဲ့အခါ လှုပ်ရှားသူတွေဟာ ငြိမ်းချမ်းတဲ့ ချီတက်ပွဲကို အင်အားကြီးမားတဲ့ လူထုစည်းဝေးပွဲအဖြစ် အသွင်ပြောင်းလိုက်တယ်။ ဒါဟာ ၁၉၉၆ ခုနှစ် နောက်ပိုင်း မြန်မာပြည်မှာ အကြီးမားဆုံး ဒီမိုကရေစီရေးအတွက် စုရုံးခြင်း ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ အတိုက်အခံတွေရဲ့ အရေးတကြီး အခြေဆိုက်ပြီဆိုတဲ့ အသိစိတ်သစ်ကတော့ အချိန်ကိုက်ပါပဲ။ ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ သူ့ရဲ့ ဇရာထောင်းနေတဲ့ လက်ထောက်တွေဟာ ခေတ်ကုန်လာနေပါပြီ။ အသက် ၇၀ နှောင်းပိုင်းအရွယ် ရောက်နေတဲ့ သူတို့တတွေ ဟာ ကျန်းမာရေး ညံ့လာတဲ့အတွက် စင်ကာပူမှာ အကောင်းဆုံး ဆေးကုသမှုတွေ ရှာနေရပါတယ်။ သူတို့နိုင်ငံသားတွေအတွက် အခြေခံ ကျန်းမာရေး ၀န်ဆောင်မှုတွေကိုတော့ အမြဲ ငြင်းပယ်နေတဲ့ ကြားကပါ။ မကြာသေးခင်က စစ်အစိုးရဟာ ရန်ကုန်ကနေ မြို့တော်ကို အလှမ်းဝေးလှတဲ့ တောနားတောင်နား မြို့ငယ်တခု ဖြစ်တဲ့ နေပြည်တော်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ သမ္မတ ဘုရှ်ဟာ ပရပ်ဂ်မြို့မှာ လောလောလတ်လတ် ကျင်းပခဲ့တဲ့ ညီလာခံတခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို `ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့´ တောင်းဆိုထားပါတယ်။ မြန်မာပြည်မှာရှိတဲ့ ကျမတို့ သံရုံးတာဝန်ခံ ရှာရီ ဗီလာရိုစာနဲ့ အရင်လက ကျမ တွေ့ခဲ့တုန်းက သူဟာ မြန်မာအတိုက်အခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တံခါးဖွင့်ထားတယ်လို့ ပြောတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ်နဲ့ ဒိုင်ယန်း ဖိန်းစတိန်းတို့ဟာ စစ်အစိုးရအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ထပ်အတည်ပြုမယ့် မြန်မာပြည် လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေး အက်ဥပဒေကို တင်သွင်းခဲ့ကြတယ်။ သမ္မတ ဘုရှ်ဟာ ဒီဥပဒေမူကြမ်းကို ဥပဒေအဖြစ် အတည်ပြုလက်မှတ်ထိုးဖို့ စောင့်နေပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလဲ နိုးနိုးကြားကြား ရှိလျက်ပါ။ မြန်မာစစ်အစိုးရဟာ နိုင်ငံအားလုံးရဲ့ လုံခြုံရေးကို တိုးမြှင့် ခြိမ်းခြောက် နေတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်အကြာ ဧပြီလတုန်းက စစ်ဗိုလ်ချုပ်တွေဟာ မြောက်ကိုရီးယားနဲ့ သံတမန် အဆက် အသွယ် ပြန်ထူထောင်ပြီး ရုရှားနဲ့လဲ နျူကလီးယား စက်ရုံတခု တည်ဆောက်ဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများအသင်းဝင် နိုင်ငံတွေဟာ စစ်အစိုးရကို ပြတ်ပြတ်သားသား ဝေဖန်သူတွေ ဖြစ်လာကြပါပြီ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အီဘရာဟင် ဂန်ဘာရီနဲ့ ကျမ ဒီနေ့ တွေ့ဖို့ ရှိတယ်။ စစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာအသိုင်းအ၀ိုင်း က ဘယ်လို ကိုင်တွယ်နိုင်မလဲဆိုတာ ဆွေးနွေးဖို့ပါ။ မလွတ်လပ်တဲ့ နိုင်ငံအားလုံးမှာလိုပဲ မြန်မာပြည်မှာလဲ ပြင်ပက ထောက်ခံအားပေးသံတွေဟာ နောက်ဆုံးတော့ အသံမဲ့သွားပါတယ်။ ပြီးခဲ့တဲ့ အပတ်က အိမ်ဖြူတော်မှာ (မြန်မာ)ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများကောင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးသွား ကိုယ်စားလှယ်တွေနဲ့ တွေ့တော့ သူတို့က ကျမကို ပြောတယ်၊ `အမေရိကန် ပြည်ထောင်စုက ပြောလိုက်တိုင်း ဒါဟာ ကျနော်တို့ကို မျှော်လင့်ချက် ပေးတယ်´တဲ့။ ဒီနေ့ဟာ မြန်မာပြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားနေသူတွေ ဖြစ်တဲ့ စုစုနွေး၊ ဖြူဖြူသင်း၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်တို့လို ရဲရင့်တဲ့ ဒီမိုကရက်တွေရဲ့ အမည်ကို ပြောပြဖို့ အခွင့်ကောင်း တခုပါ။ သူတို့ကို ထောက်ခံခြင်းနဲ့ ကျမတို့ဟာ ကမ္ဘာပေါ်မှာ သူရသတ္တိနဲ့ အဓိပ္ပာယ်တူ အမည်နာမတခု ဖြစ်တဲ့ `အောင်ဆန်းစုကြည်´ လာမယ့်နှစ် မွေးနေ့ကို လွတ်လပ်တဲ့ဘ၀နဲ့ ဆင်နွှဲနိုင်တဲ့ မိန်းမသားတဦး ဖြစ်ဖို့ရာ ကူညီနိုင်ပါတယ်။ (ဆောင်းပါးရှင် မစ္စက်ဘုရှ်သည် အမေရိကန် ပြည်ထောင်စု၏ သမ္မတကတော် ဖြစ်သည်။) (၁၉-၆-၂၀၀၇၊ ဝေါလ်စထရိဂျာနယ်မှ) ၂၀/၆ |
| |
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
||
|
Suggestions & Comments: webmaster@hittaing.org |
||