|
|
|
|
ဘုန်းမောင်
သံခင်းတမန်ခင်းမပါဘဲ ဒီအချိန်မှာ ဒီစကားဘဲ ပြောချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဒုတိယလွတ်လပ်ရေးအတွက် နှလုံးရည်လက်ရုံးရည်တွေနဲ့အားလုံး ရေတိုရေရှည်တိုက်ပွဲတွေ ဆက်လက် ဆင်နွဲသွားကြရတော့မှာ အသေအချာပါ။ နအဖဟာ ခုထိ မစေ့စပ်ပါဘူး။ မဆွေးနွေးချင်ပါဘူး။ ဆက်လှမ်းမယ့်သူ့ခြေလှမ်းအတွက် ပိုခိုင်မာ စိတ်ချရအောင်သာ အချိန်ဆွဲအကွက်ချနေတာ မြင်ကြမှာပါ။ရေတိုရေရှည်ဗျူဟာတွေ သူ လုပ်ထားပါတယ်။သိပ်ရှုပ်ရှုပ် ထွေးထွေး လည်းမဟုတ်ပါဘူး။ ရေတိုနည်း ကအားလုံးသိမြင်ခဲ့ကြပြီးဖြစ်တဲ့အတိုင်းလူမိုက်နည်းပါဘဲ။အရက်တိုက် ကျားစွယ်သွေးခွံ့ထားတဲ့ စွမ်းအားရှင်အမည်ခံ တရားမ၀င် လုံခြုံရေးတွေ၊ ကြံ့ဖွံ့အဖွဲ့ဝင်တွေက လူထုလှုပ်ရှားမှုတွေမှာရှေ့ထွက်ဦးဆောင်လာမယ့်လူထု ခေါင်းဆောင်တွေကို ဥပဒေလက်လွတ် သတ်ဖြတ်ချေမှုန်းပစ်ဖို့ လေ့ကျင့်ခဲ့ပြီးသား၊ အမိန့်ရခဲ့ကြပြီးသား။ စက်တင်ဘာဆန္ဒပြပွဲကာလတွေမှာဒီလိုဖြိုခွဲခဲ့လို့ သူတို့လက်တွေ ပူပူနွေးနွေး သွေးတွေစွန်းနေတုန်း။ ဒီလို မြို့ပြအုံကြွမှုတွေ၊ လမ်းပေါ်ကခမ်းနားကြီးကျယ်၊ စည်းကမ်းတကျ ရှိလှတဲ့ ရဟန်းရှင်လူထုရဲ့ သပိတ်တိုက်ပွဲတွေကို ဒီကလေကချေ လူအုပ်က လမ်းလွဲအောင် ပျက်စီးအောင် မနိုင်တော့တဲ့အခါ ကျောထောက်နောက်ခံစစ်တပ်နဲ့အဓိကရုဏ်းနှိမ်နင်းရေးဆိုတဲ့ လုံထိန်းတွေက ထုံးစံအတိုင်းပစ်ခတ်သတ်ဖြတ်ဖြိုခွဲသွားကြတာ တကမ္ဘာလုံးက တွေ့ခဲ့ကြ၊ မေ့မသွားခဲ့ကြ သေး ပါဘူး။ ရေရှည်နည်းတွေထဲမှာတော့ လက်ရှိဖမ်းထားသူတွေ အားလုံးနီးပါးကို ထောင်ချမှာပေါ့။ ခေါင်းဆောင်မှုအပိုင်း ပေးသူတွေကို ၁၀နှစ်ထက် မနည်း ပြစ်ဒဏ်တွေနဲ့ မကြာခင်စီရင်ပြီးအဝေးပို့ပစ်မယ်။ သူတို့သတင်းကိုဖျောက်မယ်၊ သူတို့ကိုတော့ သတင်းဖြတ်မယ်။ တတိတိ ညှဉ်းပန်းတဲ့ နည်းတေဆက်ွသုံးသွားမယ်။ စိတ် ဒါမှမဟုတ် ခန္ဓာကိုယ် ကျန်းမာရေးတွေ ချို့တဲ့ကုန်အောင် လုပ်မယ်လေ။ ခုတောင် အမိန့်မချခင်မှာတင် စိတ်မနှံ့တဲ့လူ၊ ကိုယ်ရေပြားရောဂါသည်-စတာတွေနဲ့ တတိုက်ထဲထားတဲ့သတင်း၊ လူသတ်မှုနဲ့ကျနေတဲ့ လူဆိုးလူမိုက်တွေနဲ့တခန်းထဲ ထားတဲ့သတင်း ဒီသတင်းတွေ စ,ကြားနေရပါပြီ။ ဒါတွေဟာသူတို့အစဉ်တစိုက် လုပ်လာတဲ့ စနစ်တကျ စိတ်ပိုင်းရုပ်ပိုင်းညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု နည်းကျင့်စဉ် တွေထဲကတစိတ်တဒေသပါ။ အပြင်မှာကျန်ခဲ့တဲ့ မိသားစုတွေကိုလည်း ဒုက္ခမျိုးစုံရောက် ကျန်ရစ်အောင်၊ ထောင်ဝင်စာ မှန်မှန်သွားမတွေ့သာအောင် ဖန်တီးဦးမှာ။ လုံထိန်းတပ်ရင်းတွေကို ထပ်အားဖြည့်တိုးချဲ့နေတာ၊ ထွက်မပြေးကုန်အောင် မက်လုံးတွေပေး စည်းရုံးနေတာ ၊အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးပုဒ်မ တပ်ခံရသူတွေအတွက် အပြင်လောကနဲ့လုံးဝအဆက်ပြတ်စေမယ့် ပိုမိုတင်းကြပ်အစီအမံသစ်တွေ ချနေတာ၊ လူထုကို နိုင်ငံတကာနဲ့ မချိတ်ဆက်နိုင်အောင် အင်တာနက်တွေကိုပိတ်ဆို့၊ အမြန်နှုန်းတွေလျော့ချ။ ဆိုင်တွေမှာထောက်လှမ်းရေး တာဝန်ပေး စောင့်ကြည့်။ စလောင်း လိုင်စင်တွေဈေးမြှင့်၊ သတင်းစီးဆင်းမှုတွေကို ဖြတ်၊ အတိုက်အခံ သတင်းမီဒီယာသမားနဲ့ စာပေပညာရှင်တွေကို လိုက်ရှာဖွေဖမ်းဆီး။ လူထုကို သတင်းအမှောင်ချ၊ ငြိမ်းနဲ့အပစ်ရပ်အဖွဲ့တွေကိုဖိအားပေးလက်နက်ချခိုင်း။ ကရင်ပြည်နယ်ထဲထိုးစစ်တွေထိုး။ ဒါတွေအားလုံးဟာနအဖရဲ့ရေရှည်စီမံချက်တွေထဲက တချို့။ သူဘာလုပ်တော့မယ် ဆိုတာပြနေတယ်။ မကြာခင်လပိုင်းမှာ နအဖဟာ သူတို့ရဲ့ တဖက်သတ် တိုင်းပြည်ကို စစ်ကျွန်ပြုရေး စီမံချက် ဖွဲ့စည်းပုံရေးပြီးကြောင်း ကြေငြာလိမ့်မယ်။ ဒါပြီးရင်သွေးဆောင်ဖြားယောင်းတဲ့နည်း၊ ခြိမ်းခြောက်နည်း၊ မဲလိမ်နည်းတွေနဲ့ လူထုဆန္ဒထောက်ခံရယူဆိုပြီး ဆက်မှာပေါ့။ငြိမ်းငြိမ်းနေချင်တဲ့ လူထုကိုတော့ သူတို့ဖွဲ့ပေးထားတဲ့ ကြံ့ဖွံ့၊ မိခင်ကလေး၊ အမျိုးသမီးစွမ်းဆောင်ရှင်၊ ကြက်ခြေနီ၊မီးသတ် စတာတွေနဲ့ ဖြားယောင်းမယ်။ ဒီတခါနအဖပေးမယ့်ဒီမိုကရေစီက ဘယ်ခေတ်ကမှ မပေးဘူးတဲ့အခွင့်အရေးရှင့်။ လည်သူတွေ ချဲရောင်းနေတာတွေ့လား ဒါကိုကျေနပ်ရမှာရှင့်၊ ငွေချေးချင်လည်းပြောကြနောပေါ့။ နိုင်ငံရေးရေစုန်ကို လှေကြုံလိုက်လာတဲ့ ဇာတ်တူသားစားတွေကလည်း နင်ပဲငဆ တစခန်းထကြလိမ့်မယ်။ ဒီမှာတခါ နအဖမီဒီယာ အလံရှူးတွေက အရှေ့အလည်ပိုင်း ပြဿနာကိုကိုယ့်ပြသနာနဲ့ထပ်တူပြုပြတာမျိုး ကိုယ်ဝင်မလုပ်နိုင်တဲ့အလုပ်၊ တသက်လုံးလည်း မလုပ်ရဲခဲ့တဲ့ အလုပ် သူများ လုပ်နေတာကို ပညာတတ် အဆန်ချောင်တွေပီပီ နအဖပေးတဲ့ ခွေးခြေထောက်ပေါ်ကနေ-အထွေးလိုက်၊ အတွဲလိုက်မြင်အောင် အကိုကြီးနဲ့ညီလေး အတိုင်အဖေါက် လုပ်ပြကြလိမ့်မယ်။ ခုလောက်ကတည်းကတခဲနက်ထောက်ခံကြဘို့် စာစီပြီး ဇာတ်တိုက်ပြီးနေကြပြီ၊ ပုံမှားရိုက်ဆွေးနွေးဝိုင်းဖွဲ့ကြမှာတွေ။ ဒီလမ်းပြမြေပုံကသာ ဒီနေ့အမျိုးသားရေးအကျပ်အတည်းက တခုတည်းသောထွက်ပေါက်လို့ အသားကုန်အော်ပေးကြလိမ့်မယ်။ သူတို့ လက်ခုပ်ထဲမှာအနုပညာရှင်တချို့က မသွားချင်လည်းလာထား၊ ပြည်သူတွေမကြားချင်မမြင်ချင်တာတွေကိုဆိုလိုက်ကြ၊ ကလိုက်ကြ၊ ယောင်လိုက်ကြ၊ယိမ်းလိုက်ကြ-နအဖခိုင်းတာကိုလုပ်ကြရလိမ့်မယ်။ ကန့်ကွက်မယ့် အရိပ်အယောင်တွေလုပ်လာရင်တော့ဝါးဆစ်ပိတ်စာဘဲ၊ လက်မရွံ့ ပါးကွက်သားတွေ တာဝန်။ ခြိမ်းခြောက် လို့မရရင် ထုံးစံအတိုင်းဘဲ ။ နအဖအတွက်ထောက်ခံမဲက ၁၉၇၄တုန်းကလိုတော့ ၉၀ ရာနှုန်းကျော်ရနိုင်ဘို့ မရှိဘူး။ ဒါကိုနအဖသိတယ်။ သူ့အတွက် သူအချိန်ဆွဲ အားယူနေရတဲ့အကြောင်းက အတည်ပြုနိုင်ရုံလောက် ရဖို့၊ရရင် ကျေနပ်ပြီ၊ ၊၈၈ပြီးကတည်းကသူ့ ရည်မှန်းချက်လာတဲ့ဂွင်။ လူတွေကလည်း ခံရလွန်းတော့ ရင်ထဲအသည်းထဲက နာနေတာ။ ခုလူထုရေချိန်က၇၄တုန်းကလိုမဲပုံးတွေပြောင်း အလွယ်တကူဖြူလိုက်လို့ ခံနေမယ့်ရေချိန်မျိုးလည်း မဟုတ်တော့ဘူး၊ ဒါ သူသိတယ်။ စက်တင်ဘာမှာ သူ ပိုသဘောပေါက်ထားတယ်။အော်-နိုင်ငံတကာက ၀ိုင်းကြီးကြပ်ဘို့ကိစ္စလား စောဖေတို့ကိုလာ မပြောနဲ့နော်၊ မကြိုးစားနဲ့။ သူများပြည်တွင်းရေး ၀င်စွက်တာလား။ အချုပ်အခြာလာမထိပါနဲ့ ဒါတွေ ပြောပြီးမောင်းထုတ်ဘို့ ကြိုစဉ်းစားထားပြီးသား ။ ဒါတွေမြင်၊ပြင်ဆင်ချိန်ရအောင် အထိရောက်ဆုံးနဲ့ နားလည်လွယ်တဲ့ စကားနဲ့ ရတဲ့နေရာ ရတဲ့အချိန်ကနေ လူထုခေါင်းဆောင်က သတိပေးစကား ပြောလိုက်တာ။ ဒါကို ( clear message ) လို့ ဒီဘက်မှာသုံးကြတယ်။စိတ်ရင်းစေတနာမှန်၊ နှလုံးကောင်းတဲ့သူများဟာ အမှောင်ဆုံးညတွေ အဆိုးဆုံးဘ၀တွေကို ဖြတ်သန်းနေကြရချိန်တွေမှာတောင် သူတို့ရဲ့ အကောင်းမြင်မျှော်လင့်ချက်တွေကို လုံးဝ လွှင့်ပစ်ခဲ့လေ့မရှိတတ်ကြဘူး။ ဒါတွေကိုလည်း ၈၈နောက်ပိုင်း သမိုင်းတွင်ကျန်ရစ်မယ့် မျိုးဆက်သစ်မျိုးဆက်ဟောင်းတွေရဲ့ အသံဖိုင်၊အသံခွေတွေမှာပြန် နားထောင်နိုင်ကြပါတယ်။ သတ်မယ်ဖြတ်မယ်၊အရေးယူမယ်၊ မှန်အောင်ပစ်မယ် ဆိုတဲ့အသံတွေ တော့ဘယ်သူတွေကထားခဲ့ကြပါသလဲ ။ ပြည်တွင်းမှာမကြာခင် ရင်ဆိုင်ရမယ့် ဒုတိယ လွတ်လပ်ရေးနဲ့ ဖက်ဆစ်ဝါဒ စစ်ဝါဒ သုတ်သင်ဖယ်ရှားရေးလူထုတိုက်ပွဲတွေမှာ နိုင်ငံတကာ ရောက် မြန်မာတိုင်းရင်းသားတွေက အကောင်းဆုံး အထိရောက်ဆုံး ဘာလုပ်ပေးနိုင်မလဲ။ ဒီနေ့မြန်မာ့အရေးကို တကမ္ဘာလုံးကအာရုံစိုက်ထောက်ခံလာအောင် လုပ်နေကြတာ နည်းမျိုးစုံသုံး ကြိုးစားနေကြတာတော့ ကောင်းပါတယ်။ တနေ့တခြား ချိတ်ဆက်မှုတွေ အားကောင်းလာတာ၊ ဆွေးနွေးဖလှယ်မှု၊စုဖွဲ့မှု၊နားလည်မှုတည်ဆောက်တာတွေ သွက်လက်လျင်မြန်လာတာမငြင်းနိုင်ဘူး။ မီဒီယာတွေ၊ အင်တာနက်တွေက လူထုရဲ့ လက်နက်လိုဖြစ်လာတာ ဘယ်သူဘာပြောမလဲ ၊ ကောင်းတာတော့ကောင်းပါတယ်။ ဒါပေမယ့် ဒါတွေကိုyဲ အဓိကထားနေရင်တော့ ဒီအချိန်မှာ ဒါ အံချော်မှုပါ၊၊ အဆုံးအဖြတ်ပေးမှာ ပြည်တွင်းကပါ၊ မြန်မာ့အရေးခေါင်းစဉ်အမျိုးမျိုးနဲ့ဆွေးနွေးပွဲတွေဟာ ငွေကုန်သလောက် ပြည်တွင်းမှာအကျိုးမများပါဘူး။ လူထုဆီကိုပြတ်သားတဲ့ သတင်း စကားနဲ့ ဘာလုပ်ရမယ်ဆိုတဲ့ ပြတ်ပြတ်အဖြေတခု မရောက်ပါဘူး။ နအဖဟာဘာကိုမှဂရုမစိုက်ဘူးဆိုတာ ပြထားတယ်။ (UN) အထွေထွေ အတွင်းရေးမှူးရဲ့ကိုယ်စားလှယ် ဂန်ဘာရီကို ဧပြီလမှ လာပါတဲ့။ ဂန်ဘာရီကလည်းဝန်ခံတယ်။ နအဖ လူပြောင်းသွားအောင် စနစ်ပြောင်း သွားအောင် သူမစွမ်းပါဘူး၊ စိတ်ပြောင်းအောင်ဘဲ ကြိုးစားနေရတာပါတဲ့၊။ နိုင်ငံတခုလုံးရဲ့အရင်းအမြစ်တွေကို ထင်သလိုသုံးခွင့်ရနေတဲ့ နအဖဟာ လမ်းဘေးဈေးသည်တယောက်ကိုတောင် ဆဲလူလာဖုံးအလကား ပေးထားပြီး သတင်းပေးအဖြစ် မွေးယူနေနိုင်တဲ့အချိန်မှာ ပြည်တွင်းကကျွန်တော်တို့ ရဲဘော်တွေဟာ ချို့ချို့တဲ့တဲ့နဲ့လုပ်နေကြရတာ တွေ့ရပါမယ်။ ဥရောပ အမေရိကားရောက် မြန်မာတယောက်ရဲ့တနေ့လုပ်အားဟာပြည်တွင်းမှာ အသည်းအသန်ရုန်းကန် လှုပ်ရှားနေကြတဲ့ မျိုးဆက်တွေအတွက် အရေးကြီးလှတဲ့မောင်းနှင်အားတခုကို ပေးစွမ်းနိုင်ပါတယ်၊ တလစာလုပ်အားခ ဆိုရင်တော့ ပြည်တွင်းက အုပ်စုတစုကို တနှစ်စာမောင်းနှင်စွမ်းပေးနိုင်တာမုချပါ။ဒါကိုပြည်တွင်းဒီလှုပ်ရှားကြားကထွက်လာတဲ့သူတိုင်း သိကြပါတယ်။ ဒီလို ထောက်ကူမှုဟာ သံရုံးရှေ့က သတင်းလောက် လူမသိပေမယ့် သတင်းမီဒီယာနဲ့ စာမျက်နှာတွေမှာ ဝေေ၀ဆာဆာ ကျယ်ကျယ်လောင်လောင် ပါမှာမဟုတ်ပေမယ့်  တာသွားလှပါတယ်၊ မကြာခင်မှာ စားဝတ်နေရေး ဒုက္ခတွေနဲ့ဘ၀အမောမီးပင်လယ်ထဲမှာကူးခတ် ရင်း လမ်းပျောက် အားပြတ်နေတဲ့လူထုကြီးကို နအဖက သေနတ်တွေနဲ့ခြိမ်းခြောက် ၊ ၀ါးရင်းတုတ်တွေနဲ့ မိုးပြီး သူ့ဖွဲ့စည်းပုံကို ထောက်ခံခိုင်းတော့မှာအတိအကျပါ။ နအဖသမတလူကြမ်းတွေရှေ့မှာ လူထုကြီးက ရင်ကော့ပြီး ပြတ်ပြတ်သားသား ကန့်ကွက်မဲထည့်ရဲအောင် လူထုနဲ့ တသားထဲ ရှိနေပေးမယ့် ရှိနေရစ်ဆဲ ကျွန်တော်တို့ ရဲဘော်တွေကသာ စွန့်စားလမ်းပြ ရှေ့ဆောင်သွားကြမှာပါ။ အဝေးကဆဲလ်ဖုံးနဲ့ တိုက်ပွဲမြေပုံညွှန်း ပေးလို့မရပါ၊ အများကြီးဖတ်ပြီးထားတဲ့ စာအုပ်တွေထဲက ဖြစ်နိုင်ခြင်း သီအိုရီ မျိုးစုံ ဒီအချိန်မှာထုတ်ပြနေရင်လည်း ဇီဝဖြစ်စဉ်အကုန်ပျက်လို့ (Comma) ၀င်နေတဲ့ အသည်းအသန်လူနာကို နှလုံးကျောက်ကပ်စက်တန်းလန်းမှာထားခဲ့ပြီး သမားတော် ၅ ယောက် ကုထုံး ၅မျိုး (Seminar) ထိုင် ငြင်းနေမိတာမျိုး ဖြစ်ပါလိမ့်မယ်။ ရွှေဝါရောင်တော်လှန်ရေးဟာ မိုးပေါ်က ၀ုန်းဆို ကျလာခဲ့တာမဟုတ်သလို ဘယ်ဆရာကမှ အုံဖွလို့ မန်းခဲ့တာမဟုတ်ပါဘူး။ ပြင်ဆင်မှုရှိရှိ လူထုကြီးတရပ်လုံးရဲ့ကြိမ်မီးအုံး ညများစွာ နှစ်လများစွာအစိုင်အခဲအသည်းထဲက အနာတွေကနေ ပေါက်ထွက်လာတာပါ၊ ရွှေဝါရောင်တော်လှန်ရေးကြီးရဲ့၅လမြောက်ချိန်မှာတော့ သက်တော်၈၀ ဆရာတော် သံဃာတော်ကြီးတွေကို ရုံးထုတ်လာတာတွေ့ကြရပါပြီ၊ သက်တော် ၆၀ ကျော် သီလရှင်ဆရာကြီးတွေလည်း ပိတ်လှောင်နေတဲ့ အချုပ်ခန်းထဲမှာ မေ့လဲနေကြရပါပြီ။ စက်တင်ဘာထဲက ကျောင်းတက် သွားတဲ့ ၈တန်းကျောင်းသားလေးလည်း အိမ်ပြန် မရောက်ခဲ့တော့ပါ။အရေးတော်ပုံမီးလျှံထဲတိုးဝင် ခဲ့ရတဲ့ မိခင်တယောက်ဟာလည်း သမီးငယ်အတွက်ဖြစ်တည်ထားတဲ့နို့ချိုတွေတိုက်ကျွေးဖို့တဘ၀စာ တာဝန်ပျက်၊ ဖခင်ဈာပနကို အဝေးက ဦးချခြင်းနဲ့ သမီးတယောက်လည်း တဘ၀စာ မချိမဆန့် လဲလှယ်ပေးဆပ်ခဲ့ကြပါပြီ။ သေနတ်ကိုကျစ်ကျစ်ဆုပ် မျှစ်ကိုစား ငှက်ဖျားကို အဖေါ်လုပ်ထားတဲ့ တော်လှန်ရေးသမားကတော့ သူ့အသက်၄၀ပြည့်မွေးနေ့ကို ၀ါးရုံပင် အောက်မှာ ဘယ်သူ့မှအသိမပေးဘဲ ဖြတ်ကျော်ခဲ့ပါပြီကော။ တချိန်ကဗိုလ်အောင်ကျော်ဟာနယ်ချဲ့အင်္ဂလိပ်ကိုဆန့်ကျင်ရင်းလမ်းခုလပ် ရဲဘော်တွေရဲ့ ရင်ခွင်မှာသူရဲကောင်းတယောက်လို ကျခဲ့ရပါတယ်။ဒီနေ့ ကိုယ့်အမျိုးသား ချင်းကျကာမှ တိရိစ္ဆာန်တကောင်လို လမ်းပေါ်မှာကျခဲ့ရ တိရိစ္ဆာန်တကောင်ဖျောက်ဖျက်သလိုမျိုး ညအချိန်မတော်မီးရှို့ပြီး နိုင်ငံတော်အလောင်းဖျောက်မှုကို တိတ်တဆိတ် ခံကြရတယ်။ ရာဇ၀င်က ရိုင်းလွန်းပေမယ့် ပြည်သူတွေရဲ့ သမိုင်းကတော့ခမ်းနားလှပါပေရဲ့။ ဒီရွှေရောင်တော်လှန်ရေး ပန်းချီကားချပ်ရဲ့ အတွင်းနက်နက် စုတ်ချက်တွေထဲမှာ ခင်ဗျားရဲ့ နှလုံးသွေးတချို့လည်း ဆေးသွင်းနိုင် ပေးဆက်နိုင် ကောင်းလိမ့်မယ်။ ကျွန်တော်ယုံတယ်။ တော်လှန်ရေးအဆက်ဆက် အဆင့်ဆင့် ရဲဘော်အားလုံးကို ဦးညွတ်၍... x x x
|
|
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
|
|
Suggestions & Comments: webmaster@hittaing.org |
|