ပတ္တနိက္ကုဇ္ဇနကံ အောင်ပွဲ

 

အရှင်ခေမာစာရ (ပြည်ပရောက် ရဟန်းပျိုသမဂ္ဂ)

 

၂၀၀၇ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ပခုက္ကူမြို့မှာ ဗုဒ္ဓဘာသာ သံဃာတော်တွေ စီတန်းလှည့်လည်ပြီး၊ ပရိတ်ရွတ် မေတ္တာပို့ ဆန္ဒပြကြတော့ အာဏာရှင်စစ်အုပ်စု န.အ.ဖ လက်ပါးစေ စစ်သားတွေ၊ ကြံ့ဖွတ်တွေ၊ လူ စွမ်းအားရှင်တွေ၊ သံဃာ့ စွမ်းအားရှင်တွေက ထူးထူးဆန်းဆန်း ဖမ်းနည်းတွေနဲ့ အမေရိကတိုက်၊ အာဖရိကတိုက်တွေမှာ သုံးတဲ့ ရိုဒီယို တိရိစ္ဆာန်ဖမ်းနည်းတွေနဲ့ ကြိုးကွင်းပစ် ဖမ်းပြီးတော့ မိတဲ့ သံဃာ လမ်းဘေး လျှပ်စစ် ဓါတ်မီးတိုင်မှာ ချည်နှောင်၊ ရိုက်နှက်၊ ထိုးကြိတ်၊ သေနတ်ဒင်တွေ နဲ့ထု၊ လေးနှစ် သစ်သားဒုတ်တွေနဲ့ ရိုက်၊ ပြီးတော့ ဖမ်းမိတဲ့ သံဃာ ရဲစခန်း ခေါ်သွားပြီး အတင်းအကြပ် လူဝတ်လဲပစ် လိုက်တာကြောင့် ကြားရတဲ့ သိရတဲ့ သံဃာတွေ၊ ဗုဒ္ဓဘာသာဝင် ပြည်သူတွေ အင်မတန်မှ စိတ်ဆိုး မာန်ဆိုး ဖြစ်ခဲ့ကြရပြီး “ဒီလုပ်ရပ်နဲ့ ပါတ်သက်လို့ သံဃာတော်တွေ ကျေနပ်တဲ့အထိ ၀န်ချတောင်းပန်ရမယ် …….. မဟုတ်ယင်တော့ ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ် ” ဆိုပြီးဖြစ်လာတယ်။

ဒီပြဿနာဟာ သေးသေးလေးတော့ မဟုတ်ဘူး အခြားနယ်မြို့တွေ၊ မြို့ကြီးတွေကိုလည်း သံဃာ့ ဆန္ဒပြမှုတွေဟာ ကူးစက်လာ တယ်။ နောက်ဆုံး သတ်မှတ်ထားတဲ့ အချိန်ကတော့ စက်တင်ဘာလ (၁၇) ရက်နေ့ဟာ ၁၉၈၈ ခုနှစ်တုန်းက ရှစ်လေးလုံး အရေးတော်ပုံမှာ စစ်တပ်က အာဏာသိမ်းပိုက်ခဲ့တဲ့နေ့မှာမို့ ပိုပြီး လူထုထောက်ခံမှု ရနိုင်တယ်လို့ သံဃာတွေက တွက်ထားခဲ့ကြတာပါ… စက်တင်ဘာ ၁၇ရက် နီးကပ်လာတာနဲ့အမျှ သံဃာတွေရဲ့ စိတ်လှုပ်ရှားမှုတွေဟာ ပိုမို ပြင်းထန်လာ တာကတော့ အမှန်ပါပဲ…..။ တချို့ ကျောင်းတိုက်တွေမှာဆိုယင် သံဃာတော်တွေ ညတောင် မကျိန်းကြတော့ဘူး၊ ဒီကနေ့ ဘာဖြစ်လာမလဲ၊ ဘာသတင်းတွေ ထပ်ထူးသလဲ၊ သပိတ် ကံဆောင်နေကြပြီလား…… ဆိုပြီး ဖုန်းတွေ ဆက်ကြ၊ အင်တာနက်တွေ ဖွင့်ကြ၊ အီး မေးလ်တွေ ဖတ်ကြနဲ့ အတော်ကလေး အလုပ်ရှုပ်နေတာတွေ တွေ့ရတယ်။

စက်တင်ဘာလ (၁၇) ရက်နေ့ ၁၂နာရီ အထိတော့ သပိတ်ကံဆောင်မှုတွေ ထူးခြားလာတာ မတွေ့ရဘူး…….ခေါင်းမာတဲ့ အာဏာရှင် န.အ.ဖ တွေကလည်း တောင်းပန်ဖို့တော့ ……. ဝေလာဝေး … စစ်တွေမှာ ဆန္ဒပြခဲ့တဲက သံဃာနှစ်ပါးတောင် ရန်ကုန် ကို ဖမ်းဆီးခေါ်ဆောင်လာတာကို တွေ့ရသေးတယ်…..။

ဒါပေမဲ့ ၁၈ရက်မှာတော့ သံဃာတွေရဲ့ စိုးရိမ်စိတ် မရှိကြတော့ဘူး… တမြို့ပြီးတမြို့၊ တနယ်ပြီး တနယ် သပိတ်ကံဆောင်မှုတွေ ဆန္ဒပြထောက်ခံပွဲတွေ ဆက်တိုက် ဆိုသလို လှုပ်ရှားလာကြတာတွေ့ရတယ်။ ထူးထူးခြားခြား ပြည်ပရောက် သံဃာတော်များ ကလည်း နိုင်ငံ အတော်များများမှာ သပိတ်ကံဆောင်ခဲ့ကြတာတွေ့ရတယ်၊ ဒီကနေ့ သပိတ်ကံဆောင်မှုဟာ ပတ္တနိက္ကုဇ္ဇန ကံဆောင်မှု သမိုင်းမှာ အကြီးကျယ်ဆုံး ဖြစ်ခဲ့တယ်။

၁၉၉၀ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ သပိတ်ကံဆောင်မှုဟာ ဒုတိယနေရာရောက်သွားတယ်။ ၁၉၉၀ ခု သပိတ်ကံဆောင်မှု သပိတ် မှောက်ခြင်းဟာ သံဃာ နှစ်သောင်း ကျော်ကနေပြီးတော့ မန္တလေးမှာ စတင် မှောက်ခဲ့တာပါ။ ပြီးတော့မှ တနိုင်ငံလုံးကို ကျယ်ပြန့် သွားခဲ့ပေမယ့်လို့ ပြည်ပနိုင်ငံတွေမှာ ကံဆောင်မှုတွေ ထင်ထင်ရှားရှား မတွေ့ရဘူး၊ အသံလွှင့်ဌာနတွေက ထုတ်လွှင့်မှုတွေကလည်း အခုလို ဟိုးလေးတကျော် မဟုတ်ဘူး… အဲဒီတုန်းက သတင်းထုတ်လုပ်မှုတွေဟာ န.အ.ဖ (န.၀.တ) ထိမ်းချုပ်မှုအောက်မှာရှိနေတဲ့ ဆက်သွယ်ရေး ကိရိယာတွေကို သုံးရလေတော့ တခါတခါ သတင်းတိကျ ပေမယ့် မမြန်ဆန်တဲ့ အတွက် စည်းရုံးရတဲ့ နေရာတွေမှာ နှေးကွေးနေတာတွေကို တွေ့ရတယ်။ ပြီးတော့ လုံခြုံမှုလည်းမရှိဘူး။ အခု ၂၀၀၇ ခု စက်တင်ဘာလ သပိတ်မှောက် ကံဆောင်မှုမှာတော့ ကိုယ်ပိုင် ဆက်သွယ်ရေး ကိရိယာတွေ ခပ်များများ ဖြန့်ချထားနိုင်တဲ့ အတွက် ပိုပြီး မြန်တယ်၊ အောင်မြင်တယ်လို့ တွက်ရပါတယ်။

ဒီကနေ့ စက်တင်ဘာ သပိတ်ကံဆောင်မှုဟာ သံဃာတော်တွေ ကိုယ့်နည်းကိုယ်ဟန်နဲ့ ထွင်ပြီးတော့ အုပ်စိုးသူတွေ ကို မကျေနပ်လို့ ထလုပ်တာမျိုးတော့ မဟုတ်ဘူး၊ ဘုရား သက်တော်ထင်ရှားရှိစဉ် အခါ ကတည်းကစခဲ့တာပါ….။ ( ၎င်း သပိတ်မှောက် ကံဆောင်မှု အကြောင်းအသေးစိတ်ကို ဆဌမူ အင်္ဂတ္တရ နိကာယ (၃) စာ ၂၅၄ ပတ္တနိက္ကုဇ္ဇန သုတ္တ ၌ လည်းကောင်း၊ ၀ိနိယစူဠ၀ဂ္ဂ ပါဠိတော်စာပိုဒ်ရေ ၂၆၅ ၌ လည်ကောင်း လေ့လာသိရှိနိုင်ပါသည်။ )

ဗုဒ္ဓဘုရားရှင် ဝေသာလီပြည် မဟာဝန်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူစဉ်မှာပင် သံဃာတော်များရဲ့ ဆွမ်းကွမ်းကိစ္စ စီစဉ်ပေးတော်မူရတဲ့ အရှင် ဒဗ္ဗ မထေရ်မြတ်ကို မလိမ္မာ လူမိုက်တစုက မြှောက်ထိုး ပင့်ကော်လုပ်လို့ လဇ္ဇ၀ီ လူမျိုးနွယ် ၀ဍ္ဎ ဆိုတဲ့ပုဂ္ဂိုလ်က ပထမ ပါရာဇိကနဲ့ စွပ်စွဲမှု ဖြစ်ပွားရာက သပိတ်မှောက် ကံဆောင် ဖို့ထိုက်တဲ့ အချက် (၈) ချက်အနက် တချက်ချက် နဲ့ ငြိစွမ်းမယ် ဆိုလို့ရှိယင် သပိတ်မှောက်ခွင့်ကို ခွင့်ပြုတော်မူခဲ့တယ်လို့ တွေ့ရတယ်။ သာသနာနဲ့ သံဃာကို ဖျက်ဆီးလိုသူတို့ ဘေးမှ ကာကွယ်ခွင့် ပေးလိုက်တဲ့ အခွင့်အရေးတမျိုးလို့ ပြောလို့ရပါတယ်…..။

အချက် (၈) ချက် ဆိုတာကတော့...

(၁) သံဃာတွေကို လာဘ် လာဘ မရအောင် ဖန်တီးရင်……..

(၂) သံဃာတော်တွေကို အကျိုးမဲ့အောင် လုပ်ရင်……………..

(၃) သံဃာတော်တွေကို နေရာထိုင်ခင်း မရရှိအောင်လုပ်ရင်…

(၄) သံဃာတော်တွေကို မဟုတ်မတရား ကဲ့ရဲ့ပြောဆိုရင်……

(၅) သံဃာတော်တွေကို မညီမညွတ် ဖြစ်အောင် စိတ်ဝမ်းကွဲပြားအောင် လုပ်ရင်

(၆) မြတ်စွာ ဘုရားကို မရိုမသေလုပ် ရှုတ်ချပြောဆိုရင်……….

(၇) မြတ်စွာ ဘုရားရဲ့ တရားတော်ကို မရိုမသေလုပ် ရှုတ်ချပြောဆိုရင်

(၈) သံဃာတော်တွေကို မရိုမသေ ရှုတ်ချပြောဆိုရင်………….။

သပိတ်မှောက် ကံဆောင် ပတ္တနိက္ကုဇ္ဇနကံ ပြုလုပ်လို့ ရတယ်ဆိုတာ ခွင့်ပြုတော်မူခဲ့တယ်…..။

ဒီတော့ အာဏာရှင် စစ်အုပ်စုဟာ အချက် (၈)ချက် အနက် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ နဲ့ (၈) ဆိုတဲ့ အချက် ၆ချက်နဲ့ ပြည့်ပြည့်၀၀ကြီး ကိုက်ညီနေတာကို တွေ့ရတယ်…..၊ လမ်းဘေးလျှပ်စစ်မီးတိုင်တွေမှာ သံဃာတွေကို ချည်နှောင်ရိုက်နှက်တယ်၊ အတင်းအကြပ် လူဝတ်လဲပစ်တယ်၊ သီတင်းသုံးတဲ့ ကျောင်းတွေမှာ မနေနိုင်အောင်လုပ်တယ်၊ ဒါယကာ ဒါယိကာမတွေ အယုံအကြည်မဲ့သွားအောင် (လာဘ် မရအောင်) လုပ်တယ်၊ စသဖြင့် ဖြစ်လေတော့ သပိတ်မှောက်ကံဆောင်ဖို့ အဆင့်ထက် ကျော်လွန်နေပြီလို့ သံဃာတော်များက သတ်မှတ်တော်မူခဲ့ကြတယ်……။

ဒါကြောင့် မို့လို့ ……………“ နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ သူဏာတု မေဘန္တေ (အာဍ္ဎသော) သံဃော စဏ္ဍာ ရုဒ္ဓါ ရဘသာ အဒယာလုကာ ၀ိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇာနော ပခုက္ကူသံဃံ အမူလဇောန မဟာရဒါနဉ္စ ဒဏ္ဍဒါနဉ္စ အဒါသိ၊ ဇီဝိတိန္ဒြိယဉ္ဓ ကရောတိ၊ ယဒိ သံဃဿ ပတ္တကလ္လံ သံဃော စဏ္ဍာရုဒ္ဓါ ရဘသာ အဒယာလုကာ ၀ိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တံ နိက္ကု ဇ္ဇေယျ အသမ္ဘောဂံ သံဃေန ကရေယျ၊ ဇသာဥတ္တိ။

သုဏာတု မေ ဘန္တေ(အာဝုသော) သံဃော စဏ္ဍာရုဒ္ဓါ ရဘသာ အဒယာလုကာ ၀ိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇာနော ပခုက္ကူ သံဃံ အမူလကေန မဟာရ ဒါနဉ္စ ဒဏ္ဍဒါနဉ္စ အဒါသိ၊ ဇီဝိတိန္ဒြိယဉ္စ ကရောတိ။ သံဃော စဏ္ဍာရုဒ္ဓါ ရဘသာ အဒယာလုကာ ၀ိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တံ နိက္ကုဇ္ဖတိ အသမ္ဘောဂံ သံဃေန ကရောတိ။ ယဿာ .သ္ခတော ခမတိ စဏ္ဍာ ရုဒ္ဒါ ရဘသာ အဒယာလုကာ ၀ိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တဿ နိက္ကုဇ္ဖနာ အသမ္ဘောဂံ သံဃေန ကရဏံ သောတုဏှဿ ယဿ နက္ခမတိသော ဘာသေယျ။

နိက္ကုဇ္ဇိတော သံဃေန စဏ္ဍာ ရုဒ္ဓါ ရဘသာ အဒယာလုကာ ၀ိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တော အသမ္ဘောဂေါ သံဃေန။ ခမတိ သံဃဿ တသ္မာတုဏှီ ဇာမေတံ ဓါရယာမိ ” ဆိုပြီး ကမ္မ၀ါ အမိန့်စာ နဲ့ နေပြီးတော့ သပိတ်မှောက် ကံဆောင်ရတယ်……..။

ပထမမှာ “ နမောတဿ” ၃ကြိမ်ရွတ်ပြီးတော့ “ သုဏာတုမေ ” ကနေပြီး “ ဇသာ ဉ တ္တိ ” အထိပေါ့၊ တချို့ တကြိမ် တချို့ သုံးကြိမ်ရွတ်ဖတ်ကြတယ်………။ “ သုဏာတု မေ” ကနေပြီး “ သောဘာသေယျ ” ဆိုတဲ့ အလယ်ပိုဒ်နဲ့ “ နိက္ကုဇ္ဇိတော ” ကနေပြီး “ ဓါရယာမိ ” အထိ အဆုံးပိုဒ်ကို သုံးကြိမ်စီ အသီးသီး ရွတ် ဖတ်ရမှာ ဖြစ်တယ်……..။

ဒီ ကမ္မ၀ါရွတ်ဖတ်တာမှာ အခြား ကမ္မ၀ါတွေလို ပါပဲ၊ အသံ အနိမ့်အမြင့်၊ အပြင်း အပျော့၊ သိထိလ ဓနိတ ဌာန်ကရိုဏ်း “တုံး” သဘောတရားဆန်တဲ့ သံစဉ်တွေနဲ့ ရွတ်ရမှာဖြစ်တယ်…….စကားပြေတွေလို တပြေးတည်း ရွတ်ဖတ်လို့ မရဘူး……။ ဌာန်ကရိုဏ်း မှန်မှလဲပဲ စူးရှု အဓိပ္ပါယ်သက်ရောက် မှု ပိုပြီးရှိရမယ် မဟုတ်လား……..။

ကမ္မ၀ါရဲ့ ဆိုလိုချက်ကတော့ အင်မတန် စိတ်ဝင်စားစရာကောင်းတယ်၊ “ သံဃာတော် အရှင်မြတ်များ ဘုရား၊ နားဆင်တော်မူကြပါ ဘုရား….။ ရုပ်ရင်း ကြမ်တမ်း ယုတ်မာကောက်ကျစ် သနားကြင်နာမှုမဲ့ ညှင်းဆဲ သတ်ဖြတ်ပြီး အာဏာကို မတရား ရယူတဲ့ (သူခိုးကြီး) အာဏာရှင် စစ်အုပ်စု န.အ.ဖ တွေက ပခုက္ကူ သံဃာတွေကို အခြေအမြစ် မရှိတဲ့ အကြောင်းပြ စွပ်စွဲချက်တွေနဲ့ ရိုက်ပုတ် နှိပ်စက်နေ ပါပြီ၊ ဖမ်းဆီးချုပ်နှောင်နေပါပြီ၊ အသက်ကိုပင် အန္တရာယ်ပြု နေပါပြီ ဘုရား…..။ ဘုရား တပည့် တော်များ အနေနဲ့ အဲဒီရုပ်ရင်း ကြမ်းတမ်း ယုတ်မာကောက်ကျစ် သနားကြင်နာမှုမဲ့ ညှင်းဆဲ သတ်ဖြတ်သော အာဏာကို မတရားရယူထားသော (သူခိုးကြီး) အာဏာရှင်စစ်အုပ်စု (န.အ.ဖ) ကို ဘာသာရေးအရ ဆက်ဆံမှုတွေ မလုပ်ဘဲ သပိတ်မှောက်ကံဆောင်ကြောင်း အသိပေးလျှောက်ထားပါတယ် ဘုရား………။

ဒီ သပိတ်မှောက် ကံဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ပြောစရာ ဆိုစရာ ရှိပါက ပြောဆို နိုင်ပါတယ် …..ဘုရား။ ပြောမဲ့ဆိုမဲ့ မထေရ်များ မရှိဘဲ ဆိတ်ဆိတ်နေတော်မူကြမယ်ဆိုယင် ဘုရား တပည့်တော်များ သဘောတူတယ်လို့ သတ်မှတ်ပါတယ်…….ဘုရား” ဆိုတဲ့ အဓိပ္ပါယ်ပါပဲ………။

အဲဒီ သပိတ်ကံဆောင်မှုကို စာရေးသူ လေ့လာမိသလောက်ဆိုရင် ဘုရားရှင် လက်ထက်က တကြိမ်၊ သီရိလင်္ကာ နိုင်ငံ( သီဟိုဠ်ကျွန်း) မှာ သီဟိုဠ်ဘုရင် ဒါဌောပတိဿမင်း ( အေဒီ ၆၅၀-၆၅၈ ) ကိုတကြိမ်၊ ပုဂံခေတ်မှာ တကြိမ်၊ အင်းဝခေတ်မှာ တကြိမ်၊ ၁၉၉၀ ခုနှစ် အာဏာရှင် စစ်အုပ်စု န.၀.တ ခေတ်မှာ တကြိမ် နဲ့ ဒီကနေ့ စက်တင်ဘာလ (၁၈) ရက် အာဏာရှင်စစ်အုပ်စု န.အ.ဖ ကို တကြိမ် အားလုံး (၇) ကြိမ် ရှိသွားပြီ ဖြစ်တယ်။

ဒီကနေက ကံဆောင်မှု ကတော့ ထေရ၀ါဒ မဟာယာန ဗုဒ္ဓဘာသာ သမိုင်းမှာ အကျယ်ပြန့်ဆုံး အကြီးကျယ်ဆုံး ဆိုပြီး မှတ်တမ်းပြုရမှာဖြစ်တယ်၊ ယနေ့ခေတ်ဟာ “ ဂလိုဘယ်လိုက်ဇေးရှင်းခေတ် ” ဆိုတော့ တနိုင်ငံလုံး ကမ္မ၀ါ သံ၊ သာဓုခေါ်သံ သောသောညံ နေသလို တကမ္ဘာလုံးမှာလည်း ညံနေတာကို တွေ့ရတယ်…၊ အခြားသော စင်္ကြာဝဠာ ဂြိုလ် ကမ္ဘာတွေမှာလည်း တကယ်လို့များ ဗုဒ္ဓဘာသာ သံဃာတွေ ဗုဒ္ဓဘာသာဝင်ပြည်သူတွေ ရှိခဲ့မယ်ဆိုရင် ကမ္မ၀ါ ရွတ်ဖတ်သံတွေ စင်္ကြာဝဠာ ဆခုလုံး ပွက်လောညံ နေမယ်လို့ ယူဆရင် မှားပါ့မလား…….။ အဲဒါမမှားနိုင်ဘူး…… သပိတ်မှောက် ကံဆောင်မှုနဲ့ ပတ်သက်လို့ မဟာယာန သာသနာထွန်းကားတဲ့ နိုင်ငံတွေကလည်း “သိချင်တယ်” ဆိုလို့ စာရေးသူ အသေးစိတ် ဖြစ်ကြောင်း ကုန်စင် ထဲထဲဝင်ဝင် အကြောင်းကြားလိုက်ရသေးတယ်…….။

ဓမ္မ နဲ့ အဓမ္မ အားပြိုင်ပွဲမှာ ဓမ္မက ရှုံးခဲ့တယ် ဆိုတာမရှိပါဘူး…..၊ “ငါ့မှာ လက်နက်ရှိတယ်၊ အာဏာ ရှိတယ်” ဆိုပြီး လုပ်တိုင်းဖြစ်လာမှာ မဟုတ်ပါဘူး……၊ မကြောက်သမျှ ရှုံးမှာ မဟုတ်ပါဘူး….၊ ကဲ…. ဒီကနေ့ ဘာတတ်နိုင်လဲ ဆိုရင် ဘယ်သူတွေ ဘာပြောမလဲ…..၊ မာနထားတဲ့ သဘော မဟုတ်ဘူး……၊ ဓမ္မရဲ့ အောင်ပွဲကို ကြည့်ပြီး ကြည်နူးမိတာပါ။

၂၂-၉

x x x

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org