ဘ၀ကူး ဆိုးစေဖို့ တောင်းဆုခြွေချင်သူတွေ                     ဓမ္မနန္ဒ

လောကဓံ အဆိုးတရားတွေ ဆက်တိုက် ကြုံရလွန်းလို့ ကိုယ့်ကိုယ်ကိုယ် ကံဆိုးလှချည့် ထင်နေသူများအတွက် သူတို့သာလျှင် ကံအဆိုးဆုံး ဖြစ်ကြောင်း တရားပြလိုက်သူတွေနဲ့ ကြုံရသလိုပါပဲ။

စာရေးသူဟာ လာဘ်လာဘ ဆင်းရဲခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ အခြွေအရံ (အဆွေခင်ပွန်း) ပါးရှားခြင်းဆိုတဲ့ လောကဓံအဆိုးလေးပါးကို ဘ၀မှာ ဆိုးဆိုးရွားရွားကို ခံစားခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်လဲ ရှေးအတိတ်ကံ တော်တော်ကို ဆိုးခဲ့သူလို့ ခန့်မှန်းထားပါတယ်။ ကိုယ် သူတပါးကို မကျူးလွန်ဘဲ ကြုံရတဲ့ လောကဓံတရားတွေကို ဒီလို နှလုံးသွင်းပြီး ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ်မပြုခဲ့ဘဲတော့ ဒီကံတွေ ကိုယ့်ဆီ လာမှာ မဟုတ်ဘူး၊ ငါ အတိတ်က ပြုခဲ့ဖူးလို့ပဲဆိုတဲ့ အသိနဲ့ ကြံ့ကြံ့ခံရင်း ကျော်လွှားရတာပါ။

ခုတော့ စာရေးသူထက် အဆများစွာ ကံဆိုးရှာသူတွေကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါပြီ။ အသူတရာချောက်မှန်း တွေ့ပါရက်နဲ့ ခုန်ချသူ၊ မြွေဟောက်ပါလို့ ပြောနေပါရက်နဲ့ ထိပ်သွားပုတ်ချင်သူ၊ အဆိပ်လို့ သတိပေးနေတဲ့ကြားက မယုံဘဲ သောက်ချင်သူတွေ လောကမှာ တကယ်ရှိမှန်းလဲ သိလိုက်ရပါပြီ။

ဒီလောက်ထိ ကံဆိုးရှာတဲ့ စစ်အစိုးရဟာ မကြာခင် လာတော့မယ့် သူတို့ရဲ့ ကျဆုံးခန်းအတွက် အများသူငါကို ကြိုပြီး တရားပြထားနှင့်သလိုပါပဲ။ ကျဆုံးရတော့မယ်ဆိုတာ ကိုယ်ဖြစ်စေချင်ဇောနဲ့ ဇွတ်တွန်းပြောတာ မဟုတ်သလို ဘာဗေဒင်ကိန်းခန်း အလိုနဲ့မှ ယှဉ်ပြောတာလဲ မဟုတ်ရပါ။ ဗေဒင်ဟောခြင်းကို မြတ်စွာဘုရားက ရဟန်းတို့ မပြုကောင်းတဲ့ အမှုအဖြစ် ၀ိနည်းတော်ထဲမှာ အထင်အရှား ပညတ်ထားပါတယ်။ မြတ်စွာဘုရား ကိုယ်တော်တိုင် အလိုမရှိ ပိတ်ပင်တော်မူတဲ့ ဗေဒင်နက္ခတ်တွေနဲ့လဲ ယှဉ်ပြောတာ မဟုတ်ပါဘူး။

ဒါဖြင့် ဒီစစ်အစိုးရကို ကျဆုံးတော့မယ်လို့ ဘာကြောင့် အတပ်ဟောနေရတာလဲ ဆိုရင်တော့ ကံ ကံ၏အကျိုးဆိုတဲ့ ဘုရားတရားတော်နဲ့အညီ မြွက်ဆိုခြင်း ဖြစ်ပါတယ်။ ကံဆိုတာ ကမ္မ၊ မိမိပြုသော အမှုလို့ အနက်ရပါတယ်။

ကောင်းမှုဖြစ်စေ၊ မကောင်းမှုဖြစ်စေ ပြုတဲ့ စေတနာ ဇောအဟုန်ကို လိုက်ပြီး ခုနစ်ရက်နဲ့ အကျိုးပေးတာ ရှိသလို လ၊ နှစ်ချီ ကြာမှ၊ တချို့လဲ နောင်ဘ၀မှ အကျိုးပေးတာလဲ ရှိပါတယ်။ ပထမဇောနဲ့ ပြုတဲ့ ကုသိုလ်ဟာ ခုနစ်ရက်အတွင်း အကျိုးပေးပါတယ်။ ဒီဇောဟာလဲ သာမန်မဟုတ်၊ အင်မတန်ကို ထက်သန်တဲ့ အမြင့်ဆုံး ဇောအဟုန်ပါ။ ကုသိုလ်ဖြစ်ဖြစ်၊ အကုသိုလ်ဖြစ်ဖြစ် ပထမဇော ကပ်ရင် ခုနစ်ရက်အတွင်း အကျိုးပေးပါတယ်။ ဆင်းရဲသားတွေ ဘာကိုယ်ကျိုးမှ မမျှော် အခက်အခဲကြားက စေတနာ ထက်ထက်သန်သန်နဲ့ လှူပြီး ပီတိတွေ ပွားနေလိုက်တာ မကြာခင် စီးပွားတွေ တက်ပါလေေ၇ာဆိုတာ ကုသိုလ်မှာ ပထမဇော၊ဒုတိယဇောတွေ ပြင်းထန်လို့ အကျိုးပေးထက်သန်သွားတာပါ။

ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ကြီးတွေကို သူတို့ဘာသာရေးနဲ့ မကိုက်ညီဘူးဆိုပြီး ဖြိုချခဲ့စဉ်ကလဲ တာလီဘန်တွေဟာ အကုသိုလ်ကို ပျော်ပျော်ကြီး ပြုခဲ့ကြတာပါ။ သဒ္ဓါတရား ထက်သန်စွာ ထုလုပ်ခဲ့ကြတဲ့ ဘိုးဘေးတွေရဲ့ ကောင်းမှုကို ဖျက်ဆီးပြီး မကြာပါဘူး။ ဘုရားဖျက်တာရော၊ အပြစ်မဲ့သူတွေကို လေယာဉ်တွေ ပြန်ပေးဆွဲပြီး တိုက်သတ်တာရော စတဲ့ သူတို့ရဲ့ အကုသိုလ်ဇောတွေ အကျိုးပေးပါလေရော။ အာဖဂန်နစ္စတန် ပြည်သူတွေအတွက်တော့ ဘာသာရေး အစွန်းရောက်သမားတွေ လက်အောက်က ကျွတ်လွတ်သွားတာအမြတ်ပါ။

ခုလဲ စစ်အစိုးရ အဖွဲ့ဝင်တွေအနေနဲ့ မကောင်းမှုပြုရင် မကောင်းကျိုး ပေးတတ်တယ်ဆိုတာ မကြာခင် လူထုကို သူတို့ဘ၀နဲ့ယှဉ်ပြီး သက်သေပြရတော့မယ်လို့ တွေးမိတယ်။ ဒီအတွေးမှာ ကရုဏာနဲ့ ဥပေက္ခာတော့ ရောထွေးနေလိမ့်မယ်။ ကိုယ့်တရားကိုယ် စီရင်ကြတာပဲလေ။

သံဃာတော်တွေကို ပစ်သတ်၊ ရိုက်သတ်ဖို့ အမိန့်ပေးခဲ့တဲ့ ဗိုလ်ချုပ်သန်းရွှေတို့၊ ဗိုလ်ချုပ်မောင်အေးတို့ အသက်အရွယ်တွေကို စဉ်းစားကြည့်ပြီး မိုက်လုံးကြီးလိုက်လေလို့သာ ညည်းမိပါတယ်။ ဗိုလ်ချုပ်သန်းရွှေဆို အသက်က ၇၄ နှစ်၊ လေကလဲ ဖြတ်ထားသေးတယ် ကြားတယ်။ လူ့ဘ၀မှာ နေရမယ့်အချိန်ကျန် ၁၀ နှစ်ပေါ့။ စစ်ရေးပြ အခမ်းအနားမှာတောင် လမ်းလျှောက်ပြီး တပ်တွေကို မစစ်နိုင်တော့လို့ ကားနဲ့လှည့်စစ် အလေးပြုခံရနေရပြီ။

စာဖတ်သူကို အခု ငွေသိန်း ၁၀၀၀ ပေးမယ်၊ နောက် ၁၀ နှစ်ကြာရင် ငရဲကျမယ်၊တိရစ္ဆာန်ဘ၀ သွားရမယ်၊ ပြိတ္တာ ဖြစ်မယ်၊ အဲဒါလဲ တော်တော်နဲ့ မကျွတ်နိုင်ဘူးဆိုရင် လုပ်ရဲပါ့မလား။ ခု ၇၀ ကျော်၊ ၆၀ ကျော် ဗိုလ်ချုပ်တွေလဲ မကြာခင် ဘ၀ကူးရတော့မယ်ဆိုတာ ကိုယ့်မွေးဇာတာ ပြန်ကြည့်ရင် သိပါရက်နဲ့ သွားမယ့်ဂတိ မဆိုးဆိုးအောင် တမင်ဖန်နေကြတော့ မိုက်လုံးကြီးလေခြင်းလို့ ညည်းတွားဖို့ပဲ ရှိပါတော့တယ်။

သူတပါးအသက် သတ်ရင် နောက်ဘ၀ ကိုယ့်အသက် တိုတတ်တယ်၊ သူတပါးကို ညှဉ်းဆဲနှိပ်စက်ရင် နောင်ဘ၀ အနာရောဂါ ထူပြောတတ်တယ်။ ဒေါသကြီင်္းရင် နောင်ဘ၀ အကျည်းတန်တတ်တယ်။ မာနကြီးရင် နောင်ဘ၀ အမျိုးယုတ်ညံ့တတ်တယ်။ ကိုယ်ရတဲ့ ကောင်းကျိုးချမ်းသာတွေ သူတပါးရမှာ ၀န်တိုရင် နောင်ဘ၀ အခြွေအရံ နည်းတတ်တယ်။ ပညာရှိ သူတော်ကောင်းကို မမှီဝဲ မဆည်းကပ်ရင် နောင်ဘ၀ ဥာဏ်ပညာ ချို့တဲ့တတ်တယ်။ မြတ်စွာဘုရား ဟောတာ အင်မတန် ကျိုးကြောင်းညီညွတ်ပြီး ရှင်းလင်းလှတဲ့ ကံကံ၏ အကျိုးတွေပါ။

“မကြာခင် ကူးရတော့မယ့် နောင်ဘ၀မှာ တပည့်တော်တို့ အသက်တိုရပါလို၏၊ အနာရောဂါ ထူပြောရပါလို၏။ အကျည်းတန် အရုပ်ဆိုးရပါလို၏။ အမျိုးယုတ်ညံ့ အနှိမ်ခံဘ၀မှာ ဖြစ်ရပါလို၏။ အခြွေအရံအဆွေခင်ပွန်း ခေါင်းပါးရပါလို၏။ ပညာနည်း ဥာဏ်ထိုင်းရပါလို၏”လို့ ဆုတောင်းတဲ့ လူဗာလ တွေ့ဖူးကြမယ် မထင်ပါ။ ဒီဗိုလ်ချုပ်တွေကတော့ ဒီဆုတွေ တညီတညွတ်တည်း ပန်လိုက်ကြတဲ့အတိုင်း ဒီဘ၀မျိုး ရောက်စေမယ့် အကုသိုလ်အမှုကို မကြောက်မရွံ့ ပြုလိုက်ကြပါပြီ။

ခုလဲ ဒီဗိုလ်ချုပ်တွေ နောင်ဘ၀ရောက်လို့ သူများသတ်ဖြတ်လို့ သွေးသံရဲရဲ သေပွဲဝင်ခါနီးမှာ၊ အကျဉ်းစခန်းတခုထဲမှာ ခုဘ၀တုန်းက ရဟန်းရှင်လူတွေကို နှိပ်စက်ခဲ့သလို ပြန်ပြီး နှိပ်စက်ခံနေရချိန်မှာ၊ ထားခဲ့မိတဲ့ မနာလိုဝန်တိုစိတ်တွေကြောင့် အဆွေခင်ပွန်းမဲ့ ကယ်သူကူသူမဲ့ အထီးကျန် ဖြစ်ရချိန်မှာ လောကကြီး မတရားဘူး၊ ငါတို့မှ ကံဆိုးရတယ်လို့ တွေးကောင်း တွေးမိကြမှာပဲ။ ဇာတိဿရဥာဏ် မရကြလေတော့ ရှေးအတိတ်က ကိုယ် ဘာတွေ ပြုခဲ့တယ်ဆိုတာ ပြန်မှတ်မိကြမှာ မဟုတ်ဘူး။

ဗိုလ်ချုပ်သန်းရွှေဟာ သံဃာတော်တွေကို သတ်ဖြတ်ပြီး တည်မြဲအောင် ဆက်ဆုပ်ကိုင်ထားတဲ့ အာဏာနဲ့ သူ ဘာတွေများ စည်းစိမ် ခံစားမလဲ။ ဇရာထောက်နေတဲ့ ခန္ဓာကိုယ်ဟာ ကောင်းပေ့ဆိုတဲ့ စားသောက်ဖွယ်တွေ စားရလို့လဲ သူ့လျှာဟာ ဒီလောက် မြိုးမြိုးမြက်မြက် အရသာခံနိုင်ပါတော့မလား။ ခံနိုင်ဦးတော့၊ သူနဲ့ရွယ်တူ အသက် ၇၀ ကျော် ဆင်းရဲသား အဘိုးအိုတယောက် မနက်စောစောမှာ ဆွမ်းခံကိုယ်တော်ကို ဆွမ်းလောင်းလို့၊ ညက ထမင်းကျန်ဟင်းကျန်လေး ခိုစာ ငှက်စာကျွေးလို့၊ ကောင်းမှုတွေ ပြုပြီး ဆန်ကြမ်းထမင်း ညိုညစ်ညစ်ကို ချဉ်ရည်ဟင်းနဲ့ မြိန်ရည်ရှက်ရည် လွေးရတဲ့ စိတ်ချမ်းမြေ့မှုမျိုးခံစားရရှာမယ် မထင်ဘူး။ ကုသိုလ်ကောင်းမှုနဲ့ အသက်ရှင်နေရသူရဲ့ စိတ်ချမ်းမြေ့စွာ ထမင်းမျိုကျမှုမျိုး ဘယ်နားလည်ရှာမလဲ။

ပျဉ်းမနားက သူနေတဲ့ အိမ်ကြီးဟာ နန်းတော်ကြီးလောက် ခမ်းနားကောင်း ခမ်းနားမယ်။ ကျောချနိုင်ရင် ကုတင်တလုံးစာပေါ့။ ဒီအိမ်ကြီး ခမ်းနားလို့လဲ နောင်ဘ၀ သယ်သွားနိုင်တာ မဟုတ်။ နောက် အချိန်နည်းနည်းပဲ နေခွင့်ရှိတော့တဲ့ အိမ်တလုံးနဲ့ စည်းစိမ်ဥစ္စာတွေမက်ပြီး ပြုလိုက်တဲ့ အကုသိုလ်ကတော့ ကြောက်စရာပဲ။

သူ ကြာကြာ မနေရတော့ပေမယ့် သူ့ဇနီး ဒေါ်ကြိုင်ကြိုင်နဲ့ သမီးတွေ၊ မြေးတွေ ချမ်းသာရေး၊ ကောင်းစားရေးအတွက် ဒီလိုပြုတယ် ဆိုရင်လဲ မိုက်သထက် မိုက်လိုက်လေလို့ပဲ ပြောရတော့မယ်။ မိသားစု စည်းစိမ်ခံနိုင်ဖို့ ငရဲ ဆင်းပေးသူနဲ့ ကိုယ် ကောင်းစားဖို့ လင်သား မိဘကို ငရဲသွားခိုင်းသူ ဘယ်သူပိုမိုက်သလဲလို့ မေးရတော့မယ်။

မကောင်းမှုကို ပြုခြင်းကြောင့် ဒီဘ၀မှာပဲ အများသူငါရဲ့ ကဲ့ရဲ့ခံရခြင်းဆိုတဲ့ အကျိုးပေးကို ဒီဗိုလ်ချုပ်တွေ လက်ငင်း ကြုံလိုက်ရရှာပြီ။ သူတို့ တကမ္ဘာလုံးရဲ့ တံတွေးခွက် အမျောခံနေရချိန်မှာ ဗုဒ္ဓရဲ့ မြင့်မြတ်တဲ့ သားတော်များကတော့ သံဃာဆိုတာ ဒါပါလို့ မေတ္တာနဲ့ယှဉ်ပြီး ကမ္ဘာကို ပြလိုက်ကြပါပြီ။ သူတပါးကို နှိပ်စက် အကြမ်းဖက်ခြင်း ကင်းသော ဘုရားသာသနာရဲ့ဂုဏ်ကို လောကကို သက်သေပြခဲ့ကြပြီ။

ကမ္ဘာပေါ်က ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံက "monks", "brave monks" နဲ့ အံ့သြချီးမွမ်းကြချိန်မှာ မာန်မာန မဟုတ်သော ပီတိကို ခံစားလိုက်ရပါတယ်။ ဒါ ဘာမှ မာန်ထောင်လွှားစရာ မရှိပါ။ မေတ္တာထားသူ၊ ကောင်းမှုပြုသူ၊ အများအတွက် ကိုယ်ကျိုးစွန့်သူကို လောကက ချီးမွမ်းတာ ဓမ္မတာပါ။ ဗုဒ္ဓ ထားတော်မူခဲ့တဲ့ သာသနာတော်ဟာ လောကကို မေတ္တာနဲ့ စောင့်ရှောက်ဖို့သာ ဖြစ်ကြောင်း သံဃာတော်များက အသက်ဘ၀နဲ့ ရင်းပြီး သာသနာ့ဂုဏ်ကို ဆောင်ခဲ့ကြပါပြီ။

x x x

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org