ကြုံတွေ့ခဲ့ရသော ပြည်တွင်းလှုပ်ရှားမှု အတွေ့အကြုံများ

အရှင် ခေမာစာရ ( ရဟန်းပျို သမဂ္ဂ)

ဟစ်တိုင်က ပြည်တွင်းလှုပ်ရှားမှု နောက်ခံ ဆောင်းပါးရေးပေးဖို့ မေတ္တာရပ်ခံ လျှောက်ထားချက်အရ ဒီဆောင်းပါးကို ရေးဖြစ်သွား တာပါ။ ၂၀၀၇ ခု သြဂုတ်လအတွင်း ဓါတ်ဆီဈေး တိုးမြှင့်ရာက ပေါ်ပေါက်လာနေတဲ့ ပြည်တွင်းလှုပ်ရှားမှု ဂယက်ကြောင့်လည်း ပြည်တွင်း လှုပ်ရှားမှုဟာပိုပြီးတော့ အရေးပါလာသလိုရှိတယ်။

ဟုတ်ပါတယ်။ "တကယ်ပဲ ပြည်တွင်းလှုပ်ရှားမှုဟာ အပြောင်းအလဲတခုကို အမှန်တကယ်ပေးနိုင်တယ်" ဆိုပြီး ယုံကြည်သူတွေ များနေတာကတော့ အမှန်ပါပဲ။ ဟစ်တိုင်က ညကြီးမင်းကြီးထဲမှာ ဖုန်းဆက်ပြီး လျှောက်တော့ လွယ်လွယ် ရေးပေးမယ် ဆိုပြီး ပြောခဲ့ ပေမယ့်လို့ တမြန်နေ့ကမှ ပြည်တွင်းလှုပ်ရှားမှုကို ပံ့ပိုးပေးတဲ့အနေနဲ့ ၀ါရှင်တန် ဒီစီမှာ ဆန္ဒပြပြီး ပြန်လာတော့ နည်းနည်းလေး အပူတက် အဖျားဝင်နေတာနဲ့ တိုးနေလို့ ဆောင်းပါးက ကြာသွားတာ ဖြစ်တယ်။ ဗ.က.သ ကျောင်းသား ကိုအောင်ကျော်မြင့်ကတော့ ဘယ်လိုနေမှန်းတောင် မသိဘူး၊ သူက အသွားရော အလာရော ဆက်တိုက်ဆိုသလို ကိုယ်တိုင် ကားမောင်းခဲ့ရလေတော့ ပိုပြီး ပင်ပန်းမယ် ထင်တယ်။ ပြီးတော့ ဆန္ဒပြပွဲမှာ နေခင်း နေပူထဲမှာဆိုတော့ ထိတာပေါ့။ အရွယ်က နည်နည်းစကား ပြောလာပြီ မဟုတ်လား။ နည်းနည်းဆိုရင် ငှက်ဖျား မလေးရီးယား ဒဏ်ရာဒဏ်ချက်တွေက အစိုပြန်လာတယ်။ ဒါကြောင့်ပါ။

စာရေးတာ ၀ါသနာလည်းရှိတယ်။ ရေးပေးချင်တယ်၊ ရေးလည်း ရေးရမယ်…..ဒါပေမယ့် စာမရေးတာ (၃)နှစ်လောက် ရှိနေပြီ။ ကြိုကြားကြိုကြား ရေးတာမှအပ အရင့်အရင်ကလို ဆက်တိုက် ပင်တိုင်တွေ မရေးတော့ဘူး။ တောင်းတော့မှ ပြောတော့မှ ၀င် ရေးတာလောက်ပဲ လုပ်တော့တယ်။ ဒါကတော့ ဒီလိုပါ။ အင်္ဂလိပ်စာ ပြန်လေ့လာနေရလို့ အချိန်မပေးနိုင်လို့ ဖြစ်တယ်။ "ပြည်တွင်း လှုပ်ရှားမှု အတွေ့အကြုံ နောက်ခံတွေနဲ့ လိုချင်ပါတယ် ဘုရား" ဆိုတာမို့လို့ ပိုပြီး စာပေဈာန်တွေ ၀င်လာသလား မသိဘူး၊ ဒါကြောင့် ဘာမှ မစဉ်းစားတော့ဘဲနဲ့ ရေးပေးမယ်လို့ အာမ ခပ်လွယ်လွယ် ပေးမိသွားတာ ဖြစ်တယ်။

စာရေးသူ အမေရိကန်ကို ဇန္န၀ါရီလလောက်က ကိစ္စတခုနဲ့ မထွက်ခွာမီလေးမှာ မန္တလေးက ရဟန်းပျိုတပါးနဲ့ ပြည်တွင်းကိစ္စ ဆွေးနွေးခဲ့ရသလို မရှေးမနှောင်းလေးမှာလဲ ရန်ကုန်မှ လုပ်ဖေါ်ကိုင်ဖက်လည်းဖြစ် ရှစ်လေးလုံးမှာလည်း အတူတကွ တွဲဖူးခဲ့တဲ့ အရှင်တပါးနဲ့လည်း ဆွေးနွေးဖြစ်ခဲ့တယ်။ နှစ်ပါးစလုံးက ၁၉၈၈ခုနှစ် ရှစ်လေးလုံး လှုပ်ရှားမှု ဖြတ်သန်းမှုတွေ ရှိကြတယ်။ ပြီးတော့ ထောင်ထဲမှာလဲ သီတင်း သုံးဖူးကြတယ်။ တောတွင်း အတွေအကြုံ တခုပဲ မရှိကြတာပါ။

အဲဒီ အရှင်တွေနဲ့ ပြည်တွင်း ကိစ္စဆွေးနွေးရင်းနဲ့ စာရေးသူက ကောက်ကာငင်ကာ "အရှင်ဘုရားရေ ကြခတ်ဝိုင်းမှာ စာသင်ဖူးတဲ့ ပုဂ္ဂိုလ်၊ ထောင်ထဲမှာ နေဖူးတဲ့ ပုဂ္ဂိုလ်၊ တောခိုဖူးတဲ့ ပုဂ္ဂိုလ်၊ အဲဒီ ပုဂ္ဂိုလ်တွေဟာ ဘာပဲစားစား စားလို့ရပြီ" ဆိုတော့ ထိုအရှင်က နှစ်နှစ်ခြိုက်ခြိုက် ရယ်မောနေပါတယ်။ ဒီသုံးနေရာက အင်မတန် ငတ်တဲ့နေရာတွေပဲ မဟုတ်ပါလား။ ကြခတ်ဝိုင်းဆိုတာကလဲ သံဃာ များတော့ ငတ်တယ်။ ထောင်ဆိုတာလည်း မငတ်ပဲနေပါ့မလား ငတ်တယ်။ တောခိုတဲ့ သံဃာဆိုတာလည်း ဟုတ်လား။ ငတ်သလား မမေးနဲ့။ "မျှစ် စထွက်တဲ့နေ့ဟာ ဒီမိုကရေစီ ရတဲ့နေ့ပဲ" ဆိုပြီး ပြောစမှတ်တောင် ရှိတယ်……၊ စာရေးသူက ထောင်ထဲမှာ မနေဖူးခဲ့ပေမယ့်လို့ ကြခတ်ဝိုင်းမှာ (၃) နှစ်၊ တောထဲမှာ (၁၈)နှစ်၊ (၁၉)နှစ် နေခဲ့ဖူးတယ်။

၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း စစ်တပ်က ထပ်မံ အာဏာသိမ်းလိုက်ပြီး နောက် (၁)လခွဲ အကြာ ရန်ကုန်မြို့ မှနေပြီး တောထဲ ရောက်သွားခဲ့တယ်၊ တောထဲ မထွက်လို့လည်း မရတော့ဘူး၊ အာဏာရှင်တွေက ဘယ်လောက်ထိ အလိုရှိနေပြီ ဆိုတာ သိတယ်…….။ အာဏာ မသိမ်းမီလေးမှာ (၄ရက် အလိုတွင်) စစ်ဖက်ထိပ်တန်း အရာရှိတဦး နောက်လိုက် (၂) ယောက်နဲ့ ရောက်လာပြီးတော့ "အရှင်ဘုရား တပည့်တော်ကို လိုအပ်တဲ့ နေရာမှာ သုံးပါဘုရား၊ တပည့်တော်ရဲ့ အသက်ဟာ အရှင်ဘုရား လက်ထဲမှာ ရှိပါတယ်ဘုရား" ဆိုပြီး လျှောက်တယ်၊ အိမ်လိပ်စာ ဖုန်းနံပါတ်တွေလဲ ပေးသွားတယ်၊ စာရေးသူက "ကောင်းတယ် တကာတော် ဒီအချိန်မှာ အရမ်းလိုအပ်နေပြီ၊ အများအတွက် နိုင်ငံအတွက် မဟုတ်လား" ဆိုပြီး ပြန်ပြောလိုက်တယ်။ အဲတော့ကာ ပေါ့ပေါ့မဟုတ်တော့ဘူး၊ အင်မတန် ၀န်လေးတဲ့ တာဝန်ကြီးတရပ်ဖြစ်သွားပြီ။

အဲဒီတုန်းက ကြည်နူးစရာ အတိတ်တွေက နိုဘယ်(လ်) ငြိမ်းချမ်းရေးဆုရှင် ဖြစ်လာမယ့် တကာမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာခဏ တွေ့ဖြစ်တာတွေ ဆွေးနွေးဖြစ်တာတွေ။ "(SCS)" အရေးတော်ပုံကြီးကြပ်ရေးကော်မတီမှာ၊ "ရဟန်းပျို သမဂ္ဂ"မှာ ပါခဲ့ရတာတွေ...။

ဒါနဲ့ဆက်စပ်လို့ ၂၀၀၇ ခုနှစ် ဇန္န၀ါရီလ အတွင်းက မလေးရှားမှ ဖုန်းနံပါတ် တခုဝင်လာတယ်…….။ "အရှင်ဘုရား ဘယ်သူ မဟုတ် ဘူးလား၊ တပည့်တော် ဘယ်သူပါဘုရား၊ အရှင်ဘုရား မှတ်မိပါ့မလား (၁၈) နှစ်လောက်တော့ရှိသွားပြီလေ။ အရှင်ဘုရားရေ အရှင် ဘုရား သိပ်ကံကောင်းတယ်။ အရှင်ဘုရားထွက်သွားတော့ ဟိုကောင်တွေ(စစ်ထောက်လှမ်းရေး) ရောက်လာတယ်။ အရှင်ဘုရားက ညနေ (၅)နာရီမှာထွက်သွားတယ်။ အဲ…သူတို့က ည (၈)နာရီမှာ ရောက်လာတယ်၊ (၃)နာရီပဲ ကွာတယ်။ အရှင်ဘုရားရေ။ တပည့်တော်တို့က မသိဘူး၊ မရှိဘူး၊ မလာဘူးဆိုပြီး ဘူးရတော့တာပေါ့၊ သူတို့က အရမ်း အရှင်ဘုရားကို လိုက်ရှာနေကြတာ၊ သူတို့ မကျေနပ်သေးဘူး နောက်တနေ့(၃)နာရီလောက်မှာ အရှင်ဘုရားရဲ့ ဆွေမျိုးပါဆိုပြီး လာမေးမြန်းနေသေး တယ်၊ အရှင်ဘုရား သိပ်ကံကောင်းတယ်နော် ဆိုပြီး ပြောပြလေရဲ့။

ဤအရှင်ပြောတော့မှ " အို…..ငါ့ကို အဲဒီကတည်းက ထောက်လှမ်းရေးတွေ လိုက်ရှာနေပြီကော " ဆိုပြီး သိလိုက်ရတော့ အခုမှ ထပ်ပြီး သက်ပြင်း တသသ ချမိလေရဲ့။ မှန်ပါတယ် ဒီ အရှင်ဘုရားကျောင်းမှာ ခေတ္တ လှို့ဝှက်သွားရောက်ပြီး ရှောင်တိမ်းခိုလှုံ နေခဲ့ရတယ်မဟုတ်လား။ အဲဒီ အရှင်ကပင် "အရှင်ဘုရား အခြေအနေ မကောင်းတော့ဘူးထင်တယ် ရှောင်မှရတော့မယ်" ဆိုပြီး သတိပေးပြောတဲ့ အချိန်မှာ စာရေးသူက မော်လမြိုင်ရထား လက်မှတ် (၁၆) စောင် ၀ယ်ယူထားပြီးပြီ၊ တောထဲကို ထွက်ကြတော့ မယ်ပေါ့။ မထွက်လို့လည်း မဖြစ်တော့ဘူးမဟုတ်လား…..၊ ထို အရှင် ပြောသလို အင်မတန် ကံကောင်းခဲ့တာပါ။ မာနယ်ပလောကို ရောက်တော့ မြန်မာ့အသံ ရေဒီယိုက နေ့လည် (၁)နာရီ ကြေညာချက်မှာ "စာရေးသူနဲ့ ဆေးတက္ကသိုလ် ကျောင်းသား ကိုဇော်ထွန်းတို့ တောခို သွားကြောင်းကြားလိုက်ရတယ်။ ဗ.က.ပ ယူဂျီတွေ ဆိုပြီး စွပ်စွဲ ပြောဆိုသွားသေးတယ်။

အဲဒီတုန်းက စာရေးသူအနေနဲ့ ကိုယ်လုပ်ဖော်ကိုင်ဖက်တွေ အပေါ်သစ္စာ မဖောက်ချင်ဘူး။ ကိုယ်ကြောင့် ဘယ်သူမှ ဒုက္ခမရောက် စေချင်ဘူး။ ဒါ တော်လှန်ရေး စေတနာတွေပါ၊ ဒါကြောင့် တောထဲထွက်ခဲ့ရတာပါ။ ထောင်ထဲမှာ သေမယ်၊ ကျေမယ်၊ ထောင်ဒဏ် နှစ်ရှည် စီရင်ခံရမယ်။ ပြည်ပရောက်သွားတော့ လုပ်နိုင်တာတွေ အများကြီးပါပဲ။ လုပ်လည်းလုပ်ခဲ့ပြီးပြီ။ ပြည်တွင်းပြည်ပ တောတွင်း အားလုံး တောက်လျှောက် လုပ်နိုင်ခဲ့တယ်။ ကိုယ့်ကိုကိုယ် လုပ်နိုင်တယ်လို့ ယုံကြည်တယ်။ ကျေနပ်တယ်၊ အချိန်တွေ မဆုံးရှုံးသွားဘူး၊ လူမဆုံးရှုံးဘူး။

ပြည်တွင်းလှုပ်ရှားမှု လုပ်ရတာ ထိရောက်မှုရှိတယ်။ ရှစ်လေးလုံးနေ့မှာ ချီတက်တာမှာ ကိုယ်တိုင် ပါဝင်ခဲ့တော့ ပြည်တွင်းလှုပ်ရှားမှု ရဲ့ အခန်းကဏ္ဍနဲ့ ပါတ်သက်လို့ ကောင်းကောင်းသိခွင့်ရခဲ့တယ်…….၊ ပြည်တွင်းမှာ အခုလို လှုပ်ရှားမှုတွေ ဖြစ်လာနေပြီ ဆိုတော့ ရှစ်လေးလုံးနေ့ကလို ကိုယ်တိုင်ကိုယ်ကျ ပါဝင် လှုပ်ရှားချင်လိုက်တာ " ဟေ့ ….ဘာလုပ် ဘာလုပ်ပေါ့" ပြောပြချင်နေလိုက်တာ။ ဆရာကြီး လုပ်ချင်နေလိုက်တာ၊ ရှစ်လေးလုံးနေ့တွေတုန်းက စာရေးသူ အသက်ငယ်သေးတယ် မဟုတ်လား…….၊ ပင်ပန်းရမှန်း မသိဘူး….၊ စာရေးသူ နေထိုင်တဲ့ နယ်မြေထဲ ရှစ်လေးလုံး လူထုကြီးဝင်လာတော့ စောင့်ဆိုင်းနေကြတဲ့ စာရေးသူတို့ အင်အား ၂၀၀ ကျော်ကျော်ဟာ အရမ်းပျော်သွားခဲ့တယ်။ ဒါပေမယ့် အင်အားက ထင်သလောက် မရှိသေးဘူး၊ အင်အား ၃၅၀၀ မှ ၅၀၀၀ ပတ်ဝန်းကျင်လောက်ပဲ မြင်မိတယ်။ ဒါဟာ အရေးတော်ပုံ တခုမှာ မပြောပလောက်ဘူး ဒီအင်အားနဲ့ ချီတက်မယ်ဆိုယင် သေနတ်သံကြားတာနဲ့ လူစုကွဲသွားနိုင်တယ်။ ကစဥ့်ကလျား ပြေးကြလွှားကြနဲ့ တပ်ပျက်သွားနိုင်တယ်။ စာရေးသူက အခြားသံဃာတွေကို ပြောပြတယ်။ လမ်းဘေးက ကြည့်နေတဲ့ အားပေးနေတဲ့သံဃာပဲ ဖြစ်ဖြစ် လူပဲဖြစ်ဖြစ် မခံချင်အောင်ပြော၊ စိတ်ကြွလာအောင်ပြောဟော ဆိုပြီး အော်ပြောလိုက်တယ်။ ဘယ်သူဘယ်ဝါ မသိရလေအောင် ပလပ်စတစ် ကျွတ်ကျွတ်အိတ်ကို မျက်လုံးနှစ်စုံလောက် ဖေါက်ပြီ်း ခေါင်းမှာ စွပ်ထားလိုက်တယ်။

ချီတက်ရာ လမ်းဘေးမှာ မြို့နယ်သံဃာ့ နာယက ဥက္ကဌ ဆရာတော်တပါး လာရောက်အားပေးနေတာ တွေ့တော့ ချဉ်းကပ်သွားပြီး "ဆရာတော်ဘုရား ဆရာတော် ဆောင်းထားတဲ့ ထီးကို ဘုရားတပည့်တော်ကို စွန့်ပါဘုရား" လျှောက်ထားလိုက်တော့ ဆရာတော်က ဘာမှမပြောဘူး ပြုံးတော်မူပြီး "ရော့….ရော့ …ရပါတယ်…ရပါတယ်" ဆိုပြီးတော့ ဆောင်းထားတဲ့ ထီးကိုစွန့်ကြဲ လိုက်တယ်……၊ အဲဒီတုန်းက မိုးက မသဲပေမယ့်လို့ ဖွေးဖွေးကလေးတော့ ရွာနေတယ် မဟုတ်လား။

အခြားသံဃာတွေကိုလည်း "ကြွပါဘုရား…အားပေးပါဘုရား" ဆိုတော့ တော်တော်များများ လမ်းမပေါ်ကို ရောက်လာကြတယ်။ အားပေးနေတဲ့ သံဃာကို စည်းရုံးလို့ ရသွားသလို လမ်းဘေးက ကြည့်ရှုအားပေးနေတဲ့ပြည်သူတွေကို ဆက်ပြီး စည်းရုံးရတယ်၊ လူကိုကျတော့ တမျိုးပေါ့ "ဟေ့….ခင်ဗျားတို့ပဲ ဒီအာဏာရှင်တွေကို မကျေနပ်ဘူး မဟုတ်လား။ ကုန်ဈေးနှုန်းတွေကို ငြီးနေနေတာ ခင်ဗျားတို့ပဲ မဟုတ်လား၊ ဘာကို ကြောက်နေတာလဲ မကြောက်နဲ့ ပူးပေါင်းပါ။ ပူးပေါင်းကြပါ" ဆိုတော့ လူတွေလဲ လမ်းမပေါ်ကို ရောက်လာကြတယ်။ ကြွေးကြော်သံတွေလဲ ပိုပြီးအားကောင်းလာတယ်။ နိုင်ငံတော်သီချင်းတွေ၊ အမျိုးသားသီချင်းတွေကို လူတွေ သံပြိုင် သီဆို သံပြိုင်ကြွေးကြော်နေကြတော့ ဘာမှ အန္တရာယ် မရှိတော့ဘူး၊ ဘယ်သူမှလဲ ကြောက်စိတ်မရှိကြတော့ဘူး။ ကြောက် သွားရတာက အာဏာရှင်တွေ ဖြစ်တယ်၊ လမ်းမပေါ်မှာ ပိတ်ဆို့ထားတာတွေ စစ်သားတွေ ဖယ်ပေးလိုက်ရတယ်၊ ဘာဆို ဘာမှ အဆီးအတား မရှိတော့ဘူး။

"ပြည်တွင်း လှုပ်ရှားမှုမှာ အဓိက ကတော့ အင်အားရှိလာအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ လျှပ်တပြက် ဖန်တီးရတဲ့ နည်းဗျူဟာ ပြဿနာပဲ"။ အဲဒီတုန်းက လမ်းမပေါ်မှာ ချီတက်နေတဲ့ ပြည်သူတွေဟာ ထောင်ဂဏန်းကနေပြီးတော့ သိန်းဂဏန်းအထိ ဖြစ်သွားတယ်။ "ဤနေရာက ကျော်လျှင် ပစ်မည်" ဆိုတဲ့ စာတန်းတောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ မြေနီကုန်း၊ ဗဟန်း၊ ရွှေဂုံတိုင်ဖက်ကနေ တာမွေ လမ်းမကြီး အတိုင်း ချီတက်ပြီး ညနေ (၅)နာရီခန့်မှာ မြို့တော်ခန်းမ ရှေ့ရောက်ခဲ့ကြတယ်…..၊ ကဲ……မအောင်မြင်ဘူးလား……၊ အာဏာ မာန်ယစ်နေတဲ့ အာဏာရှင် မ.ဆ.လ တွေ ဘယ်နေမှန်းတောင် မသိဘူး။ စာရေးသူ အဲဒီနေ့က ညမှောင်စ (၇) နာရီကျော်ကျော်လေးမှာ ကြည့်မြင်တိုင်ဖက် ခြေလျှင်လျှောက်လာခဲ့တယ်။ သင်္ကန်းတွေလည်း စိုရွှဲနေပြီး ဖိနပ်လည်း မရှိတော့ဘူး။ ဒါပေမယ့် ခန္ဓာကိုယ်ဟာ ပေါ့ပါးလို့နေတယ်။ ဘာမှ ပင်ပန်းနေတဲ့ ပုံစံ မရှိဘူး၊ ည(၉)နာရီ ကျော်ကျော် လောက်မှာတော့ မြို့တော်ခန်းမ ဘက်မှ သေနတ်သံတွေ ကြားရတယ်…..အဲဒီနောက် ဘာဖြစ်မှန်း မသိတော့ဘူး။ ည (၉)နာရီခွဲ ကျော်ကျော်မှာ စာရေးသူ သီတင်းသုံးတဲ့ ကျောင်းတိုက်ကို ပြန်ရောက်သွားတယ်။

မှတ်မှတ်ရရ သြဂုတ်လ (၂၁) ရက်နေ့ နယ်မြေတွင်း လှုပ်ရှားမှုမှာ စစ်တပ်ရဲ့ အ၀ိုင်းခံခဲ့ရတယ်။ စာရေးသူ အဖမ်းတော့ မခံခဲ့ရဘူး၊ အဲဒီနေ့တုန်းက သံဃာ(၁၅)ပါးနဲ့ ကျောင်းတိုက် (၄၀) ခန့် ဖမ်းဆီးခံခဲ့ရတယ်၊ ဒါပေမဲ့ သွားတောင်းတော့ ပြန်လွှတ်ပေး လိုက်တယ်။ အဲဒီက တဆင့် မြို့ထဲကို ချီတက်လာကြတယ်…. ဆေးရုံကြီးဒေါင့် လေဟာပြင်ဈေးဒေါင့်မှာ အသင့်နေရာယူထားတဲ့ စစ်တပ်အုပ်စုနဲ့ ရင်ဆိုင်တိုးတယ်။ ပြည်တွင်း လှုပ်ရှားမှုမှာ စစ်တပ်နဲ့ ရင်ဆိုင်တွေ့ တဲ့ အခါ လူထုကို တည်ငြိမ်အောင် ထိမ်းနိုင်ဖို့ လိုတယ်။ လူထု ကြောက်တယ်လို့ မြင်သွားရင် တဘက်မှ ပိုပြီး ခြောက်လှန့်လာနိုင်တယ်၊ ဒါကလည်း ကြိုပြီးစဉ်းစားရမယ့် အချက်ပဲ၊ လူတွေက တော်တော်လေး အရှိန်ရနေပြီ၊ အင်အားကလည်း များလေတော့ စစ်တပ်ကလည်း မပစ်ရဲဘူး၊ ပစ်ရင်လည်း နှစ်ဖက်စလုံး နာမယ်၊ အာဏာရှင် တွေဟာ သူတို့ရဲ့ဘက်က အရှုံးပေါ်မယ့် အလုပ် ဘယ်တော့မှ မလုပ်ဘူး….၊ ရန်ကုန်မြို့ကို လုံခြုံရေးပေးနေတဲ့ ဗိုလ်မှူး လို့ဆိုတဲ့ ပုဂ္ဂိုလ်က သံဃာ၊ ကျောင်းသား၊ ပြည်သူ့ ကိုယ်စားလှယ် တဦးစီနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်လာတယ်၊ ဒါဟာ ပြည်တွင်းလှုပ်ရှားမှု အခွင့်အရေးတရပ်ပါပဲ။

သူတို့ကိုယ်နှိုက်က ဘာဖြစ်လို့ ဖြစ်နေမှန်း မသိဘူး။ အထက်က ၀ါဒဖြန့်ထားသလို ရန်ကုန်မြို့ကို သူပုန်တွေ စီးနင်းထားတာ မဟုတ်ဘူးဆိုတာ သိသွားတယ်။ ဒီတော့ ပစ်မယ် ခတ်မယ် လုပ်နေတဲ့ အသင့်ချိန်ရွယ်ထားတဲ့ သူ့ရဲဘော်တွေကို နောက် ဆုတ်ခိုင်းလိုက်တယ်။ ပိတ်ခိုင်းထားတဲ့ လမ်းကိုလည်း ဖွင့်ပေးလိုက်တယ်။ ဆန္ဒပြနေတဲ့ လူထုကြီးက အရမ်းဝမ်းသာသွားပြီး "ဟေး….. ပြည်သူ့စစ်သား ဒို့စစ်သား" ဆိုပြီး ကြွေးကြော်နေကြတယ်၊ နိုင်ငံတော် သီချင်းကိုလည်း သံပြိုင် သီဆိုနေကြတယ်၊ အစောင့်ချထားတဲ့ စစ်သားတွေကလည်း စိတ်ကြွလာပြီး ပြည်သူတွေနဲ့အတူ နိုင်ငံတော် သီချင်း၊ အမျိုးသား သီချင်းတွေကို လိုက်ဆိုနေကြတယ်။ ဒီလို အောင်ပွဲမျိုးတွေကို ဘယ်သူမပျော်ပဲ နေနိုင်မှာလဲ။

ဒီလိုနဲ့ လှုပ်ရှားမှု အရှိန်အဟုန်တွေ မြှင့်သွားပါပြီ၊ သမဂ္ဂတွေ မှိုလိုပေါက်လာပါပြီ၊ သမဂ္ဂ စုစည်းမှုတွေလည်း ရှိလာပါပြီ၊ သမ္မတ တွေလည်း တယောက်ပြီး တယောက် ပြုတ်ကျကုန်ပါပြီ၊ လူထုလှုပ်ရှားမှု ပိုမြှင့်လာပြီး နိုင်ငံရေးအဆင့်ထိ ရောက်ရှိသွားတယ်။ ဟောပြောပွဲတို့ စီမီနာတို့ကလည်း ယခင်က စတိတ်ရှိုးပွဲတွေလို သွားမဆုံး လာမဆုံးပါဘူး၊ နယ်ဘက်တွေက သပိတ် ကိုယ်စားလှယ် တွေ ရောက်လာကြတယ် စီမီနာ တခုမှာဆိုရင် ကိုယ်စားလှယ် ၅၆၀ ခန့် ရှိနေတယ်၊ တနိုင်ငံလုံး ခြုံမိသွားတဲ့ သဘောပါပဲ၊ အဲဒီတုန်းက နိုင်ငံတော် အုပ်ချုပ်ရေးဟာ သံဃာနဲ့ ကျောင်းသား လက်ထဲ လုံးဝရောက်ရှိသွားပြီ လို့ဆိုရပါလိမ့်မယ်။

ဒီလိုဖြစ်လာတဲ့အခါ စည်းကမ်းရှိဖို့ ညီညွတ်ဖို့ အရမ်းလိုအပ်ပါတယ်….၊ အာဏာရှင်တွေဟာ ပြိုကျသွားတဲ့ အုပ်ချုပ်ရေး ယန္တရားကို ပြန်ပြီး နာလန်ထူလာအောင် ကြိုးစားနေရတယ်….၊ အောက်လမ်းနည်းတွေ သုံးလာတယ်။ ဥပမာ…..ဥက္ကလာ ခေါင်းဖြတ်ပွဲ၊ ဂိုဒေါင် နဲ့ စက်ရုံတွေကို လုယက်မှု ဖန်တီးတာတွေ လုပ်လာတယ်။ လူထုကြောက်လာအောင် စစ်တပ်ကို အားကိုးလာအောင် ဖန်တီးလာတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ တချို့တောင် ဗြောင်ကျကျ ပါလာပြီဆိုတော့ ပြည်တွင်းလှုပ်ရှားမှုရဲ့ အောင်မြင်မှုဟာ အတိုင်းတာမဲ့ ဖြစ်နေတယ်။ ဘယ်သမိုင်းမှာမှ ဒီလိုအောင်မြင်မှု မရှိခဲ့ဘူး။

ဒီလိုအောင်မြင်မှုတွေကို ထိမ်းသိမ်းဖို့ ဦးဆောင်မှု အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးကြောင်း စာရေးသူ သိခွင့်ရခဲ့တယ်။ ဦးဆောင်မှုမှာ နိုင်ငံရေးရှိဖို့လိုတယ်။ နိုင်ငံရေး မရှိဘူးဆိုရင် ဒီအောင်မြင်မှုဟာ အချည်းနှီး ဖြစ်သွားမယ်၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်တွင်းလှုပ်ရှားမှုဟာ နိုင်ငံရေး အားနည်းချက်ကြောင့် သဲထဲရေသွန် ဖြစ်ခဲ့ရတယ် ဆိုရင် ဘယ်သူငြင်းနိုင်မလဲ။ မငြင်းနိုင်ဘူး။၊ ရန်ကုန်မြို့ကြီးကို တလကျော်ကြာ သိမ်းထားနိုင်ခဲ့ပေမယ့်လို့ နိုင်ငံရေးအရ ရှေ့မတိုးနိုင်တဲ့အတွက် တဘက်ကပြန်ပြီး အနိုင်ရသွား တယ် ဆိုရင် မှားပါ့မလား။

အာဏာမသိမ်းမီ တွေ့ဆုံပွဲတခုမှာ "ကျုပ်တို့ ဘာဆက်လုပ်ရမလဲ ပြောကြပါ ပြောကြပါ အာဏာသိမ်းတော့မယ်" ဆိုတော့ အဲဒီတုန်းက "ဘာလုပ်" ဆိုပြီးပြောနိုင်တဲ့ နိုင်ငံရေးသမား ရှိခဲ့လို့လား လမ်းညွှန်မှုတွေ ယောင်ဝါးဝါး တွေ ဖြစ်နေတယ်၊ " အခြေအနေ အပေါ်မှာ သုံးသပ်ပြီး နိုင်ငံရေးမလုပ် နိုင်လို့ နိုင်ငံရေး မပြောနိုင်လို့ နိုင်ငံရေး ဆုံးရှုံးခဲ့ရတာ ဖြစ်တယ်" ဒါဟာ ပြည်တွင်းလှုပ်ရှားမှုမှာ သတိပြုရမယ့် အရေးကြီးတဲ့ "ပွိုင့်" ပဲ၊ အာဏာရှင် တွေဟာ ဗလုံးဗထွေး ဖြစ်အောင် ဥက္ကလာ ခေါင်းဖြတ်ပွဲ၊ ဂိုဒေါင် နဲ့ စက်ရုံတွေကို လုယက်မှု ဖန်တီးရာမှာ မအောင်မြင်ခဲ့သော်မင့် "ရွေးကောက်ပွဲ ကျင်းပပေးမယ်၊ ပါတီစုံ ထူထောင်ခွင့် ပြုမယ်၊ အဲဒီမှာ ဒီမိုကရေစီ ရလာမှာပါ" ဆိုတဲ့ နိုင်ငံရေး ထိုးစစ်မှာတော့ အောင်မြင်သွားတာ တွေ့ရတယ်။ လူထုက အဲဒီမှာ မျောပါသွားတယ်။ မာန်တွေကျသွားတယ်ပေါ့။ ခေါင်းဆောင်တွေ၊ နိုင်ငံရေးအရလည်း ခေါင်းကွဲသွားတာတွေ့ရတယ်၊ အာဏာရှင် တွေဟာ ပြင်ဆင်ဖို့ အချိန်ရသွားတယ်၊ ဒါဟာ လူထုရဲ့ ပြည်တွင်းလှုပ်ရှားမှု ရလဒ် ဆုံးရှုံးခဲ့ရတာပါပဲ။ ပြည်တွင်း လှုပ်ရှားမှုနဲ့ ပါတ်သက်လို့ အင်မတန်ကြီးမားတဲ့ သင်ခန်းစာကြီး တခု ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။

ပြည်တွင်းလှုပ်ရှားမှု ဘယ်လို လုပ်ကြမလဲ……အောင်မြင်မှုကို ဘယ်လိုထိမ်းသိမ်းကြမလဲ ဆိုတာ "ပြည်တွင်းလှုပ်ရှားမှုမှ တဆင့် အောင်ပွဲသို့" ဆိုပြီး မျှော်လင့်နေသူတွေ အားလုံး ကြိုတင် စဉ်စားထားကြဖို့ လိုအပ်ပါကြောင်း သတိပေးလိုတာပါ။

စာရေးသူကတော့ ၁၉၉၅ ခု လောက်မှပဲ ပြန်ပြီး ပြည်တွင်း လှုပ်ရှားမှုကို အာရုံစိုက် လာခဲ့တယ်၊ ၁၉၉၇ခုနှစ် လှုပ်ရှားမှုမှာ တိုက်ရိုက် ပါတ်သက်ခဲ့ပြီး၊ ၂၀၀၀ ပြည့် လှုပ်ရှားမှုမှာ ကိုယ်တိုင် စီမံချက်နဲ့ နည်းဗျူဟာကို ဖန်တီးခဲ့တယ် ….အောင်မြင်သင့် သလောက် အောင်မြင်ခဲ့တယ်၊ ဒါပေမဲ့ ပြီးပြတ်တဲ့ အဆင့်ထိ မရောက်လာဘူး ….. ၂၀၀၃ ခုမှာ အမေရိကန်တို့ ဖိတ်ကြားချက်အရ အခွင့်ရေး တခုရခဲ့ပြီး၊ ၂၀၀၆ စီမံချက်ကို ရေးဆွဲခဲ့တယ်၊ ငါတို့ရဲ့ နောက်ဆုံး ကြိုးပမ်းချက် ဖြစ်ရမယ် ဆိုပြီး ကြွေးကြော်ပြီး လုပ်ခဲ့ပေမယ့်လို့ ကြေကွဲစရာ ကောင်းတဲ့ သင်ခန်းစာတွေ ရခဲ့တယ်၊ ၂၀၀၆ ခု ပြည်တွင်း လှုပ်ရှားမှု စီမံချက်ဟာ အင်မတန်ကျယ်ပြန့်တယ် ပြည်တွင်း လှုပ်ရှားမှုရဲ့ ယခင်က အားနည်းချက် မှန်သမျှကို ပြင်ဆင်နိုင်ခဲ့တယ်၊ နယ်ပယ်အရလည်း ကျယ်ပြန့်တယ်…..၊ ဒါပေမဲ့ ရှုပ်ထွေးလာတာက ပြိုင်ဆိုင်မှုတွေ၊ နိုင်ငံရေးအရ ၀င်ရောက် စီးနင်းမှုတွေ၊ ဒီမိုကရေစီရမှာ ကြောက်သူတစုက မရမက ချေဖျက်မှုတွေ၊ ဒီမိုကရေစီ ရသွားတာ မမြင်နိုင်တဲ့ နိုင်ငံ အချို့က " ဘယ်သူကပေးတဲ့ ဒီမိုကရေစီမှ မယူရဘူး….ငါတို့ပေးတဲ့ ဒီမိုကရေစီပဲ ယူရမယ်" ဆိုတဲ့ ၀န်တိုမှုတွေ၊ " ပုံတူဒီမိုကရေစီ်" ဆိုပြီး ဖိအားပေးမှုတွေ စုံနေအောင်ကြုံခဲ့ရတယ်၊ ရဟန်းပျိုဂျာနယ်ရဲ့ အယ်ဒီတာ့ အာဘော်မှာ "ဒီမိုကရေစီ ရရှိရေးကို အဟန့်အတား အနှောက်အယှက် ပြုလုပ်နေသူတွေဟာ အာဏာရှင်စစ်အုပ်စု န.အ.ဖ သာမဟုတ်တော့ဘဲ အခြားသော န.အ.ဖ ( န.၀.တ) များလည်း ထင်ထင်ရှားရှား ရှိလာနေပြီ" ဆိုပြီး သတိပေးရေးသား ဖော်ပြခဲ့ဖူးတယ်။

နည်းနည်း ထပ်ရှင်းရရင်တော့ ပြည်တွင်းကိုမဲနေပြီး ကျန်နေတဲ့ အဟန့်အတားတွေကို မမြင်ဘူး….၊ ဒီလို ခြေထိုးမှုတွေနဲ့ ကြုံရမယ်လို့ မထင်ခဲ့ဘူး။ မတွေးမိဘူး…..၊ ကျောချတော့မှ ဓါးပြမှန်း သိတော့တယ်….. "အို….. ပြည်တွင်းလှုပ်ရှားမှုမှ တဆင့် ဒီမိုကရေစီ ရရှိရေး ဆိုတာ မလွယ်ပါလား" ဆိုပြီး သက်ပြင်းချခဲ့ရတယ်။ ၂၀၀၃ ခုမှ စခဲ့တဲ့ ၂၀၀၆ ခုနှစ် ပြည်တွင်းလှုပ်ရှားမှုဟာ ကျယ်ပြန့် ကြီးကျယ်သလောက် အရာမရောက်ပဲ မြောင်းထဲ ရောက်ခဲ့ရတယ်၊ ရှုပ်ထွေးလှတဲ့ နိုင်ငံရေးစနစ်တွေကြောင့် ပြည်တွင်း လှုပ်ရှားမှု မှ တဆင့် ရမယ့် ဒီမိုကရေစီ ဆိုတာ အိပ်မက် တခုထက်ပိုပြီးသေချာနိုင်ပါ့မလား ဆိုပြီးတွေးမိတယ်။

အခုလက်တွေ့မှာလည်း ကြည့်တော့ နည်းနည်းကလေး ပြည်တွင်းလှုပ်ရှားမှု ခေါင်းထောင် ထလာတာနဲ့ ကျေပျက်သွားနိုင်တဲ့ မီဒီယာထဲက အသံတွေ ကြားရမယ်။ "ကျုပ်တို့ ပြည်သူနဲ့အတူ တိုက်ပွဲ ၀င်ကြရအောင်" ဆိုပေမယ့်လို့ တိုက်ပွဲဝင် နေတဲ့ ပြည်သူတွေ ခေါင်းငိုက်သွားအောင် နိုင်ငံရေး ပညာစွမ်းတွေ ပြလာတာတွေဟာ ကြည့်တတ်မှ မြင်ရတဲ့ "မှော်" တမျိုးဆိုရင် မှားပါ့မလား။ နောက်ပြီး "ကျုပ်တို့ ခင်ဗျားတို့ ငြိမ်းချမ်းသွားတာ မြင်ချင်တယ်" ဆိုပြီး အသံကောင်းဟစ် မှောင်ရိပ်ကွယ်ပြီး လည်ပင်း ညှစ်နေတဲ့ စေတနာရှင်တွေရဲ့ ချိန်ကိုက် လှုပ်ရှားလာတဲ့ ကြောင်လက်သည်း နည်းဗျူဟာတွေကို သတိပြုမိသူတိုင်း တွေ့ကြရမှာ ဖြစ်တယ်။

ကဲ…… နိဂုံးချုပ် ပြောရရင်တော့ "ပြည်တွင်းလှုပ်ရှားမှုမှ တဆင့် အောင်ပွဲခံမယ်" ဆိုရင် ခုနက ရေးသား ဖော်ပြထားတဲ့ တကယ်လက်တွေ့ သီအိုရီတွေကို စဉ်စားမိကြရဲ့လားလို့ မေးချင်တယ်။ တကယ့် တကယ်တော့ ပြည်တွင်း လှုပ်ရှားမှုဟာ ပြည်တွင်းမှာ တွေးခေါ်ပုံလောက်နဲ့ မလုံလောက်နိုင်တော့ဘူး၊ နည်းဗျူဟာအရ အင်မတန် စေ့စပ်ပြီး လျှင်မြန်တဲ့ ဗျူဟာတရပ် အပေါ်မှာ တည်မှီနေပြီဆိုတာ ပြောချင်တယ်။

၁၅/၆

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org